အခန်း ၆၆
Vol. 7 Ch. 66
Ch-66
ရွာသူကြီး၏သားက ခေါင်းငုံ့ကာ မဖြေဘဲနေလေရာ အံကြိတ်၍ သူ့သားအငယ်ဆုံးကို ကြည့်ပြီးပြောလိုက်သည်။
"မင်းသွား"
သူ့သားအငယ်ဆုံးက ဂရုမစိုက်သည့်ဟန်ဖြင့်ပြန်ပြောသည်။
"အဖေရယ် အပြင်ထွက်ရတာ ပင်ပန်းပါတယ်၊ ဒီတလော ကျွန်တော်ပိုက်ဆံနည်းနည်းကြပ်နေလို့"
"ထွက်သွားစမ်း ထွက်သွား ထွက်သွား"
ရွာသူကြီးက သူ့မြေးအကြီးဆုံးကို ကြည့်လိုက်သည်။
"မြေးလိမ္မာလေး မြေးလေးပဲ သမားတော်သွားခေါ်လိုက်"
သူ့မြေးအကြီးဆုံးက ပြန်ပြောသည်။
"အဘိုး၊ သားက လူဆိုးတွေကိုမကူညီချင်ဘူး"
ရွာသူကြီး၏နဖူးတွင် ချွေးများပြည့်နှက်နေပြီး အရာရှိကျိုးထံမှဖိအားများ ပိုမိုပြင်းထန်လာသည်ကို မြင်သောအခါ သူ စိတ်ထဲမှကျိန်ဆဲလိုက်သည်။
‘ဒီစွန်းကျန်းက ရွာထဲကလူတိုင်းကို စော်ကားထားတာ၊ ဘယ်သူကမှ သူ့ကို ကူညီမှာမဟုတ်ဘူး’
အရာရှိကျိုးက သူ့အနောက်ရှိ နောက်လိုက်အား ပြောလိုက်သည်။
"မင်း သမားတော်မြန်မြန်သွားရှာ"
နောက်လိုက်သည် အမြန်ပြေးထွက်သွားလေသည်။
"ဒီမိန်းမပြောတာ တစ်ဖက်တည်း နားထောင်လို့မရဘူး၊ ငါ့ညီ နိုးလာရင် သူပြောတာကို ငါ နားထောင်ရဦးမယ်၊ အကယ်၍ သူမနိုးလာရင် မင်းအသက်နဲ့ လျော်ရမယ်"
အရာရှိကျိုးက လင်းယွဲ့အားစိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်၏။ လင်းယွဲ့ ပြန်မပြောရသေးမီမှာပင် သူသည် ဓားကိုကိုင်ကာ စွန်းကျန်းဘေးတွင် တင်ပျဉ်ခွေထိုင်၍ မျက်လုံးမှိတ်ကာ အနားယူလိုက်သည်။ ရွာသူရွာသားများ၏အရှိန်အဝါမှာ ဖိနှိပ်ခံလိုက်ရပြီး ခဏတာမျှတိတ်ဆိတ်သွားကြ၏။ သမားတော်မှာ အမြန်ရောက်ချလာသည်။ သမားတော်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
"တောဝက်ထောင်ချောက်ကို အရင်ဆွဲထုတ်ရမယ်၊ ပြီးမှ ဆေးထည့်ရမယ်"
တောဝက်ထောင်ချောက်မှာ ခြေထောက်တစ်ချောင်း၏ တစ်ဝက်ခန့် ရှည်လျားပြီး ထက်မြိသောလွှသွားပုံစံ သွားများပါရှိသည်။ အရာရှိကျိုးသည် ဆွဲထုတ်ရန် ကြိုးစားသော်လည်း သူ့ခန္ဓာကိုယ်မှာ အရက်နှင့် မိန်းမများကြောင့် ယိုယွင်းနေပြီဖြစ်ရာ အချိန်အတော်ကြာ ကြိုးစားသော်လည်းဖြဲ၍ မရနိုင်ခဲ့ပေ။
"လာကူကြလေ"
သူက ရွာသူရွာသားများကို စူးစိုက်ကြည့်လိုက်သည်။ သို့သော် မည်သူမျှ သူ့ကိုဂရုမစိုက်ကြပေ။ ပုံမှန်အားဖြင့် လူတိုင်း၏မျက်နှာချိုသွေးခြင်းကိုခံရလေ့ရှိသော အမျိုးသားတစ်ဦးမှာ အကြိမ်ကြိမ်ငြင်းပယ်ခံရပြီးနောက် စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့ပြီပင်။ သူသည် ဓားရှည်ကို လျင်မြန်စွာ ဆွဲထုတ်ကာ ဝမ်တာ့ကျန်းလည်ပင်းတွင် တေ့လိုက်သည်။
"သွား၊ သွားကူဖြဲပေးစမ်း"
ရွာသူရွာသားများမှာ ဒေါသတကြီးစိုက်ကြည့်နေကြသည်။ ဤရွာရှိလူတိုင်းမှာ သွေးသားတော်စပ်သူများ သို့မဟုတ် ဆွေမျိုးများဖြစ်ကြ၏။ ပုံမှန်အားဖြင့် သူတို့ကြားတွင် သဘောထားကွဲလွဲမှုများနှင့် လျှို့ဝှက်အကြံအစည်များရှိနိုင်ပေသည်။ သို့သော် ပြင်ပရန်သူနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် ယခင်က မရှိခဲ့ဖူးသည့်အတိုင်း စည်းလုံးညီညွတ်ကြလေသည်။ လင်းယွဲ့နှင့် သဘောထားကွဲလွဲနေသော ကုတာ့ဖူနှင့် ကုဝူရှန်းတို့မိသားစုများပင်လျှင် ယခုအခါတုတ်များကို ကိုင်ဆောင်ကာ အရာရှိကျိုးအား စိုက်ကြည့်နေကြ၏။ ဝမ်တာ့ကျန်းလည်ပင်းရှိ ထိုဓားသည် သူတို့ကိုယ်ပိုင်လည်ပင်းများတွင်ရှိနေခြင်းနှင့် မခြားပေ။ အထူးသဖြင့် ဝမ်တာ့ဟဲ ရှေ့သို့ပြေးထွက်လာကာပြောလိုက်သည်။
"ငါ့အစ်ကိုကို ဘာလို့ခြိမ်းခြောက်နေတာလဲ၊ မင်းမှာသတ္တိရှိရင် ငါ့ဆီလာခဲ့"
ဝမ်တာ့ကျန်းသည် လည်ပင်းကိုမတ်ထားကာ သူ့ကိုကြည့်ပြီး တင်းမာစွာ ပြောလိုက်သည်။
"ငါ မသွားဘူး"
အရာရှိကျိုး မျက်မှောင်ကြုတ်လိုက်ပြီး ရွာသူရွာသားများ၏အာခံနေသော အနေအထားကိုမြင်သောအခါ သူ့ရင်တွင်းမှ ဒေါသများ ပေါက်ကွဲထွက်လာလေသည်။
“မျောက်တွေကြောက်သွားအောင် ကြက်ကို သတ်ပြမယ်”
သူသည် ဓားကိုမြှောက်ကာ ဝမ်တာ့ကျန်း၏လက်မောင်းမှ ရင်ဘတ်အထိ အားဖြင့်ခုတ်ချလိုက်သည်။ ချက်ချင်းပင် သွေးများပန်းထွက်လာ၏။ ဝမ်တာ့ကျန်းသည် ထိုအရှိန်ကြောင့် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
"တာ့ကျန်း"
လီရှောင်လျန်က ဝမ်တာ့ကျန်းအပေါ်မှ ကာလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသောဓားဒဏ်ရာနှင့် ပန်းထွက်လာသောသွေးများက သူမမျက်နှာတစ်ခုလုံးသို့ စင်သွားသည်ကိုမြင်လိုက်ရသည်။
"သွေးတွေ သွေးတွေ"
လီရှောင်လျန်မှာ ထိတ်လန့်ပြီး သတိလစ်သွားသည်။ ရွာသူရွာသားများ၏ဒေါသကို မီးမွှေးလိုက်သကဲ့သို့ ဖြစ်သွားပြီး သူတို့အားလုံးတုတ်များကို မြှောက်ကာ အရာရှိကျိုးထံသို့ တိုးကပ်လာကြသည်။
“ဥပဒေက လူအုပ်ကြီးကိုအပြစ်မပေးဘူး”
စုရုံးလာသော ရာနှင့်ချီသည့် ရွာသူရွာသားများ၏အရှိန်အဝါကြောင့် သူတို့သည် အရာရှိကျိုး၏အာဏာကို မေ့လျော့သွားကြသည်။ ဤအချိန်တွင် ဖိနှိပ်ခံရခြင်း၏နာကျင်မှုများသာ ကျန်ရှိနေပြီး သူတို့ဒေါသမှာ တစ်စထက်တစ်စမြင့်တက်လာစေသည်။ မည်သူမျှ စကားမပြောကြသော်လည်း တုတ်များက အရာရှိကျိုးထံသို့ အဆက်မပြတ် တိုးကပ်လာနေသည်။
"မင်းတို့ ဘာလုပ်ချင်တာလဲ"
အရာရှိကျိူး၏မျက်လုံးများ ပြူးကျယ်သွားသည်။
"မင်းတို့က ပုန်ကန်ချင်တာလား"
သူက သူ့ဓားရှည်ကို လွှဲယမ်းလိုက်သည်။
"ဘယ်သူရှေ့တိုးရဲလဲ၊ ငါ သတ်ပစ်မယ်"
ဘယ်သူမှန်း မသေချာသော်လည်း လူတစ်ယောက်က တုတ်ဖြင့်အရင်ရိုက်လိုက်ရာ အရာရှိကျိုး၏ လက်ကောက်ဝတ်ကို ထိသွားလေသည်။ အရာရှိကျိုး၏ဓားလွတ်ကျသွားပြီး မြေပြင်ပေါ်သို့ ချွင်ခနဲကျသွားလေ၏။ မရေမတွက်နိုင်သော တုတ်များ မိုးရွာချသကဲ့သို့ ကျဆင်းလာပြီး တစ်ချက်ချင်းစီက အရာရှိကျိုး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။
“ဒုတ် ဒုတ် ဒုတ်”
ရွာသူရွာသားများသည် သူတို့ဖိနှိပ်ထားခဲ့သော အနိုင်ကျင့်ခံရမှုမှဒေါသအားလုံးကို အပြည့်အဝပေါက်ကွဲထုတ်ပစ်လိုက်ကြသည်။
"မင်းတို့ သေချင်နေတာလား၊ မင်းတို့ ပုန်ကန်နေတာလား"
အရာရှိကျိုးက အော်ဟစ်လိုက်သည်။
"ငါ့အစ်ကိုကိုပြောပြီး မင်းတို့အားလုံးကို သတ်ခိုင်းမယ်"
ရွာသူရွာသားများ၏ဒေါသမှာ အနည်းငယ် လျော့ကျသွားသော်လည်း အရာရှိကျိုး၏စကားများက မီးလောင်ရာ လေပင့်သကဲ့သို့ဖြစ်သွားစေသည်။ တုတ်ချက်များက ပို၍ပင်ပြင်းထန်လာ၏။ အရာရှိကျိုးသည် သွေးများ အန်လာသည်အထိ အရိုက်ခံရလေသည်။ သူ မြေပြင်ပေါ်တွင် သတိလစ်သွားပြီးနောက်တွင်ပင် မည်သူမျှသူ့ကို မလွှတ်ပေးကြဘဲ ရွာသူရွာသားများက သူ့ကို နောက်ထပ်အကြိမ်အနည်းငယ် ကန်ကျောက်လိုက်ကြသေးသည်။
"အစ်မရှောင်လျန်"
လင်းယွဲ့သည် ဝမ်တာ့ကျန်းအား ပတ်တီးစည်းပေးရန် သူမစကတ်ကို ဆုတ်ဖြဲလိုက်ပြီးနောက် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိသွားသည်။ လီရှောင်လျန်၏ခြေထောက်နှစ်ဖက်ကြားမှ သွေးများစီးကျနေ၏။
"အစ်မရှောင်လျန် သွေးဆင်းနေတယ်၊ လက်သည် မြန်မြန်ခေါ်ကြ၊ သမားတော် မြန်မြန်ခေါ်ပေးကြပါ"
ရှုပ်ထွေးမှုများကြားတွင်လန့်ပြီး တံခါးဝသို့ပြေးသွားသော သမားတော်ကို ပြန်ဆွဲခေါ်လာကြ၏။ သူက နဖူးမှချွေးများကို သုတ်ကာ သွေးခုန်နှုန်း စမ်းသပ်ပြီးနောက် ပြောလိုက်သည်။
"ဒါ ကိုယ်ဝန်ဆောင်က ထိတ်လန့်သွားလို့ လမစေ့ဘဲ မွေးဖွားတော့မယ်ထင်တယ်"
"နာတယ် သိပ်နာတာပဲ"
လီရှောင်လျန် မျက်မှောင်ကြုတ်ကာ ချွေးများရွှဲနစ်နေပြီး သူမဗိုက်ကို ဆုပ်ကိုင်ထားသည်။
"သိပ်နာတာပဲ၊ တစ်ယောက်ယောက် ငါ့ကို ကယ်ကြပါဦး"
"မြန်မြန် မြန်မြန် မြန်မြန်၊ ကုတင်ပေါ် အရင်တင်"
ရွာသူကြီး၏ဇနီးက အမြန်ရောက်လာပြီး လူများကို အကူအညီတောင်းကာ လီရှောင်လျန်အား သူမကုတင်ပေါ်သို့ သယ်သွားစေသည်။ လက်သည်မှာ ဧည့်ခန်းထဲတွင်ရှိနေပြီး လီရှောင်လျန် နောက်သို့လိုက်ဝင်သွား၏။ သူမက လူများအား အော်ပြောလိုက်သည်။
"ရေနွေးနဲ့ ကတ်ကြေး မြန်မြန်ပြင်ကြ"
သူမသည် လီရှောင်လျန်၏ဗိုက်ကို စမ်းကြည့်လိုက်သည်။
"ကလေးက အနေအထားမှန်ပါတယ် တော်သေးတာပေါ့၊ ဒါပေမဲ့ သူက ပထမဆုံးအကြိမ်ဆိုတော့ အချိန်တော်တော်ကြာလောက်မယ်၊ ပြီးတော့ သူ အခုလေးတင်လန့်သွားတော့ ခွန်အားတွေ အများကြီးကုန်သွားပြီ"
"နာတယ် သိပ်နာတာပဲ၊ ငါ သေတော့မယ်ထင်တယ်"
လီရှောင်လျန်က မျက်ရည်များနှင့် နှပ်များ ပေကျံလျက် အော်ဟစ်လိုက်ရာ လက်သည်က လီရှောင်လျန်၏ခေါင်းကို ပွတ်သပ်ရင်းပြောလိုက်သည်။
"မအော်နဲ့၊ ခွန်အားကိုချွေတာထား မဟုတ်ရင် နောက်ကျ အားမရှိဘဲ ကလေးမွေးနိုင်မှာ မဟုတ်ဘူး"
လင်းယွဲ့သည် သူမယခင်က ကြည့်ဖူးသော ဗီဒီယိုများကိုသတိရသွားသည်။
"အစ်မရှောင်လျန်၊ အစ်မရဲ့ဗိုက်က ကျုံ့လာသလို ခံစားရလား၊ ဒီစည်းချက်အတိုင်း လိုက်လုပ်နော်၊ ရှူသွင်း ရှူထုတ် ရှူသွင်း ရှူထုတ်"
"ရှူသွင်း ရှူထုတ်"
မကြာမီမှာပင် လီရှောင်လျန်၏မျက်နှာ တွန့်ချိုးသွားသည်။
"မရတော့ဘူး၊ ငါ နာလွန်းလို့ သေတော့မယ်”
သူမမျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး မေးလိုက်သည်။
"တာ့ကျန်း ဘယ်လိုနေသေးလဲ၊ တာ့ကျန်း သေသွားမလား"
ဤသည်မှာ သူမ၏စိုးရိမ်ပူပန်မှု ဖြစ်ကြောင်း လင်းယွဲ့သိရှိပြီး ယင်းကို မဖြေရှင်းပေးပါက သူမကလေးမွေးဖွားရန် အာရုံစိုက်နိုင်မည်မဟုတ်ပေ။ မိခင်နှင့် ကလေးကို ကယ်တင်လိုသော သူမစိတ်က အမြန်လှုပ်ရှားရန် တွန်းအားပေးလိုက်သည်။ လင်းယွဲ့သည် အခြေအနေကိုသွားကြည့်ရန် အမြန် ထွက်လာခဲ့ရာ သမားတော်က ဝမ်တာ့ကျန်းအား ဆေးရည်များလိမ်းပေးကာ အဖြူရောင်ပိတ်စဖြင့် ပတ်တီးစည်းပေးနေသည်ကို တွေ့လိုက်ရသည်။
"သမားတော် သူ ဘယ်လိုနေသေးလဲ"
"သွေးတိတ်သွားပါပြီ၊ ပြဿနာကြီးကြီးမားမား မရှိတော့ပါဘူး"
လင်းယွဲ့သည် လီရှောင်လျန်အား သွားပြောရန်ပြင်လိုက်စဉ် တံခါးပေါက်မှ နောက်လူနှစ်ယောက် ဝင်လာသည်ကို တွေ့လိုက်ရသည်။ ဝမ်စုန်ရှင်းက ရှေ့မှဖြစ်ပြီး လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက နောက်မှပါလာ၏။ သူမမျက်လုံးများနှင့် ဝမ်စုန်ရှင်း၏မျက်လုံးများ ဆုံသွားပြီး လင်းယွဲ့ခေါင်းညိတ်ပြကာ အခန်းထဲသို့ ပြေးဝင်သွားသည်။
"အစ်မရှောင်လျန်၊ အစ်ကိုတာ့ကျန်း ဘာမှမဖြစ်ဘူး၊ သမားတော်က ပတ်တီးစည်းပေးပြီးသွားပြီဆိုတော့ အစ်မ စိတ်အေးအေးထားပြီး ကလေးမွေးလို့ရပါပြီ"
အလွန်အမင်း ထိတ်လန့်မှုကြောင့် လမစေ့ဘဲ မွေးဖွားခြင်းဖြစ်သဖြင့် လီရှောင်လျန်မှာ အချိန်အတော်ကြာဝေဒနာခံစားရပြီး နောက်ဆုံးတွင် သားအိမ်ခေါင်းခုနစ်စင်တီမီတာခန့် ပွင့်လာလေသည်။ သို့သော် ထိုအချိန်တွင် လီရှောင်လျန်မှာ ချွေးစေးများရွှဲနစ်နေပြီး အသံများလည်းဝင်နေကာ ခွန်အား လုံးဝမကျန်တော့ပေ။
"ငါ မလုပ်နိုင်တော့ဘူး၊ ငါ မလုပ်နိုင်တော့ဘူး"
လီရှောင်လျန် ခေါင်းယမ်းလိုက်သည်။
"ငါ ကလေးမမွေးတော့ဘူး"
"ရှောင်လျန်၊ နင် တောင့်ခံထားမှရမယ်၊ မဟုတ်ရင် ကလေး ဘယ်လိုလုပ်မလဲ၊ ခွန်အားနည်းနည်းလေး ထပ်သုံးလိုက်ရင် ချက်ချင်းမွေးလာတော့မှာပါ"
လက်သည်က လီရှောင်လျန်၏လက်ကို ကိုင်ကာ အားပေးလိုက်သည်။ သို့သော် သူမရင်တွင်း၌ စိုးရိမ်မှုများရှိနေပြီး လင်းယွဲ့အား ပြောလိုက်သည်။
"ဒီကလေးက ခေါင်းကြီးတယ်၊ ပြီးတော့ ရှောင်လျန်ရဲ့ ခန္ဓာကိုယ်ကလည်း အားနည်းနေတယ်၊ သူ ခွန်အားပြန်ပြည့်အောင် တစ်ခုခုစားဖို့ လိုတယ်၊ မဟုတ်ရင် ဒီကလေးမွေးရတာ ခက်လိမ့်မယ်"
"ခဏစောင့်၊ ကျွန်မ တစ်ခုခုယူလာခဲ့တယ် "
လင်းယွဲ့ သူမရေခဲသေတ္တာကို အမြန်ရှာဖွေလိုက်ရာ ချောကလက်ကိုတွေ့လိုက်၍ အမြန်ဖွင့်ယူလိုက်ပြီး ရင်ဘတ်ထဲမှဆွဲထုတ်သလို ဟန်ဆောင်လိုက်သည်။ သူမသည် သူတို့ကိုကျောခိုင်းကာ အခွံကိုဆုတ်ဖြဲလိုက်ပြီးနောက် ချောကလက်ကို လီရှောင်လျန်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။ ဤသည်မှာ ဘယ်ဂျီယမ်မှယူဆောင်လာသော စစ်မှန်သည့်ချောကလက် ဖြစ်သည်။ ကိုကိုးဆီအစားထိုးပစ္စည်းဖြင့် ပြုလုပ်ထားခြင်းမဟုတ်ဘဲ စွမ်းအင် အလွန်မြင့်မား၏။ ချောကလက်သည် လီရှောင်လျန်၏ပါးစပ်ထဲ အရည်ပျော်သွားပြီး သူမသည် ခွန်အားများဖြည်းညှင်းစွာ ပြန်လည်ရရှိလာကာ လက်သည်၏အသံအတိုင်း အားကုန်ညှစ်လေတော့သည်။
"ဘယ်လိုလုပ်ကြမလဲ၊ ကလေးခေါင်းက ကြီးလွန်းလို့ထွက်မလာဘူး"
လက်သည်မှာ ငိုလုမတတ်ဖြစ်နေသည်။
"ရှောင်လျန် ပိုပြီး အားကုန်ညှစ်စမ်းပါ"
"ခဏနေဦး၊ ကျွန်မတို့ ဒါလေးနဲ့စမ်းကြည့်ရင်ရော"
လင်းယွဲ့သည် သူမ ယခင်ကကြည့်ဖူးသော မှတ်တမ်းရုပ်ရှင်တစ်ခုကို သတိရသွားပြီး ချက်ချင်းအကြံပြုလိုက်သည်။