အခန်း ၆၈
Vol. 7 Ch. 68
Ch-68
"စစ်ဆေးရေးအရာရှိတစ်ယောက်က ကောင်းကင်နဲ့ မြေကြီးကို ပြောင်းပြန်လှန်ပစ်လို့မရပါဘူး"
ဝမ်စုန်ရှင်းက ရွာသူကြီးကိုကြည့်ကာ ပြောလိုက်သည်။
"ဒီလူက မကောင်းမှုတွေလုပ်နေတာ အချိန်အတော်ကြာပြီကို ဘာလို့ ခရိုင်ရုံးတော်ကို မတိုင်ခဲ့ကြတာလဲ"
ဤအချိန်တွင် လူတိုင်းက ဝမ်စုန်ရှင်း၏အဆင့်အတန်းမှာ ခရိုင်တရားသူကြီးထက်ပင် ပိုမိုမြင့်မားပုံရကြောင်း သတိပြုမိသွားကြသည်။ ရွာသူကြီးကပြန်ဖြေလိုက်၏။
"သခင်လေးသိချင်မှ သိမှာပါ၊ ဒီစစ်ဆေးရေးအရာရှိရဲ့အစ်ကိုဝမ်းကွဲက ခရိုင်လက်ထောက်တရားသူကြီးလေ၊ ကျွန်တော်တို့က ခရိုင်ရုံးတော်ထဲကို ခြေမချရသေးခင်မှာပဲ အဲဒီလူတွေရဲ့ ရိုက်နှက်တာကိုခံရမှာ စိုးရိမ်လို့ပါ"
"ဟမ်"
ဝမ်စုန်ရှင်းက ယန်ပန်းကိုကြည့်လိုက်သည်။
"ခင်ဗျား ဒီကိစ္စကိုသိလား"
ခရိုင်တရားသူကြီးက နဖူးမှ ချွေးများကိုအမြန်သုတ်လိုက်သည်။
"အဲဒီလိုမဖြစ်သင့်ဘူးလေ၊ ခရိုင်လက်ထောက်တရားသူကြီးနဲ့ ကျွန်တော် အလုပ်တူတူလုပ်တာ သိပ်မကြာသေးပေမဲ့ သူကရိုးသားဖြောင့်မတ်တဲ့ အရာရှိကောင်းတစ်ယောက်ပါ၊ ကျွန်တော်ပြန်ရောက်ရင် သူ့ကိုမေးကြည့်မယ်၊ ပြီးတော့ ဒီကိစ္စကိုစုံစမ်းဖို့ လူလွှတ်လိုက်မယ်၊ အကယ်၍ ဒါသာအမှန်ဆိုရင်တော့ ကျွန်တော်ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး"
ဝမ်စုန်ရှင်း ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာတွင် အပြုံးလေးတစ်ခုဖြင့် ချီးကျူးလိုက်သည်။
"အစ်ကိုယန်က ပြည်သူတွေကို သားသမီးတွေလို ဂရုစိုက်တာပဲ၊ ညနက်သန်းခေါင်ကြီး ဒီကိစ္စကိုကြားတာနဲ့ အမှုဖြေရှင်းဖို့၊ ပြည်သူတွေရဲ့ဒေါသကို ငြိမ်းအေးစေဖို့နဲ့ မကောင်းမှုတွေကို ဖယ်ရှားဖို့ ကျွန်တော်နဲ့အတူတူလိုက်လာတာ၊ တကယ့်ကို အရာရှိကောင်း တစ်ယောက်ပါပဲ"
တစ်ချိန်တည်းမှာပင် ရွာသူရွာသားများ အားလုံးက ဒူးထောက်လိုက်ကြသည်။
"တရားသူကြီးမင်း ပြည်သူတွေအတွက် တရားမျှတမှုကိုဖော်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တရားသူကြီးမင်း"
ရွာသူရွာသားများ၏နက်ရှိုင်းသော ခံစားချက်များ ပါဝင်သည့်အော်ဟစ်သံတိုင်းက အိမ်တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။ ယန်ပန်းသည် မြို့တော်တွင် သူဆက်သွယ်၍ပင်မရနိုင်သော ထင်ရှားသည့်မိသားစုမှ သခင်လေး၏ ချီးကျူးစကားကို နားထောင်ရင်းနှင့် ပြည်သူများ၏မျက်ဝန်းမှ ကျေးဇူးတင် မျက်ရည်များကိုမြင်တွေ့ရသောအခါ သူသည် သူတို့ကိုယ်ပိုင်တရားသူကြီးမင်းဖြစ်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ရင်တွင်း၌ အကန့်အသတ်မရှိသော စိတ်အားထက်သန်မှုများ လှိုက်တက်လာ၏။ တရားမျှတသောအရာရှိကောင်းတစ်ဦးဖြစ်လိုသော သူ့ရည်မှန်းချက်က ရင်တွင်း၌ ကိန်းအောင်းလာသည်။
"ကျွန်တော် လူကြီးမင်းနဲ့ ရွာသူရွာသားတို့ရဲ့မျှော်လင့်ချက်တွေကို အလကားမဖြစ်စေရပါဘူး၊ ကျွန်တော် အရာရှိကောင်းတစ်ယောက် ဖြစ်လာစေရမယ်၊ ခရိုင်ရုံးတော်က ရွာသူရွာသားတိုင်းကို အချိန်မရွေးကြိုဆိုပါတယ်၊ အကယ်၍ မတရားမှုတွေ၊ မှားယွင်းတဲ့ အမှုတွေရှိရင် ခရိုင်ရုံးတော်ကို သေချာပေါက်လာခဲ့ကြပါ၊ ကျွန်တော် မင်းတို့အတွက် တရားမျှတမှုကိုဖော်ဆောင်ပေးပါ့မယ်"
"တရားသူကြီးမင်း၊ ငါတို့ခရိုင်မှာ တရားသူကြီးတစ်ယောက်ရှိနေပြီ"
ရွာသူရွာသားများ၏စိတ်အားထက်သန်မှုမှာ ပိုမိုမြင့်တက်လာလေသည်။ ယခင်က ဖိနှိပ်ခံခဲ့ရသည့် နာကြည်းမှုများ၊ ယခုလေးတင်မှ စစ်ဆေးရေးအရာရှိကို သတိလစ်အောင် ရိုက်နှက်ခဲ့ရသည့် စိုးရိမ်ပူပန်မှုများနှင့် ခရိုင်တရားသူကြီး၏ဆုံးဖြတ်ချက်မှရရှိလာသောကျေနပ်မှုများအားလုံးသည် ဤအချိန်တွင် ပေါင်းစည်းသွားကာ ချီးကျူးအော်ဟစ်သံများအဖြစ် ပြောင်းလဲသွားလေတော့သည်။ ဝမ်စုန်ရှင်းသည် ဤပြည်သူများကိုကြည့်ရင်း သူ့အသားနှင့် သွေးများကြီးထွားလာသကဲ့သို့ ခံစားလိုက်ရ၏။
လောကရှိပြည်သူများကို ပိုမို ကောင်းမွန်စွာ နေထိုင်စေလိုသော ကြင်နာမှုနှင့် တိကျသောအကြံဉာဏ်များ စတင်ပေါက်ဖွားလာလေသည်။ ပြည်သူများကို ကာကွယ်လိုသော သူ့ရည်မှန်းချက်က ပိုမိုခိုင်မာလာ၏။ ပြည်သူများအားလုံး သူတို့မကျေနပ်ချက်များကို တိုင်ကြားနိုင်ရန်၊ လမ်းကြောင်းတစ်ခုရှိစေရန်နှင့် အစိုးရက ယင်းတို့ကို တရားမျှတစွာဖြေရှင်းပေးနိုင်ရန်.....
"ခရိုင်တရားသူကြီးမင်း၊ သခင်လေးဝမ် ရှင်တို့ တစ်ညလုံးစောင့်နေခဲ့ရတာလေ"
လင်းယွဲ့ ဝင်ပြောလိုက်သည်။
"ခဏစောင့်ပါဦး ကျွန်မစားစရာ တစ်ခုခု သွားလုပ်ပေးမယ် "
လင်းယွဲ့သည် ရွာသူရွာသားများကို ကြည့်လိုက်သည်။
"ကျွန်မကို ကူညီပံ့ပိုးပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျွန်မအားလုံးကို မနက်စာကျွေးပါရစေ"
"ဟားဟားဟားဟား ငါ့မိန်းမက မင်းရဲ့ ဝမ်တန်တွေ သိပ်အရသာရှိတယ်လို့ ပြောတယ်၊ ဒါကြောင့် ငါ တစ်ပန်းကန်လောက်စားမယ်"
ခရိုင်တရားသူကြီးက ရင်းနှီးသောအမူအရာဖြင့် သူ့ဗိုက်ကို ပွတ်ရင်းပြောလိုက်သည်။
"ငါ တကယ်ဗိုက်ဆာနေပြီ"
ဝမ်စုန်ရှင်း ခေါင်းညိတ်လိုက်သည်။
"ငါလည်း ဗိုက်ဆာနေပြီ"
"မြန်မြန် မြန်မြန်၊ စားပွဲတွေသယ်ကြလေ"
ခရိုင်တရားသူကြီးက အော်ပြောလိုက်သည်။
"ငါတို့ အတူတူစားကြမယ်"
ယင်းကိုကြားသောအခါ ရွာသူကြီးက နှစ်သစ်ကူးတွင် အသုံးပြုလေ့ရှိသော စားပွဲကြီးနှစ်လုံးကို ထုတ်လာရန် သူ့သားအကြီးနှင့် သားအလတ်တို့ကို အမြန် ညွှန်ကြားလိုက်သည်။ မလုံလောက်သည်ကို မြင်သောအခါ အခြားအိမ်များမှ သွားငှားရန်အမြန်လွှတ်လိုက်၏။
"ညီမလေး၊ နင့်အိမ်မှာ ဂျုံမှုန့်ရှိလား၊ ငါ့မှာတော့ ရှိတယ်"
ရွာသူကြီး၏ဇနီးက လင်းယွဲ့အားပြောလိုက်သည်။
"မလိုပါဘူး"
လင်းယွဲ့ပြုံးရင်း ပြန်ပြောလိုက်၏။
"မနေ့ကရောင်းဖို့ လုပ်ထားတာလေးတွေရှိတယ်၊ အခုသွားယူပြီး ချက်လိုက်မယ်၊ တာ့ယာ ကုတန် ငါနဲ့လိုက်ခဲ့"
ကံကောင်းထောက်မစွာဖြင့် ရေခဲသေတ္တာ၏ပြန်လည်ပြည့်ချိန် တိုတောင်းသွားသဖြင့် ရေခဲသေတ္တာထဲတွင် ဝမ်တန်အလုံအလောက်ရှိနေသည်။ လင်းယွဲ့သည် ကျောပိုးခြင်းကြီးသုံးလုံးအပြည့် ထည့်ယူလာခဲ့ပြီးမလောက်မည်ကို စိုးရိမ်သဖြင့် ဝက်ခြေထောက်နှစ်ချောင်းကိုပါ ယူဆောင်ကာ ရွာသူကြီးအိမ်သို့ထွက်လာခဲ့သည်။
"ညီမလေး နင်က သိပ်ဖြုန်းတီးလွန်းတာပဲ"
ရွာသူကြီး၏ဇနီးက မျက်လုံးများပြူးကျယ်သွားသည်။ ပွဲတော်ရက်မဟုတ်ဘဲနှင့် သူမမိသားစုပင်လျှင် ဝက်ခြေထောက်နှစ်ချောင်းကို နှမြောနေမည်ဖြစ်သည်။
"ရွာသူရွာသားတွေက ကျွန်မကိုကူညီပေးထားတာပဲ၊ အားလုံးကိုအကောင်းဆုံး ကျွေးရမှာပေါ့"
လင်းယွဲ့ ဟန်မဆောင်ဘဲပြောလိုက်သည်။
"ကျွန်မကို ကူညီပံ့ပိုးပေးတဲ့ ရွာသူကြီးကိုလည်း နောက်မှကျေးဇူးတင်ရဦးမယ်လေ"
ရွာသူကြီး၏ဇနီးမှာ ထိုစကားကိုကြားသောအခါ ကျေနပ်သွားသည်။
"အိုး ညီမလေးရယ်၊ နင်က အရမ်းယဉ်ကျေးနေတာပဲ ရေဆူနေပြီ၊ ဝမ်တန်တွေ မြန်မြန်ထည့်လိုက်တော့"
လင်းယွဲ့သည် သံဒယ်အိုးကိုဖွင့်လိုက်ရာ ရေဆူနေသည်ကိုတွေ့သဖြင့် ကျောပိုးခြင်းထဲမှ ဝမ်တန်တစ်ဝက်ကို အမြန်ထည့်လိုက်သည်။
"တစ်ပြိုင်နက်တည်း အများကြီးပြုတ်လို့မရဘူး၊ အကုန်မကျက်မှာစိုးလို့"
လင်းယွဲ့ ရှင်းပြရင်း ပန်းကန်လုံးများကို ထုတ်ယူကာ ခွဲတမ်းချလိုက်ပြီး ရွာသူကြီး၏ပဲငံပြာရည်၊ ဝက်ဆီ၊ ရှာလကာရည်နှင့် ဆားတို့ဖြင့် အရသာထည့်လိုက်သည်။
"ဒေါ်လေးကု ကျွန်မဒါတွေအစား နောက်မှအသစ်ပြန်ဝယ်ပေးမယ်နော်၊ အခုတော့ သုံးလိုက်ဦးမယ်"
မူလက အနည်းငယ်နှမြောနေသော ရွာသူကြီး၏ဇနီးက အမြန်ပြောလိုက်သည်။
"သုံးပါ သုံးပါ၊ အရမ်း စည်းကမ်းကြီးနေစရာမလိုပါဘူး"
ဝမ်တန်များ ပေါလောပေါ်လာသည်ကို မြင်ပြီး နောက်ထပ် ခဏမျှဆက်ပြုတ်ပြီးနောက် လင်းယွဲ့သည် သံယောင်းမဖြင့်ခပ်ယူကာ ပန်းကန်လုံးများထဲသို့ ထည့်လိုက်သည်။ ရေနှင့်အရသာများ ရောနှောသွားသောအခါ ချက်ချင်းပင် အညိုရောင်ပြောင်းသွားပြီး ဆီများဖြင့် တောက်ပနေကာ အလွန်တရာ စားချင်စဖွယ်ဖြစ်သွား၏။ ထို့နောက် လင်းယွဲ့သည် ကျောပိုးခြင်းထဲမှ အမဲသားငရုတ်ဆီကို ဆွဲထုတ်သလို ဟန်ဆောင်လိုက်ပြီး ရွာသူကြီး၏ဇနီး သတိမထားမိချိန်တွင် ပန်းကန်လုံးကြီး တစ်လုံးထဲသို့ လောင်းထည့်လိုက်ကာ ပန်းကန်လုံးငယ်များထဲသို့ ခွဲထည့်လိုက်သည်။
"အဲဒါက ဘာလဲ"
ရွာသူကြီး၏ဇနီးမှာ ဝက်ခြေထောက်များကို ပြင်ဆင်နေရင်း အလုပ်များနေသော်လည်း လင်းယွဲ့က ပန်းကန်လုံးတိုင်းထဲသို့ ဆော့စ်အနည်းငယ်စီခပ်ထည့်နေသည်ကိုမြင်သောအခါ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ကျွန်မမိသားစုရဲ့လျှို့ဝှက်ချက်နည်းလေ၊ ငရုတ်သီးအနှစ်လို့ခေါ်တယ်"
လင်းယွဲ့ ပြန်ပြောလိုက်သည်။
"ဒီဆယ်ပွဲကရပြီ၊ အပြင်ထုတ်သွားဖို့ လူခေါ်လိုက်လို့ရပြီ"
"ကုမီနဲ့ ကုရို ဟင်းတွေလာသယ်ကြလေ"
"ကောင်းပါပြီ"
ရွာသူကြီး၏သားအကြီးနှင့် သားအလတ်တို့မှာ စားပွဲများခင်းကျင်းပြီးသည်နှင့် ခေါ်သံကိုကြားသဖြင့် မီးဖိုချောင်ထဲသို့ အမြန်ဝင်လာကြသည်။ ဝမ်တန်များကို မြင်သောအခါ သူတို့မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒီဝမ်တန်တွေက ဘယ်လိုလုပ် ဒီလောက်လှနေရတာလဲ"
"ကြောင်တောင်တောင်ရပ်မနေနဲ့၊ ခရိုင်တရားသူကြီးရဲ့စားပွဲကို အရင်သွားပို့"
စည်းကမ်းကြီးသော အရာရှိများသည် သာမန်လူများနှင့် တစ်စားပွဲတည်းစားသောက်လေ့မရှိဘဲ မိမိတို့အဆင့်အတန်းနှင့် မကိုက်ညီဟု ယူဆကြသည်။ သို့သော် ရိုးသားဖြောင့်မတ်ပြီး တရားမျှတသော အဆင့်မြင့် အရာရှိများစွာသည် သူတို့အစောပိုင်းကာလများတွင် ပြည်သူများ၏အခြေအနေများကို လေ့လာစောင့်ကြည့်ရန် လယ်ယာလုပ်ငန်းခွင်များသို့ သွားရောက်ကာ လယ်သမားများနှင့်အတူ စားသောက်လေ့ရှိကြ၏။ ယန်ပန်းသည် အောက်တန်းကျသော အကျင့်စရိုက်များမှ ကင်းလွတ်နေသောအရာရှိတစ်ဦးဟု မိမိကိုယ်ကို ခံစားနေရသည်။ သူ့ကဲ့သို့သော အရာရှိကောင်းတစ်ဦးသည် သေချာပေါက် သာမန်ပြည်သူများကြားတွင် နစ်မြုပ်ကာ သူတို့နှင့်အတူတကွ စားသောက်ပြီး အောင်ပွဲခံသင့်ပေသည်။ ရွာသူကြီးတွင် အတွေ့အကြုံအနည်းငယ်ရှိ၏။ ခရိုင်တရားသူကြီးက ကိစ္စမရှိဟုပြောသော်ငြားလည်း သူသည် ခရိုင်တရားသူကြီးအား စားပွဲငယ်တစ်ခုတွင် ထိုင်ရန်စီစဉ်ပေးခဲ့သည်။
စားပွဲပေါ်တွင် ခရိုင်တရားသူကြီး၊ သခင်လေးဝမ်၊ သူကိုယ်တိုင်နှင့် ရွာမှ အခြားလေးစားရသော လူကြီးနှစ်ဦး အပါအဝင် လူငါးဦးသာရှိသည်။ လင်းယွဲ့အတွက် ဖယ်ထားသောလွတ်နေသည့် နေရာတစ်ခုလည်းရှိသေး၏။ ရွာသူကြီးမှာ ပါးနပ်သူတစ်ဦးဖြစ်ရာ ယနေ့တွင် ခရိုင်တရားသူကြီးနှင့် သခင်လေးဝမ်တို့ ကုတန်နှင့်အတူ ရုတ်တရက် ရောက်လာချိန်ကတည်းက လင်းယွဲ့မှာ သာမန်မဟုတ်ကြောင်းသိရှိခဲ့သည်။
‘လင်းယွဲ့က ဒီအထက်တန်းလွှာသခင်လေးနဲ့ ဆက်ဆံရေးရှိနေတယ်ဆိုတဲ့ ရွာထဲက ကောလာဟလတွေက အမှန်များ ဖြစ်နေမလား’
"ဝမ်တန်တွေ ရပါပြီ"
ရွာသူကြီး အချိန်အကြာကြီးမတွေးတောရမီမှာပင် သူတို့စားပွဲသို့ ဝမ်တန်များ ရောက်လာလေသည်။ ပန်းကန်လုံးကြီးများမှာ ဝမ်တန်များဖြင့် အပြည့်ဖြစ်နေပြီး အညိုရောင် ဟင်းရည်ထဲတွင် အဖြူရောင်ဝမ်တန်များ၊ အနီရောင်ဆီများနှင့် ပါးပါးလှီးထားသော ကြက်သွန်မြိတ်များ ပေါလောပေါ်နေကာ ရနံ့မှာလည်း မူးယစ်စေလောက်အောင် မွှေးပျံ့နေ၏။ ပြီးပြည့်စုံသော အရောင်အသွေးနှင့် ရနံ့တို့ကြောင့် ရွာသူကြီးသည် တံတွေးမျိုချလိုက်မိသည်။
ဤဝမ်တန်များမှာ မြင်လိုက်သည်နှင့် အရသာရှိမည်ဟု သိသာနေသည်။ သူ အလျင်စလိုမစားသေးဘဲ ခရိုင်တရားသူကြီးက တူကိုအရင်ကိုင်မည့်အချိန်ကို စောင့်ဆိုင်းနေ၏။ မွှေးပျံ့သောရနံ့က ယန်ပန်းနှာခေါင်းပေါက်များထဲသို့ အလုအယက်ဝင်ရောက်လာရာ သူ အနည်းငယ်မျှော်လင့်ချက်ကြီးသွားသည်။
သူ့ဇနီးသည် ချမ်းသာကြွယ်ဝသော ဒေသတွင် ကြီးပြင်းလာသူဖြစ်ပြီး အရသာရှိသော အစားအစာများစွာကို စားဖူးမည်မှာ သေချာသော်လည်း ယမန်နေ့က ဝမ်တန်များမှာ အရသာရှိသည်ဟုပြောခဲ့ပြီး သူမသမီးကပင် တစ်ပန်းကန်လုံးကုန်အောင် စားခဲ့သည်ပင်။ သူ ဟင်းရည်တစ်ဇွန်းကို ခပ်ယူကာ အသာမှုတ်လိုက်ပြီး အရင်ဆုံးသောက်ကြည့်လိုက်သည်။ ပါးစပ်ထဲသို့ရောက်သွားသည်နှင့် တစ်ပြိုင်နက် လတ်ဆတ်သောအရသာက သူ့အရသာခံအာရုံများကို လွှမ်းခြုံသွားပြီး ပါးစပ်တစ်ခုလုံးတွင် ရစ်သိုင်းသွားလေသည်။
“အရသာရှိလိုက်တာ”
လတ်ဆတ်မှုအပြင် အနည်းငယ် ချဉ်ချိုချိုအရသာနှင့် အစပ်အရသာ အနည်းငယ်လည်း ပါဝင်နေသည်။ ယန်ပန်းသည် အစပ်အရသာကို အကြိုက်ဆုံးဖြစ်သည်။ သူသည် လိုင်မု၊ ကြက်သွန်မြိတ်၊ ဂျင်း၊ စီချွမ် ငရုတ်ကောင်းနှင့် မုန်ညှင်းတို့ကဲ့သို့သော အရသာပြင်းပြင်းရှိသည့် အရာမှန်သမျှကို စားလေ့ရှိ၏။ ထို့ကြောင့် သူ့ဇနီးမှာ သူ့ပါးစပ်မှ အနံ့ဆိုးထွက်သည်ဟု မကြာခဏ ညည်းညူလေ့ရှိသည်။
သို့သော် များများစားပြီးနောက်တွင် သူသည် လုံလောက်အောင်မလှုံ့ဆော်နိုင်ဟု အမြဲတမ်းခံစားရသည်။ ဤအစပ်အရသာလေးကို မြည်းစမ်းကြည့်ပြီးနောက် သူ့မျက်လုံးများ အရောင်လက်သွား၏။ ယန်ပန်းသည် အလျင်မလိုဘဲ ဖြည်းညှင်းစွာအရသာခံရန် ပြင်ဆင်လိုက်သည်။ သူက ဆေးဘဲဥနှင့် လတ်ဆတ်သောအသားဝမ်တန်တစ်လုံးကို အရင်ဆုံးခပ်ယူလိုက်သည်။
လတ်ဆတ်တယ်။
အရသာရှိလိုက်တာ။
သူ ခေါင်းကိုအဆက်မပြတ် ညိတ်လိုက်သည်။ သူ့ဇနီးက အရသာရှိသည်ဟု ပြောသည်မှာ မဆန်းပေ။ မြို့တော်ရှိ အကျော်ကြားဆုံး ဝမ်တန်ဆိုင်ထက်ပင် ပိုကောင်းနေသေးသည်။
ဤကဲ့သို့နေရာသေးသေးလေး၌ ဒီလိုမျိုး အရည်အချင်းရှိသူများ ပုန်းကွယ်နေမည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
သူ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် မူလအရသာကို မြည်းစမ်းပြီးသောအခါ သူ့ဇွန်းက ဝမ်တန်များပေါ်ရှိ မသင်္ကာစရာအနီရောင်ဆီများဆီသို့ အမြန်ရွေ့လျားသွားလေသည်။ ယင်းမှာ အစပ်အရသာ၏ မြစ်ဖျားခံရာဖြစ်မည်ဟု သူ သံသယဝင်လိုက်သည်။ ယန်ပန်းသည် ၎င်းကို ပါးစပ်ထဲသို့ ထည့်လိုက်၏။