အခန်း ၇၀
Vol. 7 Ch. 70
Ch-70
ကုရှန်းလင်းလက်များမှာ တုန်ယင်နေသည်။ သူသည် ဝမ်တန်များကို အမြန်စားပြီးနောက် ထွက်ပြေးရန် ရည်ရွယ်ထားသည်။ သို့သော် ကုတာ့ဖူက သူ့အင်္ကျီကော်လာကို ဆွဲဖမ်းလိုက်ပြီး အခြားသူများအား မေးလိုက်သည်။
"သူ ဘာတွေထပ်ပြောသေးလဲ"
ရွာသူရွာသားတစ်ဦးက ပြဿနာပိုကြီးသွားမည်ကို လုံးဝမကြောက်ဘဲ ခေါင်းကုတ်ကာ ပြောလိုက်သည်။
"မင်းတို့မိသားစုရဲ့တို့ဟူးတွေ အားလုံးက မင်းနဲ့ ယောကျာ်းတွေ ဖောက်ပြန်ပြီး ရလာတဲ့ သုတ်ရည်တွေနဲ့ လုပ်ထားတာလို့ သူပြောသေးတယ်"
"အာ"
ကုတာ့ဖူမှာ သူ့နားကို ခဏတာမျှ သံသယဝင်သွားသည်။
“ငါလား၊ ပြီးတော့ ယောကျာ်းတွေနဲ့လား၊ ဖောက်ပြန်တယ်တဲ့လား”
သူက စကားလုံးတိုင်းကို နားလည်သော်လည်း ပေါင်းစပ်လိုက်သောအခါ ဘာအဓိပ္ပာယ်မှန်းမသိတော့ပေ။
"ဟုတ်တယ်"
အခြားရွာသူရွာသားတစ်ဦးက ဝင်ပြောလိုက်သည်။
"မင်း သားသမီးမရနိုင်တာက မင်း တခြားယောကျာ်းတွေအများကြီးနဲ့ ဖောက်ပြန်ခဲ့လို့ အဲဒီနေရာက အလုပ်မလုပ်တော့လို့တဲ့"
ကုတာ့ဖူမျက်လုံးများ ပြူးကျယ်သွားပြီး ရင်တွင်း၌ ဒေါသများ ပြည့်နှက်သွားသည်။
"ပြီးတော့ ဘာကျန်သေးလဲ"
"မင်းသားက မင်းရဲ့သားအရင်းမဟုတ်ဘူးလို့လည်း ပြောသေးတယ်"
ကုရှန်းလင်းအား ဆုပ်ကိုင်ထားသော ကုတာ့ဖူလက်တွင် သွေးကြောများပင် ထောင်ထွက်လာသည်။
"မင်း သေချင်နေတာလား"
"မဟုတ်ဘူး အဖေ၊ ကျွန်တော် အဲဒါတွေ ဘာမှမပြောခဲ့ဘူး"
ကုရှန်းလင်းက အော်ငိုလိုက်သည်။
"ကျွန်တော်က တို့ဟူးထဲမှာ ဆီးပါတယ်လို့ပဲ ပြောတာ၊ ပြီးတော့ အဖေနဲ့ အတူတူနေခဲ့ဖူးတဲ့ ယောကျာ်းတွေ အများကြီးဆီက သုက်ရည်တွေပါတယ်လို့ပဲ ပြောတာ"
သူ ရှင်းမပြလျှင် ပိုကောင်းမည် ဖြစ်သည်။ ထိုရှင်းပြချက်က ဤစကားများမှာ သူ့သားအရင်းပါးစပ်မှ ထွက်လာခြင်းဖြစ်ကြောင်း အတည်ပြုလိုက်သကဲ့သို့ဖြစ်သွား၏။
"ဒီခွေးကောင်လေး တစ်ရက်လောက် အရိုက်မခံရရင် ခေါင်မိုးပေါ်တက်ပြီး အုတ်ကြွပ်တွေတောင် ခွာချမယ့်ကောင်"
ကုတာ့ဖူလက်ဝါးက ပြင်းထန်စွာကျဆင်းလာပြီး ကုရှန်းလင်းတင်ပါးကို ရိုက်လိုက်သည်။
"ဒါက မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောတဲ့အတွက် မှတ်လောက်သားလောက် ဖြစ်သွားအောင်လို့ပဲ"
“ဗြဲ နောက်ဆိုမပြောတော့ပါဘူး"
ချက်ချင်းပင် ရိုက်သံများ၊ ကုရှန်းလင်းငိုသံများ၊ ကုတာ့ဖူ၏ ဒေါသတကြီး အော်ဟစ်သံများနှင့် ရွာသူရွာသားများ၏ဆူပူကြိမ်းမောင်းသံများ ရောနှောသွားကာ အလွန်တရာဆူညံသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။ လင်းယွဲ့သည် သူမဝမ်တန်များကို စားပြီးနောက် သံဒယ်အိုးကို သန့်ရှင်းအောင် ဆေးကြောလိုက်ပြီး ကြံသကာကြက်ဥတစ်ပန်းကန်ကို ပြုလုပ်လိုက်သည်။ သူမသည် ပြင်ဆင်ထားသော ကြံသကာရည်ထဲသို့ ကြက်ဥ သုံးလုံးကို ဖောက်ထည့်လိုက်၏။ သူမက ခပ်ယူလိုက်ပြီး မီးဖွားရာအခန်းထဲသို့ ပို့ပေးလိုက်သည်။ လီရှောင်လျန်နိုးလာချိန်တွင် လင်းယွဲ့က ကြံသကာကြက်ဥများကို အမြန်ယူလာပြီး ပြောလိုက်သည်။
"အစ်မရှောင်လျန် ကျွန်မ ခွံ့ကျွေးမယ်၊ မြန်မြန်စားလိုက်ပါ"
ဝမ်တာ့ကျန်း အခန်းထဲတွင်ရှိနေသေးသည်ကို မြင်သောအခါ လင်းယွဲ့က ပြောလိုက်၏။
"အစ်ကိုတာ့ကျန်း ဝမ်တန်မစားရသေးဘူး မဟုတ်လား၊ အပြင်ထွက်စားလိုက်လေ"
"ငါ စားပြီးပြီ"
ဝမ်တာ့ကျန်းက ရွှင်မြူးစွာပြောလိုက်သည်။
"ခုန လက်သည်က ငါ့ကိုတစ်ပန်းကန် ယူလာပေးတယ်"
"လင်းယွဲ့"
ဝမ်တာ့ကျန်းက လက်မထောင်ပြလိုက်သည်။
"မင်းချက်တဲ့ အစားအသောက်တွေက တကယ်ကို အရသာရှိတာပဲ"
လင်းယွဲ့ပြုံးလိုက်ရာ ပြုံးနေရင်းပင် မျက်ရည်များ ရုတ်တရက် ကျဆင်းလာလေသည်။
"ညီမလေး ဘာဖြစ်လို့လဲ"
လီရှောင်လျန် စိုးရိမ်တကြီးမေးလိုက်သည်။
"နင် ထိခိုက်မိလို့လား"
"မဟုတ်ပါဘူး မဟုတ်ပါဘူး"
လင်းယွဲ့ ပြန်ပြောလိုက်သည်။
"ကျွန်မကြောင့် အစ်မတို့တွေ ထိခိုက်ဒဏ်ရာရသွားကြလို့ ဝမ်းနည်းမိတာပါ၊ အစ်ကိုတာ့ကျန်း ဓားဒဏ်ရာရသွားသလို အစ်မရှောင်လျန်လည်း လမစေ့ဘဲ မွေးရတယ်လေ"
ဝမ်တာ့ကျန်း ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။
"ဪ ကလေးအဆင်ပြေပြေမွေးလာတာပဲ၊ ဘာမှမဖြစ်ပါဘူး"
"ဒါက နင့်အမှားမှမဟုတ်တာ"
လီရှောင်လျန် လင်းယွဲ့လက်ကိုကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။
"အပြစ်တင်ရမှာက နင့်ကိုမဟုတ်ဘူး၊ လူဆိုးတွေကို အပြစ်တင်ရမှာလေ၊ နင်လည်း နစ်နာသူပဲဟာ၊ ငါတို့က နင့်ကို ဘယ်လိုလုပ် အပြစ်တင်မှာလဲ၊ ဒါပေမဲ့ ကောင်းပါတယ်၊ နင့်အိမ်ကို ခြံစည်းရိုးတွေခတ်ပြီး ဆောက်လိုက်ရင် လူဆိုးတွေ အများကြီးကို တားဆီးနိုင်တာပေါ့"
"အင်း"
လီရှောင်လျန်က ကလေးကို အသာကြည့်လိုက်သည်။
"ငါ နင့်ကိုကျေးဇူးတင်ရဦးမယ်၊ နင်ကျွေးတဲ့ဟာတွေသာ မစားရရင် ပြီးတော့ မတ်တတ်ရပ်ပြီးမွေးဖို့ အကြံမပေးခဲ့ဘူးဆိုရင် ငါဒုက္ခပိုရောက်နေလောက်တယ်၊ အစကတော့ ငါ သိပ်နာကျင်ပြီး ခါးသီးနေတာ၊ ဒါကို ဖြတ်ကျော်နိုင်မယ် မထင်ဘူးလေ၊ ဒါပေမဲ့ ကလေးကို မြင်လိုက်ရတော့ ငါ ဆက်ပြီး တောင့်ခံနိုင်ခဲ့တာကို ကံကောင်းတယ်လို့ ခံစားလိုက်ရတယ်၊ အားလုံးက တန်ပါတယ်”
လီရှောင်လျန်က ကလေး၏မျက်နှာကို ပွတ်သပ်လိုက်သည်။
"ကြည့်စမ်း၊ သူ့မျက်နှာလေးက သိပ်နူးညံ့တာပဲ"
ဝမ်တာ့ကျန်း ရှေ့သို့တိုးလာသည်။
"ငါလည်း ကိုင်ကြည့်မယ်လေ"
"သွား သွား သွား၊ ရှင့်လက်တွေက ကြမ်းတမ်းလွန်းတယ်"
ဤနွေးထွေးသောမြင်ကွင်းလေးကြောင့် လင်းယွဲ့မျက်ဝန်းများတွင် မျက်ရည်များ ရစ်သိုင်းလာလေသည်။ ထိုမိသားစုသုံးဦးကို မနှောင့်ယှက်လိုသဖြင့် လင်းယွဲ့က ကြံသကာကြက်ဥများကို ဝမ်တာ့ကျန်းထံ ကမ်းပေးလိုက်သည်။
"အစ်ကိုတာ့ကျန်း အစ်မကို ခွံ့ကျွေးလိုက်ပါနော်"
"ကောင်းပြီ"
ဝမ်တာ့ကျန်း ယူလိုက်သော်လည်း ဒဏ်ရာကို မတော်တဆထိမိသွားသည်။
"ကျွတ်"
"မကိုင်နဲ့တော့၊ ငါ့ဟာငါ သောက်လိုက်မယ်"
"မသောက်နဲ့၊ ကိုယ် မင်းအတွက် ကိုင်တိုက်မယ်၊ နာရင်တောင်မှ ချိုပါတယ်ကွာ"
လင်းယွဲ့ပြုံးလိုက်ပြီး အခန်းအပြင်သို့ ထွက်လာ၍ တံခါးကိုပိတ်လိုက်ရာ ရွာသူကြီး၏ဇနီးပြောသည်ကို ကြားလိုက်ရသည်။
"ဝမ်အာ့မေက နင့်ကိုရှာနေတယ်၊ နင် သူ့ကို သိလား"
ယနေ့ လျံဖန်းမပေးရသေးသည်ကို သတိရသွားသဖြင့် လင်းယွဲ့အမြန် ထွက်လာခဲ့သည်။ သို့သော် ရွာသူကြီး၏ဇနီးက သူမကိုတားကာ သတိပေးလိုက်သည်။
"သူ့ဘဝက သိပ်ကြမ်းတမ်းတယ်၊ သူနဲ့သိပ်မပေါင်းနဲ့၊ မဟုတ်ရင် နင့်ဆီကံဆိုးမှုတွေ ကူးစက်လာလိမ့်မယ်"
ရွာသူကြီး၏ဇနီးက စေတနာဖြင့် ပြောခြင်းဖြစ်ကြောင်း လင်းယွဲ့သိသော်လည်း ဤဘဝကြမ်းတမ်းသည် ဟူသော အတွေးအခေါ်မှာ များသောအားဖြင့် အမျိုးသမီးများနှင့် ကလေးများအတွက် သံကြိုးများသာ ဖြစ်ပြီး အခြားသူများက သူတို့ကို လိပ်ပြာသန့်သန့်ဖြင့် နှိပ်စက်နိုင်ရန် ခွင့်ပြုပေးသကဲ့သို့ ဖြစ်နေသည်။ ထို့ပြင် လင်းယွဲ့မိဘများမှာလည်း ကွယ်လွန်သွားခဲ့ပြီး သူမလက်ထပ်ခဲ့သော ခင်ပွန်းဖြစ်သူမှာလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူမဘဝမှာ အခြားသူများထက် ပိုကြမ်းတမ်းနေသည်။
"ဘဝကြမ်းတမ်းတယ်ဆိုတာ အဲဒီလူက အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ ကံကောင်းပြီး ကျော်ဖြတ်နိုင်တယ်လို့ ဆိုလိုတာပါ၊ တခြားသူတွေသာ အဲဒီလို အခြေအနေမျိုးနဲ့ကြုံရရင် ကိစ္စတုံးသွားလောက်ပြီလေ၊ ဒီလိုကံကောင်းမှုကို ကျွန်မတို့က ဘယ်လိုလုပ်ဝေဖန်လို့ ရမှာလဲ"
လင်းယွဲ့ ပြောလိုက်သည်။ သူမအမြန်ထွက်လာခဲ့ရာ ဝမ်အာ့မေက သူမကလေးကိုဆွဲ၍ လူအုပ်နှင့်ဝေးရာ ကောက်ရိုးပုံတစ်ပုံနားတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"အစ်မ ရောက်နေတာလား"
လင်းယွဲ့ ပြောလိုက်သည်။
"တောင်းပန်ပါတယ်နော်၊ မနေ့က ပြဿနာနည်းနည်း ဖြစ်သွားလို့ အလုပ်များပြီး လက်ဖက်ရည်ဆိုင်ကို လာဖို့ မေ့သွားတာ၊ ဒီနေ့တော့ နားလိုက်မယ်"
"ပြဿနာဖြစ်တယ်၊ ဘာဖြစ်လို့လဲဟင်”
ဝမ်အာ့မေမျက်ဝန်းများတွင် စိုးရိမ်ပူပန်မှုများ ပေါ်လွင်နေ၏။ ဝမ်အာ့မေသည် သူမဘဝကြမ်းတမ်းမှုကြောင့် ရွာသူရွာသားများ၏ မနှစ်သက်ခြင်းကို ခံရကြောင်း လင်းယွဲ့ သိသဖြင့် အခြေအနေအားလုံးကို အမြန်ရှင်းပြလိုက်သည်။
"ညီမလေး ဒုက္ခရောက်သွားတာပဲ"
ဝမ်အာ့မေ အံ့သြတကြီးဖြင့်ပြေလိုက်သည်။
"ငါတောင်မသိလိုက်ဘူး၊ နင့်ကို လာကူညီသင့်တာ"
ထိုစကားကြောင့် လင်းယွဲ့ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
"ကျွန်မ မနေ့က မောင်းတွေတီးပြီးအော်တာ၊ အစ်မ မကြားဘူးလား"
"ငါ"
"အစ်မယွဲ့ ညီမတို့က အခု လက်ဖက်ရည်ဆိုင်မှာနေနေတာပါ"
ဝမ်ယင်းရှင်းပြလိုက်သည်။
"အာ"
ဝမ်အာ့မေ ခေါင်းငုံ့လိုက်သည်။
"ငါ့အစ်ကိုနဲ့ ယောင်းမက ငါ့ကိုလက်မခံနိုင်ဘူးလေ၊ ဒါကြောင့် လက်ဖက်ရည်ဆိုင်မှာနေရတာ ပိုအဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့၊ ငါ သေချာပေါက် သန့်ရှင်းရေးလုပ်ပေးထားမှာပါ"
"ဦးလေးနဲ့ အဒေါ်က အမေ့ဆီကပိုက်ဆံတွေကိုတွေ့သွားပြီးတော့ အဲဒါတွေက သူတို့ဆီက ခိုးလာတာလို့ စွပ်စွဲပြီး အကုန်ယူသွားတယ်"
ဝမ်ယင်းမျက်ရည်များ စီးကျလာသည်။
"အိမ်ဆောက်ဖို့ ပိုက်ဆံစုချင်တာကို"
"ဒါလွန်လွန်းတယ်၊ သူတို့ကို ကျွန်မ သွားရှာမယ်"
လင်းယွဲ့က ဝမ်အာ့မေ၏အစ်ကိုနှင့် ယောင်းမထံသို့ အမြန်ပြေးသွားလေသည်။ သို့သော် ဝမ်အာ့မေက သူမကို ဖမ်းဆွဲကာ ငိုကြွေးလိုက်သည်။
"ပြဿနာမရှာပါနဲ့၊ ငါ အခုတော်တော်လေး အဆင်ပြေနေပါပြီ၊ အဲဒီပိုက်ဆံတွေကို အိမ်လခလို့ပဲသဘောထားလိုက်ပါတော့မယ်"
ဝမ်ယင်းငိုကြွေးရင်း ပြောလိုက်သည်။
"အမေ အဲဒါက အမေပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးရှာထားတဲ့ ပိုက်ဆံတွေလေ"
"နောက်မှ ငါတို့ထပ်ရှာကြတာပေါ့"
ဝမ်အာ့မေက လင်းယွဲ့၏ လက်ကောက်ဝတ်ကို ညှစ်လိုက်သည်။
"ငါ နင့်ကို တောင်းပန်ပါတယ်၊ ပြဿနာ မရှာပါနဲ့တော့"
"ကျွန်မ ပြဿနာမရှာပါဘူး၊ သူတို့ကို အကျိုးအကြောင်းသွားပြောပြမလို့ပါ"
အကယ်၍ သူစိမ်းတစ်ယောက်ကသာ ထိုသို့ပြောမည်ဆိုလျှင် လင်းယွဲ့သည် သေချာပေါက် အချိန်ပိုမရှိသဖြင့် ဂရုစိုက်တော့မည်မဟုတ်ပေ။ သို့သော် ဝမ်အာ့မေသည် နေ့စဉ်စောစောထ၊ နောက်ကျမှအိပ်ကာ ကြိုးကြိုးစားစား အလုပ်လုပ်ပြီး လက်ဖက်ရည်နှင့် ရေများ ချပေးခြင်း၊ ပန်းကန်များ ဆေးကြောခြင်းနှင့် စားပွဲများ သုတ်ခြင်းတို့ကို လင်းယွဲ့ စိတ်ပူစရာမလိုအောင် လုပ်ဆောင်ပေးသူဖြစ်သည်။ သူမသည် အလွန်သဘောကောင်းပြီး အနိုင်ကျင့်ခံရအလွန်လွယ်ကူပေသည်။ မတရားမှုကို ဖြေရှင်းလိုသော သူမ၏ရည်မှန်းချက်က ရှေ့ဆက်ရန် တွန်းအားပေးလိုက်၏။ လင်းယွဲ့သည် သည်းမခံနိုင်တော့ဘဲ ဝမ်အာ့မေ့ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်ပြီးနောက် သူမအစ်ကိုနှင့် ယောင်းမထံသို့ လျှောက်သွားလိုက်သည်။
"အစ်ကိုဝမ်၊ ဝမ်အာ့မေက အစ်ကိုတို့ရဲ့ပိုက်ဆံကို ခိုးသွားတယ်ဆိုပြီး သူ့ဆီက ပိုက်ဆံတွေ အကုန်ယူလိုက်တာလား"
ဝမ်ထျန်သည် လင်းယွဲ့ကို အနည်းငယ် ကြောက်ရွံ့နေဟန်ဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်၊ ဘာဖြစ်လို့လဲ"
"အစ်ကိုတို့က ဘာစီးပွားရေးလုပ်တာလဲ၊ အဲဒီပိုက်ဆံတွေကို ဘယ်ကရတာလဲ၊ ကျွန်မ အထင်မမှားဘူးဆိုရင် အဲဒါက ကြေးပြားတစ်တွဲလောက်ရှိမယ် မဟုတ်လား"
"ငါ ငါ "
ဝမ်ထျန်မှာ စကားဆွံ့အသွားသည်။
"ညီမယွဲ့ နင် ဘာလုပ်ချင်တာလဲ၊ ငါတို့က နင့်ကိုကူညီဖို့ လာတာလေ၊ အခု နင်က ငါတို့ကိုကျေးဇူးကန်းချင်နေတာလား"
ဝမ်ထျန်၏ဇနီး လီဖန်းက ရှေ့သို့ထွက်လာကာ လင်းယွဲ့အားစိုက်ကြည့်လိုက်သည်။ သို့သော် လင်းယွဲ့က သူမ အပြစ်ရှိသလို ခံစားနေရသည်ကိုမြင်လိုက်သည်။ လင်းယွဲ့ပြုံးလိုက်ပြီး ရှေ့သို့တစ်လှမ်း တိုးလိုက်၏။
"ကျွန်မကိုကူညီခဲ့တဲ့သူတွေကို ဒီနေ့ ကျွန်မ သေချာပေါက်ကျေးဇူးဆပ်မှာပါ၊ ဒါပေမဲ့ ကိစ္စတစ်ခုနဲ့တစ်ခုက မတူဘူးလေ၊ အဲဒီပိုက်ဆံတွေက ဝမ်အာ့မေ ကျွန်မဆီမှာ အလုပ်လုပ်ပြီးရထားတာ၊ အစ်မတို့က သူ့ကို ပိုက်ဆံခိုးတယ်ဆိုပြီး ဘယ်လိုလုပ် အကုန်သိမ်းသွားရတာလဲ၊ အစ်မတို့ရဲ့အပြုအမူက စွန်ကျန်းနဲ့ဘာကွာလို့လဲ"
ဝမ်အာ့မေက သူမအဝတ်အစားများကို စိုးရိမ်တကြီးဆွဲကာ တားဆီးရန် ကြိုးစားနေသည်ကို ခံစားမိသဖြင့် လင်းယွဲ့က သူမအားစိတ်အေးစေရန် လက်ကောက်ဝတ်ကို ကိုင်လိုက်သည်။
"ငါ ငါ"
ဝမ်ထျန်က သူ့အင်္ကျီရင်ဘတ်ထဲသို့ နှိုက်ကာ ပိုက်ဆံများကို ဝမ်အာ့မေထံ ပြန်ပေးချင်နေသည်။ အမှန်တကယ်က သူလည်း အပြစ်ရှိသလိုခံစားနေရ၏။ သူသည် သူ့ညီမအပေါ် ထိုသို့ဆက်ဆံရခြင်းကိုရှက်မိ၏။ သို့သော် သူ့ဇနီးက အဆက်မပြတ် ဆူပူနေခြင်းကို သူမခံနိုင်ခဲ့ဘဲ အချိန်ကြာလာသည်နှင့်အမျှ သူလည်း အခွင့်အရေးမယူလျှင် နှမြောစရာကောင်းမည်ဟု ခံစားလာရသည်။
သို့သော် လင်းယွဲ့စကားများကြောင့် သူသည် လူအများရှေ့တွင် မျက်နှာပျက်သွားရလေသည်။ အရေးအကြီးဆုံးအချက်မှာ လင်းယွဲ့က အထက်အရာရှိကြီးတစ်ဦးကို တကယ်ပဲသိကျွမ်းနေခြင်းပင်။