အခန်း ၇၁
Vol. 8 Ch. 71
Ch-71
မူလက စွန်းကျန်း၏မကောင်းမှုများကို မည်သူမျှ သတိမထားမိခဲ့သော်လည်း လင်းယွဲ့အိမ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသောအခါ သူမက တရားမျှတမှုကို ဖော်ဆောင်ပေးရန် အထက်တန်းလွှာမှသခင်လေးနှင့် ခရိုင်တရားသူကြီးတို့ကို ခေါ်ယူခဲ့၏။ အကယ်၍ သူသာကြေးပြားများကို ပြန်မပေးပါက ထိုကဲ့သို့သောလူမျိုးက သူ့ကို အလွယ်တကူ ထောင်ထဲသို့ပို့ပစ်နိုင်ပေသည်။ မိမိကိုယ်ကို ကာကွယ်လိုသော သူ့ရည်မှန်းချက်က အလျှော့ပေးရန် တွန်းအားပေးနေ၏။
ဝမ်ထျန်သည် ကြေးပြားများကို ထုတ်ပေးရန် ပြင်လိုက်သော်လည်း သူ့ဇနီးဖြစ်သူက သူ့လက်ကို အားကုန်ရိုက်ချလိုက်ပြီး စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ ဝမ်ထျန်၏ရည်ရွယ်ချက်မှာ ထပ်မံ၍ ပျောက်ကွယ်သွား၏။ သူသည် အနောက်တွင်ပုန်းနေပြီး သူ့ဇနီးက အခြေအနေကိုပြောင်းလဲနိုင်မလားဆိုတာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူမလုပ်နိုင်ပါက သူ ပိုက်ဆံကို ပြန်မပေးဘဲ ကြေးပြားတစ်တွဲကို အလကားရမည်ဖြစ်သည်။ အကယ်၍ သူမ မလုပ်နိုင်ပါက ပြန်ပေးလိုက်မည်ပင်။ သူ ဘာမှဆုံးရှုံးသွားမည် မဟုတ်ပေ။ လီဖန်းက ဝမ်အာ့မေကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
"အာ့မေ ထွက်ခဲ့စမ်း၊ ငါတို့က နင့်အပေါ် ကောင်းကောင်းဆက်ဆံခဲ့တာကို နင်က ငါတို့ကို ဒီလိုမျိုးလာစွပ်စွဲတာလား"
ဝမ်အာ့မေ မလှုပ်ရှားသည်ကိုမြင်သောအခါ လီဖန်းက ရုတ်တရက် လက်လှမ်းကာ ဝမ်အာ့မေ့လက်ကောက်ဝတ်ကို ဆွဲဖမ်းပြီး လင်းယွဲ့အနောက်မှ ဆွဲထုတ်လိုက်လေသည်။ လင်းယွဲ့က လီဖန်းကိုစိုက်ကြည့်လိုက်၏။
"အစ်မ သူ့ကိုခြိမ်းခြောက်နေတာပဲ"
"အိုး အိုး အိုး နင်က သိပ်တော်ပြီး အရေးပါတဲ့လူတွေကို သိတယ်ဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ ငါ့လိုသာမန်ပြည်သူလေးကို လာပြီးမခြောက်လှန့်ပါနဲ့"
လီဖန်း ရယ်မောရင်း အော်ပြောလိုက်သည်။
"ခရိုင်တရားသူကြီးက အခုလေးတင် ပြောသွားတယ်လေ၊ မတရားတဲ့အမှုတွေကို ဖြေရှင်းပေးဖို့ ခရိုင်ရုံးတော်ကို အမြဲဖွင့်ထားပါတယ်တဲ့၊ ဒါကြောင့် နင့်ရဲ့အာဏာကိုသုံးပြီး သူတစ်ပါးကို အနိုင်မကျင့်ပါနဲ့"
"ဟမ်"
လင်းယွဲ့ ပြောလိုက်သည်။
"ဒါဆို ကျွန်မကအာဏာသုံးပြီး သူတစ်ပါးကို အနိုင်ကျင့်တဲ့သူဖြစ်သွားတာပေါ့လေ၊ ကောင်းပြီလေ အစ်မ ဝမ်အာ့မေကို ဆွဲထုတ်လိုက်ပြီဆိုတော့ ဘာလုပ်ချင်တာလဲ"
"မျက်နှာချင်းဆိုင် ရှင်းမယ်လေ"
လီဖန်းက လက်ပိုက်ကာ ဝမ်အာ့မေကို စူးရဲစွာစိုက်ကြည့်ရင်း ပြောလိုက်သည်။
"အာ့မေ နင်က ငါ့ထမင်းကိုစားတယ်၊ ငါ့အိမ်မှာ နေတယ်၊ ပြီးတော့ နင်က ငါ့ကို စွပ်စွဲရဲသေးတယ်ပေါ့လေ၊ ဒီပိုက်ဆံတွေက နင့်ဟာလား"
"ဟုတ်တယ် ဟုတ်တယ်၊ အဲဒါ သမီးအမေဟာပါ"
ဝမ်ယင်းပြေးထွက်လာပြီး ဝင်ပြောလိုက်သည်။
"အဲဒါ သမီးအမေရှာထားတာ၊ အဒေါ်က လုယူသွားတာ"
"အဘွားကြီးကမွေးထားတဲ့ ကလေးစုတ်၊ ဒီအရွယ်လေးနဲ့ လိမ်တတ်နေပြီပေါ့လေ၊ နင့်ပါးစပ်ကို ငါဆုတ်ဖြဲပစ်မယ်"
လီဖန်းလက်သည်းများက ဝမ်ယင်းပါးစပ်နားသို့ ရောက်လုနီးပါးတွင် ဝမ်အာ့မေမှာ တစ်ကိုယ်လုံးတုန်ယင်သွားပြီး နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသည့် ကြောက်ရွံ့မှုနှင့် ဒေါသတို့အားပြိုင်လာကြသည်။ နောက်ဆုံးတွင် ဒေါသနှင့် မိခင်မေတ္တာတို့ ပေါင်းစပ်ကာ ပေါက်ကွဲထွက်လာလေတော့သည်။ သူမက ဝမ်ယင်းကို သူမဘေးသို့ ဆွဲယူလိုက်ပြီး လီဖန်းအား စူးစူးရဲရဲစိုက်ကြည့်လိုက်၏။
"နင် လိမ်နေတာ၊ ဒါက ငါ့ပိုက်ဆံ၊ နင်တို့က လယ်စိုက်တာလေ၊ ဒီလောက်များတဲ့ ပိုက်ဆံတွေကို ဘယ်ကရမှာလဲ"
လီဖန်း လှောင်ပြောင်လိုက်သည်။
"ကျွတ် ကျွတ် နင်က နင့်ဟာလို့ပြောရင် နင့်ဟာ ဖြစ်သွားရောလား၊ ဒီပိုက်ဆံတွေမှာ နင့်နာမည်ထွင်းထားလို့လား၊ ဒါမှမဟုတ် နင်ခေါ်လိုက်ရင် သူတို့ကထူးမှာမို့လို့လား"
"အဲဒီ ကြေးပြားတွဲပေါ်မှာ အမှတ်အသားပါတယ်၊ ငါ မတော်တဆ အနီရောင်ဆီတွေ စွန်းထားမိတာ"
ဝမ်အာ့မေက ဝမ်ထျန်ကိုစိုက်ကြည့်လိုက်သည်။
"အဲဒါကိုထုတ်ပြီး အားလုံးကိုပြလိုက်စမ်း၊ ပါသလား မပါဘူးလားဆိုတာကို"
ဝမ်ထျန်မှာ အပြစ်ရှိသလိုခံစားလိုက်ရပြီးနောက် လီဖန်းက မျက်နှာပြောင်တိုက်ကာ ပြောသည်ကို တွေ့လိုက်ရသည်။
"ငါ့ပိုက်ဆံတွေပေါ်မှာ နင်က ဘာလို့ အမှတ်အသားလာလုပ်ရမှာလဲ"
"လီဖန်း ပိုက်ဆံတွေကို သူတို့ကိုပြန်ပေးလိုက်စမ်း"
ရွာသူကြီးက သူမကိုဆူပူလိုက်သည်။
"မင်း ဘာလို့ ဒီလောက်အရှက်မရှိရတာလဲ"
"ငါက ဘယ်လိုလုပ်အရှက်မရှိရမှာလဲ၊ အဲဒါ ငါ့ပိုက်ဆံလေ"
လီဖန်း ရယ်မောလိုက်သည်။
"ဒီပိုက်ဆံတွေက ငါ့ဟာ၊ ဘယ်သူမှ ယူသွားလို့ မရဘူး"
ဝမ်အာ့မေမှာ ဒေါသကြောင့် တုန်ယင်နေသည်။ ငယ်စဉ်ကတည်းက ဖိနှိပ်ခံခဲ့ရသည့် ဒေါသများ၊ လျစ်လျူရှုခံရပြီး လှောင်ပြောင်ခံခဲ့ရသည့် ဝမ်းနည်းမှုများနှင့် လူဆိုးများ စိတ်ထားပျော့ပြောင်းလာမည်ဟု မျှော်လင့်ခဲ့သော်လည်း ပို၍ပင် ဆိုးရွားလာခဲ့သည်။ သူမ၏အားနည်းမှုနှင့် အလျှော့ပေးမှုများက အချည်းနှီးသာ ဖြစ်သည်။ ယင်းတို့က သူတို့ကို ပို၍ပင် တောင်းဆိုလာစေရန်သာ ပြုလုပ်ပေးသကဲ့သို့ဖြစ်နေ၏။ ဝမ်အာ့မေ့နှလုံးသားမှာ မာကျောသွားပြီး ရုတ်တရက် လီဖန်းဆံပင်ကိုဆွဲကာ အားကုန်တိုက်ခိုက်လေတော့သည်။
ဤရန်လိုသော အနေအထားကြောင့် ဘေးနားရှိလူများမှာ ထိတ်လန့်သွားပြီး ရန်ပွဲကိုတားရန် အမြန်ပြေးဝင်လာကြသည်။ သို့သော် ဝမ်အာ့မေမှာ သူမခွန်အားအားလုံးကို အသုံးပြုနေသကဲ့သို့ဖြစ်နေပြီး မည်သူမျှ သူမကို ဆွဲဖယ်၍မရနိုင်ခဲ့ပေ။ မိမိကိုယ်ကို ကာကွယ်လိုသော သူမဆန္ဒက ခွန်အားများပိုဖြစ်ပေါ်စေသည်။
"အဲဒါ ငါ့ပိုက်ဆံ၊ အဲဒါ ငါ့ပိုက်ဆံ"
ဝမ်အာ့မေထပ်ခါတလဲလဲ အော်ပြောနေလေသည်။
'ရိုးသားတဲ့လူကို ရန်မစနဲ့' ဤစကားပုံက လူတိုင်းကို နက်နဲသောနားလည်သဘောပေါက်မှုတစ်ခု ပေးစွမ်းလိုက်သည်။ ဝမ်အာ့မေသည် လီဖန်းကို အသနားခံလာသည်အထိ ရိုက်နှက်လိုက်ရာ နောက်ဆုံးတွင် ဝမ်ထျန်မှာ ဒူးထောက်ကာ ပိုက်ဆံများကို ကမ်းပေးလိုက်ပြီး ဝမ်အာ့မေကို ရပ်တန့်ရန် အသနားခံလေတော့သည်။ ဝမ်အာ့မေ၏မျက်နှာတွင် သွေးများထွက်နေသော်ငြားလည်း သူမသည် ဂုဏ်ယူဝင့်ကြွားစွာ မတ်မတ်ရပ်နေပြီး သူမမျက်နှာပေါ်တွင် တက်ကြွသော အရှိန်အဝါများ လွှမ်းမိုးနေ၏။
"ညီမလေးယွဲ့ ကျေးဇူးတင်ပါတယ်"
ဝမ်အာ့မေမျက်နှာပေါ်မှ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး အရာအားလုံးကို နားလည်သဘောပေါက်သွားသကဲ့သို့ သက်ပြင်းချကာပြောလိုက်သည်။
"ဒီပိုက်ဆံတွေကိုတော့ ပြန်ယူမှရမယ်ထင်တယ်"
"အစ်မကိုယ်တိုင် သတိဝင်လာတာပါ၊ အစ်မကိုယ်တိုင် ပြန်ယူခဲ့တာ"
လင်းယွဲ့မှာ စိတ်သက်သာရာရသွားသည်။
"ညီမတောင်မှ ကျွန်မဘက်ကနေ ရပ်တည်ပေးသေးတာပဲ၊ ကျွန်မက ဘယ်လိုလုပ် အနောက်မှာပုန်းနေလို့ဖြစ်ပါ့မလဲ"
ဝမ်အာ့မေက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြောလိုက်သည်။
"အခုကစပြီး ကျွန်မ ညီမကိုဘယ်တော့မှ ဒုက္ခမပေးတော့ပါဘူး"
လင်းယွဲ့သည် နေ့လယ်ပိုင်းလောက်မှ အိမ်သို့ပြန်ရောက်လေသည်။
"ကုတန်၊ မင်းက တကယ်သတ္တိရှိတာပဲ၊ ဒီတစ်ခါ မင်းကျေးဇူးကြောင့်သာ အဆင်ပြေသွားရတာ၊ မင်း ဘာစားချင်လဲ၊ ဒီနေ့ ငါ ဟင်းချက်ကျွေးမယ်"
"မရီးချက်တာဆိုရင် အကုန်ကြိုက်တယ်"
တာ့ယာကတော့ ကျားပေါက်လေးကို ပွတ်သပ်ရင်းပြောနေသည်။
"မြန်မြန်ကြီးလာပါနော်၊ နောက်တစ်ခါ လူဆိုးတွေလာရင် သူတို့ကိုသေအောင် ကိုက်ပစ်လိုက်"
"တာ့ယာကလည်း ဒီတစ်ခါတော်တော်လေး ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်၊ အရေးပေါ် အခြေအနေမှာ တည်တည်ငြိမ်ငြိမ် နေနိုင်ခဲ့တယ်လေ၊ တာ့ယာရော ဘာစားချင်လဲဟင်"
"ကျွန်မ ဝက်သားပေါင်းစားချင်တယ်"
"ကောင်းပြီ ခဏနေရင်လုပ်ပေးမယ်နော်"
လင်းယွဲ့ပြုံး၍ ပြောလိုက်သည်။
"အိမ်တိုင်းအတွက် လက်ဆောင်တွေကို အရင်ပြင်ဆင်လိုက်ဦးမယ်၊ အစ်ကိုတာ့ကျန်းနဲ့ အစ်မရှောင်လျန်က အများဆုံး ကူညီပေးခဲ့တာဆိုတော့ သူတို့ကိုပိုပေးရမယ်၊ ပြီးတော့ တခြားရွာသူရွာသားတွေကိုလည်း လက်ဆောင်ပေးရဦးမယ်"
"မရီး ကုမိသားစုကိုရော ဘယ်လိုလုပ်မလဲဟင်"
ကုတန်စကားကြောင့် လင်းယွဲ့သတိရသွားသည်။ ကုတာ့ဖူက စစ်ဆေးရေးအရာရှိကျိုးကို အရင်ဆုံးစရိုက်မည်ဟု သူမ မထင်ထားခဲ့သလို ကုဝူရှန်းကလည်း သူမဘက်မှ ရပ်တည်ပြောဆိုပေးမည်ဟု သူမ မထင်ထားခဲ့ပေ။
"သူတို့ကိုလည်း လက်ဆောင်သွားပေးလိုက်"
လင်းယွဲ့သည် လက်ဆောင်များကို အသုတ်လိုက်ပို့ရန် စီစဉ်လိုက်သည်။ ထိုသို့မဟုတ်ပါက ရွာသူရွာသားအများအပြားနှင့် တစ်ပြိုင်နက်တည်း အသားများစွာကို ပေးပို့ခြင်းက အာရုံစိုက်မှုကို အလွန်အမင်း ရရှိစေမည်ဖြစ်သည်။ သူမက ကုမိသားစုထံသို့ အသားတစ်ပေါင်ခန့်နှင့် ကြက်ဥဆယ်လုံးပို့ပေးသောအခါ ဒေါ်လေးကုက အံ့သြဝမ်းသာစွာဖြင့် ကြည့်လိုက်သည်။
"နေက အနောက်ဘက်ကများထွက်လာတာလား၊ နင်က လက်ဆောင်တောင် လာပေးသေးတယ်ပေါ့၊ ပြီးတော့ ဝက်အူတွေမဟုတ်ဘဲ ဝက်သုံးထပ်သားတွေပါလား"
ဒေါ်လေးကုက အမြန်ယူလိုက်ရာ သူမမျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ ဂန္ဓမာပန်းကဲ့သို့ အပြုံးတစ်ခုဖြစ်ပေါ်သွားလေသည်။
"ဒါက ဝက်ခြေထောက်မဟုတ်လား၊ သိပ်အဆီမပါဘူးနော်၊ ပေါင်သားဆိုရင် အဆီပိုပါတော့ပိုကောင်းမှာပဲ"
"ဒါဆို ကျွန်မပြန်ယူသွားရမလား"
"လက်ဆောင်ပေးပြီးမှ ပြန်ယူတယ်ဆိုတာ ဘယ်ရှိပါ့မလဲ"
ဒေါ်လေးကုသည် မီးဖိုချောင်ထဲသို့ အလျင်စလိုပြေးဝင်သွားပြီး အားလုံးကို ဗီဒိုထဲတွင် သော့ခတ်သိမ်းဆည်းလိုက်သည်။
"ကြက်ဆီကို ကြွက်လာဂါရဝပြုတာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိလို့ပဲ"
ကုတာ့ဖူက နှာမှုတ်ကာ အေးစက်သော သဘောထားဖြင့် ပြောလိုက်သည်။ အမှန်တကယ်တော့ သူနှင့် ဒေါ်လေးကုတို့မှာ လင်းယွဲ့၏လှည့်စားခြင်းကို အကြိမ်ကြိမ်ခံခဲ့ရပြီး သူ၏ယဉ်ကျေးသော ဟန်ဆောင်မှုကိုပင် ဆက်လက်မထိန်းသိမ်းနိုင်တော့ပေ။ ခုနကတင် သူ စွပ်စွဲခံလိုက်ရသည်။ ကုရှန်းလင်းမှာ ကုတင်ပေါ်တွင် သူ့တင်ပါးကိုဆေးထည့်ကာ လှဲနေရဆဲဖြစ်သည်။
"ကျွန်မဘက်က ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေး”
လင်းယွဲ့ပြောလိုက်သည်။
"ဒီကျေးဇူးကို မှတ်ထားပါ့မယ်"
"မလိုပါဘူး"
ကုတာ့ဖူ ခေါင်းလှည့်လိုက်သည်။
"ငါက မင်းအတွက်လုပ်ပေးတာ မဟုတ်ပါဘူး၊ အားလုံးအတွက် လုပ်ပေးတာပါ"
"ဦးလေးက ဒီလောက်သတ္တိရှိပြီး စည်းလုံးမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး၊ ဦးလေးကို တကယ်အထင်ကြီးသွားပြီ"
ကုတာ့ဖူ၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။ လင်းယွဲ့က ဤမျှ ပါးနပ်ပြီး စကားပြောချိုသာမည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် သူမလုပ်ခဲ့သည့်အရာက တကယ်ကို ပါးနပ်လွန်းလှပေသည်။
"အပြင်ထွက်သွားရင် တံခါးကိုပိတ်သွားဦး"
"ကောင်းပြီလေ၊ ဒါဆို ကျွန်မဆက်မနှောင့်ယှက်တော့ပါဘူး၊ တခြားအိမ်တွေကို သွားရဦးမယ်"
လင်းယွဲ့နှုတ်ဆက်ပြီး ကုဝူရှန်းအိမ်ထဲသို့ ဝင်သွားလေသည်။ ထိုအချိန်တွင် ဒေါ်လေးကုက ကုတာ့ဖူကိုဆွဲလိုက်သည်။
"အဲဒီအသားက အသားကောင်းတွေပဲ၊ ကြက်ဥတွေကလည်း အလုံးကြီးတွေကြီးပဲ၊ သူ ပိုက်ဆံတော်တော်ကုန်သွားလောက်တယ်၊ ဒီကလေးက တော်တော်လေးကောင်းမယ်လို့ မထင်ထားခဲ့ဘူး"
"ဟမ့် အဲဒီကောလာဟလတွေက ငါ့အကြောင်းဖြန့်ထားပြီးပြီလေ၊ အကျိုးအမြတ်သေးသေးလေးက မင်းကို အသိတရားလွတ်သွားစေတာပဲ"
"ရှင်က အရင်ဆုံး သူ့အကြောင်းစပြောတာ မဟုတ်ဘူးလား"
ဒေါ်လေးကုက ခေါင်းယမ်းကာပြောလိုက်သည်။
"မုဆိုးမတစ်ယောက်ကို ရှင်ပြောခဲ့တဲ့ စကားက တကယ်ကိုယုတ်မာလွန်းတယ်"
"ဒါပေမဲ့ သူက..... သူက ငါယောကျာ်းတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်လို့ ပြောတယ်လေ"
"ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး၊ ရက်နည်းနည်းလောက် ရယ်စရာဖြစ်သွားရုံပါ၊ ဒါကြောင့် စိတ်အေးအေးထားပါ"
ကုဝူရှန်းအိမ်တွင် ကုဝူရှန်းမှာ အနည်းငယ် အနေရခက်နေသည်။
"ကျေးဇူးတင်ပါတယ်"
"ကျွန်မကသာ ဦးလေးကိုကျေးဇူးတင်ရမှာပါ"
လင်းယွဲ့ပြုံး၍ ပြောလိုက်သည်။
"မှန်ကန်တဲ့ဘက်ကနေ ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ရွာသူရွာသားများ၏လက်ဆောင်အချို့ကို ပို့ပြီးသောအခါ ညနေစောင်းနေပြီ ဖြစ်သည်။ ညစာစားပြီးနောက် လင်းယွဲ့မှာ ပင်ပန်းနွမ်းနယ်စွာဖြင့် အိပ်ပျော်သွားလေသည်။ နောက်နေ့နိုးလာသောအခါ လင်းယွဲ့သည် စားပွဲပေါ်ရှိ အချဉ်ဖောက်ထားသော ဆန်အရက်ကို အရင်ဆုံး ကြည့်လိုက်၏။
"ဒီအရက်ချိုကရလောက်ပြီ၊ ငါ မြည်းကြည့်မယ်၊ ဒါကဆိုင်ဖွင့်ဖို့ ငါ့ရဲ့အထူးလက်နက်ပဲ"