အခန်း ၇၄
Vol. 8 Ch. 74
Ch-74
"အိုး အိုး အိုး"
မှဲ့နက်ကြီးနှင့်လူက လှည့်၍ သူ့မျက်နှာပေါ်တွင် လှောင်ပြောင်သော အမူအရာဖြင့် ပြောလိုက်သည်။
"သူ့လောက်မကောင်းဘူးတဲ့လား၊ ခင်ဗျားက မြင်းသားကောင်းတာနဲ့ မကောင်းတာကိုတောင် မခွဲခြားတတ်ဘဲနဲ့ အရည်အသွေးကို လာဝေဖန်နေသေးတယ်"
"မင်း မင်း မင်း"
ရွာသူကြီးမှာ ထစ်ငေါ့သွားပြီး အလွန်အမင်း စိုးရိမ်ပူပန်မှုကြောင့် စကားပင် သေချာမပြောနိုင်တော့ပေ။
"မင်း ဘယ်လိုလုပ် အဲဒီလိုပြောရတာလဲ"
"တကယ်ပြောတာပဲဟာ၊ ထျန်းရှန်းနားနေဆောင်က စားဖိုမှူးကြီးတွေက ခင်ဗျားရဲ့ချွေးမလုပ်တဲ့ ဝမ်တန်တွေကို မမီဘူးတဲ့လေ၊ အဲဒါကြားရတာ ရယ်စရာ မကောင်းဘူးလား"
"မငြင်းကြပါနဲ့ မငြင်းကြပါနဲ့တော့"
ဆိုင်ရှင်အမျိုးသမီးက ပြုံး၍ပြောလိုက်သည်။
"လူတိုင်းက အကြိုက်ချင်းမတူကြပါဘူး၊ အကုန်လုံးက အရသာရှိပါတယ်၊ အကုန်လုံး အရသာရှိပါတယ်၊ လာပါ လာပါ ဧည့်သည်တော်တို့ နေရာရပါပြီ"
မှဲ့နက်ကြီးက တစ်ယောက်တည်းဖြစ်နေသဖြင့် လင်းယွဲ့သည် သူ့စားပွဲတွင်အတူတူထိုင်လိုက်ရသည်။
"ဝမ်တန် နှစ်ပွဲ"
မှဲ့နက်ကြီးက အော်ပြောလိုက်သည်။ လင်းယွဲ့က တာ့ယာကို ဘာစားချင်လဲဟုမေးလိုက်ရာ တာ့ယာက ဆိုင်းဘုတ်ကို ဖတ်တတ်နေပြီဖြစ်၍ သူမပြန်ပြောလိုက်သည်။
"ဒီက ဝမ်တန်ရော ပေါက်စီရောက ယောင်းမလုပ်တာလောက် မကောင်းဘူးလို့ ထင်တယ်၊ သမီး ခေါက်ဆွဲပြုတ်ပဲ စားမယ်"
"ကောင်မလေး၊ ဒီလောက်လေကြီးလေကျယ်ပြောတာ လျှာကိုက်မိမှာမကြောက်ဘူးလား"
မှဲ့နက်ကြီး၏အမူအရာမှာ ကလေးတစ်ယောက်နှင့် စကားပြောသည့်အခါ များစွာပျော့ပျောင်းသွားသည်။
"နောက်မှ သူတို့ဝမ်တန်တွေ ဘယ်လောက် အရသာရှိလဲဆိုတာ မြည်းကြည့်ခိုင်းမယ်"
"မလိုပါဘူး"
တာ့ယာက သူ့ကိုလျစ်လျူရှုကာ ခေါင်းကို လှည့်လိုက်သည်။
"ဟားဟားဟားဟား ဒီကောင်မလေးက အတော်လေး မာနကြီးတာပဲ"
တာ့ဟေးကျစ်က ရယ်မောလိုက်သည်။ လင်းယွဲ့က ခေါက်ဆွဲပြုတ်တစ်ပွဲနှင့် ဝမ်တန်နှစ်ပွဲ မှာလိုက်၏။
"ဝမ်တန်တွေ ရပါပြီရှင်"
ဆိုင်ရှင်အမျိုးသမီးကပြုံး၍ ဝမ်တန်များကို ယူလာပေးသည်။
"ရှာလကာရည် လိုချင်သေးလား"
"လိုတယ်"
မှဲ့နက်ကြီးက တူနှစ်ချောင်းကိုယူကာ စားပွဲပေါ်တွင်ခေါက်၍ ပြောလိုက်သည်။
"အများကြီးပေး"
"ဟုတ်ကဲ့ပါ"
ဆိုင်ရှင်က ဗန်းထဲမှ ရှာလကာရည်ကို ယူကာ ဝမ်တန်များထဲသို့လောင်းထည့်လိုက်ရာ အညိုရောင်ဖျော့ဖျော့ ဟင်းရည်၏အရောင်မှာ ချက်ချင်း အရောင်ရင့်သွားလေသည်။
"ရပြီ"
မှဲ့နက်ကြီးက သူ့တူများကို ဝမ်တန် ပန်းကန်လုံးထဲသို့ ထိုးထည့်လိုက်သည်။
"ကောင်မလေး တကယ်မစားဘူးလား"
တာ့ယာ ခေါင်းလှည့်ထားပြီး သူ့ကို ကြည့်ဖို့တောင် စိတ်မကူးပေ။
"ဒီကောင်မလေးက သူ့ယောင်းမကို တော်တော်ကာကွယ်တာပဲ"
မှဲ့နက်ကြီးက တူဖြင့် ဝမ်တန် အနည်းငယ်ကိုယူကာ အငမ်းမရစားလိုက်သည်။
"လန်းဆန်းသွားတာပဲ"
သူက ဆိုင်ရှင်ဘက်သို့ လှည့်ကာပြောလိုက်သည်။
"ဒီနေ့ ဘာလို့ ဝက်သားပိုများနေတာလဲ"
ဆိုင်ရှင်က သူ့အနားသို့အမြန်လာကာ ပြုံးရင်း တိုးတိုးလေးပြောလိုက်သည်။
"အစ်ကိုက အဆာပိုကြိုက်မှန်းသိလို့ အစ်ကို့အတွက် တမင်ပိုထည့်ပေးထားတာပါ"
"အဲဒီလို လုပ်စရာမလိုပါဘူး"
တာ့ဟေးကျစ်ပြန်ပြောလိုက်သည်။
"တခြားလူတွေလိုပဲ လုပ်ပေးပါ၊ မင်းတို့ အလုပ်မရှုပ်အောင်လို့"
"အိုး ဘာတွေအလုပ်ရှုပ်စရာရှိလို့လဲ၊ ဘာမှ ဒုက္ခမများပါဘူး၊ စာရေးကြီးကျိုးက ကျွန်မတို့ရဲ့ဝမ်တန်တွေကို ကြိုက်တယ်ဆိုတော့ ကျွန်မတို့အတွက် ဂုဏ်ယူစရာပါ"
ဆိုင်ရှင်ကပြုံး၍ ပြောလိုက်သည်။
"အစ်ကိုက ရှီထိုင်ခရိုင်ရဲ့အေးချမ်းသာယာရေးအတွက် နေ့တိုင်းမနားမနေ အလုပ်လုပ်ပေးနေရတာ၊ ကျွန်မတို့က ပြောမပြတတ်အောင် ကျေးဇူးတင်လှပါတယ်"
"မင်းက စာရေးကြီးလား"
ရွာသူကြီး၏သူငယ်အိမ်များ အနည်းငယ်ကျယ်သွားရာ မှဲ့နက်ကြီးက သူ့ကို ပြုံး၍ကြည့်လိုက်သည်။
"ဘာလဲ မတူဘူးလား"
ရွာသူကြီးမှာ ချက်ချင်းအားပျော့သွားသည်။
‘ဘုရားရေ ငါက စာရေးကြီးတစ်ယောက်နဲ့ စကားများခဲ့တာပဲ၊ ဒါက ဒါက ဒီလိုမျိုးအလဟဿအဆုံးရှုံးခံဖို့ ငါ့မှာ အသက်ဘယ်နှစ်ချောင်းရှိလို့လဲ’
အာဏာပိုင်များကို ကြောက်ရွံ့ရသော သူ့ဘဝအခြေအနေက တောင်းပန်ရန် တွန်းအားပေးလိုက်သည်။ ရွာသူကြီးက သူ့နဖူးမှ ချွေးများကိုသုတ်ကာ သတိကြီးစွာဖြင့် ရှင်းပြလိုက်၏။
"ကျွန်တော် ခုနကပြန်ပြောနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ခရိုင်တရားသူကြီးယန်ကိုယ်တိုင်က ညီမလေးယွဲ့ရဲ့ ဝမ်တန်တွေအရသာရှိတယ်လို့ ပြောခဲ့တာဆိုတော့ ကျွန်တော် ခဏလောက် အပြိုင်အဆိုင်ဖြစ်သွားတာပါ"
"ခရိုင်တရားသူကြီးလား"
မှဲ့နက်ကြီးက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
"မင်းပြောတာ ခရိုင်တရားသူကြီးယန်လား"
"ဟီးဟီး ဟုတ်တယ်၊ ဟုတ်တယ်"
ရွာသူကြီး၏မျက်နှာမှာ ဂန္ဓမာပန်းကဲ့သို့ အပြုံးဖြင့် ရှုံ့တွသွားသည်။
"တလောကပဲ ခရိုင်တရားသူကြီးမင်းက ကျွန်တော်တို့အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးဖို့ ကျွန်တော်တို့ခရိုင်ကို လာခဲ့တာ၊ ကျွန်တော်တို့ရှီထိုင်ခရိုင်မှာ နောက်ဆုံးတော့ တရားသူကြီးတစ်ဦးရှိနေပြီလေ၊ သေချာတာပေါ့ စာရေးကြီး တစ်ယောက်အနေနဲ့ ရှီထိုင်ခရိုင်ရဲ့ အေးချမ်းသာယာရေးကလည်း မင်းရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ မကင်းပါဘူး"
“ခရိုင်တရားသူကြီးလား”
ကျိုးလီသည် ဤအဘိုးကြီးပြောသော ခရိုင်တရားသူကြီးမှာ ရှီထိုင်ခရိုင် တရားသူကြီးယန်ပန်း ဟုတ်မဟုတ် သံသယဝင်သွားသည်။
‘သူက လူလိမ်များဖြစ်နေမလား’
သူသိသော ခရိုင်တရားသူကြီးသည် လယ်ယာမြေများကိုပင် ညစ်ပတ်သည်ဟုထင်မြင်ပြီး သာမန်ပြည်သူများ၏ ဘဝများကို တစ်ခါမှမဖြတ်သန်းဖူးပေ။ ထိုအစား သူသည် ခရိုင်ရုံးတော်တွင် လက်ရေးလှရေးခြင်း၊ ပန်းချီဆွဲခြင်းတို့ဖြင့် အချိန်ကုန်လေ့ရှိပြီး အမြဲတမ်း ညှိုးနွမ်းကာ ခံစားလွယ်သောပုံပေါက်နေ၏။
'တရားသူကြီးလား၊ အင်း ဒါပေမဲ့ တလောက စစ်ဆေးရေးအရာရှိကျိုး ထောင်ချခံလိုက်ရတာတော့ အမှန်ပဲ၊ ပြီးတော့ ဖျင်ဆန်းရွာမှာ ဝမ်ရှန်းနဲ့ သူ့သမီးကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ ကိစ္စကိုစုံစမ်းဖို့ ခရိုင်တရားသူကြီးဆီကနေ လျှို့ဝှက်အမိန့်တစ်ခုကိုလည်း ရခဲ့သေးတယ်၊ ပြီးတော့ ခရိုင်လက်ထောက်တရားသူကြီးကျောက်အန်းကရော သူ့ကိုကျောထောက်နောက်ခံ ပေးထားသလားဆိုတာကိုပါ စုံစမ်းရမှာ၊ ဝမ်ရှန်းရဲ့အမှုကတော့ စုံစမ်းရ လွယ်ပါတယ်၊ ရွာသူရွာသားတွေရဲ့ ထွက်ဆိုချက်တွေနဲ့ဆိုရင် နေ့ဝက်လောက်နဲ့တင် ရှင်းလင်းသွားပြီ၊ သူတို့ သေဆုံးရတာက ဆွန်းကျန်းက ဝမ်ရှန်းရဲ့သမီးကို စော်ကားခဲ့တာနဲ့ တကယ်ပဲ သက်ဆိုင်နေနိုင်တယ်၊ ဒါပေမဲ့ ကျောက်အန်းကိစ္စကိုတော့ သေချာမစုံစမ်းရသေးဘူး၊ ပထမတော့ ခရိုင်တရားသူကြီးကအာဏာကို သိမ်းယူချင်နေတာလို့ ထင်တာ၊ ခရိုင်လက်ထောက်တရားသူကြီးရဲ့အာဏာကို ရုတ်သိမ်းဖို့ တမင်ပြဿနာရှာနေတာလို့ ထင်ခဲ့တာ'
ကျိုးလီသည် အာဏာပြိုင်ပွဲများတွင် မပါဝင်ချင်သဖြင့် ကျောက်အန်းအပေါ် စုံစမ်းစစ်ဆေးမှုကို တမင်တကာ အချိန်ဆွဲထားခဲ့ခြင်းဖြစ်သည်။ သူ ယခုလို အလှည့်အပြောင်းဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ကျိုးလီ၏နှလုံးသား အနည်းငယ်တုန်လှုပ်သွားသည်။
'ယန်ပန်းကို ငါအထင်မှားခဲ့တာများလား၊ ယန်ပန်းက တကယ်ပဲ နိုင်ငံနဲ့ ပြည်သူကို အလုပ်အကျွေးပြုတဲ့ အရာရှိကောင်းတစ်ယောက်များလား၊ ဒါဆို ယန်ပန်းရဲ့ အရင်တုန်းက အပြုအမူတွေက ဘာအတွက်လဲ၊ လူတွေကိုလှည့်စားဖို့လား၊ ခရိုင်မြို့တော်မှာရှိတဲ့ အင်အားစုအမျိုးမျိုးက အကြောက်အလန့်မရှိထွက်လာမယ့် အချိန်အထိ စောင့်နေပြီးမှ ယန်ပန်းက ထွက်လာပြီး သူတို့အားလုံးကိုဖမ်းဆီးဖို့လား'
'ငါကရော၊ ကျောက်အန်းရဲ့ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ဆိုတဲ့ ဒီလောက် အရေးကြီးတဲ့တာဝန်ကြီး ငါ့ကို တကယ်ပေးခဲ့တာလား၊
ငါ့ရဲ့ ဖြောင့်မတ်တည်ကြည်၊ ဥပဒေကို လေးစား၊ အများအကျိုးကို ဆောင်ရွက်၊ ကြိုးစားပမ်းစား၊ သတိဝီရိယရှိ၊ ဘက်မလိုက်တတ်၊ အလုပ်အပေါ်စိတ်နှစ်ထားတတ်ပြီး မြင့်မြတ်တဲ့ စရိုက်လက္ခဏာကို နောက်ဆုံးတော့ အသိအမှတ်ပြုခံလိုက်ရတာလား၊ ယန်ပန်းက ငါ့ကို တာဝန်ပေးချင်ပြီး ငါနဲ့ ထိုက်တန်မှုရှိမရှိကို ဒီကိစ္စနဲ့ တမင်တကာ စမ်းသပ်နေတာများလား'
ထိုသို့တွေးမိလိုက်ရာ ကျိုးလီ၏မျက်လုံးများ ပို၍ပင်တောက်ပလာလေသည်။ သူ အနှစ်နှစ်ဆယ်ကျော်စောင့်ခဲ့ရသော အခွင့်အရေးကြီးက နောက်ဆုံးတွင်ရောက်လာချေပြီ။
"အဘိုး ကျေးဇူးတင်ပါတယ်"
သူသည် ကျန်ရှိနေသောဝမ်တန်များကို အမြန်မျိုချလိုက်ပြီး ခရိုင်ရုံးတော်ဆီသို့ ပြေးသွားလေသည်။ ကျောက်အန်းအား စုံစမ်းစစ်ဆေးရန် မည်သည့်နေရာမှစရမည်ကို သူသွားကြည့်တော့မည်။ ရွာသူကြီးမှာ လုံးဝဇဝေဇဝါဖြစ်သွားရသည်။
"သူက ဘာလို့ ငါ့ကိုကျေးဇူးတင်နေတာလဲ၊ သူ ပိုက်ဆံမပေးဘဲ ငါ့ကိုပေးခိုင်းချင်လို့လား"
"ဟေ့ ပြန်လာခဲ့ဦး၊ မင်း ပိုက်ဆံမပေးရသေးဘူးလေ၊ ငါ မင်းအတွက် ပိုက်ဆံမပေးနိုင်ဘူးနော်၊ ဆိုင်ရှင် ဆိုင်ရှင်၊ ငါ သူ့ကို မသိဘူးနော်"
"အဘိုး မကြောက်ပါနဲ့၊ မကြောက်ပါနဲ့"
ဆိုင်ရှင်က ပြုံး၍ပြောလာသည်။
"စာရေးကြီးကျိုးက အမြဲတမ်းစာရင်းမှတ်ထားပြီး လကုန်မှရှင်းတာပါ၊ အဘိုး ပိုက်ဆံပေးစရာ မလိုပါဘူး"
"အိုး ဟူးး"
ရွာသူကြီးက သူ့ရင်ဘတ်သူပုတ်လိုက်၏။
"အဲ့ကောင် ငါ့ကိုလန့်သွားအောင်လုပ်လိုက်တာပဲ၊ ဝမ်တန် တစ်ပွဲက ငါးပြားတောင်၊ နှစ်ပွဲဆိုရင် ထျန်းရှန်း စားသောက်ဆိုင်က ဟင်းသီးဟင်းရွက် တစ်ပွဲတောင် ဝယ်လို့ရတယ်"
ရွာသူကြီးက ဝမ်တန်တစ်လုတ်ကိုစားပြီး နှုတ်ခမ်းသပ်လိုက်သည်။
"ဒီအရသာက မင်းဝမ်တန်လောက် မကောင်းဘူး၊ မင်းဘယ်တော့ ဆိုင်ဖွင့်မှာလဲ၊ ငါထပ်စားချင်သေးတယ်"
"ဒါနဲ့”
ရွာသူကြီး၏မျက်လုံးများ အရောင်လက်သွားသည်။
"ခရိုင်မြို့တော်မှာ မင်းဆိုင်မဖွင့်ဘူးလား၊ ဒီလောက်အရသာရှိတဲ့ ဝမ်တန်တွေက သေချာပေါက်ရောင်းကောင်းမှာပဲ"
"ဘာလို့လဲဆိုတော့ ကျွန်မမှာ အိမ်ထောင်စုစာရင်းမရှိလို့လေ"
လင်းယွဲ့က သူ့ထံခပ်ဖျော့ဖျော့ကြည့်လိုက်သည်။
"မှတ်ပုံတင်မရှိဘဲနဲ့ မြို့တံခါးတောင် ဝင်ခွင့်မရှိဘူး"
"အိုး အိုး"
ရွာသူကြီးက ခေါင်းကုတ်လိုက်ပြီး သူမကို ဆောင်းဦးရိတ်သိမ်းပြီးသည်အထိ စောင့်ရန် သူပြောခဲ့သည်ကို သတိရသွားသည်။ ရွာသူကြီးမှာ ချက်ချင်းပင် ပြောစရာစကားမရှိတော့ဘဲ အလုပ်များနေဟန်ဆောင်ကာ ဟင်းရည်တစ်ငုံကို အမြန်သောက်လိုက်၏။
"ဒီဟင်းရည်က ကောင်းတယ်၊ တကယ် ကောင်းတယ်"
ရွာသူကြီးသည် အရာရှိငယ်လေးကို သိရှိလေရာ လင်းယွဲ့အခြေအနေကို ရှင်းပြပြီးနောက် အရာရှိငယ်လေးက အိမ်ထောင်စုစာရင်းကို မှတ်ပုံတင်ပေးခဲ့ပြီး လင်းယွဲ့၊ ကုတန်နှင့် တာ့ယာတို့ကို အိမ်ထောင်စုတစ်ခုတည်းအဖြစ် စာရင်းသွင်းပေးခဲ့သည်။
"မင်းတို့မှာ လယ်ယာမြေရှိလား"
ကုမိသားစုက ပေးချင်မှပေးမည်ဖြစ်ပြီး ပေးခဲ့လျှင်လည်း ဆောင်းဦးရိတ်သိမ်းပြီးမှသာပေးမည်ဟု လင်းယွဲ့ခံစားလိုက်ရသည်။ လင်းယွဲ့က အခြေအနေကို ရှင်းပြပြီးနောက် အရာရှိငယ်လေးက ပြောလိုက်၏။
"ကောင်းပြီ၊ ဒါဆိုရင် လောလောဆယ် မင်းတို့ကို လယ်ယာမြေမရှိဘူးလို့ စာရင်းသွင်းထားလိုက်မယ်၊ အကယ်၍ ခွဲဝေပေးတာရလာရင် ပြန်လာပြီး စာရင်းသွင်းလိုက်ပေါ့"
"ဟုတ်ကဲ့ပါ"
လင်းယွဲ့သည် နွေးထွေးနေသော အိမ်ထောင်စုစာရင်းမှတ်ပုံတင်လက်မှတ်ကို ကိုင်ထား၍ သူမနှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
‘နောက်ဆုံးတော့ သူမမှာတရားဝင် အထောက်အထားတစ်ခုရှိသွားပြီပဲ၊ ဒီလိုဆိုရင် နေရာတော်တော်များများကို သွားလို့ရပြီ’
လင်းယွဲ့သည် အိမ်ထောင်စုစာရင်း မှတ်ပုံတင်လက်မှတ်ကို သေချာသိမ်းဆည်းလိုက်ပြီး အရာရှိငယ်လေးအား မေးလိုက်သည်။
"ခရိုင်တရားသူကြီးယန် ဘယ်မှာလဲ"
"မင်းက ခရိုင်တရားသူကြီးယန်ကို ဘာလို့ ရှာတာလဲ"
အရာရှိငယ်လေးက သတိကြီးစွာဖြင့် မေးလိုက်သည်။
"ခရိုင်တရားသူကြီးယန်က အစပ်ဆော့စ်ကြိုက်တယ်ပြောလို့ ကျွန်မလုပ်ပြီး လာပို့ပေးတာပါ"
လင်းယွဲ့ပြန်ပြောလိုက်သည်။
"ပြီးတော့ ဝမ်တန်တွေလည်းပါတယ်၊ အဲဒါလည်း ခရိုင်တရားသူကြီးယန်အတွက်ပါပဲ"
အရာရှိငယ်လေး၏မျက်နှာမှာ တွန့်ချိုးသွားပြီး သံသယဖြင့် မေးလိုက်သည်။
"မင်းပြောတာက ခရိုင်တရားသူကြီးယန်က မင်းရဲ့အစပ်ဆော့စ်ကို စားချင်တယ်ပေါ့လေ၊ ပြီးတော့ ကျေးလက်က အမျိုးသမီးတစ်ယောက်လုပ်တဲ့ ဝမ်တန်တွေကိုရော"
"အဲ"
ရွာသူကြီးကပြုံးရင်း ဝင်ဖြေလိုက်သည်။
"ခရိုင်တရားသူကြီးယန်က တလောကပဲ သူကိုယ်တိုင်ပြောခဲ့တာပါ၊ ကျွန်တော်တို့ ရွာသူရွာသားအားလုံး ကြားခဲ့ပါတယ်"
"မင်းတို့မှာ မတရားမှုတစ်ခုခုရှိပြီး ခရိုင်တရားသူကြီးယန်ကိုသွားတွေ့ဖို့ ဒါကို အကြောင်းပြချက်အဖြစ် တမင်တကာ သုံးနေတာမဟုတ်ဘူးမလား"