အခန်း ၇၅
Vol. 8 Ch. 75
Ch-75
"ခရိုင်တရားသူကြီးယန်က မင်းတို့အတွက် အချိန်မရှိဘူး၊ သွား သွား သွား"
ရွာသူကြီးက စိတ်လှုပ်ရှားစွာဖြင့်ဝင်ပြောလိုက်သည်။
"ဘာမတရားမှုလဲ၊ ကျွန်တော်တို့ရဲ့မတရားမှုတွေအားလုံးကို ခရိုင်တရားသူကြီးယန် ဖြေရှင်းပေးပြီးသွားပြီ၊ ခရိုင်တရားသူကြီးယန်က ဘယ်လောက်ကောင်းလဲဆိုတာ မင်းမသိပါဘူး၊ သူက တကယ့်ကို တရားသူကြီးအစစ်ပဲ၊ ဟိုတလောက....”
အရာရှိငယ်လေး၏မျက်နှာပေါ်တွင် သံသယများ ပိုမိုကြီးထွားလာသည်။
‘ဒီလူတွေပြောနေတဲ့ သူတို့ရဲ့ခရိုင်တရားသူကြီးက အစစ်အမှန် ဟုတ်ရဲ့လား’
"မင်းတို့က ခရိုင်တရားသူကြီးယန်ဆီမှာ မတရားမှုတစ်ခုခုအတွက် လာတိုင်တာ မဟုတ်ဘူးလို့ ငြင်းနေတုန်းပဲလား၊ ထွက်သွားကြ၊ မဟုတ်ရင် ငါ အကြမ်းဖက်ရလိမ့်မယ်"
"အိုး ခရိုင်တရားသူကြီးယန်ကိုယ်တိုင် ယူလာခိုင်းလို့ ယူလာခဲ့တာပါဆို"
အရာရှိငယ်လေးက အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။
"စစ်ဆေးရေးမှူးစွန်း စစ်ဆေးရေးမှူးစွန်း "
"ရပြီ ရပြီ သွားမယ်၊ ငါတို့ သွားမယ်"
ထိုအချိန်တွင် ကျိုးလီတစ်ယောက် အမှုတွဲများကို စစ်ဆေးနေသော်လည်း အပြင်မှ အဆက်မပြတ်ဆူညံသံများက သူ့အတွေးများကို အနှောင့်အယှက်ဖြစ်စေသဖြင့် သူ အပြင်သို့ထွက်လာခဲ့သည်။
"ဘာတွေ ဆူညံနေကြတာလဲ၊ အိုး ခင်ဗျားပဲ ဘာလို့ ဒီမှာလာဆူညံနေတာလဲ"
ရွာသူကြီးမှာ အကြောင်းစုံကို ထပ်မံ ရှင်းပြရပြန်သည်။ အရာရှိငယ်လေးက ညည်းညူ၍ပြောလိုက်၏။
"စာရေးကြီး ဒီရွာသားသုံးယောက်က ခရိုင်တရားသူကြီးယန်နဲ့ တွေ့ဖူးစရာ အကြောင်းမရှိဘူး၊ သူတို့လိမ်ပြောနေတာနေမှာပါ၊ ဒါကြောင့် ဒီသုံးယောက်ကို မောင်းထုတ်ဖို့ စစ်ဆေးရေးမှူးစွန်းကို ခေါ်နေတာ၊ ဒါပေမဲ့ စစ်ဆေးရေးမှူးစွန်းက ဘယ်မှာသွားပြီး အရက်မူးမှောက်နေလဲမသိဘူး၊ အရိပ်အယောင်တောင် မတွေ့ရဘူး"
ကျိုးလီပြောလိုက်သည်။
"ကောင်းပြီ မင်း သွားလို့ရပြီ၊ မင်းတို့သုံးယောက် ငါ့နောက်ကိုလိုက်ခဲ့"
‘သူတို့က ဟိုတလောကဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ဒီလောက်သိနေပုံထောက် ခရိုင်တရားသူကြီးယန်ကို တကယ်သိနေနိုင်မယ်’
သူ တွေးလိုက်မိသည်။ ကျိုးလီက အပြင်သို့ထွက်ရင်း ပြောနေသည်။
"ခရိုင်ရုံးတော်က သေးပြီးဟောင်းနွမ်းနေတော့ ခရိုင်တရားသူကြီးယန်က ဒီမှာ များသောအားဖြင့် မနေဘူး၊ သူ့ကို အရှေ့လမ်းမှာသွားရှာရမယ်"
ကျိုးလီသည် ခရိုင်ရုံးတော်မှထွက်ကာ အရှေ့လမ်းဆီသို့ လျှောက်သွားလေသည်။ ဝမ်တန်ဆိုင်များရှိသော လမ်းနှင့် နှိုင်းယှဉ်လျှင် အရှေ့လမ်းတွင် စားသောက်ဆိုင်များနှင့် အထည်ဆိုင်များ ပိုမိုများပြား၏။ သွားလာနေသူများမှာ ပိုးထည်များကို ဝတ်ဆင်ထားကြပြီး ချမ်းသာကြွယ်ဝကာ ဩဇာတိက္ကမရှိသူများဖြစ်ကြောင်း သိသာလှပေသည်။ လမ်းမှာလည်း ကျယ်ဝန်းပြီး အပြာရောင်ကျောက်ပြားများဖြင့် ခင်းကျင်းထားသည်။ ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ကျိုးလီသည် ကြီးမားသော တံခါးကြီးတစ်ခုရှေ့တွင် ရပ်လိုက်သည်။ အနီရင့်ရောင်တံခါးနှင့် အနက်ရောင် ဆိုင်းဘုတ်ပေါ်တွင် 'ယန်အိမ်တော်'ဟူသော စာလုံးနှစ်လုံးကို အားမာန်ပါပြီး ရှေးဟောင်းလက်ရေးဟန်ဖြင့် ရေးသားထား၏။
ရွာသူကြီးမှာ ဤမျှကြီးကျယ်ခမ်းနားသောအိမ်ကြီးမျိုးကို တစ်ခါမျှမမြင်ဖူးခဲ့ပေ။ အထဲသို့ဝင်ရောက်လိုက်သည်နှင့် သူ ချက်ချင်းပင် အနေရခက်လာတော့သည်။ သူ့ခြေထောက်များသည် အပြာရောင်ကျောက်ပြားများပေါ်တွင် ခြေရာထင်ကျန်ရစ်ကာ ဘယ်တော့မှ ပြန်မထွက်ရတော့မည်ကို စိုးရိမ်နေသကဲ့သို့ ဖွဖွလေးသာ နင်းလျှောက်နေမိသည်။
လင်းယွဲ့မှာ ခေတ်သစ်ကမ္ဘာမှ ကျယ်ပြန့်သောအမြင်ရှိသူဖြစ်ရာ ဆူကျိုးရှိ ရိုးရှင်းသောအမတ်ကြီး၏ ဥယျာဉ်၊ စွဲလမ်းလွမ်းမောဖွယ် ဥယျာဉ် နှင့် ခြင်္သေ့တောအုပ်ဥယျာဉ်တို့ကို အကြိမ်ကြိမ်ရောက်ဖူးခဲ့၏။ ထိုဥယျာဉ်ကြီးများနှင့်ယှဉ်လျှင် ဤအိမ်ကြီးမှာ ဘာမျှမဟုတ်ပေ။ တာ့ယာမှာ အစပိုင်းတွင် ကြောက်ရွံ့နေသော်လည်း လင်းယွဲ့က သူမကိုခေါ်ဆောင်လာခြင်းဖြစ်ပြီး လင်းယွဲ့၏တည်ငြိမ်သောအမူအရာက သူမကိုပါ ကူးစက်သွားစေခဲ့သည်။ တဖြည်းဖြည်းနှင့် သူမ၏ကြောက်ရွံ့မှုများ လျော့ကျသွားလေ၏။
ကျိုးလီက သူတို့ကိုမျက်လုံးထောင့်မှ အကဲခတ်နေသည်။ လင်းယွဲ့နှင့် တာ့ယာတို့၏တည်ငြိမ်အေးဆေးသော အမူအရာများကိုမြင်တွေ့ရသောအခါ သူ အနည်းငယ် အထင်ကြီးသွားလေသည်။ သူကိုယ်တိုင်ပင်လျှင် ဤအိမ်ကြီးကို ပထမဆုံးအကြိမ်မြင်ဖူးစဉ်က အံ့ဩမင်သက်သွားခဲ့ရ၏။
‘ငါအခု အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦးကို ရှုံးနိမ့်သွားတာပဲ'
ထိုသို့တွေးမိသောအခါ ကျိုးလီသည် ရယ်မောဖို့ရန် မအောင့်နိုင်တော့ချေ။
"ဧည့်သည်တော်တို့ ဒီမှာခဏစောင့်နေပေးပါ၊ ခရိုင်တရားသူကြီးယန်ကို သွားခေါ်ပေးပါ့မယ်"
အစေခံမိန်းကလေးက လက်ဖက်ရည်ငဲ့ပေးပြီးနောက် ဦးညွတ်ကာအပြင်သို့ ထွက်သွားလေသည်။ လင်းယွဲ့သည် သူမခြင်းတောင်းကို ချလိုက်ပြီး ငရုတ်သီးဆော့စ်ပုလင်း သုံးလုံးကို စားပွဲပေါ်တွင် တင်လိုက်၏။ ကျိုးလီက ခပ်ဖွဖွရှူရှိုက်လိုက်သည်။
"မွှေးလိုက်တာ၊ ဒီရနံ့က တော်တော် ထူးခြားတာပဲ"
ရွာသူကြီးက ဟွမ်ဟွာလီသစ်သားစားပွဲကို ကိုင်တွယ်ကြည့်ရင်း ထို့နောက် လက်ဖက်ရည်ပန်းကန်ကိုကိုင်ကြည့်ကာ အံ့ဩချီးမွမ်းစကားများ အဆက်မပြတ် ဆိုနေလေသည်။
"ဒါပေါ့"
ငရုတ်သီးဆော့စ်ကို စားပြီးနောက်မှသာ ယုံကြည်မှု အနည်းငယ်ပြန်လည်ရရှိလာသဖြင့် ရွာသူကြီးကပြောလိုက်သည်။
"ခရိုင်တရားသူကြီးယန်က အဲဒါကိုစားပြီးကတည်းက မေ့လို့ကိုမရတော့တာ၊ ငါ့ကိုတောင် လာမပြောနဲ့၊ တကယ်ကို အရသာရှိတာ၊ တစ်ကိုယ်လုံး ချွေးတွေ ထွက်လာပေမဲ့ ခံစားရတာသိပ်ကောင်းတာပဲ"
ယင်းကိုကြားသောအခါ ကျိုးလီ၏သိချင်စိတ်များ နိုးကြားလာလေသည်။
"အိုး အဲဒီလောက်တောင် ကောင်းတာလား"
"ရောက်နေကြပြီပဲ"
ယန်ပန်းက နောက်ဖေးမှထွက်လာရင်း ပြောလိုက်သည်။
"ငါ မင်းတို့ကိုစောင့်နေတာ၊ နောက်ဆုံးတော့ ရောက်လာကြပြီပဲ"
ယန်ပန်းကိုမြင်သောအခါ ရွာသူကြီးမှာ ဘာလုပ်ရမှန်းမသိအောင် စိတ်လှုပ်ရှားသွားလေသည်။ သူ ချက်ချင်းပင်ဒူးထောက်ချလိုက်၏။
"တရားသူကြီးမင်း ကျွန်တော်တို့ နောက်ကျသွားပါတယ်"
ယန်ပန်းက ရွာသူကြီးကိုအမြန်ထူပေးရင်း ရင်တွင်း၌ပီတိဖြာနေလေသည်။
"မဟုတ်ပါဘူး မဟုတ်ပါဘူး နောက်မကျပါဘူး"
‘ဒါက သူအလိုချင်ဆုံး ခံစားချက်ပါပဲ’
"စာရေးကြီးကျိုး မင်းလည်းရောက်နေတာပဲ"
ယန်ပန်းပြောလိုက်သည်။
"အတော်ပဲ၊ ဒီရက်ပိုင်း အမှုတွဲတွေစစ်နေတာ ရှင်းရှင်းလင်းလင်းမဖြစ်တဲ့ အချက်တချို့တွေ့ထားလို့၊ မင်းက စာရေးကြီးဆိုတော့ ဒီမှာနေလာတာလည်း ပိုကြာပြီလေ၊ ဒါကြောင့် မင်းရဲ့ အကြံဉာဏ်လေး တောင်းမလို့"
ကျိုးလီ၏မျက်လုံးများ ပြူးကျယ်သွားလေသည်။
‘နောက်ဆုံးတော့ သူ့ကိုလက်ရေး ဘယ်လောက်လှလဲလို့မေးတာ မဟုတ်တော့ဘဲ အမှုတွဲတွေအကြောင်း မေးလာပြီပဲ’
ကျိုးလီ၏စိတ်လှုပ်ရှားမှုမှာ နားလည်နိုင်စွမ်းကိုပင် ကျော်လွန်သွားပြီပင်။ သူသည် ခရိုင်တရားသူကြီးယန်၏မျက်ကွင်းညိုများကိုကြည့်လိုက်ရာ ပိုကြည့်လေလေ ယင်းတို့မှာ ခရိုင်တရားသူကြီးယန်၏ကြိုးစားအားထုတ်မှု ပြယုဂ်များဖြစ်ကြောင်း ပို၍ သဘောပေါက်လာလေလေဖြစ်သည်။
‘ပြီးတော့ ခရိုင်တရားသူကြီးယန်က သူ့ကိုတောင် အကြံဉာဏ်တောင်းနေသေးတယ်လေ၊ ဒါ ဘာအဓိပ္ပာယ်လဲ’
‘ဒါက ခရိုင်တရားသူကြီးယန် သူ့ရှေ့မှာ ဟန်ဆောင်နေတာတွေကို နောက်ဆုံးတော့ ချွတ်ချလိုက်ပြီဆိုတဲ့သဘောပဲ၊ သူ့ကို ကိုယ့်လူလိုသဘောထားလိုက်ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ’
ကျိုးလီမှာ လုံးဝယုံကြည်သွားကာ ဒူးထောက်ချလိုက်သည်။
"အကြံဉာဏ်ပေးဖို့ကို ဘယ်လိုလုပ်ဝံ့ရဲပါ့မလဲ၊ တရားသူကြီးသာ စိတ်မရှိဘူးဆိုရင် ကျွန်တော်အစွမ်းကုန် ကြိုးစားပေးပါ့မယ်"
“ဟမ်”
ယန်ပန်းမှာလည်း အနည်းငယ်ဇဝေဇဝါ ဖြစ်သွားသည်။
‘ပုံမှန်အားဖြင့် အပေါ်ယံသာ လေးစားဟန်ပြပြီး တကယ်တမ်းကျ သူ့ကို ဝေဖန်လေ့ရှိတဲ့ စာရေးကြီးကျိုးက ဒီနေ့ ဘာလို့ အမူအရာပြောင်းသွားရတာလဲ’
‘သူကရော ငါ့ရဲ့တရားသူကြီးဖြစ်လာမယ့် အလားအလာကို မြင်သွားလို့များလား’
ယန်ပန်းက ကျေနပ်စွာဖြင့် ကျိုးလီကို ထူပေးလိုက်သည်။ ခဏတာမျှ သူတို့နှစ်ဦးကြားတွင် အပြန်အလှန်လေးစားမှုတစ်ခုကို ခံစားလိုက်ရသည်ဟု ကျိုးလီကတွေးလိုက်၏။
‘အကယ်၍ ဒီရွာသားသုံးယောက်သာ မရှိခဲ့ဘူးဆိုရင် ခရိုင်တရားသူကြီးယန်ရဲ့ ကြိုးစားပမ်းစား အားထုတ်မှုတွေကို ငါ နားလည်နိုင်ခဲ့မှာ မဟုတ်ဘူး’
ထို့နောက် ယန်ပန်းကလည်း လင်းယွဲ့အား ကြင်နာစွာကြည့်လိုက်သည်။
‘အကယ်၍ ဟိုတလောက အဲဒီကိစ္စသာ မဖြစ်ခဲ့ဘူးဆိုရင် အရာရှိကောင်းတစ်ယောက်ဖြစ်ရတဲ့ ပျော်ရွှင်မှုကို သူ နားလည်နိုင်ခဲ့မှာမဟုတ်ဘူး’
သူတို့နှစ်ဦး၏စိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် လင်းယွဲ့မှာ ရုတ်တရက် ကြက်သီးများပင် ထသွားလေသည်။
"ခရိုင်တရားသူကြီးယန် နေ့လယ်စာ စားပြီးပြီလား၊ ကျွန်မ ဝမ်တန်နည်းနည်း ယူလာတယ်"
ယန်ပန်း၏မျက်လုံးများ ပြူးကျယ်သွားသည်။
"ဝမ်တန်တွေလား မြန်မြန် ယူလာပေးလိုက်၊ ဒီအရသာလေးကို တောင့်တနေတာ ရက်အတော်ကြာပြီ၊ ငါ့မိန်းမနဲ့ ကလေးတွေတောင် လက်ဖက်ရည်ဆိုင်ကို သွားစားချင်တယ်လို့ ပြောနေကြတယ်"
"ဟမ် ခရိုင်တရားသူကြီးယန်က တကယ်ပဲ သူ့ဝမ်တန်တွေကိုစားဖူးတာလား"
ယန်ပန်းက ကျိုးလီ၏ပခုံးကိုပုတ်ကာ ပြောလိုက်သည်။
"ဒါပေါ့၊ စာရေးကြီးမမြည်းဖူးသေးလို့ ဖြစ်မှာပါ၊ သူ့ဝမ်တန်တွေက တကယ်ကို အကောင်းဆုံးပဲ၊ မြို့တော်က အကျော်ကြားဆုံး ဝမ်တန်ဆိုင်တောင် သူ့ကိုမမီဘူး"
"အာ"
ကျိုးလီက ရွာသူကြီးကိုကြည့်လိုက်ရာ ရွာသူကြီး၏အရေးကြောင်းများပြည့်နေသော မျက်နှာပေါ်တွင် မျက်နှာလိုမျက်နှာရပြုလုပ်လိုသော အမူအရာများ ပြည့်နှက်နေသည်။ သို့သော် ရွာသူကြီးပြောနေသည်မှာ အမှန်တရားပင် ဖြစ်နေခဲ့၏။
"မင်း မြည်းကြည့်လိုက်ရင် သိပါလိမ့်မယ်"
ခရိုင်တရားသူကြီးယန်၏မျက်နှာမှာ ပြေလျော့သွားလေသည်။
"ဝမ်တန်တွေထက် ပိုပြီးအံ့ဩဖို့ကောင်းတာက ဒီငရုတ်သီးဆော့စ်ပဲ၊ ဒီရက်ပိုင်း အိပ်မက်ထဲထိတောင် လိုက်နှောင့်ယှက်နေတာ၊ မြို့တော်က ထျန်းရှန်းနားနေဆောင်တောင် ယှဉ်လို့မရဘူး"
ကျိုးလီသည် ခရိုင်တရားသူကြီးယန်၏ နောက်ခံကို သေချာပေါက်သိရှိထားပြီး သူသည် ထျန်းရှန်းနားနေဆောင်တွင် အကြိမ်များစွာ စားဖူးမည်ဖြစ်ကာ သူ့အရသာခံနိုင်စွမ်းမှာလည်း အလွန်မြင့်မားမည်ဖြစ်ကြောင်း သိထားသည်။ သို့သော် ခရိုင်တရားသူကြီးယန်၏ ပါးစပ်မှ လင်းယွဲ့၏ငရုတ်သီးဆော့စ်နှင့် ဝမ်တန်များက ထျန်းရှန်း စားသောက်ဆိုင်ထက်ပင် အရသာပိုရှိသည်ဟုဆိုနေသဖြင့် ကျိုးလီမယုံကြည်နိုင်ပေ။
ဝမ်တန်များကို ယူလာသောအခါ အစိမ်းရောင်ကြက်သွန်မြိတ်များနှင့် အနီရောင် ငရုတ်သီးဆော့စ်တို့မှာ တစ်ခုနှင့်တစ်ခု အလွန်လိုက်ဖက်ညီနေပြီး ကျိုးလီသည် ဝမ်တန်နှစ်ပွဲစားထားပြီးဖြစ်သော်ငြားလည်း သူ့ခံတွင်းမှာ ချက်ချင်းပင် မြိန်သွားလေတော့သည်။ သူ တစ်လုတ်စားကြည့်လိုက်သောအခါ ဖောင်းကားနေသော ဆေးဘဲဥနှင့် အသားများက သူ့အရသာခံအာရုံများကို အဆက်မပြတ် ရိုက်ခတ်လာလေသည်။
‘သိပ်လတ်ဆတ်တာပဲ၊ သိပ်အရသာရှိတာပဲ’
လမ်းဘေးရှိ ဝမ်တန်များမှာ ဤဝမ်တန် တစ်ပန်းကန်၏ အရသာအောက်တွင် လုံးဝ မှေးမှိန်သွားလေသည်။
“ရှလွတ်၊ ရှလွတ်”
ကျိုးလီသည် မနားတမ်း အငမ်းမရစားသောက်လိုက်ပြီးနောက်မှသာ သတိပြန်ဝင်လာလေ၏။ ယင်းတို့မှာ အလွန်တရာအရသာရှိလှသဖြင့် သူ့ကိုယ်သူပင် မေ့သွားစေခဲ့သည်အထိ ဖြစ်သွားရသည်။ လင်းယွဲ့က ပြုံး၍ မေးလိုက်၏။
"စာရေးကြီးကျိုး နေ့လယ်ကစားခဲ့တဲ့ ဝမ်တန်တွေနဲ့ ယှဉ်ရင် ဒီဝမ်တန်က ဘယ်လိုနေလဲ”
သူမ စောစောကမငြင်းခုံခဲ့ခြင်းမှာ ငြင်းစရာမလိုသောကြောင့်ပင် ဖြစ်သည်။ ကျိုးလီသည် သူမ၏ဝမ်တန်များကို မစားဖူးသဖြင့် သူမ ဘာပြောပြော သူတို့ အပိုပြောနေသည်ဟုသာ ထင်မည်ဖြစ်၏။ သို့သော် ယခု သူမြည်းစမ်းပြီးသွားပြီဖြစ်ရာ လင်းယွဲ့က အရသာ မည်သို့ရှိကြောင်း သဘာဝကျကျပင် မေးမြန်းလိုက်ခြင်းဖြစ်သည်။ ကျိုးလီ၏မျက်နှာမှာ နီရဲသွားလေသည်။ စောစောက ဝမ်တန်ဆိုင်မှ မြင်ကွင်းများ သူ့ဆီသို့ ပြန်လည်စီးဆင်းလာ၏။
‘သူက ရွာသူကြီးကိုအမြင်ကျဉ်းတယ်လို့ ပြောချင်ခဲ့တာ၊ တကယ်တမ်းကျတော့ အမြင်ကျဉ်းနေတာက ငါကိုယ်တိုင် ဖြစ်နေခဲ့တာပဲ’
"ငါအနောက်လမ်းက ဝမ်တန်ကို နေ့တိုင်းနှစ်ပွဲ စားတယ်၊ အကယ်၍ မင်းသာ မင်းရဲ့ဝမ်တန်ဆိုင်ကို အနောက်လမ်းမှာဖွင့်မယ်ဆိုရင် ငါ တစ်နေ့ကို ရှစ်ပွဲလောက် စားမိမယ်ထင်တယ်"
တာ့ယာက သူမလက်ချောင်းလေးများကို ရေတွက်ရင်း ဝင်ပြောလိုက်သည်။
"မနက် နေ့လယ် ည၊ ဦးလေးတွက်တာ မှားနေပြီ၊ ခြောက်ပွဲပဲဖြစ်ရမှာပေါ့"
ယန်ပန်းက ရယ်မောရင်းပြောလိုက်သည်။
"သူတို့က အလုပ်ဆင်းတာနောက်ကျတယ်၊ အထူးသဖြင့် စာရေးကြီးကျိုးက ညနက်တဲ့အထိ လမ်းတွေကိုကင်းလှည့်ပြီး စံပြအဖြစ်နေလေ့ရှိတာကိုး၊ စာရေးကြီးကျိုး ဒီငရုတ်သီးဆော့စ်ကို ထပ်မြည်းကြည့်ပါဦး၊ ငါ့စိတ်ထဲမှာတော့ ဒီငရုတ်သီးဆော့စ်က အကောင်းဆုံးပဲ"
သူ၏နေ့စဉ် ကြိုးစားအားထုတ်မှုများ အားလုံးကို ခရိုင်တရားသူကြီးယန်က မြင်တွေ့နေကြောင်းကို ကျိုးလီမထင်ထားခဲ့ပေ။ သူ ပို၍ပင်စိတ်လှုပ်ရှားသွားလေသည်။
‘ဒါဆို ခရိုင်တရားသူကြီးယန်က သူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့တာပဲပေါ့’
ယန်ပန်းက အကြံပြုလိုက်သည်။
"ငါထင်တာတော့ မင်း ခရိုင်မြို့တော်ကို လာဖို့ အဆင်မပြေဘူးဆိုရင် ဒီငရုတ်သီးဆော့စ်ကို မေဝေ့ကျိုက်မှာ သွားရောင်းလို့ရတယ်၊ မင်းရဲ့ အရည်အချင်းကို အလဟဿမဖြစ်စေနဲ့"