အခန်း ၇၆
Vol. 8 Ch. 76
Ch-76
ယန်ပန်းက ရယ်မောလိုက်သည်။
"ငါမှာလည်း တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက်လေး ရှိပါတယ်၊ ဒီငရုတ်သီးဆော့စ်သုံးပုလင်းက များတယ်ဆိုပေမဲ့ စားလိုက်ရင် ခဏလေးနဲ့ ကုန်သွားမှာ၊ ဒါပေမဲ့ မေဝေ့ကျိုက်ဆိုင်မှာ ရောင်းမယ်ဆိုရင် စားချင်တဲ့အချိန်တိုင်း ဝယ်စားလို့ ရတာပေါ့"
ကျိုးလီက ဝင်ပြောလိုက်သည်။
"ဒီငရုတ်သီးဆော့စ်က တကယ်ကို ထူးခြားတဲ့ အရသာရှိတာပဲ၊ တကယ်လို့ မေဝေ့ကျိုက်ဆိုင်မှာသာ ရောင်းမယ်ဆိုရင် ကျွန်တော်လည်း သေချာပေါက် ဝယ်မှာပဲ"
‘မေဝေ့ကျိုက်'
လင်းယွဲ့ ထိုအမည်ကို ရင်းနှီးနေသလို ခံစားလိုက်ရ၏။ ယန်ပန်းက နှမြောတသဟန်ဖြင့် ဆက်ပြောလိုက်သည်။
"နောက်မှ သူတို့ဟင်းသီးဟင်းရွက်တွေ လာပို့တဲ့အခါ မင်းသဘောတူမယ်ဆိုရင် ငါမင်းအတွက် စကားနည်းနည်းလောက် ပြောပေးလို့ရတယ်၊ ဝမ်တန်တွေကိုပါ အဲဒီမှာရောင်းလို့ရရင် သိပ်ကောင်းမှာပဲ”
လင်းယွဲ့ပြန်ပြောလိုက်သည်။
"ရောင်းလို့ရရင်တော့ သေချာပေါက် ကောင်းတာပေါ့၊ ကျွန်မအတွက် စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခရိုင်တရားသူကြီးမင်း"
"ကိစ္စမရှိပါဘူး"
ယန်ပန်းက အစေခံမိန်းကလေးကို ချက်ချင်းညွှန်ကြားလိုက်သည်။
"မေဝေ့ကျိုက်ဆိုင်က ဟင်းသီးဟင်းရွက်လာပို့တဲ့လူ ရောက်လာရင် ငါ့ဆီဝင်တွေ့ခိုင်းလိုက်"
မေဝေ့ကျိုက်ဆိုင်မှ အလုပ်သမားသည် ဟင်းသီးဟင်းရွက်များလာပို့စဉ် ခရိုင်တရားသူကြီးက သူ့ကိုရှာနေကြောင်း ကြားလိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်သွားပြီး ဘာပြဿနာရှိလို့လဲဟု အကြိမ်ကြိမ်မေးနေမိသည်။ ဧည့်ခန်းမဆောင်သို့ ရောက်သောအခါ သူ့တစ်ကိုယ်လုံးတွင် ချွေးစေးများပင် ပျံနေလေပြီ။ သို့သော် ခရိုင်တရားသူကြီးက သူ့အားကြင်နာစွာဖြင့် ပြောလိုက်သည်။
"သူက ငါ့အသိတစ်ယောက်ပါ၊ သူလုပ်တဲ့ ငရုတ်သီးဆော့စ်က ထူးခြားတဲ့ လျှို့ဝှက်ချက်နည်းနဲ့ လုပ်ထားတာ၊ တကယ်ကို ကောင်းတယ်၊ မင်းတို့ဆိုင်မှာ အဲဒါလေးရောင်းပေးလို့ရမလား"
"ရတာပေါ့"
အလုပ်သမားမှာ စိတ်အေးသွားလေတော့သည်။
‘အော် ဒီလိုကိစ္စသေးသေးလေးကိုများ ခရိုင်တရားသူကြီးကိုယ်တိုင် ပြောလာမှတော့ ဘယ်ကိစ္စက မဖြစ်နိုင်စရာ အကြောင်းရှိလို့လဲ’
ထို့နောက် သူက လင်းယွဲ့အား ခိုးကြည့်လိုက်ရာ သူမသည် သာမန်ပိတ်ကြမ်းကိုသာ ဝတ်ဆင်ထားသည်ကိုတွေ့လိုက်ရသည်။ လှပသော်ငြားလည်း ကျေးလက်သူလေးတစ်ယောက်နှင့်သာ တူနေပေ၏။
‘ခရိုင်တရားသူကြီးကိုယ်တိုင် အကြံပြုထားသူက ဘယ်လိုလုပ် ရိုးရှင်းတဲ့သူ ဖြစ်နိုင်မှာလဲ’
အလုပ်သမား၏နှလုံးသားမှာ လည်ချောင်းထဲ ရောက်လုမတတ် ခုန်ပေါက်နေပြီး လင်းယွဲ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံရမည်ဟု တွေးလိုက်သည်။ လင်းယွဲ့သည် ခရိုင်တရားသူကြီးအား နှုတ်ဆက်ပြီးနောက် ရွာသူကြီး၊ တာ့ယာတို့နှင့်အတူ အလုပ်သမားနောက်မှလိုက်ပါသွားကာ မေဝေ့ကျိုက်ဆိုင်သို့ ထွက်လာခဲ့၏။ ယန်ပန်းက ကျိုးလီအားဖိတ်ခေါ်လိုက်သည်။
"စာရေးကြီး နားမလည်တဲ့အချက်လေးတွေရှိနေသေးလို့ စာကြည့်ခန်းထဲကို လိုက်ခဲ့ပါလား"
ထို့နောက် အမှုတွဲများအကြောင်း ဆွေးနွေးရန် ယန်ပန်းသည် ကျိုးလီကို ခေါ်ဆောင်သွားလေသည်။
"ကျွန်တော်တို့ မေဝေ့ကျိုက်ဆိုင်က ဒီတစ်ဝိုက်မှာ အကောင်းဆုံး အစားအသောက်တွေကိုပဲ စုဆောင်းထားတာပါ၊ ဆန်၊ ဟင်းသီးဟင်းရွက်၊ ကြက်၊ ဘဲ၊ ငါး၊ အသား၊ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးကိုပဲလိုချင်တာ"
အလုပ်သမားက ဂုဏ်ယူစွာဖြင့်မိတ်ဆက်ပေးလိုက်သည်။
"ဒါကြောင့် ဒီကအရာရှိတွေနဲ့ သူဌေးတွေအတွက် သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ် ကျွန်တော်တို့ကပဲ ပံ့ပိုးပေးနေတာလေ"
"ခရိုင်တရားသူကြီးကတောင် သဘောကျတယ်ဆိုတော့ မင်းရဲ့ ငရုတ်သီးဆော့စ်က အရသာသိပ်ကောင်းမှာပဲ"
အရှေ့လမ်းမှ ကွေ့ထွက်လိုက်ပြီးနောက် ကျယ်ဝန်းသော လမ်းမကြီးတစ်ခုပေါ်သို့ ရောက်ရှိလာသည်။ အလုပ်သမားသည် တာ့ယာ၏အံ့ဩနေသော မျက်နှာကို မြင်သောအခါ ရယ်မောလိုက်၏။
"ကောင်မလေး ရှီထိုင်ခရိုင်ကို ပထမဆုံးအကြိမ် လာဖူးတာလား"
တာ့ယာက ခေါင်းညိတ်လိုက်သည်။
"ရှီထိုင်ခရိုင်မှာ အဓိကစီးပွားရေးလမ်းမကြီးနှစ်ခု ရှိတယ်၊ အရှေ့လမ်းနဲ့ အနောက်လမ်းပေါ့၊ အရှေ့လမ်းက ဈေးကြီးပြီး အနောက်လမ်းက စည်ကားတယ်၊ တခြားစီးပွားရေးလမ်းတွေကတော့ ဒီလမ်းမကြီးနှစ်ခုကနေ ခွဲထွက်သွားတာ၊ ဒါမှမဟုတ်ရင် သိပ်အရေးမကြီးတဲ့လမ်းတွေပေါ့"
"ကြည့်၊ ကျွန်တော်တို့ မေဝေ့ကျိုက် ဆိုင်က အရှေ့လမ်းနဲ့ အနောက်လမ်းဆုံတဲ့ နေရာတည့်တည့်မှာရှိတာ၊ ဒီနေရာက အကောင်းဆုံးပဲ"
အလုပ်သမားက လက်ညှိုးထိုးပြလိုက်ရာ မေဝေ့ကျိုက်ဆိုင်မှာ သူတို့မျက်စိရှေ့တွင် ပေါ်လာလေသည်။ ဆိုင်မျက်နှာစာတစ်ခုလုံးမှာ ကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ်ကာ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကို အလယ်တွင် သေသပ်စွာ ခင်းကျင်းထားသည်။ ဘယ်ဘက်အစွန်ရှိ ခုံသုံးခုတွင် အမဲသား၊ သိုးသားနှင့် ဝက်သားများကို ချိတ်ဆွဲထား၏။ ဘယ်ဘက်အတွင်းပိုင်းသို့ အနည်းငယ်ဝင်သွားလျှင် ကောက်ရိုးခြင်းများထဲတွင် ကြက်အနည်းငယ် အိပ်တန်းကျနေသည်။ ညာဘက်တွင် ရေစည်များရှိပြီး အတွင်းတွင် ငါးများရှိသည်။ လူတစ်ယောက်က ငါးအကြေးခွံများကိုခြစ်နေပြီး ယခုလေးတင်မှ ငါးကိုင်ပြီးကာ သန့်ရှင်းရေးလုပ်နေပုံရ၏။ အလုပ်သမားဖြတ်သွားစဉ် လူငယ်လေးတစ်ယောက်အား ညွှန်ကြားလိုက်သည်။
"ဒီငါးအကြေးခွံတွေနဲ့ အူတွေကို သိမ်းထားနော်၊ နောက်မှမြို့ပြင်က တောင်သူကြီးတွေဆီ သွားရောင်းလိုက်၊ သူတို့ကမြေဩဇာလုပ်ဖို့ သိပ်ကြိုက်တာ"
ဆိုင်ရှင်မှာ ကောင်တာတွင် ပေသီးတွက်ချက်ရင်း အလုပ်များနေသော်လည်း အမြန်မော့ကြည့်ကာ ပြောလိုက်သည်။
"ဘာလို့ အခုမှပြန်ရောက်တာလဲ၊ ဒီရက်ပိုင်း သိုးသားအရမ်းရောင်းကောင်းတယ်၊ နောက်မှ မြို့ပြင်က အဘိုးလီရဲ့ မိသားစုဆီကနေ သိုးနည်းနည်းထပ်သွားဝယ်လိုက်"
အလုပ်သမားက ချက်ချင်းပင်အနားကပ်သွားကာ ဆိုင်ရှင်ကို စကားအနည်းငယ် တိုးတိုးလေးပြောလိုက်သည်။ ဆိုင်ရှင်မှာ ပထမတွင် ဇဝေဇဝါဖြစ်သွားသော်လည်း ချက်ချင်းပင် ဟန်ဆောင်ပြုံးကာ ပြောလိုက်သည်။
"ကောင်းပြီ ကောင်းပြီ၊ မင်း သိုးသား အရင်သွားယူလိုက်၊ ဒီကိစ္စကို ငါဖြေရှင်းလိုက်မယ်"
သို့သော် သူသည် လင်းယွဲ့ကိုမြင်သောအခါ ထပ်မံ ဇဝေဇဝါဖြစ်သွားပြန်သည်။
"ငါ မင်းကိုသိသလိုပဲနော်"
လင်းယွဲ့မှာ ဆိုင်ထဲသို့ဝင်လာပြီး ညာဘက်တွင် ခင်းကျင်းထားသော ချဉ်ဖတ်များကိုကြည့်နေခြင်း ဖြစ်သည်။ စည်ပိုင်းကြီးများထဲတွင် ဂေါ်ဖီချဉ်များရှိပြီး ဖောက်သည်များ၏ အာရုံစိုက်မှုကိုရရှိစေရန် ဆားနယ်ထားသော ဟင်းသီးဟင်းရွက်အချို့ကို အပြင်တွင် ခင်းကျင်းထား၏။ အခြားသော ချဉ်ဖတ်အမျိုးမျိုးနှင့် ပဲပိစပ်ဆော့စ်များလည်းရှိသည်။ စည်ပိုင်းကြီးများအပြင် အကန့်အနည်းငယ်ဖြင့် ပိုင်းခြားထားသော ဆော့စ်ပုလင်းငယ် တစ်တန်းလည်းရှိသေးသည်။ လင်းယွဲ့က တစ်ပုလင်းကို ဖွင့်ကြည့်လိုက်ရာ ပဲကြီးဆော့စ်ဖြစ်နေ၏။ နောက်တစ်ပုလင်းကိုဖွင့်ကြည့်လိုက်ရာ အတွင်း၌ နှမ်းဆော့စ်ဖြစ်နေသည်။ အသားဆော့စ်လည်း ရှိသေး၏။
ဤနေရာတွင် ဆော့စ်အမျိုးအစား ထိုမျှ ပေါများလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သို့သော် ထိုနေရာတွင် ထားရှိသော ပုလင်းများမှာ လူများ၏အာရုံကို သိပ်မဖမ်းစားနိုင်ပေ။ လင်းယွဲ့က ရုတ်တရက် တွေးလိုက်မိသည်။ အကယ်၍ ပုလင်းပေါ်တွင် အနီရောင် တံဆိပ်လေးကပ်ထားလိုက်မည်ဆိုပါက တစ်ချက်ကြည့်လိုက်ရုံဖြင့် သေချာပေါက် ပေါ်လွင်နေမည် ဖြစ်သည်။ စီးပွားရေးတိုးချဲ့လိုသော သူမ၏ရည်မှန်းချက်က အကြံဉာဏ်သစ်များကို ဖြစ်ပေါ်စေ၏။
ပစ္စည်းများရောင်းချရန်အတွက် ပထမဆုံး ဖောက်သည်များ၏အာရုံစိုက်မှုကို ရရှိရန် လိုအပ်သည်ပင်။ ဆိုင်ရှင်၏ အမေးကိုကြား၍ လင်းယွဲ့လှည့်ကြည့်လိုက်ရာ ဆိုင်ရှင်မှာ သူမနှင့်ရင်းနှီးနေသလိုခံစားလိုက်ရသည်။ သို့သော် လက်ဖက်ရည်ဆိုင်ဖွင့်ထားသဖြင့် နေ့စဉ် လူအများအပြားနှင့် တွေ့ဆုံနေရရာ သူမအားလုံးကို မမှတ်မိနိုင်ပေ။ တာ့ယာက လင်းယွဲ့အင်္ကျီလက်ကို ဆွဲကာ ပြောလိုက်သည်။
"ယောင်းမ သူက ကျွန်မတို့ကြက်ဥတွေကို ဝယ်တဲ့လူလေ"
"ကြက်ဥတွေ"
လင်းယွဲ့ သတိရသွား၏။ ပြီးခဲ့သည့်အကြိမ်က နင်ယွဲ့မြို့တွင် သူမဆိုင်သွားဖွင့်စဉ်က သူမဆိုင်မှကြက်ဥအားလုံးကို ဝယ်သွားပြီး ငါးရက်တစ်ကြိမ် လာဝယ်လေ့ရှိသူပင်ဖြစ်သည်။
"ကြက်ဥတွေ"
ယင်းကိုကြားသောအခါ ဆိုင်ရှင်လည်း သတိရသွားလေသည်။
"ဒီလောက်တိုက်ဆိုင်မယ်လို့ မထင်ထားဘူး"
ချန်ဖူကွေ့သည် လင်းယွဲ့ကိုအကဲခတ်ကြည့်ပြီး ပြောလိုက်၏။
"မင်းရဲ့ကြက်ဥတွေက ကြီးလည်းကြီးတယ်၊ ကောင်းလည်းကောင်းတော့ ဝယ်တဲ့လူ အအများကြီးပဲ၊ ရောက်တာနဲ့ အကုန်ရောင်းကုန်သွားတာ၊ အမြဲတမ်း ပစ္စည်းပြတ်နေတာပဲ၊ ကြက်ဥတွေ ပိုထွက်အောင် လုပ်နိုင်မလားလို့ မင်းကို လာရှာဖို့ တွေးနေတာ"
"ဟုတ်ကဲ့ လုပ်နိုင်ပါတယ်"
လွန်ခဲ့သည့် အရောင်းအဝယ် အကြိမ်အနည်းငယ်တွင် သူမ သူ့ကိုမတွေ့ခဲ့ရကြောင်း လင်းယွဲ့တွေးလိုက်မိသည်။ ထို့ပြင် လက်ဖက်ရည်ဆိုင်ဖွင့်ပြီးကတည်းက သူမအပြင်ထွက်လေ့ ရှိ၏။ အခြားသူများက ဤမျှများပြားသော ကြက်ဥများကို ဘယ်ကရသနည်းဟု မေးလာပါက အပြင်မှဝယ်လာသည်ဟုသာ သူမဖြေလေ့ရှိသည်။
"တကယ်လား"
ချန်ဖူကွေ့မှာ စိတ်လှုပ်ရှားသွားသည်။
"ခန့်မှန်းခြေ ဘယ်လောက်လောက်ပိုထွက်နိုင်မလဲ"
သူသည် အခြားကြက်ဥများကဲ့သို့ ခြင်းတောင်းတစ်ခုတည်းတွင် မထည့်ဘဲ ဤကြက်ဥများကို သီးသန့်ထားရှိသည်။ သူသည် ဤကြက်ဥများကို ဗန်းတစ်ခုပေါ်တွင် တစ်လုံးချင်းစီထား၏။ ကြက်ဥတစ်လုံးကို ကြေးပြားလေးပြားဖြင့်ရောင်းချရာ အခြားကြက်ဥများထက် လေးဆပိုဈေးကြီးလေသည်။
သို့သော် ရှားပါးမှုက အရာဝတ္ထုများကို တန်ဖိုးတက်စေသည်။ ဤဇိမ်ခံကြက်ဥများကို စားသောက်ဆိုင်များ၊ အရာရှိများနှင့် သူဌေးများထံမှ အမှာစာများ လျင်မြန်စွာရရှိသဖြင့် အမြဲတမ်း ပစ္စည်းပြတ်နေလေ့ရှိသည်။
"ဘယ်လောက် ထပ်လိုချင်တာလဲ"
ချန်ဖူကွေ့မှာ ပထမတွင်စိတ်လှုပ်ရှားသွားသော်လည်း ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားသည်။ ကြက်ဥ အများကြီး မရှိသင့်ပေ။ ရှားပါးမှုကသာ ၎င်းတို့ကို တန်ဖိုးရှိစေဆဲ ဖြစ်သည်။ ဤလူများကိုဆက်လက် ပံ့ပိုးပေးနိုင်စွမ်းရှိနေသရွေ့ ကြက်ဥ အနည်းငယ် လျှော့ချလိုက်ခြင်းက အကောင်းဆုံးဖြစ်ပေမည်။
"အလုံး ၁၀၀ လောက် ထပ်တိုးပေးလို့ရမလား"
"ရပါတယ်"
"တကယ်လား"
ဤမျှလွယ်ကူနေသဖြင့် ချန်ဖူကွေ့ အနည်းငယ် သံသယဝင်သွားသည်။ သူမက သာမန်ကြက်ဥများသာပေးမည်လားဟု သူ တွေးလိုက်မိသည်။
"လတ်တလောမှာ ကြက်အနည်းငယ် ထပ်မွေးထားလို့ ကြက်ဥတွေ ဘယ်လိုရောင်းရမလဲဆိုပြီး စိတ်ပူနေတာ"
ကြက်ဥကိစ္စ ပြေလည်သွားသည်ကို မြင်သောအခါ ချန်ဖူကွေ့ပြုံးလိုက်သည်။
"အိုး ငရုတ်သီးဆော့စ်က ဘယ်မှာလဲ၊ ငါ မြည်းကြည့်မယ်၊ ဒါပေမဲ့ ခရိုင်တရားသူကြီးကိုယ်တိုင် အကြံပြုထားတဲ့ ငရုတ်သီးဆော့စ်ဆိုတော့ သေချာပေါက် အရသာရှိမှာပါပဲ၊ ငါ့ဆီမှာ ဆော့စ်တွေထားဖို့ လွတ်နေတဲ့နေရာတစ်ခု ရှိတယ်၊ ဒါကို ရောင်းဖို့ အနေတော်ပဲ"
လင်းယွဲ့သည် သူကြည့်လိုက်သော နေရာသို့ လိုက်ကြည့်လိုက်သည်။ ထိုနေရာမှာ ဆော့စ်တန်း၏အဆုံးစွန်ဆုံး၊ ဆိုင်၏အတွင်းဘက်အကျဆုံး နေရာတွင် ဖြစ်နေ၏။ ထိုနေရာမှာ ကောင်တာနှင့် အလွန်ဝေးကွာပြီး ဆိုင်၏အတွင်းဘက်သို့ရောက်နေကာ အလင်းရောင်လည်း မှိန်နေသဖြင့် ဖောက်သည်များ အလွယ်တကူမမြင်တွေ့နိုင်ဆုံးနေရာ ဖြစ်သည်။ ချန်ဖူကွေ့၏စကားများမှာ ကြားလို့ကောင်းသော်လည်း သူပေးသောနေရာမှာ သိပ်မကောင်းလှပေ။ လင်းယွဲ့ပြောလိုက်သည်။
"တောင်းပန်ပါတယ်၊ ကျွန်မရဲ့ ငရုတ်သီးဆော့စ်တွေကို ခရိုင်တရားသူကြီးဆီ အကုန်ပေးလိုက်လို့ အခု လောလောဆယ် လက်ထဲမှာမရှိတော့ဘူး၊ ဒါပေမဲ့ နောက်ရက်အနည်းငယ်နေရင် အသစ်တွေရလာမှာဆိုတော့ ကြက်ဥတွေနဲ့အတူယူလာခဲ့ပါ့မယ်"
လင်းယွဲ့ ဆက်၍ ပွင့်လင်းစွာပင်ပြောလိုက်သည်။
"ဒါပေမဲ့ ဒီနေရာကတော့ အဆင်မပြေဘူး၊ ဒီနေရာက ဆိုင်ထဲအရမ်းရောက်နေတယ်၊ အလင်းရောင်လည်း မှိန်တယ်၊ ဖောက်သည်တွေ မမြင်နိုင်ဘူး၊ ဆော့စ်တွေ အကုန်မရောင်းရခင် ပုပ်သွားလိမ့်မယ်လို့ ကျွန်မထင်တယ်"
ငရုတ်သီးဆော့စ်၏သက်တမ်းမှာ တစ်နှစ်ခွဲခန့် ရှိပြီး ရှေးခေတ်ငရုတ်သီးဆော့စ်များထက် များစွာပိုကြာရှည်ခံသော်ငြားလည်း ကောင်းမွန်သောနေရာတစ်ခုရရှိရန်အတွက် လင်းယွဲ့အနေဖြင့် သူမ၏အထူးလက်နက်ကို ယခုအချိန်တွင် ထုတ်ပြ၍မရနိုင်သေးပေ။