← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

Ch-77

"ဒါပေမဲ့ "

ချန်းဖူကွေ့သည် ဤမျှငယ်ရွယ်ပုံရသော လင်းယွဲ့က လှည့်စားရန် ဤမျှ ခက်ခဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမစကားများ ထွက်ပေါ်လာပြီးနောက် သူသည် ဆော့စ်များကို ထိုနေရာတွင် ထားရှိရန် မဖြစ်နိုင်တော့ပေ။ မည်သို့ပင်ဆိုစေ သူမသည် ခရိုင်တရားသူကြီး၏အကြံပြုချက်ဖြင့် လာသူ ဖြစ်သည်။ သူမစကားများကို လျစ်လျူရှုပြီး အကယ်၍ ကိစ္စများ ပေါ်ပေါက်လာပါက ခရိုင်တရားသူကြီးကို လျစ်လျူရှုရာ ရောက်မည်မဟုတ်လော။

သို့သော် ချန်ဖူကွေ့မှာ တကယ်ကို အခက်တွေ့နေသည်။ ဆော့စ်များ အားလုံးကို ဤသို့ခင်းကျင်းထားသည်မှာကြာပြီဖြစ်ပြီး ဖောက်သည်များကလည်း ဤသို့အသားကျနေပြီဖြစ်သဖြင့် ပြောင်းလဲရန် မကောင်းပေ။ ထို့ပြင် နေရာလွတ်လည်း တကယ်ကိုမရှိတော့ချေ။ ချန်းဖူကွေ့ သက်ပြင်းချကာ ပြုံး၍ ပြောလိုက်သည်။

"ကျွန်တော့် ဆိုင်လေးကိုကြည့်ပါဦး၊ နေရာက ကျဉ်းကျပ်နေတာပဲ၊ ဘယ်မှာ နေရာလွတ် ရှိတော့မှာလဲ"

သို့သော် လင်းယွဲ့က နေရာတစ်ခုကို တွေးထားပြီးဖြစ်သည်။ သူမ လက်ညှိုးထိုးပြကာ ပြောလိုက်၏။

"အဲဒီမှာ စင်ငယ်လေးတစ်ခုလုပ်လို့မရဘူးလား"

ထိုနေရာမှာ ကောင်တာနှင့်ကပ်လျက်တွင်ဖြစ်ပြီး ကောင်တာနှင့် လှေကားကြားဆုံသည့် နေရာရှိလွတ်နေသော နေရာငယ်လေးဖြစ်သော်လည်း ဖောက်သည်များ ငွေရှင်းသည့်နေရာ အတိအကျပင်ဖြစ်သည်။ ဤနေရာမှာ ထင်ရှားပြီး ဖောက်သည်များအတွက် အဆင်ပြေ၏။ ခေတ်သစ်စူပါမားကတ်များ၏ ငွေရှင်းကောင်တာရှေ့တွင် ပီကေများ ထားရှိသကဲ့သို့ပင်ဖြစ်သည်။ လင်းယွဲ့က ရှေ့သို့လျှောက်သွားကာ လက်ဟန်ခြေဟန်ဖြင့် ပြသလိုက်သည်။

"ကောင်တာဘေးကနေ အပြားငယ်လေးတစ်ခုဆက်ထုတ်လိုက်ပြီး ငရုတ်သီးဆော့စ်သုံးပုလင်းကို အပေါ်မှာတင်ထားလိုက်၊ ပြီးတော့ ငရုတ်သီးဆော့စ်တွေ ပိုထားနိုင်ဖို့ အောက်မှာ စင်ငယ်လေးတစ်ခု ဆောက်လိုက်ပေါ့"

ချန်ဖူကွေ့မျက်လုံးများ အရောင်လက်သွားလေသည်။ သူသည် အမြဲတမ်း စီးပွားရေးလောကတွင် ကျင်လည်ခဲ့သူဖြစ်ပြီး ထက်မြက်သော အာရုံခံစားမှုရှိသူဖြစ်၏။ လင်းယွဲ့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ထိုလှည့်ကွက်ကို သူနားလည်သွားသည်။ စီးပွားရေးတိုးချဲ့လိုသော သူ့ရည်မှန်းချက်က အကြံဉာဏ်သစ်များကို ဖြစ်ပေါ်စေသည်။

‘ငါ ဘာလို့ ဒါကိုအရင်ကမတွေးမိခဲ့တာလဲ၊ ဒါက သိပ်ကောင်းတဲ့နေရာပဲ၊ အမြတ်များတဲ့ ပစ္စည်းတွေကို ငါပြသထားလို့ ရတာပေါ့’

ချန်းဖူကွေ့က ထိုနေရာတွင်ထားရှိရန် အကောင်းဆုံးပစ္စည်းကိုရှာဖွေဖို့ ဆိုင်ပတ်လည်ကိုကြည့်လိုက်သည်။ ဤနေရာမှာ သေးငယ်သဖြင့် ပစ္စည်းကြီးများကို ထား၍မရနိုင်ပေ။ သို့သော် ပတ်လည်ကိုကြည့်ပြီးနောက် ဆော့စ်များကသာ အသင့်တော်ဆုံးဖြစ်ကြောင်း သူ တွေ့ရှိလိုက်သည်။

သို့သော် ထိုဆော့စ်များ၏နေရာမှာ ပုံသေဖြစ်နေပြီး အားလုံးမှာပစ္စည်းဟောင်းများသာ ဖြစ်သည်။ ဝယ်မည့်သူများက ဝယ်ပြီးသားဖြစ်သဖြင့် ဤနေရာတွင်ထားရှိခြင်းက ဝယ်သူများကို ပိုမို ဆွဲဆောင်နိုင်မည်မဟုတ်ပေ။ ချန်ဖူကွေ့ ပတ်ပတ်လည်ကိုကြည့်ရင်း သူ့စိတ်လှုပ်ရှားမှုများ တဖြည်းဖြည်း မှေးမှိန်သွားလေသည်။ ဤခံစားချက်မှာ သူ့ဇနီး ပိုမိုလှပလာသည်ကိုတွေ့ရှိရသော်လည်း သူ ဘာမျှမလုပ်နိုင်သကဲ့သို့ ဖြစ်နေပေသည်။

"ဖြစ်နိုင်တယ်၊ ဖြစ်နိုင်တယ်"

ချန်ဖူကွေ့ပြောလိုက်သည်။

"ဒါဆို မင်းက ဒီနေရာကိုငှားဖို့ စီစဉ်ထားတာလား၊ ဒါမှမဟုတ်....."

လင်းယွဲ့စိတ်ထဲတွင် အတွေးများ ပြေးလွှားသွားသည်။ အကယ်၍ သူမက ပုံသေငွေပမာဏဖြင့် ငှားရမ်းမည်ဆိုပါက ချန်ဖူကွေ့သည် သေချာဂရုစိုက်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ သူမသည် အမြဲတမ်းလာ၍မရနိုင်သလို ငရုတ်သီးဆော့စ်များထားရှိခြင်းမှာလည်း ချန်ဖူကွေ့အပေါ်တွင်သာ မူတည်နေသည်။ အကယ်၍ သူကပျင်းရိပြီး မထားရှိပါက ငရုတ်သီးဆော့စ်များ ရောင်းရမည် မဟုတ်ပေ။ လင်းယွဲ့သည် သူမငရုတ်သီးဆော့စ်ကို ယုံကြည်မှုရှိသည်။ မင်မင်းဆက်ခေတ်က ငရုတ်သီးများ တရုတ်ပြည်သို့ စတင်ဝင်ရောက်လာချိန်တွင် အလှစိုက်ပင်များ ဖြစ်ခဲ့ကြောင်း သိထားရမည်။

သို့သော် ၎င်းတို့၏အရသာကို သိရှိပြီးနောက် ဟူနန်နှင့် စီချွမ်ကဲ့သို့သော နေရာများသို့ လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး လူအများအပြား စားသုံးလာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်ပြည်တွင် အစပ်စားသည့်ဓလေ့ရှိနေပြီးသားဖြစ်သဖြင့် လိုင်မု၊ စီချွမ် ငရုတ်ကောင်း သို့မဟုတ် မုန်ညှင်း မည်သည်ဖြစ်စေ အားလုံးကိုအလွန် နှစ်သက်ကြ၏။ ထို့ကြောင့် လင်းယွဲ့သည် ငရုတ်သီးဆော့စ်၏အနာဂတ်အတွက် အလွန်အကောင်းမြင်နေသည်။

"ကျွန်မဆီမှာ အကြံအစည်နှစ်ခုရှိတယ်၊ တစ်ခုက ကျွန်မက ရှင့်ကို အရင်းဈေးနဲ့ ရောင်းပေးမယ်၊ ဥပမာ ၁၅ ပြားတန် ငရုတ်သီးဆော့စ် တစ်ပုလင်းကို ၇ ပြားနဲ့ ရောင်းပေးမယ်၊ ပြီးတော့ ရှင်က ရောင်းပေါ့၊ ဒါပေမဲ့ သတ်မှတ်ထားတဲ့ ပုလင်းအရေအတွက် ဥပမာ ပုလင်း ၃၀ ရောင်းပြီးသွားရင် အဲဒီနောက်ပိုင်း ရောင်းရတဲ့ပုလင်းတိုင်းအတွက် ကျွန်မကို တစ်ပြားစီအပိုပေးရမယ်"

"နောက်အကြံအစည် တစ်ခုကတော့ ကျွန်မက ပုံသေလခပေးမယ်၊ ငရုတ်သီးဆော့စ်တစ်ပုလင်းကို ၁၅ ပြားသတ်မှတ်ပြီး ရောင်းရတဲ့ပုလင်းတိုင်းအတွက် ရှင့်ကို တစ်ပြားစီပေးမယ်၊ ဒါပေမဲ့ ဒီပုံသေလခကတော့ ပုံမှန်ထက်နည်းရမယ်၊ ရှင် ဘယ်တစ်ခုကို လိုချင်လဲ"

ချန်ဖူကွေ့သည် ဒုတိယနည်းလမ်းကို ယခင်က တစ်ခါမျှမကြားဖူးသဖြင့် သူ့မျက်လုံးများ ချက်ချင်းအရောင်လက်သွားလေသည်။ သူသည် ငရုတ်သီးဆော့စ်ဆိုသည်ကို တစ်ခါမျှ မကြားဖူးဘဲ ကြက်သွန်မြိတ်နှင့် ဂျင်းတို့ကိုထောင်းပြီး လုပ်ထားသလားဟု သူ တွေးလိုက်မိသည်။

‘အဲဒီအရာက အရသာရှိနိုင်လို့လား’

သို့သော် ခရိုင်တရားသူကြီး၏ ညွှန်ကြားချက်ကြောင့် သူသည် အရှုံးခံရန်ပြင်ဆင်ထားပြီး ပုလင်းနှစ်ဆယ်ခန့် ဝယ်ယူကာ ခရိုင်တရားသူကြီးအား မျက်နှာပေးရန် စဉ်းစားထားခဲ့သည်။ ဤမျှကောင်းမွန်သောအရာကို သူမထင်ထားခဲ့ပေ။ လခလည်း ရနိုင်သလို ရောင်းရသည့် ပုလင်းတိုင်းအတွက်လည်း ငွေရနိုင်ပေသည်။ ပစ္စည်းများမရောင်းရခြင်း သို့မဟုတ် ပုပ်သိုးခြင်းစသည့် အန္တရာယ်များကို သူတာဝန်ယူစရာမလိုသည့်အပြင် ငွေတစ်ထပ်ကိုလည်း ကြိုတင်ရရှိနိုင်ပေသည်။

"ဒုတိယတစ်ခု"

ချန်ဖူကွေ့က အလွန်သာယာနာပျော်ဖွယ်ကောင်းသောလေသံဖြင့် ပြုံးရွှင်စွာ ပြောလိုက်သည်။

"ဒုတိယတစ်ခုက ပိုကောင်းပါတယ်၊ ဒီငရုတ်သီးဆော့စ်က ခရိုင်တရားသူကြီး ကိုယ်တိုင် အထူးနှစ်သက်တာဆိုတော့ သေချာပေါက် အရမ်းရောင်းကောင်းမှာပဲ၊ ငါက ဘယ်လိုလုပ် မင်းအပေါ် အခွင့်အရေးယူလို့ ဖြစ်ပါ့မလဲ"

"ရှင် ဒီအခွင့်အရေးကိုယူလို့ရပါတယ်"

လင်းယွဲ့ကိုယ်တိုင်လည်း ဒုတိယနည်းလမ်းကို ပိုသဘောကျသော်လည်း သူမသည် ရရန်ခက်ခဲသူအဖြစ် ဟန်ဆောင်ရမည်ဖြစ်သည်။ ဆိုင်ငယ်လေးများတွင် အဝတ်အစားဝယ်သကဲ့သို့ပင် ဖြစ်၏။

‘တစ်ကယ်လို့ ဆိုင်ရှင်က ၃၀၀ဟု ဈေးခေါပြီး သင်က ၈၀သို့ ဆစ်လိုက်ရာ ဆိုင်ရှင်က မတုံ့ဆိုင်းဘဲ ချက်ချင်း သဘောတူလိုက်သည် ဆိုပါစို့၊ ပြီးတော့ အဝတ်အစားကို သင့်လက်ထဲသို့ ပျော်ရွှင်သည့်မျက်နှာဖြင့် အမြန်ထိုးထည့်ပေးလိုက်မည်၊ အဲ့ခါကြရင် သင်လည်း အရှုံးပေါ်သွားသလို အမြဲ ခံစားရမယ်မလား၊ ဒါပေမဲ့ ဆိုင်ရှင်က ၃၀၀ ဟု ဈေးခေါ်ပြီး သင်က ၈၀သို့ ဆစ်လိုက်ပါက ဆိုင်ရှင်က ချက်ချင်းပင် အေးစက်စက်မျက်နှာနှင့် မရဘူးဟု ငြင်းလိုက်မည်ဆိုပါက သင်ရင်တွင်းမှ ခိုင်မာသောဆုံးဖြတ်ချက်များ ထွက်ပေါ်လာမည်ပင်’

‘ဆိုင်ရှင်ရယ် တကယ်ကြိုက်လို့ပါ၊ နည်းနည်းလောက် လျှော့ပေးပါလို့ ထပ်ပြောမယ်၊ သင်က စိတ်ရင်းနဲ့ဝယ်ချင်ကြောင်း၊ ဒါပေမယ့် ပိုက်ဆံကမရှိဘူး၊ ဒေါသတကြီးထွက်သွားလိုက်မယ် ဒီလိုနည်းလမ်းတွေအသုံးပြုမယ်၊ ဆိုင်ရှင်ကလည်း ဒါက အရင်းအတိုင်းပဲ အမြတ်မရှိဘူး၊ ဒါပေမယ့် မနက်ခင်းစျေးဦးပေါက်ဆိုတော့ ထားလိုက်ပါ ထားလိုက်ပါ မသွားပါနဲ့၊ မင်းအတွက် နောက်ထပ်ဆယ်ပြားလျှော့ပေးမယ်လို့ ပြန်လည်တုံ့ပြန်မယ်၊ ဒီလိုနဲ့ဆစ်ရင်း နောက်ဆုံး ၁၀၀နဲ့ အရောင်းအဝယ် တည့်သွားတဲ့အချိန်ကျ သင့်ကိုယ်သင် ဈေးအများကြီးဆစ်နိုင်ခဲ့ပြီဆိုပြီး ခံစားရမယ်'

လင်းယွဲ့သည် ချန်းဖူကွေ့အား ဤစိတ်ပိုင်းဆိုင်ရာတန်ဖိုးကိုပေးရန် ဆုံးဖြတ်လိုက်သည်။

"ဒီငရုတ်သီးဆော့စ်က သေချာပေါက် ရောင်းကောင်းမယ်လို့ ကျွန်မထင်ပါတယ်၊ ဆိုင်ရှင်ချန်က ကျွန်မအပေါ် ကောင်းကောင်းဆက်ဆံခဲ့တာဆိုတော့ ဆိုင်ရှင်ချန်ကိုလည်း ပိုက်ဆံရစေချင်လို့ပါ"

"အိုး မင်းကတောင် ပိုပြီးခက်ခဲတာပါ၊ ငါ့မှာ ရောင်းစရာတွေ အများကြီးရှိတော့ ပိုက်ဆံအတွက် စိတ်မပူရပါဘူး၊ မင်းကသာ ကလေးကို ပြုစုပျိုးထောင်ရဦးမှာလေ"

ချန်ဖူကွေ့က နှိမ့်ချစွာဖြင့် ပြောလိုက်ပြီး ဒုတိယနည်းလမ်းကို ရွေးချယ်ရန် သူ့စိတ်ထဲတွင် ပိုသေချာသွားလေသည်။ အပြန်အလှန် စကားပြောဆိုပြီးနောက် သူတို့နှစ်ဦးသည် လင်းယွဲ့အား ထိုနေရာကို တစ်နှစ်လျှင် ငွေတစ်တေးဖြင့်ငှားရမ်းရန် သဘောတူလိုက်ကြပြီး စာချုပ်သက်တမ်းမှာ ၁၀နှစ်ဖြစ်သည်။

"ကောင်းပြီ၊ ဒါဆို နောက်ငါးရက်နေရင် ရှင့်လှည်းနဲ့အတူ ကျွန်မပြန်လာခဲ့မယ်၊ အဲဒီအချိန်ကျရင် လက်သမားကို စင်တစ်ခုလုပ်ခိုင်းထားလိုက်မယ်"

လင်းယွဲ့က အခက်တွေ့နေသော အမူအရာဖြင့် ပြောလိုက်သည်။

"အဲဒီအချိန်ကျရင် စာချုပ်ချုပ်ပြီး ကျွန်မလခပေးပါ့မယ်"

ချန်းဖူကွေ့ကလည်း အခက်တွေ့နေသောအမူအရာဖြင့် ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ၊ ညီမလင်းရဲ့ အစီအစဉ်က သိပ်ကောင်းပါတယ်"

သူတို့နှစ်ဦးခေါင်းလှည့်သွားသောအခါ နှစ်ဦးစလုံး၏နှုတ်ခမ်းများတွင် အပြုံးလေးများ ပေါ်လာလေသည်။ နှစ်ဦးစလုံးသည် မိမိတို့အမြတ်ရသွားသည်ဟု ခံစားနေကြ၏။ မေဝေ့ကျိုက်ဆိုင်တွင် ဆန်အပြင် ဟင်းခတ်အမွှေးအကြိုင်များလည်းရှိသဖြင့် လင်းယွဲ့သည် အိမ်ပြန်ယူရန် ဆား၊ တောက်ချီနှင့် အခြားပစ္စည်းအချို့ကို ဝယ်ယူခဲ့သည်။ ရွာသူကြီးက မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံရန်ရှိသည်ဟု စောစောကပြောကာ ထွက်သွားခဲ့ပြီး ရှန်းရှစ်ချိန်တွင် မြို့တံခါးဝ၌တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။ လင်းယွဲ့ တွေးကြည့်လိုက်၏။

‘ပုလင်းလေးတွေ ဝယ်ဖို့လိုတယ်၊ ရွာမှာထက် ခရိုင်မြို့တော်မှာက သေချာပေါက် ပိုဈေးပေါမှာပဲ’

"ဆိုင်ရှင်ချန်၊ ဒီမှာ ပုလင်းတွေ ဘယ်မှာ ဝယ်လို့ရမလဲဟင်၊ နောက်ကျရင် ငရုတ်သီးဆော့စ်တွေကို ပုလင်းလေးတွေထဲထည့်ပြီး ရောင်းမလို့ပါ"

ဆိုင်ရှင်ချန်သည် အမျိုးသမီးငယ်လေးကို လှည့်စားလိုက်ရသည်ဟု ခံစားရကာအပြစ်ရှိသလိုဖြစ်သွားပြီး ပြောလိုက်သည်။

"အနောက်လမ်းမှာ ဝမ်ကျစ်ကုန်စုံဆိုင် ရှိတယ်၊ ကျွန်တော့်မိသားစုက သူတို့မိသားစုနဲ့ ပူးပေါင်းလုပ်ကိုင်လာတာ နှစ်တွေ အများကြီးရှိပြီ၊ ဒီပုလင်းလေးတွေက တစ်လုံးကို နှစ်ပြားပါ၊ ကျွန်တော့်ကိုယုံရင် ကျွန်တော်မိတ်ဆက်ပေးလိုက်တာလို့ သူ့ကိုပြောလိုက်၊ သူက အရင်းဈေးဖြစ်တဲ့တစ်လုံးကို တစ်ပြားနဲ့ ရောင်းပေးလိမ့်မယ်"

"ကျေးဇူးတင်ပါတယ် ဆိုင်ရှင်"

လင်းယွဲ့သည် အနောက်လမ်းဆီသို့ လျှောက်သွားရာ ပထမဆုံးကုန်စုံဆိုင် တစ်ဆိုင်ကို ဖြတ်သွားသည်။ အတွင်းတွင် လှပစွာခင်းကျင်းထားသော ပုလင်းများနှင့် အိုးများကိုသတိပြုမိရာ သူမအာရုံကို ဖမ်းစားသွား၏။ သူမသည် ရွှေရောင်ကြိုးများဖြင့် ပန်းရောင်ပန်းဖူးလေးများ ရေးဆွဲထားသော အဖြူရောင်ပန်းကန်ပြားတစ်ခုကို ချက်ချင်း သတိပြုမိသွားရာ အလွန်တရာ လှပလှပေသည်။

အစားအသောက် ဘလော့ဂါတစ်ဦးအနေဖြင့် သူမသည် အမြင်လှစေရန်အတွက် လှပသောပန်းကန်ပြားများနှင့် ပန်းကန်လုံးများကို မကြာခဏဝယ်ယူလေ့ရှိသည်။ ဤအကျင့်ကြောင့် သူမသည်မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုပန်းကန်ပြားကို သဘောကျသွား၏။ အိမ်သစ်အတွက် လိုက်ဖက်သော ပန်းကန်ပြားများနှင့် ပန်းကန်လုံးသုံးလေးလုံးခန့်ကို ငွေအကုန်အကျခံကာ ဝယ်လိုက်လျှင်ကောင်းမည်ဟု သူမ တွေးမိသည်။ ထိုအခါ ထမင်းစားရသည်မှာ ပို၍ပင်မျက်စိပသာဒဖြစ်စေမည်ပင်။

"ဆိုင်ရှင် ဒါ ဘယ်လောက်လဲဟင်"

ဆိုင်ရှင်က လင်းယွဲ့ကို အကဲခတ်ကြည့်လိုက်ပြီးနောက် မျက်လုံးကိုမှေးကာ ပြောလိုက်သည်။

"ဒါက အဖြူရောင်ကြွေထည်ပေါ်မှာ ပန်းရောင်ပန်းပွင့်တွေ ရေးဆွဲထားတဲ့ ကျောက်စိမ်းပန်းကန်ပြားလေ၊ အရာရှိတွေနဲ့ ချမ်းသာတဲ့သူတွေကိုပဲ သီးသန့် ရောင်းတာ၊ မင်းကတော့ တခြားဆိုင်သွားပြီး ဈေးပေါတာလေးပဲဝယ်လိုက်ပါ"

လင်းယွဲ့ လှောင်ပြောင်လိုက်သည်။

"စီးပွားရေးကို တွန်းထုတ်ပစ်တဲ့သူရှိလိမ့်မယ်လို့ ကျွန်မ မသိခဲ့ဘူး၊ ဒါက ဘယ်လို ပန်းကန်ပြားမို့လို့လဲ၊ ရွှေနဲ့ လုပ်ထားတာမို့လို့လား"

"မင်းမဝယ်နိုင်ဘူးလို့ ငါပြောပြီးပြီလေ၊ ဘာလို့ ငါ့စကားတွေကို အလဟဿ ဖြစ်အောင်လုပ်နေရတာလဲ"

"ဒီလောက် အဓိပ္ပာယ်မရှိတာတွေနဲ့ အထင်သေးတဲ့စကားတွေ ပြောနေမယ့်အစား ဈေးဘယ်လောက်လဲ ဆိုတာကို အစကတည်းက ပြောလိုက်လို့ရတာပဲ"

"ထွက်သွား ထွက်သွား၊ ဒီပန်းကန်ပြားက မင်းတို့လို ဆင်းရဲသားတွေအတွက် မဟုတ်ဘူး"

All Chapters