အခန်း ၇၉
Vol. 8 Ch. 79
Ch-79
"ဘာတွေ ဆူညံနေကြတာလဲ၊ ဘာတွေ ဆူညံနေကြတာလဲ"
ဒေါသတကြီး အော်ဟစ်သံကြောင့် လူတိုင်း တိတ်ဆိတ်သွားလေသည်။
"စာရေးကြီးကျိုးပဲ"
တစ်စုံတစ်ယောက်က အော်ပြောလိုက်ရာ လူတိုင်းက ကျိုးလီဆီသို့ လှည့်ကြည့်လိုက်ကြပြီး လူအုပ်ကြီးမှာ သူ့အတွက် လမ်းဖယ်ပေးရန် အလိုအလျောက် နှစ်ခြမ်းကွဲသွားလေသည်။ ကျိုးလီသည် ရှေ့သို့ထွက်လာပြီး ကျားတစ်ကောင်ကဲ့သို့ စူးရဲသော သူ့မျက်လုံးများဖြင့် စိုက်ကြည့်ကာ သူ့သြဇာအာဏာကို အပြည့်အဝပြသလိုက်၏။
"ဘာဖြစ်တာလဲ"
ကျိုးလီသည် ခရိုင်တရားသူကြီးယန်နှင့် အမှုတွဲအကြောင်း ဆွေးနွေးပြီးကာစဖြစ်ပြီး ခရိုင်တရားသူကြီးယန်၏ယုံကြည်ရသော လူယုံတစ်ဦး သေချာပေါက် ဖြစ်လာမည်ဟု ယုံကြည်ကာ ရင်တွင်း၌ ပီတိဖြာနေ၏။ ခရိုင်တရားသူကြီးယန်တွင် ဩဇာကြီးမားသော နောက်ခံရှိကြောင်း သူသိထားသဖြင့် သူ့တာဝန်ဝတ္တရားများကို ကောင်းစွာ ကူညီဆောင်ရွက်ပေးရမည်ဟု ဆုံးဖြတ်ထားသည်။ ကျိုးလီသည် ဝမ်ရှန်း၏အမှုကို အလျင်စလို အဆုံးသတ်ရန် အစီအစဉ်မရှိဘဲ လီမိသားစုသိထားသည်များကို မေးမြန်းရန် ရည်ရွယ်ထားသည်။
ဝမ်ရှန်းနှင့် သူ့သမီးတို့သည် လီမိသားစုအိမ်တွင် အစေခံများအဖြစ် လုပ်ကိုင်ခဲ့ဖူးကြောင်း သူသိရှိထားသည်။ ယခင် ခမည်းခမက်များ ကိုယ့်ကိုကိုယ်သတ်သေသွားပြီး လီမိသားစုက လက်ထပ်လိုက်သော ဇနီးသည်မှာ ထိုခမည်းခမက်များ၏သေဆုံးမှုနှင့် ဆက်စပ်နေသူဖြစ်နေခြင်းက တကယ်ကို ထူးဆန်းလှ၏။ သို့သော် လီမိသားစုက ယုပင်းကုန်စုံဆိုင်၏ဆိုင်ရှင်နှင့် အငြင်းပွားနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
"မြန်မြန် အသေးစိတ်ရှင်းပြစမ်း"
ကျိုးလီက ဟိန်းဟောက်လိုက်ရာ ဝမ်လီနှင့် လီကွေ့တို့ တစ်ယောက်တစ်ပေါက် အပြိုင်အဆိုင် ပြောဆိုနေကြသည်ကို မြင်လိုက်ရသည်။ သို့သော် ကျိုးလီက သဘောပေါက်နားလည်လိုက်၏။
"မင်းပြောတာ သူ့အပြုအမူက ဆိုးရွားပြီး ဖောက်သည်တွေကို တမင်တကာ မောင်းထုတ်တယ်ဆို၊ မောင်းထုတ်ခံရတဲ့ မျက်မြင်သက်သေက ဘယ်သူတွေလဲ"
ဆိုင်ရှင်က ချက်ချင်းပင်ဝင်ပြောလိုက်သည်။
"ဒီမှာ တစ်ယောက်ရှိပါတယ်ရှင်"
အတွေးထဲ နစ်မျောနေသော လင်းယွဲ့မှာ လူတိုင်း၏အကြည့်စူးစိုက်ရာ ဖြစ်သွားပြီး သူမ ခဏမျှ အံ့အားသင့်သွားလေသည်။
"ညီမလေး နင် အမှန်အတိုင်းပြောရမယ်နော်၊ ငါ့မောင်ဝမ်းကွဲဆီ ရောက်တဲ့အခါကျမှ နင့်ထွက်ဆိုချက်ကို သွားမပြောင်းနဲ့"
ကျောက်ယန်က လင်းယွဲ့ကို စူးရဲစွာ စိုက်ကြည့်ကာ ခြိမ်းခြောက်သည့် လေသံဖြင့် ပြောလိုက်သည်။ စာရေးကြီးကျိုးက တစ်ခုခုမှားယွင်းနေကြောင်း ချက်ချင်းအာရုံရလိုက်ပြီး ကျောက်ယန်ကို စူးရဲစွာစိုက်ကြည့်လိုက်၏။
"ငါက မေးခွန်းမေးနေတာ၊ မင်းက ဘာတွေ လာဝင်ရှုပ်နေတာလဲ၊ ပြီးတော့ မင်းက သူ့ကိုတောင်ခြိမ်းခြောက်ရဲသေးတယ်ပေါ့လေ"
အော်ဟစ်ခံလိုက်ရသဖြင့် ကျောက်ယန်၏ခြိမ်းခြောက်လိုသော အရှိန်အဝါများ ပျောက်ကွယ်သွားသော်လည်း သူမက ဆက်ပြောသည်။
"ငါက သူ့ကိုအကြံပေးရုံလေးပါ၊ အဲဒါက ဘယ်နေရာက ခြိမ်းခြောက်တာဖြစ်သွားလို့လဲ"
စာရေးကြီးကျိုးက ဤအမျိုးသမီးသည် သူမနေရာကို တကယ်ပင် မသိကြောင်း တွေးလိုက်မိသည်။
‘ခရိုင်လက်ထောက်တရားသူကြီးဖြစ်တဲ့ သူမရဲ့ဝမ်းကွဲမောင်ကို အားကိုးပြီး လင်းယွဲ့ကို ခြိမ်းခြောက်ရဲတာလား၊ သူမက လင်းယွဲ့ရဲ့နောက်ခံကို သိလို့လား’
ခရိုင်တရားသူကြီးက သူ့ကို ကိုယ့်လူလို သဘောထားကြောင်း တွေ့ရသဖြင့် စာရေးကြီးကျိုးမှာလည်း စိတ်သက်သာရာရသွား၏။ စောစောက သူတို့ဆွေးနွေးမှုအတွင်း ခရိုင်တရားသူကြီးက လင်းယွဲ့၏အစစ်အမှန် နောက်ခံကို သူ့အားအသိပေးခဲ့သည်။ သူမသည် ထိုလျှို့ဝှက်ဆန်းကြယ်ပြီး ရာထူးကြီးမားသော သခင်လေး၏ လူယုံတော်ပင်ဖြစ်သည်။
ဤသခင်လေးမှာ သာမန်မဟုတ်ပေ။ စာရေးကြီးကျိုးသည် သူ့အကြောင်းကို အနည်းငယ် ကြားဖူးထားသည်။ သခင်လေး၏အဘိုးမှာ မျိုးဆက်သုံးဆက်တိုင်တိုင် တိုင်းပြည်၏ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး လက်ရှိဧကရာဇ်မှာလည်း သူကိုယ်တိုင်ထောက်ခံ တင်မြှောက်ခဲ့သူ ဖြစ်သည်။ သခင်လေး၏ဖခင်မှာလည်း လွန်ခဲ့သော ရက်အနည်းငယ်က တိုင်းပြည်အတွက် အသက်စွန့်သွားခဲ့သော စစ်သူကြီးဝေဝူဖြစ်ပြီး သခင်လေးထံသို့ အရာရှိဘွဲ့တစ်ခု ရောက်လာမည်ဟု ကောလာဟလများထွက်ပေါ်နေ၏။
ဤမျှဩဇာကြီးမားသူတစ်ဦးကို တွေ့ဆုံရန်မဆိုထားနှင့် နာမည်ကို ကြားလိုက်ရုံဖြင့်ပင် လူများကိုတုန်လှုပ်သွားစေနိုင်၏။ လင်းယွဲ့က သခင်လေး၏လူယုံတော်ဖြစ်နေခြင်းကြောင့်သာမဟုတ်ဘဲ သခင်လေး၏ အိမ်တော်မှ အစေခံတစ်ဦးဆိုလျှင်ပင် အလွန်တရာ ရိုသေလေးစားစွာ ဆက်ဆံရမည် ဖြစ်သည်။ ယင်းကိုကြားသောအခါ စာရေးကြီးကျိုးမှာ ချွေးစေးများပင်ပျံသွားပြီး လင်းယွဲ့အပေါ် သူမလေးမစား ပြုမူခဲ့မိသလားဟု ချက်ချင်းပြန်လည်စဉ်းစားခန်းဝင်လေသည်။
‘အစက သူမရဲ့ဝမ်တန်တွေ မကောင်းကြောင်း လှောင်ပြောင်ခဲ့မိပေမဲ့ ငါ နောက်ပိုင်း လုပ်ခဲ့တာတွေက အဆင်ပြေပါတယ်၊ သူမက သူ့ကို ရန်ငြိုးထားမှာတော့ မဟုတ်ပါဘူးလေ’
သခင်လေး၏လူယုံတော်က ဤမျှ ရိုးရိုးကုပ်ကုပ်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
'သူမကလှပပြီး ခမ်းနားတဲ့ ပိုးသားဝတ်ရုံကိုဝတ်ပြီး လူတွေကို အထက်စီးကနေ ကြည့်နေသင့်တယ် မဟုတ်လား၊ သူမက ဘာလို့ဒီလောက် ရင်းနှီးဖော်ရွေပြီး လမ်းဘေးဆိုင်လေးမှာတောင် ဝင်စားနေရတာလဲ၊ သခင်လေးက တကယ်ကို ထူးခြားတဲ့အကြိုက်ရှိတာပဲ’
ခရိုင်တရားသူကြီးက သူတို့ပတ်သက်မှုကို ပွင့်ပွင့်လင်းလင်းမပြောပြခဲ့သော်လည်း စာရေးကြီးကျိုးက သူ့ဘာသာ ခန့်မှန်းမိခြင်းဖြစ်သည်။ သို့သော် ကိုယ်ပိုင်ကျောက်စိမ်းဆွဲကြိုးကို ပေးထားပြီး သခင်လေးကိုယ်တိုင် ညသန်းခေါင်ကြီး ခရိုင်တရားသူကြီးကို ခေါ်လာကာ အကာအကွယ်ပေးရသည်အထိဆိုလျှင် ဘယ်လို ပတ်သက်မှုမျိုး ဖြစ်နိုင်မည်နည်း။
‘အသက်အရွယ်တူ အမျိုးသားနှင့် အမျိုးသမီးဆိုတော့ သေချာပေါက် ရင်းနှီးတဲ့ လူယုံတော်တွေပဲဖြစ်ရမယ်'
ဤအချိန်တွင် စာရေးကြီးကျိုးသည် လင်းယွဲ့အား ထပ်မံကြည့်လိုက်ရာ သူ့မျက်လုံးများတွင် နူးညံ့မှုနှင့် ရိုသေလေးစားမှုများ ပြည့်နှက်နေလေသည်။ သူက ရိုရိုသေသေပင်ဦးညွတ်လိုက်သည်။
"ညီမလေးလင်း ဂါရဝပြုပါတယ်"
လူတိုင်းမှာ အံ့အားသင့်သွားကြသည်။ စာရေးကြီးကျိုးသည် ပုံမှန်အားဖြင့် မာနကြီးပြီး ခေါင်းမာကာ ခရိုင်လက်ထောက်တရားသူကြီး သို့မဟုတ် ခရိုင်တရားသူကြီးကိုပင် အရိုအသေပေးလေ့မရှိသူဖြစ်သည်။
‘အခု သူက ဘာကြောင့် ဒီလိုပြုမူနေရတာလဲ၊ သရဲများ ဝင်ပူးနေသလား’
လင်းယွဲ့မှာလည်း ဆွံ့အသွားလေသည်။
‘သူမ စောစောကပဲ ကျိုးလီကိုမြင်ခဲ့တာ မဟုတ်လား၊ အချိန်တိုလေးအတွင်းမှာ သူ့အမူအရာက ဘယ်လိုလုပ် ဒီလောက် ပြောင်းလဲသွားနိုင်ရတာလဲ၊ သူ့အပြုံးကတောင် ကြောက်စရာကောင်းနေသေးတယ်၊ သူ မျိုးဗီဇများပြောင်းသွားတာတော့ မဟုတ်ပါဘူးနော်’
"ညီမလေးလင်း အဲဒီတုန်းက အခြေအနေကို ကျေးဇူးပြုပြီး ရှင်းပြပေးလို့ရမလား"
စာရေးကြီးကျိုးက လက်နှစ်ဖက်ကို ပွတ်သပ်ကာ အလွန်တရာရင်းနှီးဖော်ရွေပြီး မျက်နှာချိုသွေးသည့် လေသံဖြင့် မေးလိုက်သည်။
"ရတာပေါ့"
လင်းယွဲ့ပြောပြီးနောက် ထိုစဉ်က အခြေအနေများကို ရှင်းပြလိုက်သည်။
"မင်းက ညီမလေးလင်းကို လှောင်ပြောင်ရဲတယ်ပေါ့လေ၊ သူက ဘယ်သူလဲဆိုတာ မင်းသိလား"
စာရေးကြီးကျိုးက ခါးမှဓားရှည်ကို ဆွဲထုတ်ကာ အလုပ်သမား၏လည်ပင်းတွင်တေ့ထားလိုက်ပြီး သူ့မျက်နှာအမူအရာမှာ ရက်စက်ကြမ်းကြုတ်သွားလေသည်။
"မင်းက သေချင်နေတာပဲ"
အလုပ်သမားမှာ ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှမမြင်ဖူးခဲ့သဖြင့် အလွန်အမင်း ထိတ်လန့်သွားကာ ခြေထောက်များ ခွေယိုင်ကျသွားပြီး ဒူးထောက်ကျသွားလေသည်။
"ဒါ ဒါက ကျွန်တော်က သူ့အမိန့်ကို လိုက်နာရုံပါပဲ"
သူ့လက်ညှိုးက လီကွေ့ဆီသို့ညွှန်ပြနေသည်။
"ဟေ့ ဟေ့ ဟေ့ အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့"
လီကွေ့ မည်မျှပင်ငြင်းခုံနေပါစေ ကိစ္စများမှာ ရှင်းလင်းနေပြီဖြစ်သည်။
"မင်းတို့အားလုံးကိုဖမ်းပြီး ရုံးတော်ကို ခေါ်သွား၊ အဲဒီရောက်မှဆက်စစ်ဆေးမယ်"
ဤအချိန်တွင် လင်းယွဲ့သည် စာရေးကြီးကျိုးကို ဘေးသို့ဆွဲခေါ်သွားပြီး စွန်းမိသားစုဆိုင်တွင် ဖြစ်ပွားခဲ့သော သံသယဖြစ်ဖွယ်အဆိပ်ခတ်မှုအကြောင်းနှင့် အခြားအသေးစိတ် အချက်အလက်များကို ပြောပြလိုက်သည်။ စာရေးကြီးကျိုး၏မျက်လုံးများ အရောင်လက်သွား၏။ ခရိုင်လက်ထောက်တရားသူကြီးကို ဘယ်ကနေ စတင်စုံစမ်းရမည်ကို သူစဉ်းစားနေစဉ် ဤအခွင့်အရေးပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ စာရေးကြီးကျိုးက လက်နှစ်ဖက်ကိုဆုပ်ကာ ဦးညွတ်လိုက်သည်။
"ညီမလေးလင်းရဲ့ ဒီကျေးဇူးကြီးကို ကျွန်တော် ကျိုးလီ ရင်ထဲမှာထာဝရ မှတ်ထားပါ့မယ်"
လူအားလုံးကို ခေါ်ဆောင်သွားသည်ကို မြင်သောအခါ လင်းယွဲ့လည်း သူမပန်းကန်လုံးများနှင့် ပန်းကန်ပြားများကို ယူကာပြန်ရန် ပြင်ဆင်လိုက်သည်။
"ညီမလေး တကယ်ကို ကျေးဇူးတင်ပါတယ်"
ယုပင်းကုန်စုံဆိုင်၏ဆိုင်ရှင်က ပြောလိုက်သည်။
"ကျွန်မဆီမှာ ပစ္စည်းတစ်သုတ်ကျန်သေးတယ်၊ အရမ်း ဈေးသက်သာတယ်၊ ညီမလေးကြည့်ဦးမလား"
"ကြည့်မယ်လေ"
လင်းယွဲ့သည် သူမနောက်မှ ဂိုဒေါင်ထဲသို့ လိုက်သွားလေသည်။ အရှေ့ဘက်တွင် ဗီဒိုများကို ကြွေထည်အမျိုးမျိုးဖြင့် သေသပ်စွာ ခင်းကျင်းထားပြီး အားလုံးကို ကောက်ရိုးစက္ကူဖြင့် ဖုံးအုပ်ထားသဖြင့် ၎င်းတို့၏ဒီဇိုင်းများကို မမြင်ရပေ။ ၎င်းတို့ကိုဖြတ်ကျော်သွားပြီးနောက် အနောက်ဘက်ဆုံးရှိ နေရာလွတ်တွင် ဖုန်တစ်ထပ်ဖုံးအုပ်နေသော ထုပ်ပိုးမထားသည့် ပန်းကန်လုံးများနှင့် ပန်းကန်ပြားများ ရေတွက်၍မရနိုင်အောင် ရှိနေသည်။
"ကြည့်ပါဦး"
ဆိုင်ရှင်က ပြုံး၍ပြောလိုက်သည်။
"ညီမလေးက ပုလင်းငယ်လေးတွေလိုတယ်ဆိုတော့ စီးပွားရေးလုပ်ဖို့ စီစဉ်နေတာပဲ ဖြစ်ရမယ်၊ ကျွန်မတို့ဆီမှာ ပုံစံအမျိုးမျိုးရှိတယ်၊ နည်းနည်းတော့ ခေတ်နောက်ကျနေပေမဲ့ ပစ္စည်းတွေက အားလုံးကောင်းပါတယ်၊ အပုံတစ်ပုံစီက ပုံစံတစ်မျိုးစီပါပဲ ကြည့်ကြည့်ပါဦး"
လင်းယွဲ့အကြည့်များက အဖြူရောင်ပေါ်တွင် အပြာရောင်ပန်းပွင့်များ ရေးဆွဲထားသော သေသပ်လှပသည့် ပန်းကန်လုံးတစ်လုံးဆီသို့ ရောက်သွားလေသည်။ ယေဘုယျအားဖြင့် ၎င်းမှာ ဟင်းရည်သောက်ပန်းကန်လုံးကြီးထက် အနည်းငယ် သေးငယ်ပြီး အနားသတ်မှာ ကျယ်သော်လည်း ခပ်ပြားပြားဖြစ်နေသည်။ ၎င်းက အစားအသောက်များကို အများကြီးဟု ထင်ရစေသော်လည်း တကယ်တမ်းတွင် များများစားစားမဝင်နိုင်ပေ။ လင်းယွဲ့မျက်လုံးများ အရောင်လက်သွားလေသည်။
‘ဒါက အချိုပွဲတွေအတွက် အဆင်ပြေဆုံးပဲ၊ အချိုပွဲထည့်ရန် ပန်းကန်လုံးတွေ ငါမဝယ်ရသေးဘူး’
"ဒါက ဘယ်လောက်လဲဟင်၊ ပန်းကန်လုံး သီးသန့်ဝယ်လို့ရမလား"
ဆိုင်ရှင်က ပြန်ဖြေလိုက်သည်။
"ဒါက မူလဈေး ၅၀ပြားပါ၊ ညီမလေး ဘယ်နှစ်လုံး လိုချင်တာလဲ"
"ပြား၅၀၊ ကျွန်မက ၁၀ လုံးဝယ်မယ်ဆိုရင် ပြား၅၀၀တောင် ဖြစ်သွားမှာပေါ့"
လင်းယွဲ့ သက်ပြင်းချလိုက်မိသည်။ အချိုပွဲဆိုင်လေးအတွက်ဆိုလျှင် ဤမျှ ဈေးကြီးပေးရန် မတန်ပေ။ အချိုရည် တစ်ပန်းကန်ကို အများဆုံး ၃ပြားဖြင့်သာရောင်းနိုင်ရာ သူမ အရင်းပြန်ရရန် အချိုရည်ပန်းကန် ဘယ်လောက်တောင် ရောင်းရမည်နည်း။
‘မတန်ဘူး မတန်ဘူး’
ဆိုင်ရှင်က ပန်းကန်လုံးကို ပွတ်သပ်လိုက်သည်။
"ဒါက လျန်စီရင်စုက မီးဖိုကြီးမှာ ဖုတ်ထားတာပါ၊ ကြည့်ပါဦး၊ ဒီအပြာရောင် ပန်းပွင့်တွေနဲ့ အရောင်တင်ထားတာက တော်တော်လေး ရှားပါးတယ်၊ ဒါပေမဲ့ သူဌေးတွေက ဒီဒီဇိုင်းကို သိပ်မကြိုက်ကြလို့ ပစ္စည်းစသွင်းကတည်းက မရောင်းရသေးဘူးလေ"
"ဒါပေမဲ့ လှပတဲ့အရာတွေက တန်ဖိုးထားတတ်တဲ့သူနဲ့တွေ့ဖို့ လိုတယ်လေ၊ မဟုတ်ရင် ဒီမှာဖုန်တက်နေတာမြင်ရတာ စိတ်မကောင်းစရာပဲ၊ ဆယ်ပြားဆိုရင်ရော အရင်းတောင်ပြန်မရပေမဲ့ ညီမလေးကိုပဲ ရောင်းလိုက်ချင်ပါတယ်"
ပန်းကန်လုံးများမှာ တကယ်ကိုလှပပြီး ဆိုင်ရှင်ပြောနေသည်မှာလည်း အမှန်ဖြစ်ကြောင်း လင်းယွဲ့ခံစားလိုက်ရသည်။ ခဏမျှ စဉ်းစားပြီးနောက် ငွေ ပြား၂၀၀အကုန်ခံကာ ပန်းကန်လုံး ၂၀ ဝယ်ယူလိုက်၏။ အချိုပွဲပန်းကန်လုံး ကိစ္စ ပြေလည်သွားပြီး ဤမျှလှပသော ပန်းကန်လုံးများကို ရရှိလိုက်သဖြင့် လင်းယွဲ့မှာ ကျေနပ်ပီတိများဖြင့်လွှမ်းမိုးသွားလေသည်။
ထို့နောက် သူမသည် မေဝေ့ကျိုက် ဆိုင်ရှင်အကြံပြုထားသော အနောက်လမ်းရှိ ဝမ်ကျစ်ကုန်စုံဆိုင်သို့ သွားရောက်ခဲ့သည်။ အနောက်လမ်းမှာ အရှေ့လမ်းထက် များစွာပိုဆူညံပြီး စည်ကားလှ၏။ သွားလာနေသူအများစုမှာ သာမန် ပိတ်စအဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ပစ္စည်းများကို အော်ဟစ်ရောင်းချနေသော လမ်းဘေးဈေးသည်များစွာလည်း ဟိုဟိုဒီဒီ သွားလာနေကြသည်။
ဝမ်ကျစ်ကုန်စုံဆိုင်၏ ဆိုင်ရှင်သည် ချန်ဖူကွေ့က အကြံပြုပေးလိုက်ခြင်း ဖြစ်ကြောင်းကြားသောအခါ ပုလင်းငယ်များကို တစ်လုံးလျှင် ၁ပြားနှုန်းဖြင့် ရောင်းချပေးရန် သဘောတူလိုက်သည်။ လင်းယွဲ့သည် ပုလင်း ၃၀ကို အရင် ဝယ်ယူလိုက်ပြီး အိမ်တွင်ထုပ်ပိုးကာ ငါးရက်အကြာတွင်ပြန်လာရန် စီစဉ်လိုက်၏။ သို့သော် ထိုအချိန်မတိုင်မီတွင် လူတိုင်းက အချိန်ပိုဆင်းကာ အလျင်စလို အပြီးသတ်ပေးခဲ့သဖြင့် လင်းယွဲ့အိမ်မှာ ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်သည်။ လင်းယွဲ့သည် သူမရှေ့ရှိ အိပ်ခန်းသုံးခန်း၊ ဧည့်ခန်းတစ်ခန်းနှင့် မီးဖိုချောင်တစ်ခန်းအပြင် အနောက်ဘက်ရှိအိမ်သာနှင့် ဝက်ခြံတို့ကို ကြည့်ရှုရင်း ကျေနပ်ပီတိများလွှမ်းမိုးသွားလေ၏။
"မရီး အခု အိမ်လည်းဆောက်ပြီးပြီဆိုတော့ အိမ်သစ်တက်ပွဲကို ဘယ်တော့လုပ်ဖို့ စီစဉ်ထားလဲ"