အခန်း ၈၁
Vol. 9 Ch. 81
Ch-81
လင်းယွဲ့ မသေချာမရေရာဖြစ်နေသည်မှာ ကုတာ့ဖူနှင့် ကုဝူရှန်းတို့ မိသားစုကိစ္စပင်ဖြစ်သည်။ သူတို့သည် တစ်ချိန်က ရန်သူလိုဖြစ်ခဲ့ကြသော်လည်း ပြင်ပရန်သူနှင့် ရင်ဆိုင်ရချိန်တွင် တူညီသော ရန်သူကို ဆန့်ကျင်ရန် ပူးပေါင်းခဲ့ကြသည်။ သူတို့ကိုဖိတ်ရမည်ဆိုလျှင်လည်း သူတို့ဆက်ဆံရေးက ထိုမျှအထိ မနက်ရှိုင်းလှသလို ခံစားရပြီး မဖိတ်ဘဲ နေမည်ဆိုလျှင်လည်း အနည်းငယ် ရိုင်းရာကျမည်ဟု ခံစားရ၏။
သို့သော် အကယ်၍ဖိတ်လိုက်ပါက အိမ်သစ်တက်ပွဲနေ့တွင် သူတို့ပြဿနာရှာမည်ကိုလည်း သူမစိုးရိမ်မိသည်။ လင်းယွဲ့ ခဏမျှစဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။
‘လက်ဖက်ရည်ဆိုင်ကို အရင်သွားမယ်၊ နောက်မှသူတို့ကိစ္စကို စဉ်းစားတော့မယ်’
ခရီးက နည်းနည်းဝေးသဖြင့် လင်းယွဲ့က တာ့ယာကို အိမ်တွင်သာနေခဲ့ရန်ပြောခဲ့ပြီး သူမဘာသာသွားခဲ့သည်။ မိုးကပိုသည်းလာပြီး အဆက်မပြတ်ရွာသွန်းနေသော မိုးရေများကြောင့် လင်းယွဲ့အမြင်အာရုံများပင် ဝေဝါးလုမတတ်ဖြစ်နေ၏။ သူမ လက်ဖက်ရည်ဆိုင်ထဲသို့ အမြန်ပြေးဝင်သွားရာ တစ်စုံတစ်ယောက်ရင်ခွင်ထဲသို့ မတော်တဆ ဝင်တိုက်မိသွားလေသည်။ လင်းယွဲ့မော့ကြည့်လိုက်ရာ သခင်လေးဝမ်၏အနည်းငယ် ပြာယာခတ်နေသော မျက်လုံးများကို တွေ့လိုက်ရသည်။
"တောင်းပန်ပါတယ်"
လင်းယွဲ့က သူမမျက်နှာပေါ်မှ မိုးရေများကို သုတ်ဖယ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ သခင်လေးဝမ်က အနေရခက်စွာဖြင့် ခေါင်းကိုလွှဲလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ထပ်ဆုတ်ကာ ပြောလိုက်သည်။
"မင်း ရောက်လာပြီပဲ"
"သခင်လေးဝမ်က ကျွန်မကိုစောင့်နေတာလား"
လင်းယွဲ့က ဝမ်အာမေကမ်းပေးသော လက်ကိုင်ပဝါကိုယူကာ သူမမျက်နှာပေါ်မှ မိုးရေများကို သုတ်လိုက်သည်။
"မဟုတ်ပါဘူး"
"ဟုတ်တယ်၊ သခင်လေးဝမ်က ညီမကို စောင့်နေတာကြာပြီ၊ တစ်နေ့လုံးမိုးတွေရွာနေလို့ ညီမလာမှာမဟုတ်ဘူးလို့ထင်နေတာ၊ ဘာလို့ လာတာလဲ"
ဝမ်အာမေက သခင်လေးဝမ်၏စကားကို ဖြတ်ပြောပြီး ဆက်ပြောလိုက်သည်။
"မိုးစရွာကတည်းက ဖောက်သည်သိပ်မလာကြဘူး"
လင်းယွဲ့သည် သခင်လေးဝမ်က စောစောက ဘာကြောင့်ငြင်းဆိုရန် ကြိုးစားခဲ့သည်ကို နားမလည်နိုင်ပေ။
"ဘာလို့ ဒီကိုရောက်နေတာလဲ"
"ဟမ် အို အို"
လင်းယွဲ့အပေါ် စူးစိုက်နေသော သခင်လေးဝမ်၏အကြည့်များမှာ သူမစကားကြောင့် ပြတ်တောက်သွားကာ သူ့အင်္ကျီရင်ဘတ်ထဲမှ စာပို့ခိုတစ်ကောင်ကို အမြန်ဆွဲထုတ်လိုက်သည်။
"ပြီးခဲ့တဲ့အခေါက်က မင်းကိုပေးမယ်လို့ ကတိပေးထားတဲ့ စာပို့ခိုလေ၊ ဒီနေ့ အားနေတာနဲ့ ယူလာပေးတာ"
သူသည် စာပို့ခိုလေးတစ်ကောင်အတွက် သက်သက်လာခဲ့သည်ကို လင်းယွဲ့ အနည်းငယ်အံ့အားသင့်သွား၏။ စာပို့ခိုလေးမှာ သူ့လက်ထဲတွင် သေးငယ်နေပြီး ၎င်း၏မီးခိုးရောင် အမွေးများမှာ တောက်ပနေကာ သေချာဂရုစိုက်ခံထားရကြောင်း သိသာလှပေသည်။ ခို၏ခြေထောက်တွင် စာလိပ်ငယ်လေးတစ်ခုကို ချည်နှောင်ထား၏။
"စာရွက်ပေါ်မှာ တစ်ခုခုရေးလိုက်ရင် သူက ကိုယ့်အိမ်ကိုပျံလာလိမ့်မယ်"
စာပို့ခို၏ဝိုင်းစက်နေသော မျက်လုံးများက ဟိုဟိုဒီဒီကြည့်နေသည်။ လင်းယွဲ့လက်ညှိုးက စာပို့ခို၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ရာ ခိုလေးက 'ဂူဂူး'ဟု အသံပြုလိုက်သည်ကို ကြားလိုက်ရသည်။
"သိပ်ချစ်စရာကောင်းတာပဲ"
စာပို့ခို၏အမွေးများမှာ ချောမွေ့နေပြီး သူမ ပွတ်သပ်ပေးသောအခါ တစ်ခါတစ်ရံ ခေါင်းကိုလှည့်လာတတ်သည်။ သူမသည် ခို၏နားရွက်နားကိုပါ ပွတ်သပ်ပေးလိုက်၏။ လင်းယွဲ့ မော့ကြည့်လိုက်ရာ သခင်လေးဝမ်၏အကြည့်များနှင့် ဆုံသွားရာပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေးဝမ်"
သို့သော် သခင်လေးဝမ်၏နှလုံးသားမှာ ရုတ်တရက် ခုန်ပေါက်သွားပြီး သူ့လက်များတုန်သွားရာ စာပို့ခိုမှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။
"ဟမ်"
လင်းယွဲ့ ဆောင့်ကြောင့်ထိုင်ချကာ စာပို့ခိုကို ပြန်ကောက်လိုက်သည်။
"သခင်လေးဝမ် ဒီနေ့ဘာဖြစ်နေတာလဲ၊ ဘာလို့ အမြဲတမ်းစိတ်လွင့်နေရတာလဲ"
သခင်လေးဝမ်၏သူငယ်အိမ်များ အနည်းငယ်ကျယ်သွားပြီးနောက် သူ့အမူအရာမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
"ဘာမှမဖြစ်ပါဘူး၊ ဒီရက်ပိုင်း အိပ်ရေးပျက်လို့ စိတ်လွင့်နေတာပါ"
သူက ပြောပြောဆိုဆိုနှင့် အပြင်သို့ ထွက်ရန်ကြိုးစားလိုက်သော်လည်း လင်းယွဲ့က သူ့ကိုလှမ်းခေါ်လိုက်သည်။
"သခင်လေးဝမ် အပြင်မှာ မိုးရွာနေတုန်းပဲလေ၊ ခဏလောက်ထပ်နေသွားပါဦး"
"ကောင်းပြီလေ"
သခင်လေးဝမ်သည် သူ့ထိတ်လန့်မှုကို ဖုံးကွယ်ကာ ရပ်လိုက်ပြီး ခုံတစ်လုံးပေါ်တွင် ထိုင်လိုက်သည်။ လင်းယွဲ့ယူလာပေးသော လက်ဖက်ရည်ကြမ်းပူပူကို ကိုင်ထားသော်လည်း သူသည် သူမကို တည့်တည့်မကြည့်ရဲဘဲ မျက်လုံးထောင့်မှသာ ခိုးကြည့်နေမိ၏။
'ဒီနေ့ ငါလာတုန်းက ငါ့ရင်ထဲမှာ ဘာကြောင့်ဖော်ပြလို့မရတဲ့ မျှော်လင့်ချက်တွေ ရှိနေခဲ့တာလဲ၊ ပြီးတော့ လင်းယွဲ့ကို မြင်ပြီးတဲ့နောက် ငါ့နှလုံးသားက ဘာလို့ ဒီလောက် မြန်မြန်ခုန်နေရတာလဲ၊ လင်းယွဲ့က ဒီနေ့မှဘာလို့ အရမ်းလှနေတယ်လို့ ငါထင်နေရတာလဲ၊ မိုးရေကြောင့် သူ့ဆံပင်တွေက နည်းနည်းစိုထိုင်းပြီး တစ်ကိုယ်လုံး စိုရွှဲနေတာများ ကြောင်ပေါက်လေးတစ်ကောင်လိုပဲ၊ အထူးသဖြင့် သူ့မျက်လုံးတွေက ငါ့ကိုကြည့်လာတဲ့အချိန်မှာ ငါ့နှလုံးခုန်သံကို ပိုမြန်လာစေပြီး ရင်ထဲဗြောင်းဆန်သွားစေတယ်’
သခင်လေးဝမ်သည် လင်းယွဲ့က ဝမ်အာမေအား အိမ်သစ်တက်ပွဲသို့ ဖိတ်ကြားနေသည်ကို ကြားလိုက်ရသည်။
"အိမ်သစ်တက်ပွဲက ဘယ်နေ့လဲ"
သခင်လေးဝမ်က ပုံမှန်အတိုင်းဟန်ဆောင်ကာ မေးလိုက်သည်။
"သန်ဘက်ခါပါ"
သခင်လေးဝမ်သည် သူမမျက်လုံးများ ပြုံးရွှင်နေပြီး တစ်ကိုယ်လုံးလင်းလက်တောက်ပနေသည်ကို တွေ့လိုက်ရသည်။ သူက ခေါင်းငုံ့ကာ လက်ဖက်ရည် တစ်ငုံသောက်လိုက်၏။
"သန်ဘက်ခါကျ ကိုယ်အားတာနဲ့ အတော်ပဲ"
"ဒါဆို သခင်လေးဝမ်လာမှာလားဟင်"
လက်ဖက်ရည်ပန်းကန်ကို ကိုင်ထားသော သခင်လေးဝမ်၏လက်များမှာ ခဏမျှ အနည်းငယ်တုန်ယင်သွားပြီး ပြောလိုက်သည်။
"လာလို့ရပါတယ်၊ ကိုယ့်ညီမက မင်းလုပ်တဲ့ဝမ်တန်တွေကို စားချင်တယ်လို့ ပူဆာနေလို့"
"ကောင်းပါပြီ၊ သန်ဘက်ခါကျရင် ယာဝေ့အတွက် အထူးဝမ်တန်တစ်ပွဲ လုပ်ပေးပါ့မယ်"
သခင်လေးဝမ်၏နှုတ်ခမ်းများက မသိမသာပြုံးယောင်သန်းသွားပြီး ပြောလိုက်သည်။
"မိုးတိတ်သွားပြီမလို့ ကိုယ်ပြန်သင့်ပြီ"
သခင်လေးဝမ် ဘာကြောင့်လာချင်သည်ကို လင်းယွဲ့မသိသော်လည်း ၎င်းက သူမအတွက် ပြဿနာတစ်ခုကိုဖြေရှင်းပေးလိုက်သလို ဖြစ်သွားသည်။ သခင်လေးဝမ်သာရှိနေပါက ကုတာ့ဖူနှင့် ကုဝူရှန်းတို့ သေချာပေါက်ပြဿနာရှာရဲမည် မဟုတ်ပေ။
‘ဒါဆိုရင် ငါ ကုတာ့ဖူနဲ့ ကုဝူရှန်းတို့ကို ဖိတ်လို့ရပြီ’
ဤသို့တွေးပြီးနောက် လင်းယွဲ့သည် ကုမိသားစုအိမ်ဆီသို့ လျှောက်လာလိုက်သည်။ သူမ အိမ်တံခါးဝသို့မရောက်မီကပင် ကုတာ့ဖူ၏မျှော်လင့်တကြီး စောင့်စားနေသော အကြည့်များကိုမြင်လိုက်ရ၏။ ထိုအကြည့်များမှာ သူမဆီသို့ စူးစိုက်နေပုံရသည်။ လင်းယွဲ့သည် ကုအာကွေ့အိမ်သို့ အရင်သွားခဲ့ပြီး ကုအာကွေ့အား အိမ်သစ်တက်ပွဲသို့ ဖိတ်ကြားရုံသာမက သန်ဘက်ခါ ရှီထိုင်ခရိုင်သို့စင်များ သွားရောက်တပ်ဆင်ရန် သူမနှင့်အတူလိုက်ခဲ့ရန်ပါ တောင်းဆိုခဲ့သည်။
"ပြဿနာမရှိပါဘူး"
ကုအာကွေ့ ပြန်ပြောလိုက်သည်။
"မင်းပြောတဲ့စင်မျိုးက သစ်သားကောင်းကောင်းသာယူသွားရင် မနက်ခင်းလောက်နဲ့ ပြီးနိုင်ပါတယ်"
အဒေါ်ကုကလည်း ဝင်ပြောလိုက်သည်။
"နင့်ဦးလေးကို ဒီလိုသာမြင်ရတာ၊ သူ့ရဲ့ လက်သမားပညာက သိပ်ကောင်းတာ"
သူမ ထွက်သွားပြီးနောက် အဒေါ်ကုက ကုအာကွေ့လက်ကိုပုတ်ကာ ပြောလိုက်သည်။
"သူက အစ်ကိုကြီးကိုဖိတ်မယ်လို့ ရှင်ထင်လား"
ကုအာကွေ့က နှုတ်ခမ်းစူကာ ခေါင်းခါလိုက်သည်။
"ငါသာဆိုရင်တော့ သူ့ကို သေချာပေါက်ဖိတ်မှာ မဟုတ်ဘူး"
အဒေါ်ကုက အနည်းငယ်အထင်သေးသောလေသံဖြင့် ပြောလိုက်သည်။
"ရှင့်ရဲ့ကျဉ်းမြောင်းတဲ့ စိတ်ထားကတော့ ထားလိုက်ပါတော့၊ အပ်ပေါက်လောက်တောင် မကြီးပါဘူး၊ ဒါပေမဲ့ ညီလေးညီမလေးတွေကိုခေါ်ပြီး ရှင့်မိသားစုဆီ သူလာခိုလှုံတုန်းက ဘယ်လောက်တောင် အခက်အခဲဖြစ်ခဲ့မလဲဆိုတာ နားလည်နိုင်ပါတယ်၊ နောက်ဆုံးတော့ ရှင့်မိသားစုထဲက ဘယ်သူကမှ ကူညီတဲ့လက်တစ်ဖက်တောင် ကမ်းမပေးခဲ့ကြဘူး"
"ငါ့ကိုမေးရင်တော့ ကုတန်နဲ့ တာ့ယာက ကုမိသားစုဝင်တွေပဲ၊ မိန်းမငယ်လေး တစ်ယောက်ဖြစ်တဲ့ သူနဲ့ဘာဆိုင်လို့လဲ၊ တခြားလူတွေသာဆိုရင် ဒီအချိန်လောက်ဆို ထွက်ပြေးပြီး နောက်အိမ်ထောင်ပြုသွားလောက်ပြီ၊ ဒါပေမဲ့ ညီမလေးယွဲ့က တကယ်ကို သဘောကောင်းတာပါ"
အဒေါ်ကု စကားပြောနေစဉ် လင်းယွဲ့သည် ကုတာ့ဖူအိမ်သို့ လျှောက်သွားလေသည်။
"မင်း ရောက်လာပြီပဲ"
ကုတာ့ဖူက သူ့ဆေးတံကိုထပ်ခေါက်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
ဆူညံနေသော အခန်းကြီးမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး လူတိုင်းက သူမကိုစိုက်ကြည့်နေကြသည်ကို လင်းယွဲ့ မြင်လိုက်ရသည်။ ကျေးလက်ဒေသကဲ့သို့ လူမှုဆက်ဆံရေးကို တန်ဖိုးထားသော နေရာမျိုးတွင် လူတစ်ယောက်ပိုလာခြင်းက တစ်ယောက်လျော့သွားခြင်းထက် ပိုကောင်းပေသည်။ စွန်းကျန်းနှင့် ပြဿနာဖြစ်ပြီးနောက် ကုတာ့ဖူနှင့် ကုဝူရှန်းတို့မှာာအဆင်ပြေကြပြီး တကယ့် လူဆိုးများမဟုတ်ကြကြောင်း လင်းယွဲ့ ခံစားမိ၏။
သူတို့သည် မိမိတို့အကျိုးစီးပွားကို အသည်းအသန် ကာကွယ်နေကြသည့် ရိုးရာလယ်သမားငယ်လေးများသာ ဖြစ်ကြသည်။ အလွန်ရင်းနှီးစွာ ပေါင်းသင်းရန်မဟုတ်လျှင်တောင် အပေါ်ယံ အသိအကျွမ်းလောက်တော့ လက်ခံနိုင်ဖွယ်ရှိသည်။
"သန်ဘက်ခါ ကျွန်မအိမ်သစ်တက်ပွဲ လုပ်မလို့ပါ၊ ဦးလေးတို့ နှစ်ယောက်ကို ဖိတ်ချင်လို့ လာကြမလား"
"ငါ"
ကုတာ့ဖူကပြုံးကာ အမြန်ခေါင်းညိတ်လိုက်သည်။
"လာမှာပေါ့၊ သေချာပေါက် လာမှာပေါ့"
"ငါ ငါ ငါလည်း လာမှာပေါ့"
ကုဝူရှန်းက လူကြားထဲမှတိုးထွက်လာခဲ့သည်။
"သူက ငါ့ကိုအိမ်သစ်တက်ပွဲ ဖိတ်တယ်ဟေ့ ဟီးဟီးဟီး တူမလေးက ငါ့ကိုအိမ်သစ်တက်ပွဲ ဖိတ်တယ်ကွ၊ မင်းတို့ ရှုံးပြီ၊ ပိုက်ဆံပေးကြ မြန်မြန်ပိုက်ဆံပေးကြစမ်း"
ကုဝူရှန်းသည် သူ့အမှားကို သတိပြုမိသွားကာ လည်ချောင်းကို အမြန်ရှင်းပြီးပြောလိုက်သည်။
"ငါ လာမယ်၊ တူမလေး သဘက်ခါကျရင် သေချာပေါက်လာခဲ့မယ်"
လင်းယွဲ့ နောင်တရသွားမည်ကို စိုးရိမ်သဖြင့် ကုတာ့ဖူက အမြန်ထပ်ပြောလိုက်သည်။
"ငါလည်း လာမှာနော်"
လင်းယွဲ့က ယဉ်ကျေးစွာပြန်ပြုံးလိုက်သည်။
"ဟုတ်ကဲ့ပါ"
"လင်းယွဲ့က တကယ်ကိုသဘောထား ကြီးတာပဲ"
အခန်းထဲမှလူများက သက်ပြင်းချရင်း ပြောလိုက်ကြသည်။
"ဘယ်သူက မဟုတ်ဘူးပြောလို့လဲ၊ ကြည့်လေ သူ့မီးဖိုချောင်ထဲမှာ လူသေရဲ့သွေးတွေ စွန်းကျန်ခဲ့တာကိုတောင် မကြောက်ဘူးဆိုတော့ သူကသိပ်သတ္တိရှိတာပဲ၊ ဒါပေမဲ့ ငါတို့အပေါ်ကျတော့ သူက အရမ်းသဘောကောင်းတယ်၊ ဒီမိန်းမကို တကယ်ပဲအထင်သေးလို့မရဘူး"
ဝမ်ကျစ် တစ်ယောက်တည်းသာ မြေကြီးပေါ်တွင် ဒူးထောက်ကာ မိုးကောင်းကင်သို့မော့၍ အော်ဟစ်နေလေသည်။
"ငါ့ပိုက်ဆံတွေ၊ ငါ ဘယ်လိုလုပ်ထပ်ရှုံးရပြန်တာလဲ"
အိမ်သစ်တက်ပွဲနေ့တွင် ရာသီဥတုမှာ ကြည်လင်တောက်ပနေပြီး လင်းယွဲ့က ညစာဖြင့် ဧည့်ခံကျွေးမွေးမည် ဖြစ်သည်။ သူမသည် အသားဝယ်ရန် နွားလှည်းဖြင့် နင်ယွဲ့မြို့သို့ စောစောစီးစီး ထွက်သွားခဲ့သည်။ အနီးအနားရှိ ရွာများတွင်လည်း အသားဆိုင်များရှိသော်လည်း သူတို့သည် ဝက် သို့မဟုတ် သိုးကိုသတ်ကာ အသားအားလုံးရောင်းကုန်မှသာ ထပ်သတ်ပြီး ရောင်းလေ့ရှိကြ၏။
ထို့ကြောင့် အမြဲတမ်းမရနိုင်သလို ရလျှင်လည်း လတ်ဆတ်ချင်မှ လတ်ဆတ်ပေမည်။ လင်းယွဲ့သည် အပြန်လမ်းတွင် ဟင်းသီးဟင်းရွက် အချို့ကိုလည်း ဝယ်ခဲ့သည်။ သူမ ပြန်လာသောအခါ ဝက်ခြေထောက်တစ်ချောင်း၊ ကြက်တစ်ကောင်လုံး၊ သိုးနံရိုးများနှင့်အတူ ရေခဲသေတ္တာထဲမှ ဟင်းသီးဟင်းရွက် အမျိုးမျိုးကိုပါ သယ်ဆောင်လာခဲ့သည်။ လှည်းတစ်ခုတည်းစီးလာသူများမှာ မျက်လုံးပြူးသွားကြသည်။
"ညီမလေးယွဲ့၊ အစ်ကို ရက်တွေများမှားမှတ်မိနေတာလား၊ ဒီနေ့က နှစ်သစ်ကူးနေ့လား"
လင်းယွဲ့ပြုံးလိုက်သည်။
"နောက်နေပြန်ပါပြီ၊ ဒီနေ့ ကျွန်မအိမ်မှာ အိမ်သစ်တက်ပွဲ ရှိလို့ပါ"
"အိမ်သစ်တက်ပွဲကို ဒီလောက်ကြီးကြီးကျယ်ကျယ် လုပ်တာလား"
လိုက်ပါလာသူများက ရင်တွင်း၌အံ့ဩချီးမွမ်းနေကြသည်။ ပြီးခဲ့သည့်အကြိမ် စစ်ဆေးရေးအရာရှိကိစ္စပြီးနောက် မာယန်ရွာတစ်ရွာလုံး သူမ၏ကျေးဇူးဆပ် လက်ဆောင်အဖြစ် ဝက်သားတစ်ကျင်းစီရခဲ့ကြသည်ပင်။
‘ဒီညီမလေးယွဲ့က တကယ်ရက်ရောတာပဲ’
လင်းယွဲ့ ပြန်ရောက်ပြီးနောက် မီးဖိုချောင်ထဲတွင် စားသောက်ပွဲအတွက် ပြင်ဆင်ချက်ပြုတ်ရန် အလုပ်များနေလေသည်။ သို့သော် ပထမဆုံး ရောက်လာမည့်သူမှာ ထိုသူဖြစ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။