အခန်း ၈၃
Vol. 9 Ch. 83
Ch-83
အမျိုးသားများသည် အရက်ကို သူတို့ပန်းကန်လုံးများထဲသို့ အငမ်းမရ လောင်းထည့်နေကြသော်လည်း အရက်တစ်စက်မျှ ဖိတ်ကျမည်ကို စိုးရိမ်သဖြင့် သူတို့လှုပ်ရှားမှုများမှာ အလွန် သတိထားနေကြသည်။ ဝမ်ကျစ်က အရက်ငှဲ့ပေးလိုက်ရာ ဆန်အရက်မှာ ကုန်သွားပြီဖြစ်သော်လည်း ပုလင်းဝမှ အရက်တစ်စက်ကျလာသည်ကို မြင်သောအခါ သူက အမြန်လျှာဖြင့် လျက်လိုက်၏။ သူက နှုတ်ခမ်းသပ်ကာ
"တကယ်ကောင်းတဲ့ အရသာပဲ"
လူတိုင်း ပျော်ရွှင်စွာ စားသောက်နေကြသည်ကို မြင်သောအခါ လင်းယွဲ့သည် ဆောင်းရာသီတွင် အချိုရည်နှင့် ရိုးရိုးအရက်ရောင်းချမည့် သူမအစီအစဉ်ကို အကောင်အထည်ဖော်နိုင်မည်ဟု ပို၍ပင် ယုံကြည်မှုရှိလာလေသည်။ သူမရေခဲသေတ္တာထဲတွင် အရက်များ ကျန်ရှိနေသေးရာ ထိုအချိန်ကျလျှင် ဆန်အရက်ထဲသို့ ရေအနည်းငယ် ရောပြီးနောက် အရက်အနည်းငယ်ထည့်လိုက်မည် ဖြစ်သည်။
‘တကယ်ကောင်းမွန်တဲ့ စီးပွားရေးပဲ’
ရှီထိုင်ခရိုင်တွင်ပင် ရောင်းချနိုင်ကောင်း ရောင်းချနိုင်ပေမည်။ လင်းယွဲ့သည် ဝမ်စုန်ရှင်းကိုကြည့်လိုက်သည်။ ယခု သူ့ကိုအကာအကွယ်တစ်ခုအဖြစ် အသုံးပြုနိုင်ပြီဖြစ်ရာ ကိစ္စများစွာကို ကိုင်တွယ်ဖြေရှင်းရန် ပိုလွယ်ကူသွားမည်ဖြစ်သည်။ သူသာမရှိလျှင် ငရုတ်သီးဆော့စ်ရောင်းရန် ရှီထိုင်ခရိုင်သို့ သွားရဲမည်မဟုတ်ပေ။
‘အကယ်၍ ငရုတ်သီးဆော့စ်များ အရောင်းသွက်လာရင် တစ်စုံတစ်ယောက်က ငါ့ကိုကြားဖြတ်ပြီး ချက်နည်းကို တောင်းဆိုလာနိုင်တယ်၊ အဲ့ဒီအခါကျ ငါဆက်မလုပ်ကိုင်နိုင်တော့မှာတွေးမိရုံနဲ့ ပြဿနာများလိုက်တာ'
သို့သော် ယခုသူနှင့် ခရိုင်တရားသူကြီး၊ စာရေးကြီးကျိုးတို့ရှိနေပြီဖြစ်ရာ သူမကို လာရောက်နှောင့်ယှက်ရဲသူ အလွန် နည်းပါးသွားမည်ဖြစ်သည်။
"ယောင်းမ ဒါက အရမ်းအရသာရှိတာပဲ"
တာ့ယာ၏အာမေဍိတ်သံက လင်းယွဲ့အတွေးများကို အနှောင့်အယှက်ဖြစ်သွားစေသည်။ ဝမ်ယာဝေ့ကလည်း ဝက်နံရိုးချဉ်စပ်ကြော် အတုံးအတော်များများကို တူဖြင့်ညှပ်ယူလိုက်သည်ကို တွေ့လိုက်ရပြီး သူမမျက်လုံးများတွင် ဝမ်းသာပျော်ရွှင်မှုများပြည့်နှက်နေ၏။ ဤဟင်းလျာမှာ ကလေးများ အကြိုက်ဆုံး ဟင်းလျာပင်ဖြစ်သည်။
ယင်းကိုမြင်သောအခါ လင်းယွဲ့က ဇွန်းကြီးတစ်ချောင်းကိုသုံး၍ ဟင်းရည်ကြည်ဂေါ်ဖီထုပ်ပေါင်းကို လူတိုင်းပန်းကန်များထဲသို့ ခွဲဝေထည့်ပေးလိုက်သည်။ ဝမ်ယာဝေ့က ခေါင်းစောင်းကာ
"ဂေါ်ဖီထုပ်ဟင်းရည်လား"
ထို့နောက် သူမ မျက်မှောင်အနည်းငယ် ကြုတ်ကာ
"အရသာသိပ်ရှိမှာ မဟုတ်ဘူးထင်တယ်"
လင်းယွဲ့ပြုံးလိုက်သည်။
"ဒါက စောစောက ယာဝေ့စပ်စုနေတဲ့ ဟင်းရည်လေ၊ ဂေါ်ဖီထုပ်ဟင်းရည် မဟုတ်ပါဘူး၊ မြည်းကြည့်လိုက်ရင် သိပါလိမ့်မယ်"
လင်းယွဲ့က လျှို့ဝှက်သလိုလုပ်နေသည်ကို မြင်သောအခါ ဝမ်ယာဝေ့က စူးစမ်းလိုစိတ်ဖြင့် တစ်ငုံမြည်းကြည့်လိုက်ရာ သူမမျက်လုံးများ အနည်းငယ် ပြူးကျယ်သွားလေသည်။
"ဒါက တကယ်ကိုဟင်းရည်ကြည်ပဲ၊ အရသာက ကြည်လင်ပြီး ကြွယ်ဝတယ်၊ အနယ်အနှစ်တွေလည်း မပါဘူး၊ အရသာရှိလိုက်တာ"
သို့သော် သူမသည် ဝက်နံရိုးချဉ်စပ်ကြော်နောက်တစ်တုံးကို ထပ်ယူကာ ပြုံး၍ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်မကတော့ ဒါကိုပဲပိုစားချင်တယ်"
"ဒါဆို ဒီဟင်းကိုမြည်းကြည့်ပါလား၊ ဆားနဲ့ ငရုတ်ကောင်းနယ်ထားတဲ့ ဝက်သားကြော်လေ"
လင်းယွဲ့ပြောလိုက်သည်။
"ယာဝေ့ ဒါကိုလည်းကြိုက်မှာပါ"
တစ်တုံးယူစားပြီးနောက် ဝမ်ယာဝေ့က အမြန်ခေါင်းညိတ်ပြလိုက်သော်လည်း 'စားနေစဉ် စကားမပြောရ၊ အိပ်နေစဉ် စကားမပြောရ' ဆိုသည့် စည်းကမ်းချက်များက သူမအရိုးထဲအထိစွဲနေခဲ့ပြီ ဖြစ်သည်။ သူမသည် ဝက်သားကြော်ကို ဝါးနေဆဲဖြစ်ပြီး ချီးကျူးစကားမပြောနိုင်သဖြင့် ခေါင်းကိုသာ ဆက်တိုက်ညိတ်နေလေ၏။
ထိုအချိန်တွင် ဝမ်စုန်းရှင်းသည် ဟင်းရည်ကိုဖြည်းညှင်းစွာ သောက်ရင်း အရသာခံနေသည်။ အဝတ်အစားကောင်းများ၊ အစားအသောက်ကောင်းများဖြင့် ကြီးပြင်းလာသူဖြစ်ရာ ဤကဲ့သို့သောဟင်းရည်မျိုးနှင့် မစိမ်းလှသော်လည်း 'ဟင်းရည်ကြည် ဂေါ်ဖီထုပ်ပေါင်း' ဟင်းလျာကို သူ အတော်လေး စိတ်ဝင်စားနေ၏။ စားပွဲပေါ်တွင် ဟင်းလျာများစွာရှိပြီး အချို့ကို သူ ယခင်က တစ်ခါမျှမမြင်ဖူးခဲ့ပေ။
လင်းယွဲ့သည် တကယ်ကိုအံ့ဩဖွယ်ကောင်းသော မိန်းကလေးတစ်ဦးဖြစ်ပြီး အလွန်စိတ်ဝင်စားစရာကောင်းကာ လျှို့ဝှက်ဆန်းကြယ်သူဖြစ်ကြောင်း သူ ပို၍ပင်ခံစားလာရသည်။ အခြားရွာသားများမှာ အလွန်တရာအံ့အားသင့်နေကြ၏။ အထူးသဖြင့် ဝမ်တာ့ဟိုင်မှပြောလိုက်သည်။
"လွန်ခဲ့တဲ့နှစ်တွေတုန်းက ရှီထိုင်က ချမ်းသာတဲ့မိသားစုမှာ အလုပ်လုပ်တုန်းကတောင် အစားအသောက်တွေက ဒီလောက်သပ်ရပ်လှပတာမျိုးမရှိဘူး"
"ဒါက တကယ်ကို လင်းယွဲ့ရဲ့ကျေးဇူးကြောင့်ပါ၊ တစ်သက်မှာ ဒီလောက် ကောင်းကောင်းစားရတာ တကယ်ကိုရှားပါးတယ်"
သူက ပြောပြောဆိုဆိုနှင့် အရက်ကို နောက်ထပ်တစ်ငုံသောက်လိုက်သည်။
"ဘယ်သူက မဟုတ်ဘူးပြောလို့လဲ"
ဝမ်တာ့ဟဲက ဂေါ်ဖီထုပ်တစ်ဖတ်ကိုယူလိုက်သည်။
"ကြည့် ဒီဂေါ်ဖီထုပ်မှာတောင် ကြက်သားအရသာရနေတယ်၊ ငါ အရက်မူးနေတာလား"
ကလေးများမှာ ဟင်းများကို ပို၍မြန်မြန်ယူစားနေကြပြီး ခဏအကြာတွင် ကလေးစားပွဲမှာ ပြောင်သလင်းခါသွားလေသည်။ သူတို့သည် ပျော်ရွှင်စွာ စကားပြောဆိုနေကြပြီး တစ်ခါတစ်ရံ လင်းယွဲ့နှင့် စကားအနည်းငယ်ပြောကြသည်။ ဝမ်ယာဝေ့က ခေါင်းစောင်းကာ အကဲခတ်နေ၏။
ဤစားသောက်ပွဲမှာ သူမတက်ရောက်ဖူးသမျှထဲတွင် အရိုးရှင်းဆုံးဖြစ်ပြီး အမျိုးသားနှင့် အမျိုးသမီးများပင် သီးသန့်ခွဲမထားသဖြင့် အလွန်ရိုင်းစိုင်းရာကျပေသည်။ သို့သော် မြို့တော်ရှိ စားသောက်ပွဲများနှင့် ကွာခြားသော ရိုးရှင်းမှု၊ နွေးထွေးမှုနှင့် အစားအသောက်များကို သူတို့တကယ့်စိတ်ရင်းမှ နှစ်သက်စွာ စားသုံးနေကြပုံများအား သူမ မည်သို့ခံစားမိနေပါသနည်း။ ဝမ်ယာဝေ့က ခပ်ဖွဖွပြုံးကာ ဝမ်စုန်ရှင်းအား ပြောလိုက်သည်။
"အစ်ကို ဒီကလေထုကို ကျွန်မ သဘောကျတယ်"
ဝမ်စုန်းရှင်းကလည်း ထိုအတိုင်းပင် ခံစားရသည်။ ကလေးဘဝက သူသည် ဖခင်ဖြစ်သူနှင့်အတူ အနောက်တောင်ဘက်တွင်နေထိုင်ခဲ့ရာ ထိုနေရာတွင် ခြေဆယ်လှမ်းလျှင် ဓားပြတစ်ယောက် ရှိသကဲ့သို့ဖြစ်နေသည်။ သူတို့က ဓားပြများကို နှိမ်နင်းရန်ကြံရွယ်သောအခါ တောင်ခြေရှိ ရွာသားများက ဓားပြများကို သတင်းပေးလေ့ရှိသဖြင့် သူ့ဖခင်မှာ ဘာမှမတတ်နိုင်ခဲ့ပေ။
သို့သော် သူ့ဖခင်ကို ပို၍ပင်အကူအညီမဲ့သွားစေသည်မှာ အနောက်တောင်ဘက်ရှိ မြေကွက်ကျယ်ကြီးများကို ဩဇာကြီးမားသော သူဌေးများနှင့် အင်အားကြီးမိသားစုများက ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ထိုမြေများ မြေလွတ်ဖြစ်နေလျှင်ပင် လယ်သမားများကို စိုက်ပျိုးခွင့်မပြုကြပေ။ လယ်သမားများစွာသည် မြေကို ငှားရမ်းစိုက်ပျိုးကြရပြီး သူတို့အမြတ်ငွေ ဆယ်ပုံခုနစ်ပုံကို မြေပိုင်ရှင်အား ပေးရုံသာမက အစိုးရကိုပါအခွန်ပေးဆောင်ရ၏။
တစ်နှစ်ပတ်လုံး လယ်လုပ်ပြီးနောက် သူတို့ ဝဝလင်လင်တောင်မစားရဘူးဟု ပြောနိုင်သည်။ ဓားပြဖြစ်သွားပြီးနောက် သူတို့သည် များသောအားဖြင့် တောင်ပေါ်သို့ဝင်သွားကြပြီး အချို့ဆိုလျှင် ခရီးသွားများကိုပင် မလုယက်ဘဲ အတိုးသက်သာစေရန် တောင်ပေါ်တွင်သာ လယ်လုပ်ကြသည်။ သို့သော် သူတို့ကို အစိုးရက ဓားပြများအဖြစ် သတ်မှတ်ကာ နှိမ်နင်းလေ့ရှိသည်။
ထိုလူများ၏မျက်နှာများတွင် ဝမ်းနည်းမှု၊ ဒေါသထွက်မှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်နေသည်။ သူတို့၏အကူအညီမဲ့မှုကို ဝမ်စုန်းရှင်း ခံစားနိုင်ခဲ့သည်။
“သူတို့က အသက်ရှင်သန်ချင်ရုံလေးပါ၊ ဘယ်နေရာမှာ မှားသွားခဲ့လို့လဲ”
"ငါ ဘယ်လိုလုပ်မသိဘဲ နေမှာလဲ၊ ဒါပေမဲ့ သူတို့က ဧကရာဇ်ရဲ့အာဏာကို စိန်ခေါ်နေတာလေ၊ တာ့ယုံမင်းဆက်က လူတိုင်းသာ ဒီလိုဖြစ်နေရင် တိုင်းပြည်က ဘယ်လိုလုပ်ရပ်တည်နိုင်တော့မလဲ"
ဝမ်စုန်းရှင်းက သူ့ဖခင်ကို အသနားခံခဲ့သော်လည်း ဖခင်ဖြစ်သူမှပြန်ပြောခဲ့သည်။ သူ့ဖခင်မှာ အကူအညီမဲ့နေသော်လည်း သူတို့ကိုသတ်ရုံမှလွဲ၍ အခြား ရွေးချယ်စရာမရှိခဲ့ပေ။
‘ပြည်သူတွေရဲ့အသက်ရှင်သန်မှုနဲ့ ဧကရာဇ်ရဲ့ အာဏာတည်မြဲမှုက ဆန့်ကျင်ဘက်ဖြစ်နေတာလား’
ကလေးတစ်ယောက်ဖြစ်သော သူ့စိတ်ထဲတွင် မေးခွန်းထုတ်စရာကြီးတစ်ခု ပေါ်လာခဲ့သည်။
‘ဩဇာကြီးမားတဲ့ သူဌေးတွေနဲ့ အင်အားကြီး မိသားစုတွေရဲ့ လုယက်မှုတွေကရော ဘယ်လိုလဲ၊ အဲဒါက ဧကရာဇ်ရဲ့အာဏာကို စိန်ခေါ်တာ မဟုတ်ဘူးလား၊ ဒါပေမဲ့ ဘာလို့ နန်းတော်တစ်ခုလုံးက အရပ်ဘက်စစ်ဘက်အရာရှိတွေအားလုံး တိတ်ဆိတ်နေကြတာလဲ’
ဝမ်စုန်းရှင်း နားမလည်ခဲ့သော်လည်း ထိုသာမန်ပြည်သူများ၏ ဝမ်းနည်းကြေကွဲနေသော မျက်လုံးများက သူ့နှလုံးသားထဲတွင် စွဲထင်နေပြီး သူ့ကိုအမြဲတမ်း တွေးတောနေစေခဲ့သည်။ သို့သော် ဤကဲ့သို့သောကိစ္စများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိ၏။
‘အတိတ်ကကိစ္စတွေကို ထားလိုက်ပါတော့’
မကြာသေးမီကပင် ကျန်းရှစီရင်စုတွင် သဘာဝဘေးအန္တရာယ်နှင့် လူတို့ဖန်တီးသော ဘေးအန္တရာယ်များကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများကို နေရာမချထားပေးနိုင်သဖြင့် အများအပြားမှာ ဓားပြများဖြစ်သွားကြပြီဟု ကြားရသည်။ ထို့ပြင် တာယုံမင်းဆက်ပြင်ပမှ အင်အားကြီးနိုင်ငံများ၏ကျူးကျော်ဝင်ရောက်မှုများနှင့် အတွင်းပိုင်းနေရာအနှံ့အပြားတွင် ပုန်ကန်မှုများ ဖြစ်ပွားနေသဖြင့် ကျန်းရှစီရင်စုကိစ္စကို ကိုင်တွယ်ရန် အင်အားပင် မလုံလောက်တော့ပေ။ ပြည်တွင်းပြည်ပပြဿနာများက သူ့ကို အလွန်အမင်း စိုးရိမ်ပူပန်စေခဲ့သည်။
သို့သော် ယနေ့ သာမန်ပြည်သူများ၏ပျော်ရွှင်နေသော မျက်နှာများကို မြင်တွေ့ရခြင်းက ဝမ်စုန်းရှင်းအား ရှားရှားပါးပါးစိတ်သက်သာရာရစေခဲ့သည်။ ဝမ်စုန်းရှင်းသည် လင်းယွဲ့ကို လှမ်းကြည့်လိုက်ရာ သူမ၏နူးညံ့သိမ်မွေ့သော မျက်နှာအမူအရာကို မြင်တွေ့ရပြီး သာမန်ပြည်သူများ၏ပျော်ရွှင်ဖွယ် ရယ်မောသံများထဲတွင် သူကိုယ်တိုင်လည်း နစ်မျောသွားလေတော့သည်။ အိမ်သစ်တက်ပွဲပြီးဆုံးပြီးနောက် လင်းယွဲ့သည် ဧည့်သည်များကို နှုတ်ဆက်ကာ အိမ်ကိုရှင်းလင်းရေး လုပ်၏။
"မရီး စောစော နားလိုက်ပါတော့၊ ဒါတွေကို ကျွန်တော်ရှင်းလိုက်ပါ့မယ်"
ကုတန်က လင်းယွဲ့ကို အခန်းထဲသို့ တွန်းပို့လိုက်သည်။
"မရီး မနက်ဖြန် ရှီထိုင်ကိုသွားရဦးမယ်လေ၊ စောစောအိပ်တော့နော်"
"ကောင်းပြီလေ၊ ဒါဆို မင်းကိုပဲဒုက္ခပေးရတော့မယ်"
လင်းယွဲ့သည် မီးဖိုချောင်ထဲသို့ဝင်သွားလေသည်။ သူမသည် ရေချိုးရန်အတွက် သီးသန့်နေရာငယ်လေးတစ်ခုကို ကာရံပေးရန် တစ်စုံတစ်ယောက်ကို အထူးတလည် အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။ သူမသည် မီးဖိုမှကျန်ရှိသော အပူဖြင့် ကျိုထားသည့် ရေနွေးများကို ဇလုံတစ်ခုထဲသို့ လောင်းထည့်ကာ ရေအေးရောပြီး ရေချိုးခန်းထဲသို့ ဝင်သွားလေ၏။
ရေချိုးခန်းမှာ ကျဉ်းလွန်းသဖြင့် လှည့်ရန်ပင် ခက်ခဲသော်လည်း လင်းယွဲ့မှာ ကျေနပ်နေလေသည်။ ယခင်က ညသန်းခေါင်ကြီး ချောင်းဘေးတွင်ခိုးပြီး ရေချိုးရသည်ထက် အများကြီးပိုကောင်းပေသည်။ လင်းယွဲ့သည် သူမမျက်နှာသုတ်ပုဝါကို ရေစိမ်လိုက်ပြီး နွေးထွေးသော အဝတ်စဖြင့် ခန္ဓာကိုယ်ကို ပွတ်တိုက်လိုက်ရာ သက်သောင့်သက်သာဖြင့် သက်ပြင်းချလိုက်၏။
သူမ သန့်ရှင်းရေးလုပ်ပြီး အခန်းထဲသို့ ဝင်သွားသောအခါ ပို၍ပင်ကျေနပ်သွားလေသည်။ ဤအခန်းတွင် သူမ တစ်ယောက်တည်းသာ နေထိုင်ပြီး နောက်ဆုံးတွင် ကုတင်ကြီးပေါ်၌ ခြေဆန့်လက်ဆန့် အိပ်နိုင်ပြီဖြစ်သည်။ ကုတင်ပေါ်တွင် ခင်းထားသောကောက်ရိုးများမှာ အသစ်ဖြစ်ပြီး နေလှန်းထားသဖြင့် ကောက်ရိုးနံ့များသင်းပျံ့နေ၏။ စူးမည်ကိုစိုးရိမ်သဖြင့် အပေါ်မှ စောင်ပါးလေး တစ်ထည်ကိုလည်း ခင်းထားသေးသည်။
နူးညံ့သော ကုတင်က သူမကို ချက်ချင်းပင် အိပ်မောကျသွားစေသည်။ မနက်ခင်းနိုးလာသောအခါ သူမတစ်ကိုယ်လုံး အကြောအဆစ်များပြေလျော့နေပြီး သက်သောင့်သက်သာရှိလှကာ ဖော်ပြ၍မရအောင်ပင် ကောင်းမွန်လှပေသည်။ တာ့ယာက လာနှိုးသဖြင့်သာ ထလာရခြင်းဖြစ်ပြီး မဟုတ်လျှင် ကုတင်ပေါ်တွင် ဆက်လှဲနေချင်သေး၏။
နွားလှည်းမှ တံခါးဝသို့ရောက်လာမှသာ လင်းယွဲ့ အမြန်ထကာ တာ့ယာ၊ ကုတန်တို့နှင့်အတူ ငရုတ်သီးဆော့စ်ပုလင်းများကို နွားလှည်းပေါ်သို့ တင်ကြလေသည်။ သူမသည် အသားပေါင်းနှစ်လုံးကိုလည်းယူကာ အလျင်အမြန်ထွက်လာခဲ့သည်။ ကုအာကွေ့ကို သွားကြိုသောအခါ သူ့သစ်သားများနှင့် ကိရိယာများက နွားလှည်းတစ်ခုလုံးပြည့်လုမတတ်ဖြစ်နေသဖြင့် လင်းယွဲ့မှာ ရပ်စရာ နေရာပင်မနည်းရှာလိုက်ရ၏။ ကုအာကွေ့က ခေါင်းကုတ်ကာ အနည်းငယ်ရိုးအစွာဖြင့် ပြောလိုက်သည်။
"သစ်သားမလောက်မှာစိုးလို့ ပိုယူလာတာ"
ထို့နောက် သူက ငရုတ်သီးဆော့စ် ပုလင်းတစ်လုံးကို ကောက်ယူကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဒီစက္ကူနီပေါ်မှာ ဘာတွေရေးထားတာလဲ"