← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

Ch-84

အညိုရောင် ပုလင်းငယ်လေးတိုင်းတွင် ကျုံးဟွာဟု ရေးသားထားသော စိန်ပွင့်ပုံစက္ကူနီစက္ကပ်လေးများ ကပ်ထားလေသည်။

"ဒါက တံဆိပ်လေ"

လင်းယွဲ့ ပြောလိုက်သည်။

"ကျွန်မရဲ့ ငရုတ်သီးဆော့စ်နာမည်က 'ကျုံးဟွာတံဆိပ်'လို့ ခေါ်တယ်၊ ဒီလိုလုပ်ထားတော့ တခြားလူတွေအတုခိုးလို့ မရတော့ဘူးပေါ့"

ကျုံးဟွာဆိုသည့် စာလုံးက လင်းယွဲ့၏အိမ်လွမ်းစိတ်ကို ကိုယ်စားပြုရုံသာမက တရုတ်ပြည်တစ်ပြည်လုံးအနှံ့ ရောင်းချလိုသော သူမရည်မှန်းချက်ကြီးမားမှုကိုပါ ဖော်ပြနေပေသည်။ ငါးနာရီကြာပြီးနောက် နွားလှည်းမှာ ရှီထိုင်ခရိုင်သို့ ဆိုက်ရောက်လာလေသည်။ လင်းယွဲ့သည် နေရာလခကိုပေးချေလိုက်၏။

စာချုပ်အရ အရောင်းအဝယ်အတွက် ရငွေများကို ငါးရက်တစ်ကြိမ် ရှင်းလင်းရမည်ဖြစ်သည်။ ကုအာကွေ့မှာ အတွေ့အကြုံရှိသူဖြစ်သည်။ သူသည် အတိုင်းအတာများကို တိုင်းတာပြီးနောက် အပြင်ဘက်လွတ်လပ်သော နေရာသို့ထွက်ကာ သစ်သားများကို လွှတိုက်ပြီး မကြာမီမှာပင် သစ်သားစင်ကို တပ်ဆင်ပေးလိုက်၏။

သစ်သားစင်ကို အပိုင်းနှစ်ပိုင်းခွဲထားသည်။ တစ်ပိုင်းမှာ ကောင်တာနှင့် လှေကားကြားရှိ နေရာလွတ်တွင်ဖြစ်ပြီး ကောင်တာမှနေ၍ သစ်သားပြားတစ်ပြားကို ဆက်ထုတ်ထားကာ ငရုတ်သီးဆော့စ်ငါးပုလင်း ခြောက်ပုလင်းခန့် တင်ထားနိုင်ရန်ဖြစ်သည်။ နောက်တစ်ပိုင်းမှာ ထိုနေရာလွတ်မှ ကောင်တာရှေ့တစ်ဝက်အထိဖြစ်ပြီး အထပ်လေးထပ်ပါသော ကျဉ်းမြောင်းသော်လည်း ရှည်လျားသည့် သစ်သားစင်ကို တပ်ဆင်ထားခြင်း ဖြစ်သည်။ အထပ်တစ်ထပ်စီတွင် ငရုတ်သီးဆော့စ် တစ်တန်းစီ တင်ထားနိုင်၏။ ပစ္စည်းများကို မတော်တဆတိုက်မိ၍ ပြုတ်ကျခြင်းမှ ကာကွယ်ရန် စင်၏အရှေ့ဘက်တွင် သစ်သားပြားတိုလေးတစ်ခုကိုလည်း တပ်ဆင်ထားသည်။

ထို့နောက် လင်းယွဲ့သည် သူမအထုပ်ထဲမှ စက္ကူနီတစ်ရွက်ကိုထုတ်ယူကာ သစ်သားစင်ပေါ်တွင် ကပ်လိုက်ရာ အလွန်ပင် ပေါ်လွင်သွားလေသည်။ ချန်းဖူကွေ့က စက္ကူနီကိုစိုက်ကြည့်ရင်း ဖတ်လိုက်သည်။

“မြို့တော်မှာ ရေပန်းစားတယ်၊ ထမင်းစားရင် မပါမဖြစ်၊ အရသာလည်းရှိပြီး ဈေးလည်းသက်သာတယ်၊ တစ်ပုလင်းကို ကြေးပြားဆယ့်ငါးပြား ဟုတ်လား"

လင်းယွဲ့ပြုံး၍ ပြောလိုက်သည်။

"ဒီလိုလုပ်ထားတော့ ဆိုင်ရှင်လည်းဈေးကို ခဏခဏပြောနေစရာ မလိုတော့ဘဲ အမောသက်သာတာပေါ့"

လင်းယွဲ့သည် ဤအကြံဉာဏ်ကို ယခင်က ပန်းကန်လုံးများနှင့် ပန်းကန်ပြားများ ဝယ်ယူစဉ်ကရရှိခဲ့ခြင်း ဖြစ်သည်။ ထိုဆိုင်ရှင်သည် သူတို့ပန်းကန်လုံးများနှင့် ပန်းကန်ပြားများက လျန်စီရင်စုတွင် ခေတ်စားနေကြောင်း အမြဲပြောလေ့ရှိပြီး ဈေးကြီးပေးရသော်လည်း အမြန်ရောင်းကုန်လေ့ရှိ၏။ သို့သော် ဒေသတွင်းတွင် တကယ်ရေပန်းစားခြင်းရှိမရှိကိုသိသူ အလွန်နည်းပါးလှပေသည်။

လင်းယွဲ့သည် လူများ၏ခေတ်မီလိုသောဆန္ဒကို အသုံးချကာ သူမ၏နာမည်ဂုဏ်သတင်းကို ဦးစွာ တည်ဆောက်လိုခြင်းဖြစ်သည်။

'မြို့တော်မှာ ရေပန်းစားတယ်ဆိုပေမဲ့ ဒီကလူတွေထဲမှာ မြို့တော်ကို တကယ် ရောက်ဖူးတဲ့လူ ဘယ်နှစ်ယောက်များရှိလို့လဲ’

အစက ခရိုင်တရားသူကြီးကိုယ်တိုင် အထူးအကြံပြုထားပါသည်ဟု ရေးချင်ခဲ့သော်လည်း ခရိုင်တရားသူကြီး၏ နာမည်ဂုဏ်သတင်းကို ထိခိုက်မည်စိုးသဖြင့်မရေးခဲ့ခြင်း ဖြစ်သည်။

"ဒါကရော ဘာလဲ"

ချန်းဖူကွေ့က ပုလင်းပေါ်ရှိစက္ကူနီကို လက်ညှိုးထိုးကာ မေးလိုက်သည်။

"ဒါက ကျွန်မရဲ့ငရုတ်သီးဆော့စ် တံဆိပ်လေ၊ ဖောက်သည်တွေ မှားမဝယ်မိအောင်လို့ပါ”

လင်းယွဲ့သည် ငရုတ်သီးဆော့စ်များကို နေရာချလိုက်သည်။ အညိုရောင် ပုလင်းငယ်များပေါ်တွင် စက္ကူနီစက္ကပ်များပါရှိပြီး စက္ကူနီပေါ်တွင် 'ကျုံးဟွာ' ဟူသော စာလုံးများကို ရေးသားထားသည်။ သူမသည် ဆိုင်ကိုပတ်ကြည့်လိုက်ရာ ပုလင်းများအားလုံးထဲတွင် သူ့ငရုတ်သီးဆော့စ်မှာ အထင်ရှားဆုံးနှင့် အပေါ်လွင်ဆုံးဖြစ်နေကြောင်း တွေ့လိုက်ရ၏။

"ဆိုင်ရှင်၊ ကျွန်မရဲ့ငရုတ်သီးဆော့စ်က အရသာကောင်းတယ်၊ ဒီတစ်ပုလင်းက ဆိုင်ရှင်မြည်းကြည့်ဖို့ပါ"

ထိုသို့ပြောကာ လင်းယွဲ့သည် ငရုတ်သီးဆော့စ်တစ်ပုလင်းကို ချန်းဖူကွေ့ထံသို့ တိုက်ရိုက် ကမ်းပေးလိုက်သည်။

"မလိုပါဘူး၊ မလိုပါဘူး"

"ဆိုင်ရှင်ရယ် ယူထားလိုက်ပါ၊ နောင်လည်း ဆိုင်ရှင်ရဲ့ကူညီစောင့်ရှောက်မှုတွေ လိုအပ်ဦးမှာမို့ပါ"

ချန်းဖူကွေ့က လက်ခံလိုက်သည်။ သူ့ရင်တွင်း၌ ပီတိများဖြစ်သွားလေ၏။ စာရေးကြီးကျိုးကိုယ်တိုင် ဧည့်သည်တော်အဖြစ်ဆက်ဆံရသော သူမက သူ့အပေါ် ဤမျှလေးစားမှုပြသနေသည်ပင်။

သူ့စိတ်ထဲတွင် အလွန်ကျေနပ်သွားလေသည်။ ချက်ချင်းပင် သူတို့နှစ်ဦးမှာ အရင်ကထက် ရင်းနှီးသွားကြလေ၏။

‘အသက်ရှည်ဦးမယ်၊ ပြောရင်းဆိုရင်း ရောက်လာပြီ’

"အိုး စာရေးကြီးကျိုး ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ"

ချန်းဖူကွေ့က ကျိုးလီအား ခါးညွတ်ကာ အရိုအသေပေးရင်း နှုတ်ဆက်လိုက်သည်။

"မင်းဆီမှာ ခေါက်ဆွဲရှိလား၊ နည်းနည်းလောက် ပေးစမ်းပါ၊ ပြီးတော့ ချဉ်ဖတ်လေး နည်းနည်းပါပေးဦး"

သူက အလျင်စလိုပြောလိုက်သည်။

"စာရေးကြီးကျိုးက ခေါက်ဆွဲနဲ့ ချဉ်ဖတ်ကိုပဲစားနေတာ ရက်တော်တော် ကြာနေပြီနော်၊ အိုး မြင်ရတာတောင် စိတ်မကောင်းဘူး"

ချန်းဖူကွေ့ ရယ်မော၍ပြောလိုက်သည်။

"ကြက်ပေါင်းလေး ဘာလေးဖြည့်စွက်စားပါလား၊ ဒါတွေက ပစ္စည်းကောင်းတွေလေ"

"ဟမ့် ဒီရက်ပိုင်း အလုပ်တွေအရမ်းများနေတာကွ၊ ပြီးတော့ အဲဒီလောက် ပိုက်ဆံပိုက ဘယ်ကနေရမှာလဲ၊ ချဉ်ဖတ်ပဲပေးပါ"

ကျိုးလီ၏ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများမှာ လင်းယွဲ့ကိုမြင်သောအခါ ရုတ်တရက် အရောင်လက်သွားလေသည်။

"ညီမလေးလင်း"

သူက လင်းယွဲ့ဆီသို့ အမြန်လျှောက်သွားလိုက်သည်။

"ဒီနေ့ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"

လင်းယွဲ့က စင်ကိုလက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ဒီနေ့ စင်တွေလာတပ်ပြီး ငရုတ်သီးဆော့စ်လာရောင်းတာပါ"

လင်းယွဲ့က ငရုတ်သီးဆော့စ်တစ်ပုလင်းကို အသာကောက်ယူကာ ကျိုးလီထံကမ်းပေးလိုက်သည်။

"စာရေးကြီးကျိုး အမြဲတမ်း ချဉ်ဖတ်ကြီးပဲစားနေရတာ ရိုးအီနေရောပေါ့၊ ကျွန်မဆော့စ်လေးကို မြည်းကြည့်ပါလား"

"ဒါ သိပ်ကောင်းတာပေါ့၊ ဘယ်လောက်လဲ၊ ညီမလေးလင်းရဲ့ စီးပွားရေးကို ကျွန်တော် အားပေးရမှာပေါ့"

"မလိုပါဘူး စာရေးကြီးကျိုးအတွက် လက်ဆောင်ပါ၊ နောင်လည်း စာရေးကြီးကျိုးက ကျွန်မကိုပိုပြီးကူညီစောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်"

"ဘယ်လိုလုပ် အလကားယူလို့ဖြစ်ပါ့မလဲ၊ ပြီးခဲ့တဲ့အကြိမ် စွန်းမိသားစု ခေါက်ဆွဲဆိုင်ရဲ့အဆိပ်ခတ်မှုက လီကွေ့နဲ့ပတ်သက်နေတယ်ဆိုတာကို ညီမလေးအသိပေးလိုက်လို့သာ ကျွန်တော် စုံစမ်းလို့ရသွားတာ၊ ကြည့်လေ ဒီရက်ပိုင်း သဲလွန်စတွေနဲ့ သက်သေတွေ လိုက်ရှာနေရလို့ ရုံးတော်မှာ ညအိပ်ရတာ ရက်တော်တော်များနေပြီ"

စာရေးကြီးကျိုးမှာ ဖိုသီဖတ်သီဖြစ်နေသော်လည်း တကယ်ကို ပျော်ရွှင်နေပုံရသည်။ ခရိုင်တရားသူကြီးတစ်ဦး ခရိုင်မြို့တော်တစ်ခုတွင် တာဝန်စတင်ထမ်းဆောင်သောအခါ ဒေသတွင်း ဓလေ့ထုံးစံများနှင့် အခြေအနေများကို ရင်းနှီးကျွမ်းဝင်မှုမရှိသဖြင့် တန်ခိုးကြီးသော နဂါးပင်ဖြစ်လင့်ကစား ဒေသခံ မြွေပွေးများကို နှိမ်နင်းရန်ခက်ခဲလေ့ရှိ၏။ သူ့ကို ခရိုင်လက်ထောက်တရားသူကြီးနှင့် အရာရှိငယ်များက နဖားကြိုးတပ်ပြီး လှည့်စားထားလေ့ရှိသည်။

အဘယ်ကြောင့်ဆိုသော် ခရိုင်လက်ထောက်တရားသူကြီးနှင့် အရာရှိငယ်များမှာ ဒေသခံများဖြစ်လေ့ရှိပြီး သူတို့ရာထူးများမှာ အမွေဆက်ခံထားခြင်းမျိုးများသဖြင့် အမြစ်တွယ်နေသော ဆက်သွယ်ရေးကွန်ရက်များရှိနေကြသည်။ နောက်ခံမတောင့်တင်းဘဲ စေလွှတ်ခံရသော ခရိုင်တရားသူကြီးများမှာ များသောအားဖြင့် ဖြစ်သလိုသာ လုပ်ကိုင်သွားလေ့ရှိ၏။ နောက်ခံတောင့်တင်းသူများက နှစ်အနည်းငယ်ကြာလျှင် ရာထူးတိုးကာ ပြောင်းရွှေ့သွားမည်ဖြစ်သဖြင့် သူတို့နှင့်ယှဉ်ပြိုင်ရန် အချိန်မဖြုန်းကြပေ။

ကျိုးလီမှာ စာရေးကြီးတစ်ဦးဖြစ်သော်လည်း သူအပေါ်သစ္စာရှိမည့်သူကို မရှာနိုင်ခဲ့ပေ။ သူ့အနာဂတ်မှာလည်း ရှင်းလင်းနေသည်။ ခရိုင်ငယ်လေးတစ်ခုတွင် စာရေးကြီးအဖြစ် လုပ်ကိုင်ကာ သူခိုးငယ်လေးများကို ဖမ်းဆီးရင်း ဘဝကို ကုန်ဆုံးရန်သာရှိသည်။ သို့သော် လက်ရှိခရိုင်တရားသူကြီးမှာ ကွာခြားသည်။ ယန်ပန်းသည် ရက်ပေါင်းများစွာ ကြိတ်စောင့်ကြည့်နေခဲ့ပြီးနောက် ခရိုင်လက်ထောက် တရားသူကြီးကို တစ်ချက်တည်းနှင့် ဖြုတ်ချနိုင်ခဲ့၏။ ထိုကိစ္စကို အကောင်အထည်ဖော်သူမှာလည်း သူကိုယ်တိုင်ပင်ဖြစ်သည်။

သူသည် ယန်ပန်း၏ညာလက်ရုံး ဖြစ်လာပြီဆိုမှတော့ သူ့အနာဂတ်အတွက် ဘာကြောင့်စိုးရိမ်နေရဦးမည်နည်း။ ယန်ပန်း၏နောက်ခံမှာလည်း သာမန်မဟုတ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။ ခရိုင်လက်ထောက်တရားသူကြီး၏ ဖုံးကွယ်မှုများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းမှာလည်း လင်းယွဲ့က စွန်းမိသားစုအဆိပ်ခတ်မှုအကြောင်း သူ့ကိုပြောပြခဲ့သောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူသည် အချိန်ကုန်သက်သာခဲ့ပြီး အကျင့်ပျက်ခြစားမှုများကို အမြစ်ဖြတ် ရှင်းလင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ စာရေးကြီးကျိုးက သူ့အင်္ကျီရင်ဘတ်ထဲမှ ကြေးပြားများကို အမြန်ဆွဲထုတ်ကာ ကောင်တာပေါ်သို့ တစ်ဆုပ်စာချထားလိုက်သည်။

"ညီမလေးလင်း ကျွန်တော့်အပေါ်အားမနာပါနဲ့၊ ဒါကို ကျွန်တော်ဝယ်တာပါ၊ ဒီကိစ္စတွေ ပြီးသွားရင် ကျေးဇူးဆပ်တဲ့အနေနဲ့ ညီမလေးလင်းကို ညစာဖိတ်ကျွေးပါ့မယ်"

သူက လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးရင်း ပြောလိုက်သည်။

"ကိစ္စတွေရှိနေသေးလို့ ကျွန်တော်သွားလိုက်ပါဦးမယ်"

စာရေးကြီးကျိုးသည် ခေါက်ဆွဲနှင့် ငရုတ်သီးဆော့စ်ကိုယူကာ ခပ်သုတ်သုတ် ထွက်သွားလေသည်။ သူ ခရိုင်ရုံးတော်သို့ ရောက်သောအခါ ယာမန်တစ်စုမှာ ဆာလောင်လွန်းသဖြင့် မူးဝေနေကြပြီပင်။

"လမ်း တစ်ဝက်လောက်လှည့်ကင်းလှည့်တာတောင် သိပ်မပင်ပန်းပါဘူးကွာ၊ စာကြောင်းနည်းနည်းလောက် ဖတ်ရတာနဲ့တင် ဗိုက်ဆာလွန်းလို့ ခေါင်းတွေတောင် မူးလာပြီ"

"ဒီစာလုံးတွေကို ငါ နားလည်တယ်၊ ဒါပေမဲ့ အကုန်လုံးပေါင်းလိုက်တဲ့အခါကျတော့ အဓိပ္ပာယ်ကို နားလည်အောင် အကြိမ်ကြိမ်ပြန်ဖတ်နေရတယ်"

ယာမန်များကို စာပေပိုင်းနှင့် သိုင်းပညာပိုင်းဟူ၍ နှစ်မျိုးခွဲခြားထားသော်လည်း ဤကိစ္စမှာ လျှို့ဝှက်ကိစ္စဖြစ်သဖြင့် ကျိုးလီသည် ၎င်းကိုကိုင်တွယ်ရန် ယုံကြည်ရသော သူ့ညီအစ်ကိုများကိုသာ ရှာဖွေခဲ့ခြင်းဖြစ်သည်။ ဤညီအစ်ကိုများမှာ ပုံမှန်အားဖြင့် လမ်းများကိုကင်းလှည့်ကာ သူခိုးဖမ်းသည့်အလုပ်ကိုသာ လုပ်သူများဖြစ်ရာ ဤသို့ ရုတ်တရက်ကြီး ဘယ်လိုလုပ် အသားကျနိုင်မည်နည်း။

"ဒီအလုပ်က မကြာခင်ပြီးတော့မှာပါ။ ခရိုင်တရားသူကြီးဆီ တင်ပြပြီးသွားရင် အားလုံး သေချာပေါက်ဆုကြေးငွေတွေ ရကြမှာ၊ ပြီးတော့ ရာထူးတောင်တိုးနိုင်သေးတယ်"

"ဟုတ်သားပဲ၊ စစ်ဆေးရေးအရာရှိလီလည်း ဖြုတ်ချခံလိုက်ရပြီဆိုတော့ ငါတောင် စစ်ဆေးရေးအရာရှိဖြစ်လာနိုင်တာပဲ"

"ဒါဆိုရင် အနာဂတ် စစ်ဆေးရေးအရာရှိဝမ်ကြီးရေ ဒီခေါက်ဆွဲတွေကို အရင်သွားပြုတ်ပေးပါဦး"

"ခေါက်ဆွဲပဲလား"

ယာမန်ဝမ်၏မျက်နှာမှာ အလွန်တရာ သနားစရာကောင်းနေလေသည်။

"အခုဆို ခေါက်ဆွဲကိုမြင်တာနဲ့တင် တစ်ကိုယ်လုံး တုန်နေပြီ"

"ဒီနေ့တော့ ငရုတ်သီးဆော့စ်ပါ ပါတယ်ကွ"

ကျိုးလီက နှာခေါင်းကိုပွတ်ရင်း ပြောလိုက်သည်။

"ဒါက ခရိုင်တရားသူကြီးတောင် အကြိုက်ဆုံးပဲ၊ သေချာပေါက် ထမင်းမြိန်စေမှာ"

"ငရုတ်သီးဆော့စ်ဟုတ်လား၊ ငါ မကြားဖူးပါဘူး"

ဟွမ်ရှန်းက ငရုတ်သီးဆော့စ်ကိုအမြန် ယူလိုက်သည်။

"ကျုံးဟွာတဲ့လား၊ နာမည်က တော်တော်လေး ထူးဆန်းတာပဲ၊ ပြီးတော့ သေချာလည်းချိတ်ပိတ်ထားတယ်"

ဟွမ်ရှန်းက ကော်ဖြင့်ကပ်ထားသော စက္ကူတံဆိပ်ကို ဆွဲခွာလိုက်ပြီး ပြောသည်။

"ခရိုင်တရားသူကြီးက တကယ်ကို အဆင့်အတန်းမြင့်တာပဲ၊ ဒီငရုတ်သီးဆော့စ်က သာမန်မဟုတ်တဲ့ပုံပဲ"

ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် နီညိုရောင်ရှိပြီး နှာခေါင်းထဲသို့ တိုက်ရိုက်ဝင်ရောက်လာသော အစပ်ရနံ့ တစ်ခုကို ရလိုက်သဖြင့် ဟွမ်ရှန်းမှာ လန်းဆန်းသွားလေသည်။

"ဟူး အနံ့က တကယ်ကိုလန်းဆန်းသွားစေတာပဲ၊ ရှောင်ဝမ် မြန်မြန်ခေါက်ဆွဲသွားပြုတ်စမ်း၊ ငါ မြည်းကြည့်ချင်လှပြီ"

အခြားသူများလည်း အမြန်ဝိုင်းအုံလာကြသည်။ လူတစ်ယောက်က သူ့လက်သန်းဖြင့် အမြန်လှမ်းနှိုက်ရန်ပြင်လိုက်သော်လည်း ဟွမ်ရှန်းကပုတ်ချလိုက်သည်။

"ညစ်ပတ်လိုက်တာ၊ တခြားလူတွေလည်း စားရဦးမယ်လေ"

"ဟီးဟီး ဒါတွေက မှင်နံ့တွေချည်းပါပဲ၊ မညစ်ပတ်ပါဘူး"

ပြောပြောဆိုဆိုနှင့် သူက အနီရောင်ဆီများ ပေကျံနေသော သူ့လက်ချောင်းကို လျက်လိုက်သည်။ သူ့မျက်လုံးများ အရောင်လက်သွားလေသည်။

"အရသာ သိပ်ကောင်းတာပဲ၊ တော်တော်လေးလည်း လန်းဆန်းသွားတယ်"

ယာမန်ဝမ် ခေါက်ဆွဲပြုတ်များယူလာပြီးနောက် လူတိုင်းတူများမှာ ငရုတ်သီးဆော့စ်ထဲသို့ အလျင်အမြန်ဝင်ရောက်သွားကြလေသည်။ အနီရောင်ဆီများက ခေါက်ဆွဲများပေါ်တွင် ပြန့်ကျဲသွား၏။ ဟွမ်ရှန်းက ခေါက်ဆွဲတစ်လုတ်ကို အမြန် စုပ်ယူစားသောက်လိုက်သည်။

"အရသာရှိလိုက်တာ"

မကြာမီမှာပင် သူ ချွေးများအတော်လေး ထွက်လာလေသည်။

"ဒီငရုတ်သီးဆော့စ်က တကယ်ပြင်းတာပဲ၊ အထဲမှာ အသားတွေလည်းပါသေးတယ်၊ ငါတော့ ဒီဆော့စ်နဲ့ဆိုရင် ခေါက်ဆွဲကို နောက်ထပ်ရက်အတော်များများစားနိုင်ဦးမယ် ထင်တယ်"

"အိပ်မက်မက်နေလိုက်၊ ဒါက ငါတို့ ကြိုးစားပမ်းစားအလုပ်လုပ်လို့ ခရိုင်တရားသူကြီးက ဆုချတာနေမှာပါ၊ ဒီတစ်ပုလင်းပြီးရင် ကုန်ပြီလေ၊ မင်းက နောက်တစ်နပ်အတွက်တောင် တွေးနေပြီ"

ဤစကားကိုကြားသောအခါ လူတိုင်းမှာ ဆော့စ်ယူသည့် အမြန်နှုန်းများပိုမို မြန်ဆန်လာကြပြီး သူတို့တူများမှာ လေထဲတွင် ပျံဝဲနေလေသည်။ ထိုအခါမှ ကျိုးလီက ဖြည်းညှင်းစွာပြောလိုက်သည်။

"မေဝေ့ကျိုက်ဆိုင်မှာရောင်းတယ်လေ"

All Chapters