အခန်း ၈၆
Vol. 9 Ch. 86
Ch-86
'ပဲနီလေး ဆန်အရက်ချို'
ပထမဆုံး ပဲနီလေးကို တစ်ညလုံး ရေစိမ်ထားပြီးနောက် သကြားခဲထည့်ကာ ပြုတ်ရသည်။ ထက်ဝက်ကို ချေပြီး ကျန်ထက်ဝက်ကို အစေ့အတိုင်း ထားကာ ဆန်အရက်ချိုထဲသို့ လောင်းထည့်ပြီး ရေအနည်းငယ် ရောရ၏။ နူးညံ့စေးပိုင်ပြီး ချိုမြိန်သော ပဲနီလေးသည် ဆန်အရက်ချို၏ အနည်းငယ်ချဉ်ပြီး အရက်နံ့သင်းသော အရသာနှင့် အချိုးကျစွာ ပေါင်းစပ်သွားသည်။
အထူးသဖြင့် ဇွန်းဖြင့်ခပ်ယူလိုက်သောအခါ ကောက်ညှင်းဆန်လေးများက အရည်ရွှမ်းသွားပြီး ပဲနီလေးများမှာ နူးညံ့လွန်းသဖြင့် ပါးစပ်ထဲတွင် အရည်ပျော်သွားသကဲ့သို့ ဖြစ်သွားသည်။ လင်းယွဲ့သည် သူမစကားအတိုင်း ချက်ချင်းပင် တစ်အိုးချက်လိုက်ပြီး ကုတန်နှင့် တာ့ယာတို့ကို မြည်းစမ်းခိုင်းလိုက်၏။ သူတို့နှစ်ဦးစလုံးက အရသာရှိသည်ဟု ပြောပြီးနောက် လင်းယွဲ့သည် နို့လက်ဖက်ရည်နှင့် ပဲနီလေး ဆန်အရက်ချိုရောင်းသည့် ဆိုင်ခန်းတစ်ခုဖွင့်ရန် ဆုံးဖြတ်လိုက်သည်။
သတ္တမလ၏ဆယ့်ငါးရက်မြောက်နေ့တွင် မနက်လေးနာရီသာ ရှိသေးသော်လည်း လင်းယွဲ့နိုးနေခဲ့ပြီ ဖြစ်သည်။ စားပွဲပေါ်တွင် သူမပြင်ဆင်ထားသော လတ်လတ်ဆတ်ဆတ် ချက်ပြုတ်အအေးခံထားသည့် လျံဖန်များရှိနေ၏။ ထိုလျံဖန်များကို ဝမ်အာမေနှင့် ဒုတိယအဒေါ်ကုတို့ ယူရောင်းရန် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အိုးတစ်လုံးတွင် ပဲနီလေးများပြုတ်နေပြီး အခြားအိုးတစ်လုံးတွင် နို့လက်ဖက်ရည်ကျိုနေသည်။ ပြုတ်ထားသော ပဲနီလေး တစ်စိတ်တစ်ပိုင်းကို ချေပြီးနောက် သစ်သားစည်ပိုင်းတစ်ခုထဲသို့ ထည့်လိုက်၏။ ထို့နောက် နို့လက်ဖက်ရည်ကို အခြား သစ်သားစည်ပိုင်းတစ်ခုထဲသို့ လောင်းထည့်လိုက်သည်။
ကျောက်အာနျို ရောက်လာသောအခါ လင်းယွဲ့သည် အရာအားလုံးကို ပြင်ဆင်ပြီးဖြစ်ကာ ပစ္စည်းများကို တံခါးဝတွင် ချထားလေပြီ။ သစ်သားစည်ပိုင်း လေးလုံး၊ ပန်းကန်လုံး နှစ်ဆယ်၊ ရိုးရှင်းသော စားပွဲတစ်လုံးနှင့် ခုံပုလေးငါးလုံးတို့ ဖြစ်သည်။ ပစ္စည်းများများစားစားမရှိလှပေ။
အခုမှ စတင်မည်ဖြစ်သဖြင့် လင်းယွဲ့သည် စားပွဲများ၊ ကုလားထိုင်များနှင့် ခုံတန်းလျား အများအပြားကိုမဝယ်ချင်ခဲ့ပေ။ နွားလှည်းသယ်ရခက်မည်သာမက လူအများက ဤအရသာကို လက်ခံနိုင်မည် မခံနိုင်မည်ကိုလည်း သေချာမသိသေးသောကြောင့် ဖြစ်သည်။ သူမသည် အစပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု သိပ်အများကြီးမလုပ်ချင်ခဲ့ပေ။ ပစ္စည်းများများစားစားမပါသော်လည်း လင်းယွဲ့လှည်းပေါ်သို့ တက်လိုက်ပြီးနောက် ဝမ်ရှောင်နျို၏ရှုံ့မဲ့နေသောမျက်နှာကို တွေ့လိုက်ရသည်။
"အိုး ဒီတစ်ခေါက်တော့ ရှုံးတာပဲ၊ ငါ့နွားက အရမ်းအိုနေပြီ၊ ဒီလောက် ဒုက္ခပေးတာကို မခံနိုင်ဘူး၊ နောက်တစ်ခေါက်ဆိုရင်တော့ ဒီလောက်ပစ္စည်းအများကြီး ယူလာလို့ မရဘူးနော်"
ယင်းကိုကြားသောအခါ လင်းယွဲ့ အနည်းငယ် စိတ်မသက်မသာဖြစ်သွားသည်။ ကြေးပြားသုံးပြားဆိုသည်မှာ နည်းသောပမာဏ မဟုတ်ပေ။ ထို့ပြင် ဝမ်ရှောင်နျိုသည် ယခင်က သေချာ သဘောတူထားပြီးမှ ယခုမှလာ၍ ညည်းတွားနေပြန်သည်။ လင်းယွဲ့သည် အင်္ကျီရင်ဘတ်ထဲမှ ကြေးပြားငါးပြားကို ဆွဲထုတ်လိုက်၏။
"အဒေါ် ကျွန်မ နောက်ထပ်နှစ်ပြား ထပ်ဆောင်းပေးပါ့မယ်၊ သုံးပြားလို့ သဘောတူထားပြီး ကျွန်မဈေးသွားရောင်းမယ်ဆိုတာ အဒေါ်သိပေမဲ့လည်း သဟဇာတဖြစ်ခြင်းက ချမ်းသာကြွယ်ဝမှုကို ယူဆောင်လာတယ်လေ၊ ပြီးတော့ ကျွန်မက အဒေါ်နဲ့ရေရှည် လက်တွဲချင်လို့ပါ၊ ဒီဈေးက တော်တော်လေး ရက်ရောနေပါပြီ၊ ယုတ္တိတန်တန် ပြောရရင် အဒေါ်ရဲ့နွားအိုကြီးက နှေးတော့ ကျွန်မရဲ့စီးပွားရေးကိုတောင် နှောင့်နှေးစေသေးတယ်၊ ပြီးတော့ ဒီဈေးနဲ့ဆိုရင် လမ်းကြုံသွားမယ့် တခြားနွားလှည်းတွေကို မရှာနိုင်စရာ အကြောင်းမရှိပါဘူး၊ ဒါပေမဲ့ အဒေါ်နဲ့ ကျွန်မနဲ့က ရေစက်ရှိတယ်လို့မြင်လို့ ဒီဈေးနဲ့ပဲ ဆက်သွားကြတာပေါ့"
"ဒါဆိုလည်း ငါက မျက်နှာပြောင်တိုက်ပြီး ယူလိုက်ပါ့မယ်"
ဝမ်ရှောင်နျိုသည် ပျော်ရွှင်စွာဖြင့် ကြေးပြားငါးပြားကို ယူလိုက်ပြီး လင်းယွဲ့၏စကားထဲမှ ခနဲ့တဲ့တဲ့အဓိပ္ပာယ်ကို မကြားလိုက်သကဲ့သို့ ပုံစံဖမ်းနေလေသည်။ လင်းယွဲ့သည် ပြီးခဲ့သည့်အကြိမ်က သူမဝယ်ခဲ့သော နံ့သာတိုင်အထုပ်ကြီးကို နွားလှည်းဘေးတွင် တွေ့လိုက်ရ၏။ သူမ ဆင်းသောအခါ ၎င်းတို့အားလုံးကိုယူကာ ပြောလိုက်သည်။
"အဒေါ် ဒီနံ့သာတိုင်တွေက ပြီးခဲ့တဲ့တစ်ခေါက် ကျွန်မဝယ်ထားခဲ့တာတွေလေ၊ ကျွန်မအတွက် သိမ်းထားပေးလို့ ကျေးဇူးတင်ပါတယ်၊ ကျွန်မ ယူသွားလိုက်ပါ့မယ်"
"အိုး အိုး အိုး"
ဝမ်ရှောင်နျိုသည် မလိုလားသော အမူအရာဖြစ်သွားသော်လည်း လင်းယွဲ့နှင့် တာ့ယာတို့မှာ ပစ္စည်းများနှင့်အတူ အောက်သို့ဆင်းသွားလေ၏။ ကျောက်အာနျိုက သက်ပြင်းချ၍ပြောလိုက်သည်။
"ကြည့်စမ်း၊ မင်းက ကြက်ကိုခိုးဖို့ ကြိုးစားရင်း ဆန်ပါဆုံးရှုံးသွားပြီ၊ နံ့သာတိုင်တွေအတွက်တောင် ကြေးပြားငါးပြား အကုန်ခံလိုက်ရသေးတယ်"
မနက်ရှစ်နာရီတွင် လူအများအပြားမှာ ဆုတောင်းပတ္ထနာပြုပြီးကြသဖြင့် တာ့ကွမ်ဘုန်းကြီးကျောင်းမှ ထွက်လာကြပြီး အပြင်ဘက်ရှိ ဈေးဆိုင်ခန်းများမှာ စည်ကားနေလေသည်။
"နင် ဒီမှာအရင်စောင့်နေ၊ ငါ ဆိုင်ခန်းကောင်းကောင်းတစ်ခု သွားရှာလိုက်ဦးမယ်"
လင်းယွဲ့က တာ့ယာကိုမှာကြားပြီးနောက် ဆိုင်ခန်းများဘက်သို့ လျှောက်သွားလေသည်။ ဘုန်းကြီးကျောင်းထွက်ပေါက်အနီးရှိ ဆိုင်ခန်းများမှာ နေရာပြည့်သွားလေ၏။ လင်းယွဲ့သည် အတွင်းဘက်သို့ ဆက်လျှောက်သွားသည်။ အတွင်းဘက်တွင် နေရာလွတ်များစွာရှိနေသေးသော်လည်း လူသိပ်မရှိပေ။
လင်းယွဲ့ ပတ်လည်ကိုကြည့်လိုက်ရာ ဆိုင်ခန်းနှစ်ခုကြားရှိ ကျဉ်းမြောင်းသော နေရာငယ်လေးတစ်ခုကို တွေ့လိုက်ရ၏။ လင်းယွဲ့သည် ဆိုင်ခန်းများကို ကြီးကြပ်နေသော ဘုန်းတော်ကြီးထံသို့ ချက်ချင်းသွားမေးလိုက်သည်။
"ကျွန်မ အဲဒီမှာဆိုင်လာဖွင့်လို့ ရမလား"
ဤနေရာရှိ ဆိုင်ခန်းများမှာ နင်ယွဲ့မြို့ရှိ ဆိုင်ခန်းများထက် ပိုစည်းကမ်းကြီးပေသည်။ အရင်ရောက်သူ အရင်ယူစနစ် ဖြစ်သော်လည်း ဧရိယာကို ဆိုင်ခန်းငယ်များအဖြစ် ခွဲခြားထားပြီး အငြင်းပွားမှုများမဖြစ်စေရန် နေရာမယူမီ ကြီးကြပ်သူထံ ဦးစွာသတင်းပို့ရ၏။ ဘုန်းကြီးမှလှမ်းကြည့်လိုက်ရာ ထိုဆိုင်ခန်းနှစ်ခုမှာ အိမ်တော်ထိန်းယန်၏တူနှင့် ဘုန်းကြီးဖိုရှီး၏ချစ်သူဆိုင်များ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
နှစ်ယောက်စလုံးမှာ ကိုင်တွယ်ရခက်ခဲသူများဖြစ်ကြသဖြင့် သူတို့သတ်မှတ်ထားသော ဆိုင်ခန်းနေရာထက် ပိုမို ကျော်လွန်ကာ နေရာယူထားကြပြီး ဆိုင်ခန်းသုံးခန်းစာကို နှစ်ခန်းနီးပါးနေရာယူထားကြခြင်းဖြစ်သည်။
"နေရာက အဲဒီလောက်ပဲရှိတာနော်၊ ဈေးကတော့ တစ်ပြားမှလျော့မှာမဟုတ်ဘူး"
ဘုန်းကြီးက မျက်လွှာချကာ မေးလိုက်သည်။
"ယူမလား"
"ယူပါမယ်"
လင်းယွဲ့သည် အချိုရည်ရောင်းရန်သာ အစီအစဉ်ရှိသဖြင့် ထိုနေရာလောက်ဆိုလျှင် လုံလောက်ပေသည်။ ထို့ပြင် ဆိုင်တစ်ဆိုင်က ခေါက်ဆွဲရောင်းပြီး နောက်တစ်ဆိုင်က ကြာဖက်ထုပ်ထမင်း ရောင်းသည်ကို သူမတွေ့လိုက်ရသည်။ သူမအချိုရည်များနှင့် ပြိုင်ဘက် ပစ္စည်းများမဟုတ်ကြဘဲ တစ်ခုနှင့်တစ်ခု အထောက်အကူပင်ဖြစ်စေနိုင်၏။
တက္ကသိုလ်တက်စဉ်က လင်းယွဲ့ အကြိုက်ဆုံး အစားအစာမှာ အစပ်ဟော့ပေါ့ဖြစ်သော်လည်း ဟော့ပေါ့ဆိုင်များတွင် အဲယားကွန်းမရှိပေ။ သူမသည် ဟော့ပေါ့ကိုယူကာ ဘေးဘက်ရှိ အဲယားကွန်းဖွင့်ထားသော နို့လက်ဖက်ရည်ဆိုင်သို့ မကြာခဏသွားလေ့ရှိပြီး နို့လက်ဖက်ရည်တစ်ခွက်မှာကာ တွဲသောက်လေ့ရှိသည်။ လူအများအပြားမှာ ဤသို့ပြုလုပ်လေ့ရှိကြပြီး ထိုနို့လက်ဖက်ရည်ဆိုင်မှာ အရောင်းအဝယ် အလွန်ကောင်းလေသည်။
အခြားတစ်ဖက်ရှိ ဟော့ပေါ့ဆိုင်ဘေးမှ နို့လက်ဖက်ရည်ဆိုင်က ထိုသို့ပြုလုပ်ခွင့်မပေးသဖြင့် သူ့အရောင်းအဝယ်မှာ တဖြည်းဖြည်း ကျဆင်းသွားခဲ့သည်။
ကြာဖက်ထုပ်ထမင်းကို လူအများကြီးဝယ်နေကြသည်အား လင်းယွဲ့တွေ့လိုက်ရချိန် ငါလည်း ဒီအကျိုးကျေးဇူးကို ခံစားရနိုင်တယ်ဟု သူမတွေးလိုက်၏။
လင်းယွဲ့သည် နေရာခပေးချေပြီးနောက် စားပွဲကိုခင်းကာ သစ်သားစည်ပိုင်းများနှင့် ပန်းကန်များကို နေရာချလိုက်ပြီး အနောက်ဘက်တွင် ခုံပုများကို စီရီလိုက်သည်။ ကြာဖက်ထုပ်ထမင်း ရောင်းသော အမျိုးသမီးက လင်းယွဲ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူမအလုပ်ကို အလျင်အမြန် ဆက်လုပ်နေ၏။ တစ်ချိန်တည်းမှာပင် ဘေးဘက်ရှိ ခေါက်ဆွဲဆိုင်ရှင်မှာ ခေါက်ဆွဲများကို ရိုက်နယ်နေသဖြင့် ဆူညံသောအသံများ ထွက်ပေါ်နေသည်။
သူသည် ခန္ဓာကိုယ်ကြီးမားကာ ကြောက်မက်ဖွယ်ကောင်းပြီး လင်းယွဲ့အား သတိပေးသည့်အနေဖြင့် စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ ထို့ပြင် မျက်စောင်းထိုး မျက်နှာချင်းဆိုင်တွင်မူ ချန်မိသားစု အချိုပွဲဆိုင်ရှိသေး၏။ လင်းယွဲ့သည် 'ကျုံးဟွာ အချိုပွဲများ'ဟု ရေးသားထားသော စက္ကူနီကို စားပွဲပေါ်တွင် ကပ်လိုက်ပြီးနောက် သစ်သားစည်ပိုင်းများကိုဖွင့်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
"ပဲနီလေး ဆန်အရက်ချို တစ်ပန်းကန်ကို သုံးပြားပါ"
“အရည်အသွေးကောင်းပြီး ဈေးနှုန်းချိုသာတယ်”
သူမသည် ကြီးကျယ်သောအောင်မြင်မှုတစ်ခုကို ဖန်တီးရန် ဆုံးဖြတ်ထားလေ၏။ နာရီဝက်ကြာပြီးနောက် လင်းယွဲ့နှင့် တာ့ယာတို့မှာ ဈေးဆိုင်တွင် ငါးဆားနယ်များကဲ့သို့ ထိုင်နေကြရသည်။ လင်းယွဲ့က တီးတိုးရေရွတ်လိုက်၏။
"ဘယ်လိုလုပ် တစ်ယောက်မှမလာရတာလဲ"
ထိုအချိန်တွင် ကြာဖက်ထုပ်ထမင်း ဆိုင်ရှင်က အလုပ်ပြီးသွားသဖြင့် ပြောလိုက်သည်။
"ချန်မိသားစုအချိုပွဲဆိုင်က အရှေ့တည့်တည့်မှာလေ၊ နင်က ဒီမှာဆိုင်လာဖွင့်ရဲတာ တကယ်ကိုအံ့ဩစရာပဲ"
"ဘာလို့ အဲဒီလိုပြောရတာလဲ"
"ချန်မိသားစုဆိုင်က အရမ်း နာမည်ကြီးတယ်ဆိုတာ နင် မသိဘူးလား"
"သိပါတယ်"
"ဒါဆို တခြားလူတွေက နာမည်ပိုကြီးတဲ့ ချန်မိသားစုဆိုင်ကမဝယ်ဘဲ ဘာလို့ နင့်ဆီက လာဝယ်ရမှာလဲ"
လင်းယွဲ့မှာ အစားအသောက်ဘလော့ဂါတစ်ဦးဖြစ်ပြီး အရသာရှိသော အစားအစာများကို ကျွမ်းကျင်စွာ ပြုလုပ်နိုင်သော်လည်း စီးပွားရေးတွင် အတွေ့အကြုံမရှိခဲ့ပေ။ လျံဖန်မှစ၍ လက်ဖက်ရည်ဆိုင်အထိ ထူးခြားဆန်းသစ်မှုအပေါ်မှီခိုကာ အဆင်ပြေ ချောမွေ့ခဲ့ခြင်းဖြစ်သည်။ သူမသည် စီးပွားရေးရှုထောင့်မှနေ၍ နက်နက်ရှိုင်းရှိုင်းမစဉ်းစားခဲ့ဖူးပေ။ ဆိုင်ရှင်၏ မေးခွန်းကို ကြားသောအခါ လင်းယွဲ့ ခဏမျှ ရပ်တန့်သွားသည်။
"ကျွန်မဆိုင်က ချန်မိသားစုဆိုင်ထက် ဈေးပိုသက်သာတယ်လေ"
"နှစ်ပြားလောက် ပိုသက်သာရုံနဲ့မလုံလောက်ဘူးလေ၊ ဒီကိုလာတဲ့ လူအများစုက အဝေးကြီးကနေလာကြတာ၊ 'တာ့ကွမ် ဘုန်းကြီးကျောင်းကို သွားတယ်၊ နာမည်ကြီး ချန်မိသားစုဆိုင်က အချိုရည် တစ်ပန်းကန်သောက်ခဲ့တယ်' ဆိုတာက သူတို့ ပြန်ရောက်တဲ့အခါ ကြွားလုံးထုတ်စရာ အကြောင်းပြချက်တစ်ခုဖြစ်နေပြီလေ၊ နှစ်ပြားလောက်နဲ့ အဲဒီအခြေခံကို မလှုပ်ခါနိုင်ပါဘူး”
"လူတွေအများကြီး တန်းစီနေကြတာတောင် သူတို့က စိတ်ပျက်မသွားကြဘူး၊ တကယ်တော့ တန်းစီရတာ ပိုကြာလေ၊ သူတို့က ပိုပြီးမျှော်လင့်လာကြလေပဲ၊ တကယ်တမ်းကျတော့ အရသာကလည်း သိပ်ပြီးလှုပ်ခါနိုင်တဲ့ အကြောင်းရင်း မဟုတ်ဘူး"
ဆိုင်ရှင်က ခေါင်းခါလိုက်သည်။
"ခက်တယ်၊ အဲဒါကြောင့်မို့လို့ ချန်မိသားစုဆိုင်က အချိုပွဲဆိုင်တွေကို တစ်ဆိုင်ပြီးတစ်ဆိုင် ညှစ်ထုတ်ပစ်နိုင်ခဲ့တာပေါ့"
"ဒါဆို ဘာလို့ သူ့ဆိုင်က အဲဒီလောက် နာမည်ကြီးရတာလဲ"
လင်းယွဲ့က ဆိုင်ရှင်တွင် ဗဟုသုတများစွာရှိကြောင်းမြင်သဖြင့် ပဲနီလေး ဆန်အရက်ချို တစ်ပန်းကန်ကို အမြန်ခပ်ကာ ဆိုင်ရှင်ထံကမ်းပေးလိုက်သည်။
"မြည်းကြည့်ပါဦး၊ ဒါက ကျွန်မရဲ့ အထူးအချိုပွဲလေးပါ"
ပိုင်ချွမ်ဟွာသည် လင်းယွဲ့၏အလိုက်သိမှုကြောင့် ကျေနပ်စွာပြုံးလိုက်သည်။ သူမက ပဲနီလေး ဆန်အရက်ချိုတစ်ဇွန်းကို ခပ်ယူလိုက်ရာ အနီနှင့် အဖြူ ရောစပ်နေပြီး ချိုမြိန်သောရနံ့များ သင်းပျံ့နေလေ၏။ သူမက တစ်ကိုက် စားကြည့်လိုက်ရာ သူမမျက်လုံးများ အရောင်လက်သွားလေသည်။
"နင့်အရသာက ကောင်းတယ်၊ ချန်မိသားစုဆိုင်ထက် ပိုကောင်းတယ်၊ ပြီးတော့ အေးမြနေတာပဲ"
သူမက နောက်ထပ် အနည်းငယ်ထပ်သောက်လိုက်ပြီး သက်သောင့်သက်သာဖြင့် သက်ပြင်းချကာပြောလိုက်သည်။
"နင့်ကိုပဲ ပြောပြမယ်နော်၊ တခြားဘယ်သူ့ကိုမှ မပြောနဲ့ ဟုတ်ပြီလား”
"တာ့ကွမ်ဘုန်းကြီးကျောင်းက ဘုန်းကြီးဖိုရှီးကို နင်သိလား၊ သူက အရမ်းကို ရိုသေလေးစားခံရပြီး နာမည်ကြီးဘုန်းကြီးလို့ သတ်မှတ်ခံထားရတာ၊ ကောလာဟလတွေအရ သူကတစ်ခါတုန်းက ချန်မိသားစုဆိုင်မှာစားဖူးပြီး အရမ်းကို ချီးကျူးခဲ့တယ်တဲ့၊ အဲဒီနောက်ပိုင်းမှာ သူတို့ဆိုင်က ကောင်းချီးပေးခံထားရတယ်လို့ ပျံ့နှံ့သွားပြီး သူတို့ဆိုင်က အချိုပွဲတွေကို စားတဲ့သူတိုင်းက ဘေးကင်းကြမယ်၊ ကျန်းမာကြမယ်၊ အရာအားလုံး အဆင်ပြေချောမွေ့ကြလိမ့်မယ်ဆိုပြီး ဖြစ်သွားတာ”
"ချန်မိသားစုဆိုင်ရှင်က အဲဒါအမှန်ပဲဖြစ်ဖြစ် အလိမ်ပဲဖြစ်ဖြစ် ဆိုင်မဖွင့်ခင်တိုင်းမှာ အမြဲတမ်းဘာတွေမှန်းမသိ ရေရွတ်ပြီး ကခုန်လေ့ရှိတယ်၊ ဒါပေမဲ့ သူ့ရုပ်ထွက်က ကြောက်စရာကောင်းတော့ ဒီကောလာဟလက ပိုပိုပြီး ယုံကြည်စရာဖြစ်လာတာပေါ့”
"အဲဒါကြောင့် နင့်အရသာက ကောင်းနေရင်တောင်မှ သူတို့လောက် အဓိပ္ပာယ်နဲ့ အရေးပါမှု နက်နက်ရှိုင်းရှိုင်းမရှိဘူးလေ"