← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

Ch-87

လင်းယွဲ့မှာ ဆို့နင့်သွားပြီး သူမကို အနိုင်ယူသွားသည်မှာ အရသာမဟုတ်ဘဲ ကောင်းချီးပေးခံထားရခြင်းဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ လင်းယွဲ့က ခေါင်းကုတ်ကာ ပြောလိုက်သည်။

"ဒါဆို အစ်မပိုင်၊ အကြံဉာဏ်ကောင်းလေးတွေများ ရှိမလားဟင်"

"တကယ်တော့ ဒီအပြင်လူတွေအပြင် ဒီအနီးအနားမှာ ဒေသခံအမျိုးသမီးတွေ အများကြီး ရှိတယ်၊ နင် သူတို့နဲ့ စီးပွားရေးလုပ်လို့ရပါတယ်”

"သူတို့ဆီမှာ ပိုက်ဆံရှိတယ်၊ ပြီးတော့ ကောင်းချီးပေးတာတို့ ဘာတို့ကို ဂရုမစိုက်ဘူး၊ သူတို့ကပျင်းတော့ မကြာခဏ အသေးစား စုဝေးပွဲလေးတွေလုပ်လေ့ရှိတယ်လေ”

"ဟော ကြည့် သူတို့ လာနေပြီ၊ နင့်ကို မိတ်ဆက်ပေးမယ်"

ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး လျှောက်လာ၏။ သူမသည် သလဲသီးရောင် စကတ်ရှည်ကို ဝတ်ဆင်ထားပြီး ရွှေရောင်ဆံထိုးများ ထိုးထားကာ လည်ပင်းတွင်လည်း 'ယင်းလော့'ဆွဲကြိုးကို ဆွဲထားသည်။ သူမသည် ပန်းရောင် ပိုးသားလက်ကိုင်ပဝါကို ကိုင်ထားပြီး လေထဲတွင် ယိမ်းနွဲ့နေသော မိုးမခပင်ကဲ့သို့ ကျက်သရေရှိစွာ လျှောက်လှမ်းလာရာ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းတွင် သူမခါးလေးမှာ လှပစွာ ယိမ်းခါနေလေ၏။

"ညီမလေးယွဲ့"

ပိုင်ချွမ်ဟွားက ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။

"ဒီညီမလေးအသစ်က ပဲနီလေး ဆန်အရက်ချိုကို သိပ်ကောင်းအောင် လုပ်တတ်တယ် လာမြည်းကြည့်ပါဦး၊ သင့်တော်တဲ့ အချိုပွဲရှာမတွေ့ဘူးလို့ နင် အမြဲပြောနေတာလေ၊ အခုတော့ နင့်အတွက် ရှာတွေ့ပြီ"

လျိုယုသည် ဖြည်းညှင်းစွာ လျှောက်လာပြီး ပျင်းရိသောလေသံဖြင့် ပြောသည်။

"အစ်မချွမ်ဟွားက ရွေးပေးတာပဲလေ"

"ဘာဖြစ်လို့လဲ"

လျိုယုက သူမလည်ပင်းနောက်ဘက်ကို ပုတ်လိုက်သည်။

"မာကျောက်ကစားတာ ရှုံးသွားလို့၊ သူတို့က ငါ့ကိုမုန့်ထွက်ဝယ်ခိုင်းတာလေ၊ နောက်ဆိုရင် အလုပ်ရှုပ်သက်သာအောင် အစေခံတစ်ယောက်လောက် ဝယ်မှပါ"

လင်းယွဲ့က ပဲနီလေးဆန်အရက်ချို တစ်ပန်းကန်ကို အမြန်ကမ်းပေးလိုက်သည်။

"ဝယ်လိုက်လေ၊ နင့်ယောကျ်ားက သေချာပေါက် သဘောတူမှာပါ"

"ဟမ့် သူက သိပ်ကပ်စေးနှဲတာ၊ အစေခံဝယ်ရင် ပိုက်ဆံကုန်မယ်၊ အခွန်ဆောင်ရရင် နှစ်ဆဖြစ်သွားမယ်လို့ အတင်းပြောနေတာ၊ သူ ဘုန်းကြီးစာရင်းဝင်ဖို့ဝယ်တုန်းက ပိုက်ဆံတွေ ဘယ်လောက်တောင် ကုန်ခဲ့လဲမသိဘူး၊ အခုကျတော့ ဒီကိစ္စလေးကို ငါနဲ့လာပြီး စကားများချင်နေတယ်"

"အာ ဘာပဲဖြစ်ဖြစ် သူက ဆင်းရဲတွင်းကနေ လာခဲ့တာလေ၊ အခွန်ရှောင်ဖို့သာ မဟုတ်ရင် နင့်ယောကျ်ားက ဘုန်းကြီး ဖြစ်လာမှာ မဟုတ်ဘူး"

လျိုယုက သက်ပြင်းချရင်း ပဲနီလေး ဆန်အရက်ချိုကို တစ်ကျိုက် မော့လိုက်သည်။

"ဟင်"

သူမက တိုးတိုးလေးအသံပြုလိုက်ပြီးနောက် နောက်ထပ်တစ်ကျိုက် ထပ်မော့လိုက်သည်။

"ဒီအရသာက တကယ်ကို ကောင်းတာပဲ"

"အရသာရှိတယ် မဟုတ်လား၊ ချန်မိသားစုဆိုင်ထက် အများကြီး ပိုကောင်းတယ်လို့ ငါ ထင်တာပဲ"

ပိုင်ချွမ်ဟွားကပြုံး၍ ပြောလိုက်သည်။

"ချန်မိသားစုဆိုင်ကိုတောင် အနိုင်ယူနိုင်ကောင်း အနိုင်ယူနိုင်လိမ့်မယ်၊ သူတို့ဆိုင်ကို နင် စိတ်အနှောင့်အယှက်ဖြစ်နေတာကြာပြီ မဟုတ်လား"

"ဒါတွေ အကုန်လုံး ငါယူမယ်၊ ငါ့ဆီ လာပို့ပေးလို့ ရမလား"

လျိုယုက ထပ်မပြောတော့ဘဲ သူမငွေအိတ်ထဲမှ ငွေတစ်တုံးကိုဆွဲထုတ်လိုက်သည်။

"အမ်းစရာ မလိုဘူး"

ပိုင်ချွမ်ဟွားမှာ အသိအမှတ်ပြုမခံရသော်လည်း အနေရခက်မသွားဘဲ ပြုံး၍ပြောလိုက်သည်။

"ဖြည်းဖြည်းသွားနော်၊ နေ့လယ်စာကျရင် ငါ လာပို့ပေးမယ်"

လင်းယွဲ့မှာ အနည်းငယ်ဇဝေဇဝါဖြစ်သွားပြီး ‘လျိုယုက ချန်မိသားစု အချိုပွဲဆိုင်အပေါ် ရန်ငြိုးများ ရှိနေတာလား’ဟု တွေးလိုက်မိသည်။

လင်းယွဲ့က ပိုင်ချွမ်ဟွားကို ဆိုင်စောင့်ပေးရန် အကူအညီတောင်းခဲ့ပြီး သူမနှင့် တာ့ယာတို့က သစ်သားစည်ပိုင်း တစ်လုံးစီသယ်ကာ လျိုယု နောက်သို့ လိုက်သွားကြသည်။ ဆယ်မိနစ်ကျော် လမ်းလျှောက်ပြီးနောက် အိမ်ထောင်စု အနည်းငယ်စုဝေးနေထိုင်သော ရွာတစ်ရွာသို့ ရောက်ရှိလာ၏။ အိမ်များကို ကျယ်ကျယ်ဝန်းဝန်း ဆောက်လုပ်ထားပြီး ကလေးများက ထိုအိမ်များကြားတွင် ပြေးလွှားကစားနေကြသည်။

လင်းယွဲ့ ပတ်လည်ကိုကြည့်လိုက်သော်လည်း အမျိုးသားများကိုမတွေ့ရဘဲ အမျိုးသမီးများနှင့် ကလေးများကိုသာ တွေ့ရသည်။ အခန်းတွင်းမှ မီးခိုးငွေ့များ ထွက်ပေါ်နေ၏။ ထိုအမျိုးသမီးက တံခါးကို တွန်းဖွင့်လိုက်ရာ ဖယောင်းတိုင်များ ထွန်းလင်းနေဆဲ ဖြစ်သည်။

"အရမ်းဆာနေပြီ၊ အစ်မ ဘာတွေ ယူလာလဲ ကြည့်ရအောင်"

"ပဲနီလေးလား၊ ချန်မိသားစုဆိုင်ကများလား၊ အစ်မရဲ့ ယောကျ်ားက ဘုန်းကြီး ဖိုရှီးနဲ့ အမြဲတမ်းရန်ဖြစ်နေတာ မဟုတ်ဘူးလား၊ ဘာလို့ ချန်မိသားစုဆိုင်ကို ပိုက်ဆံသွားပေးရတာလဲ"

"နေဦး၊ ဒီကောင်မလေးက ချောတယ်နော်၊ အရင်က မမြင်ဖူးပါဘူး"

အမျိုးသမီး အနည်းငယ် ဝိုင်းအုံလာကြပြီး လင်းယွဲ့က အလျင်အမြန်ရှင်းပြလိုက်ရ၏။ တစ်ဖက်တွင် ဒုတိယ အဒေါ်ကုမှာ မွန်းမတည့်မီကပင် လျံဖန်များရောင်းကုန်သွားလေသည်။ ဤရက်နှစ်ဆယ်အတွင်း သူမသည် ရောင်းချရာတွင် လည်ပတ်ရောင်းချသည့် နည်းလမ်းကို ရှာတွေ့သွားခဲ့၏။ ဒီနေ့ ဒီရွာဆိုရင်၊ မနက်ဖြန် ဟိုရွာစသည်ဖြင့်ပေါ့။ အကုန်ရောင်းကုန်ရန် အချိန်သိပ်မကြာလှပေ။ သူမသည် ယခင်ကမတွေးဝံ့လောက်အောင်ပင် ကြေးပြားလေးရာကျော်ရရှိနေပြီ ဖြစ်သည်။

အသားမစားရသည်မှာ သိပ်မကြာသေးသော်လည်း ဒုတိယအဒေါ်ကုက သူမကိုယ်သူမဆုချချင်နေသည်။ သူမက သားသတ်သမားထံသို့သွားကာ အိမ်သို့ ယူသွားရန် ဝက်သားနှစ်ကျင်းဝယ်လိုက်၏။ ခြံဝင်းတစ်ခုတည်းတွင် အတူနေထိုင်ကြသဖြင့် လူတိုင်းက တစ်ဦးနှင့်တစ်ဦး၏ကိစ္စများကို ရှင်းလင်းစွာသိနေကြသည်။ ကုတာ့ဖူနှင့် အဒေါ်ကုတို့က သူမကိုမြင်သောအခါ မျက်လုံးများ နီရဲသွားကြလေသည်။ အဒေါ်ကုက ပြောလိုက်သည်။

"ဒီဝက်သားတုံးကို လင်းယွဲ့ပေးလိုက်တာလို့ ထင်လား၊ ဒါမှမဟုတ် သူကိုယ်တိုင် ဝယ်တာလို့ထင်လား"

"သူကိုယ်တိုင်ဝယ်တာ ဖြစ်လောက်တယ်၊ သူက လျံဖန်ရောင်းပြီး ပိုက်ဆံအများကြီး ရနေတာကိုး"

ကုတာ့ဖူက သက်ပြင်းချလိုက်သည်။

"တိုဟူးစီးပွားရေးကလည်း ဒီရက်ပိုင်း အသိမ်းခံလိုက်ရတယ်"

"ရှင်လည်း ရွာတွေအနှံ့လိုက်ပြီး ဈေးသွားရောင်းသင့်တယ်"

အဒေါ်ကုက ပြောလိုက်သည်။

"ဒုတိယယောင်းမရဲ့ဘဝက ငါ့ထက် သာသွားတာကိုတော့ အဖြစ်မခံနိုင်ဘူး၊ ဟိုတုန်းက ကျွန်မ ရှင့်ကို ယူခဲ့တာကလည်း အသားနဲ့ထမင်းစားရဖို့အတွက်ပဲလေ၊ ကျွန်မလည်း အသားစားချင်တယ်"

ကုတာ့ဖူမှာ စိတ်ရှုပ်သွားပြီး အကြံဆိုးတစ်ခု ပေးလိုက်သည်။

"ငါတို့လည်း လျံဖန်သွားရောင်းရင်ရော ဘယ်လိုလဲ"

တကယ်တမ်း အများဆုံးမနာလိုဖြစ်နေသူမှာ ကုစန်းဖျင်ပင်ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က သူသည် ဝင်ရောက်မကူညီခဲ့သလို လင်းယွဲ့နှင့်လည်း ပုံမှန် အဆက်အသွယ်မရှိခဲ့သဖြင့် အိမ်သစ်တက်ပွဲသို့လည်း မဖိတ်ခံရဘဲ အသားတစ်ဖတ်မျှပင် မစားခဲ့ရပေ။ အာကွေ့မီးဖိုမှ ထွက်ပေါ်လာသော ဟင်းချက်သည့် မီးခိုးနံ့များကို ရလိုက်သောအခါ သူ့နှာခေါင်းများ အဆက်မပြတ်လှုပ်ခါသွားပြီး သက်ပြင်းများကိုသာ အကြိမ်ကြိမ် ချနေမိလေသည်။ ထိုအခါ အဒေါ်လေးကုက သူ့နောက်စေ့ကို ရုတ်တရက် ရိုက်လိုက်၏။

"လူနာရှာဖို့ လမ်းတွေပေါ်သွားလှည့်ရင်လှည့် ဒါမှမဟုတ် ပေါင်းသင်တာကို ကူလုပ်ပေး သက်ပြင်းချမနေနဲ့"

"မိန်းမရာ ငါတို့ ဘယ်တော့မှ အသားစားရမှာလဲ၊ စိုက်ပျိုးရေးလုပ်ရတဲ့ အလုပ်များတဲ့ ရာသီရောက်ရင်တော့ အသားတစ်ဖတ်လောက် စားရနိုင်မလား"

"ရှင့်ရဲ့စွမ်းဆောင်ရည်ပေါ်မှာ မူတည်တယ်"

ဒုတိယအဒေါ်ကုက အသားချက်ပြီးသောအခါ အသားအနည်းငယ်ကို ပန်းကန်တစ်လုံးထဲသို့ ထည့်လိုက်သည်။

"အမေ ဘယ်သွားမလို့လဲ"

"အဘိုးနဲ့ အဘွားဆီသွားပို့မလို့လေ"

ဒုတိယအဒေါ်ကုက သူမကျောကို မတ်လိုက်သည်။ ယခင်က သူမသည် မိဘအိမ်သို့ အစားအသောက်ယူသွားတိုင်း ခိုးကြောင်ခိုးဝှက်သွားလေ့ရှိပြီး သားဖြစ်သူနှင့် ခင်ပွန်းဖြစ်သူကိုပြောပြရန် ရှက်ရွံ့နေခဲ့၏။ သို့သော် သူမ မယူသွားပါက သူမမိဘများမှာ ငတ်နေကြမည် ဖြစ်သည်။ ၎င်းက သူမကို အကျပ်အတည်းဖြစ်စေခဲ့သည်။ ယခု ကွာခြားသွားပြီပင်။ ဤငွေများကို သူမကိုယ်တိုင်ရှာဖွေခဲ့ခြင်းဖြစ်ပြီး အသားကိုလည်း သူမကိုယ်တိုင်ဝယ်ခဲ့ခြင်း ဖြစ်သည်။

သူမမိဘများထံယူသွားရန် သူမတွင် ယုံကြည်မှု ရှိနေ၏။ သူမမိဘများက အသားတစ်ဖတ်ကို တုန်ရီစွာ ကောက်ယူကာ အချိန်အတော်ကြာဝါးပြီးမှ နှမြောတသဖြစ်စွာမျိုချလိုက်ကြသည်ကို မြင်သောအခါ ဒုတိယအဒေါ်ကု၏မျက်လုံးများ နီရဲသွားလေသည်။

"အမေ နှမြောမနေနဲ့၊ မြန်မြန်စား မဟုတ်ရင် မောင်လေးတွေ့သွားရင် အမေ့အတွက် ကျန်မှာမဟုတ်ဘူး"

"အင်း"

မိဘများက အသားအားလုံးစားပြီးသွားသည်ကို မြင်သောအခါ ဒုတိယအဒေါ်ကုက ပန်းကန်ကိုသိမ်းကာ ပြောလိုက်သည်။

"မောင်လေးကို မပြောနဲ့နော်၊ မဟုတ်ရင် သူ ပြဿနာရှာဦးမယ်၊ သူ ကျွန်မကို ပိုက်ဆံထပ်တောင်းလို့ အာကွေ့က ဒေါသထွက်သွားရင် ကျွန်မအမေတို့ဆီ ဟင်းလာပို့နိုင်တော့မှာမဟုတ်ဘူး"

သူမမိဘများက အမြန်ခေါင်းညိတ်ကြသည်။

"အမေတို့ သိပါတယ်၊ ဘာမှမပြောပါဘူးလို့ ကတိပေးတယ်"

ဒုတိယအဒေါ်ကုမှာ နောက်ထပ်တစ်ကြိမ် စိတ်သက်သာရာရသွားလေသည်။

‘ဒါတွေအားလုံးက လင်းယွဲ့ရဲ့ကျေးဇူးကြောင့်ပါပဲ’

သူမသည် မိဘများက ညီဖြစ်သူအပေါ် အလွန်ကောင်းမွန်လွန်းသည့်အကြောင်းကို လင်းယွဲ့ထံ ယခင်ကညည်းတွားဖူးသည်။ သူမက မိဘများထံ အစားအသောက်ကောင်းများယူသွားပေးသောအခါ မိဘများက မောင်ဖြစ်သူအတွက် ချန်ထားပေးရုံသာမက သူမ ပိုက်ဆံရနေကြောင်းပါ အသိပေးလိုက်သဖြင့် မောင်ဖြစ်သူက သူမအိမ်သို့လာကာ ပြဿနာရှာလေ၏။ လင်းယွဲ့က ရိုးရိုးလေးသာ ပြောခဲ့သည်။

"အဒေါ်က ပြတ်ပြတ်သားသားလုပ်ပြီးတော့ မိဘတွေကို ဘယ်သူကသူတို့ကို လုပ်ကျွေးနေတာလဲဆိုတာ သိပါစေ၊ လုံးဝအဆက်အသွယ် ဖြတ်လိုက်ပြီး ရက်အနည်းငယ်လောက် သွားမကြည့်နဲ့၊ သူတို့ငတ်တော့မယ့်အချိန်ကျမှ သူတို့သားက အသုံးမကျဘူး၊ သူတို့ကိုဂရုမစိုက်ဘူးဆိုတာ သိလာလိမ့်မယ်၊ အဲဒီအခါကျမှ ပြန်သွားပြလိုက်”

"ပြီးတော့ မောင်ဖြစ်သူကိုလည်း ပိုက်ဆံ ထပ်မပေးနဲ့တော့၊ လောင်းကစားဆိုတာ ပြင်လို့မရဘူး၊ ပြီးတော့ သူ့ကို ထောက်ပံ့မယ့်သူရှိတယ်လို့ သူက အမြဲထင်နေတော့ ပိုပြီးတောင်ရမ်းကားလာလိမ့်မယ်၊ အဒေါ်ရဲ့ကိုယ်ပိုင် မိသားစုလေး ဘယ်လောက်တောင် ဒုက္ခရောက်နေပြီလဲကြည့်ဦး၊ ကိုယ့်အကြောင်းနဲ့ ကိုယ့်သားတွေအကြောင်းကို ပိုတွေးကြည့်ရင် အဒေါ်ခေါင်းရှင်းသွားပါလိမ့်မယ်"

ဒုတိယအဒေါ်ကုမှာ အစကအကျင့်ပါနေသဖြင့် ညည်းတွားခဲ့ခြင်းဖြစ်သော်လည်း တကယ်တမ်းတွင် သူမသည် ကံကြမ္မာကို လက်ခံထားပြီး ဖြစ်သည်။ သို့သော် သူမ၏မောင်ဖြစ်သူ ထပ်မံပြဿနာရှာပြီးနောက် သူမခင်ပွန်းနှင့် ရန်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့ပြီး သားများမျက်လုံးထဲမှ နားမလည်နိုင်မှုများကို မြင်တွေ့ရကာ မြေးဖြစ်သူ၏ထိတ်လန့်တကြားငိုသံများကို ကြားရသောအခါ ဤအတိုင်း ဆက်သွား၍မရနိုင်တော့ကြောင်း သူမ ရုတ်တရက် ခံစားလိုက်ရသည်။

သူမနှလုံးသားကို ခိုင်မာအောင်လုပ်ပြီးနောက်တွင် ပြဿနာမှာ တကယ်တမ်း ဖြေရှင်းရန် အလွန်လွယ်ကူကြောင်း သူမ တွေ့ရှိခဲ့သည်။ သူတို့ကို အကြိမ်အနည်းငယ်လျစ်လျူရှုပြီးနောက် အမြဲတမ်း ညည်းတွားပြီး ဒေါသထွက်တတ်သောမိဘများမှာ တဖြည်းဖြည်းနှင့် သူမအပေါ်မှီခိုအားထားကာ သတိထားလာကြ၏။ သူတို့သည် သူမမောင်ဖြစ်သူကို သတင်းပေးခြင်းများကိုလည်း ရပ်တန့်သွားကြသည်။

ဒုတိယအဒေါ်ကုက သီချင်းလေးညည်းကာဘဝက ဘယ်လောက်တောင် ကောင်းမွန်လိုက်သလဲဟု ရုတ်တရက် ခံစားလိုက်ရသည်။

‘မနက်ဖြန်ကျရင် နောက်ထပ်ဆယ်ပိုင်းလောက်ထပ်တိုးပြီး လျံဖန် အပိုင်းသုံးဆယ်လောက် ရောင်းလို့ရနိုင်လောက်တယ်’

လင်းယွဲ့၏ပဲနီလေး ဆန်အရက်ချိုကို အမျိုးသမီးများနှင့် ကလေးများက တစ်ခဲနက် ချီးကျူးကြလေသည်။ လျိုယုက သူမ လာရမည့်အချိန်ကို မေးမြန်းပြီး နောက်လဆန်းတစ်ရက်နေ့တွင် နောက်ထပ်တစ်စည် ထပ်ယူလာရန် ပြောကာ စရန်ငွေအဖြစ် ငွေစအနည်းငယ်ကိုလည်း ပေးလိုက်၏။ လင်းယွဲ့က ခေါင်းညိတ်လိုက်သော်လည်း သိပ်မပျော်ရွှင်လှပေ။

သူမသည် တာ့ကွမ်ဘုန်းကြီးကျောင်းတွင် စီးပွားရေးပိုလုပ်ချင်နေသည်။ ဈေးဆိုင်သို့ ပြန်ရောက်သောအခါ နို့လက်ဖက်ရည်များ ကျန်နေသေး၏။ လင်းယွဲ့သည် ဘေးရှိနံ့သာတိုင်များကို ကြည့်ကာ အော်ဟစ်လိုက်သည်။

"ငြိမ်းချမ်းရေးနှင့် ပျော်ရွှင်မှု လက်ဖက်ရည် တစ်ပန်းကန်ကို ကြေးပြားနှစ်ပြားတည်း၊ နံ့သာတိုင်သုံးတိုင်လည်း လက်ဆောင်ပါသေးတယ်နော်"

All Chapters