← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

Ch-88

လင်းယွဲ့သည် နောက်ဆုံးတွင် နို့လက်ဖက်ရည် တစ်ဝက်လောက်ကျန်နေသော စည်ပိုင်းကို အိမ်သို့ဆွဲယူလာခဲ့သည်။ ဤတစ်ကြိမ်တွင် အစကတည်းက ချောမွေ့မှုမရှိခဲ့ပေ။ သို့သော် လင်းယွဲ့သဘောပေါက်သွားသည်မှာ ချန်မိသားစုအချိုပွဲဆိုင်သည် ၎င်းတို့၏နာမည်ဂုဏ်သတင်းကို အဓိက မှီခိုနေရခြင်းဖြစ်သည်။

‘ငါလည်း နာမည်ကြီးဘုန်းကြီးတစ်ပါးကိုပင့်ရင်ရော ဘယ်လိုနေမလဲ’

လင်းယွဲ့ ခေါင်းခါကာ ထိုအကြံကို ဖျက်သိမ်းလိုက်သည်။ နာမည်ကြီးဘုန်းကြီးက အကြောင်းမရှိဘဲ သူမကို ဘာကြောင့်ကူညီရမည်နည်း။

‘အကယ်၍ နာမည်ကြီးဘုန်းကြီးက ငွေလိုချင်လျှင် ဒီလုပ်ငန်းငယ်လေးနဲ့ ငါ ဘယ်လောက်တောင် ရနိုင်မှာမို့လို့လဲ၊ အကယ်၍ နာမည်ကြီးဘုန်းကြီးက အမြတ်ဝေစုလိုချင်ရင်လည်း ထားလိုက်ပါတော့ မတန်ဘူး’

သို့သော် ပူးတွဲရောင်းချသည့် အကြံဉာဏ်မှာ ကောင်းမွန်ပေသည်။ နံ့သာတိုင်များကို အချိုပွဲများနှင့် တွဲရောင်းခြင်းပင်ဖြစ်သည်။ အကယ်၍ သူမ စောစောသွားပြီး လူအများစုနံ့သာတိုင်မထွန်းမီ ရောင်းချပါက အရောင်းအဝယ်အချို့ ရနိုင်ပေမည်။

ထို့နောက် ပဲနီလေးဆန်အရက်ချိုထဲသို့ ကောက်ညှင်းလုံးငယ်လေးများ ထည့်လိုက်ပါက ဗိုက်ပိုဝစေပြီး မနက်စာအဖြစ် သင့်တော်ကာ ပိုမိုကြည့်ကောင်းသဖြင့် လူများကိုတန်သည်ဟု ခံစားရစေမည်ဖြစ်သည်။ သို့သော် တကယ်တမ်းတွင် ကုန်ကျစရိတ်မှာ သိပ်မများလှပေ။ အဘယ်ကြောင့်ဆိုသော် သူမရေခဲသေတ္တာထဲတွင် ထိုအရာများရှိပြီးသားဖြစ်သောကြောင့်ပင် ဖြစ်သည်။

ဤကောက်ညှင်းလုံးငယ်လေးများမှာ လက်သန်းလက်သည်းခွံ အရွယ်အစားခန့်ရှိပြီး သေးငယ်ကာလုံးဝန်းနေ၏။ သူမသည် မီးပုံးပွဲတော်အတွင်းက ချက်စားရန် ရည်ရွယ်၍ ဝယ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ တစ်ယောက်တည်းစားရန် ပျင်းသဖြင့် ရေခဲသေတ္တာထဲတွင်သာ ထားထားခဲ့ခြင်း ဖြစ်သည်။ ကောက်ညှင်းလုံးငယ်လေးများကို ဖွင့်လိုက်ပြီးနောက် လင်းယွဲ့သည် ယုံကြည်မှုပိုရှိလာပြီး နောက်တစ်ကြိမ် ထပ်မံကြိုးစားရန် ဆုံးဖြတ်လိုက်၏။

"အဒေါ်ဝမ် နောက်တစ်ကြိမ်ကျရင် နည်းနည်းလောက် စောစောလာပေးလို့ ရမလား၊ ကျွန်မက မနက်စောစောလာတဲ့လူတွေကို အမီရောင်းချင်လို့ပါ"

"ဟင်"

ဝမ်ရှောင်နျိုက ခဏမျှရပ်တန့်သွားပြီး အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားပုံဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ၊ ဒါပေမဲ့ အရမ်းကြီး စောလို့တော့ မရဘူးနော်၊ မဟုတ်ရင် ငါ့သားက အားနည်းတော့ခံနိုင်မှာ မဟုတ်ဘူး"

လင်းယွဲ့ ခေါင်းညိတ်လိုက်သော်လည်း သူတစ်ပါးအပေါ် မှီခိုနေရသည်မှာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ လက်ဖက်ရည်ဆိုင်တွင် ဝမ်အာမေ၏အကူအညီဖြင့် နေ့စဉ်ဝင်ငွေမှာ ကြေးပြားတစ်ရာခန့် တည်ငြိမ်နေပြီး လင်းယွဲ့လည်း မကြာခဏသွားရန်မလိုတော့ပေ။ သူမသည် တစ်ပတ်လျှင် သုံးရက်ခန့်သာသွားပြီး နေ့စဉ်ဝင်ငွေထဲမှ ဝမ်အာမေအား ကြေးပြားသုံးဆယ် ပေးလေ့ရှိသည်။

ကျန်လေးရက်တွင် မနက်ခင်း၌ လျံဖန်နှင့် နို့လက်ဖက်ရည်ပြုလုပ်ပြီးနောက် များသောအားဖြင့် နားနေလေ့ရှိပြီး သို့မဟုတ် တာ့ယာကို စာသင်ပေးလေ့ရှိသည်။ သို့သော် သူမအိမ်ရှေ့တွင် ကြက်မွေးရန်နှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် သီးသန့်မြေလွတ်တစ်ကွက် ရှိနေသေး၏။ လင်းယွဲ့သည် ရှောင်ဟုန်နှင့်အတူ ပြီးခဲ့သည့်အကြိမ်က ဝမ်တာ့ဟိုင်ပေးခဲ့သော ကြက်မနှစ်ကောင်ကိုပါ မွေးထားလေသည်။

ညတိုင်း သူမအိမ်သာတက်ပြီးနောက် ကြက်ခြံထဲသို့ ကြက်ဥငါးဆယ်ကို ထည့်ပေးလေ့ရှိသည်။ လင်းယွဲ့သည် ယခုအခါ ရေခဲသေတ္တာကို ပိုမို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ သူမလက်ချောင်းလေး တစ်ချက် နှိပ်လိုက်သည်နှင့် ကြက်ဥငါးဆယ်မှာ သူမဆန္ဒအတိုင်း ရွေ့လျားသွားပြီး စက္ကန့်ပိုင်းအတွင်း ကြက်ခြံထဲတွင် ပေါ်လာလေ၏။ လင်းယွဲ့အတွက် ဘာခွန်အားမှ စိုက်ထုတ်စရာမလိုပေ။

သို့သော် မနက်တိုင်း ကုတန်နှင့် တာ့ယာတို့မှာ ကြက်ဥများကို သေချာကောက်ယူကြပြီး 'ကြက်နတ်မင်းတွေ' ဟု အော်ဟစ်ကာ ရှောင်ဟုန်၊ ရှောင်ဟွမ်နှင့် ရှောင်လုတို့ကို ဖက်နမ်းချင်နေကြသည်။ ထို့ပြင် ကုတန်မှာ နေ့စဉ် ကြက်ဥများကို ကြိုးကြိုးစားစား သိမ်းဆည်းရုံသာမက မနက်တိုင်း ကြက်ချေးများကို ဂေါ်ပြားဖြင့် ကော်ယူကာ အိမ်သာကျင်းထဲသို့ လောင်းထည့်လေ့ ရှိသည်။

"မရီး ဒီကြက်ချေးက မြေဩဇာအတွက် သိပ်ကောင်းတာပဲ၊ အထူးသဖြင့် ဟင်းသီးဟင်းရွက်တွေ ရေလောင်းဖို့အတွက်လေ"

ကြက်ချေးတွင် ဖော့စဖရပ် ဓာတ်မြေဩဇာ အများအပြားပါဝင်သည်။ သီးနှံများသည် အာဟာရဓာတ် များစွာလိုအပ်ပြီး ယင်းတို့အနက် ကာဗွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်တို့မှာ လေထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်မှ ရရှိသဖြင့် မြေဩဇာကျွေးရာတွင် ထည့်သွင်းစဉ်းစားရန် မလိုအပ်ပေ။ မြေကြီးသည် နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်စီယမ် ဓာတ်မြေဩဇာများကို အလိုအပ်ဆုံးဖြစ်သည်။

တိရစ္ဆာန်ချေးများကို တိုက်ရိုက် သုံးစွဲ၍မရဘဲ များသောအားဖြင့် ဆွေးမြည့်အောင်ပြုလုပ်ပြီး အချဉ်ဖောက်ရန် လိုအပ်သည်။ လင်းယွဲ့၏အိမ်သာမှာလည်း ထိုသို့ပင် ဖြစ်သည်။ အိမ်သာနောက်တွင် ကျင်းကြီးတစ်ကျင်းရှိပြီး မစင်များသည် သစ်သားပြားပေါ်မှ လျှောကျကာ ထိုကျင်းထဲသို့ ဝင်ရောက်ပြီး အချဉ်ဖောက်ခြင်းဖြစ်စဉ်ကို ဖြစ်ပေါ်စေ၏။

မြေဩဇာထုတ်ယူရန် လွယ်ကူစေရန် ကျင်းအပြင်ဘက်တွင် အပေါက်ငယ်လေးတစ်ခုသာ ရှိသည်။ ကောက်ပဲသီးနှံများနှင့် ဟင်းသီးဟင်းရွက်များမှာ မြေဩဇာများများကျွေးလေ ပိုကြီးထွားလေဖြစ်သည်။ သို့သော် တိရစ္ဆာန်ချေး ပမာဏမှာ ကန့်သတ်ချက် ရှိ၏။

ထို့ကြောင့် လင်းယွဲ့သည် ရှီထိုင်ခရိုင် မြို့တံခါးမှနေ၍ မြို့ပြင်ရှိ လယ်သမားများထံရောင်းချရန် တိရစ္ဆာန်ချေးများကို အသုတ်လိုက် သယ်ထုတ်သွားသည်ကိုပင် မြင်တွေ့ခဲ့ရသည်။ ချမ်းသာသော မိသားစုများနှင့် သာမန် မိသားစုများထံမှရရှိသော ချေးများမှာ ဈေးနှုန်းကွာခြားသည်ဟု သူမကြားခဲ့ရ၏။ လင်းယွဲ့သည် နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်စီယမ် ဓာတ်မြေဩဇာများ၏ ရိုးရှင်းသော အိမ်တွင်းဖြစ်ပြုလုပ်နည်းကို သိထားသည်။

တိရစ္ဆာန်အရိုးများကို အမှုန့်ကြိတ်ကာ မြေကြီးပေါ်တွင် ဖြူးပေးခြင်း ဖြစ်သည်။ မြေဩဇာအမြန်ထုတ်လုပ်ရန်အတွက် တိရစ္ဆာန်ချေးကိုထုံးမှုန့်ဖြင့် ရောစပ်ကာ အချဉ်ဖောက်ရန်အတွက် ကြံသကာ သို့မဟုတ် ပဲပုပ်မှုန့် အနည်းငယ်ထည့်ပြီး မြေမီးဖိုထဲတွင် ပိတ်ထားလိုက်ပါက ဆယ်ရက်မှ လဝက်အတွင်း အသင့်ဖြစ်သွားမည် ဖြစ်သည်။ သို့သော် လင်းယွဲ့၏အဓိက ရည်ရွယ်ချက်မှာ စိုက်ပျိုးရေးမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမရေခဲသေတ္တာမှ လုံလောက်သော အစားအစာများကို ထုတ်လုပ်ပေးနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမသည် ဤမြေဩဇာမျိုးကို သုတေသနမလုပ်သလို စမ်းသပ်ခြင်းလည်း မပြုလုပ်ခဲ့ပေ။

သို့သော် အနီးအနားရှိ ရွာသားများမှာ သေမတတ်အလုပ်လုပ်နေကြသော်လည်း စပါးအထွက်နှုန်းမှာမမြင့်မားသည်ကို မြင်ရသောအခါ လင်းယွဲ့သည် အာလူးနှင့် ကန်စွန်းဥများကိုဖွင့်လိုက်ပြီး ဦးစွာစိုက်ပျိုးရန် စီစဉ်လိုက်၏။ တစ်စုံတစ်ယောက်က မေးလာပါက တောင်ပေါ်တွင် မတော်တဆ တွေ့ရှိခဲ့သည်ဟု သူမပြောမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ယခုသူမတွင် ကျောထောက်နောက်ခံရှိနေပြီဖြစ်ရာ အဆိုးဆုံးအခြေအနေတွင် ဝမ်စုန်းရှင်းမှတစ်ဆင့် ဧကရာဇ်ထံသို့ဆက်သနိုင်ပေသည်။ တာ့ယုံမင်းဆက်၏ စားနပ်ရိက္ခာထုတ်လုပ်မှု တိုးတက်လာပြီး လူဦးရေတိုးပွားလာကာ လူ့အဖွဲ့အစည်းမှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ပေသည်။ ထို့ပြင် သူမသည် ဧကရာဇ်၏ဆုချီးမြှင့်မှုကိုပင် ရရှိနိုင်ပေသည်။

‘ဥပမာ တော်ဝင်ကုန်သည်အဖြစ်လား’

ဤသို့တွေးမိသောအခါ လင်းယွဲ့ အနည်းငယ် ပျော်ရွှင်သွားလေ၏။ အာလူးနှင့် ကန်စွန်းဥတို့မှာအထွက်နှုန်း ကောင်းမွန်သော စားနပ်ရိက္ခာများဖြစ်ကြသည်။ ထို့ပြင် အမေရိကတိုက်မှ မူရင်းအာလူးနှင့် ကန်စွန်းဥများနှင့် နှိုင်းယှဉ်ပါက လင်းယွဲ့၏ခေတ်သစ် မျိုးစေ့များမှာ အထွက်နှုန်းပိုကောင်းပြီး အအေးဒဏ်နှင့် အပူဒဏ်ကိုပိုမို ခံနိုင်ရည်ရှိ၏။

ထို့ပြင် အာလူး၏အဆိပ်သင့်နိုင်ခြေမှာလည်း ပိုမိုနည်းပါးသည်။ အာလူးများကို များသောအားဖြင့် မျိုးဆက်သုံးဆက်ထက် ပိုစိုက်ပျိုး၍မရပေ။ အဘယ်ကြောင့်ဆိုသော် အထွက်နှုန်း ကျဆင်းသွားမည်ဖြစ်ပြီး အဆိပ်အတောက်ပင်ဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။ ကန်စွန်းဥများတွင် ဤပြဿနာမျိုးမရှိဘဲ ပိုမို တည်ငြိမ်ပေသည်။

သို့သော် ဤနည်းအားဖြင့် သူမသည် ငွေရှာရန်အတွက် အာလူးပျိုးပင်များကိုလည်း ထောက်ပံ့ပေးနိုင်ပေသည်။ ခေတ်သစ်မျိုးစေ့ကုမ္ပဏီ အများအပြားသည် ပြန်လည်စိုက်ပျိုးရန် သိမ်းဆည်း၍မရသော မျိုးစေ့များကို ရောင်းချကြပြီး မျိုးစေ့ရောင်းချခြင်းဖြင့် ငွေရှာကြ၏။ သူမ အာလူးများကို ဖွင့်ကြည့်သောအခါ အတက်များထွက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူမဝယ်စဉ်က သေချာမစစ်ဆေးခဲ့သဖြင့် အတက်များထွက်နေခဲ့ခြင်း ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ လင်းယွဲ့သည် ဓားဖြင့် အာလူးများကို အပိုင်းအနည်းငယ် ပိုင်းဖြတ်လိုက်ပြီး အနာအဆာများ ပိုးမဝင်စေရန် ပြာများသုတ်လိမ်းလိုက်၏။ ကန်စွန်းဥအပိုင်းအနည်းငယ်ကိုလည်း ဖြတ်ကာ ပြာများ သုတ်လိမ်းလိုက်သည်။

လင်းယွဲ့သည် သူမတံခါးရှေ့ရှိ မြေကွက်ပေါ်တွင် မြေဘောင်မြင့် လေးခုကို တည်ဆောက်ကာ အာလူးနှင့် ကန်စွန်းဥများကို မြှုပ်နှံလိုက်ပြီးနောက် မြေကြီးခြောက်စင်တီမီတာ သို့မဟုတ် ခုနစ်စင်တီမီတာခန့် ဖုံးအုပ်လိုက်သည်။ လင်းယွဲ့သည် အစကငရုတ်သီးများကိုပါ စိုက်ပျိုးချင်ခဲ့သော်လည်း ငရုတ်သီးသည် နွေးထွေးမှုကို နှစ်သက်သဖြင့် နွေဦးရာသီသည် စိုက်ပျိုးရန် ပိုသင့်တော်သော အချိန်ဖြစ်သည်။ စိုက်ပျိုးပြီးနောက် လင်းယွဲ့သည် ကုတန်နှင့် တာ့ယာတို့ကို အပင်များထွက်မလာမချင်း ရေမလောင်းရန် မှာကြားလိုက်၏။

"မရီး၊ အခု စိုက်နေတာတွေက ဘာတွေလဲဟင်"

"ဒါတွေက အရမ်းအရသာရှိတဲ့ဟာတွေလေ"

အာလူးနှင့် ကန်စွန်းဥတို့မှာ စားနပ်ရိက္ခာများသာမက ဟင်းလျာများလည်းဖြစ်ကြသည်။ အာလူးကြော်၊ အာလူးကြွပ်၊ အာလူးထောင်း၊ ကန်စွန်းဥဖုတ် စသည်တို့မှာ အထူးအရသာရှိလှပေသည်။

'ဆောင်းရာသီ ရောက်လာတဲ့အခါ အပြင်ဘက်မှာ ဆီးနှင်းတွေကျနေတာကို ကြည့်ရင်း ထမင်းချက်ပြီးရင် ကန်စွန်းဥတွေကို မီးဖိုထဲထည့်ထားလိုက်မယ်၊ မကြာခင်မှာပဲ ကန်စွန်းဥဖုတ်တစ်ခုကို ထုတ်ယူလို့ရပြီ၊ အခွံကို ခွာလိုက်တာနဲ့ ရွှေရောင်ဝင်းပြီး နူးညံ့စေးပိုင်နေတဲ့ ကန်စွန်းဥက အငွေ့တထောင်းထောင်း ထွက်နေမှာပဲ၊ တစ်ကိုက် ကိုက်လိုက်တာနဲ့ နူးညံ့၊ စေးပိုင်ပြီး ချိုမြိန်တဲ့အရသာကို ခံစားရမယ်၊ ပြီးတော့အခွံကိုပါ စားလို့ရသေးတယ်၊ အခွံကကြွပ်ရွနေပြီး ဖုတ်ထားတဲ့ အချိုဓာတ်တွေ ပါဝင်လို့ ပြောမပြတတ်အောင် အရသာရှိလှတယ်'

တွေးရင်းဖြင့်ပင် လင်းယွဲ့ သွားရည်ကျသွားလေသည်။

"ညီမလေးယွဲ့၊ ငရုတ်သီးဆော့စ် နည်းနည်း ထပ်လိုချင်လို့ပါ"

ချန်းဖူကွေ့က မောဟိုက်စွာဖြင့်ပြောလိုက်သည်။

"ပြီးခဲ့တဲ့တစ်ခေါက်က သုံးရက်တောင် မပြည့်သေးဘူးလေ၊ ဘာလို့ ထပ်ရောက်လာတာလဲ"

လင်းယွဲ့ပြောလိုက်သည်။

"ပြီးတော့ အမြဲတမ်း နှစ်ရက်သုံးရက် တစ်ခါဆိုတော့ ခရိုင်မြို့တော်က လူတွေက အဲဒီလောက် မြန်မြန်စားကြတာလား"

"ဟီးဟီး အရသာရှိတော့ မြန်မြန်ကုန်တာပေါ့"

လင်းယွဲ့ မယုံကြည်ပေ။ ငရုတ်သီးဆော့စ်မှာ ဈေးမကြီးသော်လည်း ဈေးမပေါလှပေ။ ငရုတ်သီးဆော့စ် အသစ်တစ်ခု၏နာမည်ဂုဏ်သတင်းက ဤမျှမြန်မြန် ပျံ့နှံ့နိုင်မည်လားဆိုသည်ကို မဆိုထားနှင့်။ အကယ်၍ ခရိုင်တစ်ခုလုံးတွင် ရေပန်းစားနေလျှင်တောင်မှ ဤလအတွင်း သူမအကြိမ်ဆယ်ကြိမ်ကျော်ပို့ခဲ့ပြီး စုစုပေါင်း ပုလင်းသုံးရာကျော်ရှိပြီ ဖြစ်သည်။

သို့သော် သူမသည်လည်း ကြေးပြား လေးထောင်ကျော်ရရှိခဲ့ပြီဖြစ်ရာ ငွေ လေးတေးကျော်နှင့် ညီမျှပေသည်။ ဤသည်မှာ အရင်းမရှိသောစီးပွားရေးဖြစ်ပြီး တစ်လလျှင် ငွေလေးတေးကျော် ရရှိနေခြင်းဖြစ်၏။ ဤရွာတွင် လင်းယွဲ့မှာ ထိုပမာဏရသော တစ်ဦးတည်းသောသူဖြစ်သည်။ အခြားမိသားစုများမှာ တစ်နှစ်လျှင် ငွေလေးတေးပင်ရချင်မှ ရပေမည်။ သို့သော် ချန်းဖူကွေ့ တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု လင်းယွဲ့ သံသယဝင်မိသည်။ မည်သို့ပင်ဆိုစေ ခရိုင်မြို့တော်ရှိ မိသားစုတစ်စုမှာ တစ်လလျှင် တစ်ပုလင်းသာကုန်အောင် စားရဲပေမည်။

‘ခရိုင်မြို့တော် အရောင်းပမာဏက ဘယ်လိုလုပ်မလျော့ကျဘဲ ဒီလောက်တောင် ရေပန်းစားနေရတာလဲ’

ချန်းဖူကွေ့၏မျက်လုံးများ ဟိုဟိုဒီဒီ ကြည့်နေသည်ကို မြင်သောအခါ လင်းယွဲ့ပြုံး၍ ပြောလိုက်သည်။

"ဆိုင်ရှင်ချန်း ကျွန်မက မသေမျိုးမှမဟုတ်တာ၊ ဒီငရုတ်သီးဆော့စ်ကလည်း လုပ်ရဦးမယ်လေ၊ ဒီလအတွင်း ကျွန်မဆီမှာ ရှိသမျှအကုန်ရောင်းကုန်သွားပြီ၊ ကျွန်မ တကယ်ကိုထပ်မထုတ်နိုင်တော့ဘူး"

ဤသည်မှာ အမှန်ပင်ဖြစ်သည်။ လင်းယွဲ့၏ရေခဲသေတ္တာက တစ်နေ့လျှင် ငရုတ်သီးဆော့စ် ၈ပုလင်း ထုတ်လုပ်ပေးနိုင်ပြီး သုံးရက်လျှင် ၂၄ပုလင်းသာ ရရှိနိုင်၏။ သို့သော် ဤကာလအတွင်း လင်းယွဲ့သည် နှစ်ရက်သုံးရက်တိုင်းလိုလို ပုလင်း ၃၀စီ ပေးနေရသဖြင့် သူမ၏ယခင်လက်ကျန်များအားလုံး ကုန်သွားခဲ့ပြီဖြစ်သည်။

All Chapters