← Chapters

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀

Vol. 9 Ch. 90

Ch-90

ပင်လုံးကြိုင်ပန်းခူးရာမှ သစ်အယ်သီးများပါ အများအပြား ရလာလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ လင်းယွဲ့ ခြေလှမ်းအနည်းငယ် လျှောက်လိုက်ရာ အခြား တောသစ်အယ်ပင် တစ်ပင်ကို တွေ့လိုက်ရသဖြင့် မှည့်နေသော သစ်အယ်သီးများကို သူမကျောပိုးခြင်းထဲသို့ အမြန်ထည့်လိုက်၏။ မကြာမီမှာပင် သူမကျောပိုးခြင်းမှာ သစ်အယ်သီးများဖြင့် ပြည့်သွားလေသည်။

လင်းယွဲ့၏စိတ်အားထက်သန်မှု အနည်းငယ် လျော့ကျသွားပြီး ပင်လုံးကြိုင်တစ်ပင်ဆီသို့ လျှောက်သွားကာ အိပ်ရာခင်း နှစ်ထည်ကို ဘယ်ဘက်တွင် တစ်ထည်၊ ညာဘက်တွင် တစ်ထည် ဖြန့်ခင်းလိုက်သည်။

"ယောင်းမ ပင်လုံးကြိုင်ပန်းက ဘာလုပ်လို့ရလို့လဲ၊ စားလို့မှ မရတာ"

တာ့ယာက သစ်အယ်သီးတစ်လုံးကို ကိုက်ခွဲလိုက်ပြီး အစိမ်းရောင် အနည်းငယ်သန်းကာ အမွှေးအမျှင်များ ပါသော အပြင်ခွံကို ခွာလိုက်သည်။ သူမက ပါးစပ်ထဲမှ အမွှေးများကို ဖယ်ရှားရန် အမြန် တံတွေးထွေးလိုက်၏။ ထို့နောက် သစ်အယ်သီးကို တစ်ကိုက်ကိုက်လိုက်ရာ ချိုမြိန်ပြီး ကြွပ်ရွနေလေသည်။ တာ့ယာ၏ မျက်လုံးများက ချိုမြိန်မှုကြောင့် ကွေးညွတ်သွားပြီး သူမက နောက်ထပ် တစ်လုံးကို အမြန်ကိုက်လိုက်ကာ လင်းယွဲ့ထံသို့ ကမ်းပေးလိုက်သည်။

"ယောင်းမ စားကြည့်ပါဦး၊ ဒီသစ်အယ်သီးက သိပ်ချိုတာပဲ"

လင်းယွဲ့က ၎င်းပေါ်ရှိစေးကပ်နေသော တံတွေးများကိုကြည့်ကာ ရယ်မောလိုက်သည်။

"တာ့ယာ နင်ပဲ စားလိုက်ပါ၊ ငါ အခု ဗိုက်မဆာသေးဘူး"

သူမဆက်ပြောလိုက်သည်။

"ပင်လုံးကြိုင်ယို၊ ပင်လုံးကြိုင် ကိတ်မုန့်၊ ပက်လုံးကြိုင် အရက်၊ ပြီးတော့ လက်ဖက်ရည်လုပ်သောက်လို့တောင် ရသေးတယ်၊ ပင်လုံးကြိုင်ပန်းက အသုံးဝင်တာတွေ အများကြီးပဲ"

"ဘေးဖယ်နေနော်"

လင်းယွဲ့က သတိပေးလိုက်ပြီးနောက် ပင်လုံးကြိုင်ပင်ကို အားကုန်လွှဲကာ ကန်လိုက်သည်။ ပင်လုံးကြိုင်ပန်းများက မိုးရွာချသကဲ့သို့ ကျဆင်းလာပြီး ၎င်းတို့၏ရနံ့များမှာ လေထုထဲတွင် ပျံ့နှံ့သွားလေသည်။

"ဟားဟားဟား"

ပန်းများရွှဲနစ်သွားသော တာ့ယာက ရယ်မောကာ ပြေးထွက်သွားလေသည်။ လင်းယွဲ့က အကြိမ်အနည်းငယ်ထပ်ကန်လိုက်ပြီး အိပ်ရာခင်းများပေါ်တွင် ပင်လုံးကြိုင်ပန်းများ ဖုံးလွှမ်းသွားသောအခါမှ ရပ်လိုက်၏။ သူမနှင့် တာ့ယာတို့က အိပ်ရာခင်းများကို ထိပ်နှစ်ဖက်မှ စုကိုင်ကာ ပန်းများကို တာ့ယာ၏ကျောပိုးခြင်းထဲသို့ ထည့်လိုက်သည်။

အိမ်ပြန်ရောက်ပြီးနောက် လင်းယွဲ့သည် ပင်လုံးကြိုင်ပန်းများကို ဝါးဖျာပေါ်တွင် ဖြန့်ကာ နေလှန်းထားလိုက်၏။ ခြောက်သွားသောအခါ ပင်လုံးကြိုင်ပျားရည် ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် လင်းယွဲ့သည် မီးဖိုချောင်ထဲသို့ဝင်ကာ မီးမွှေးလိုက်သည်။ သစ်အယ်သီးများကို ဆေးကြောပြီးနောက် ရေထဲထည့်ကာ ပြုတ်လိုက်သည်။ ဆယ်မိနစ်အကြာတွင် သူမသည် သစ်အယ်သီးသုံးပုံတစ်ပုံကို ခွံခွာရန် ဆယ်ယူလိုက်၏။ ၎င်းတို့ကို သစ်အယ်သီး ကြက်သားဟင်း ပြုလုပ်ရာတွင် သုံးမည် ဖြစ်သည်။ ကျန်ရှိသော သစ်အယ်သီးများအတွက် သကြားထည့်ကာ အနည်းငယ် ပိုကြာအောင် ဆက်ပြုတ်လိုက်သည်။

"သစ်အယ်သီး လာခွာကြ"

လင်းယွဲ့က ကုတန်နှင့် တာ့ယာကို လှမ်းခေါ်လိုက်သည်။

"ဒီည သစ်အယ်သီးကြက်သားဟင်း စားကြမယ်"

တာ့ယာမှာ အတက်ကြွဆုံးဖြစ်နေသည်။

‘စားချင်တယ်၊ နာမည်ကြားရုံနဲ့တင် အရသာရှိမယ့်ပုံပဲ’

ကုတန်မှာ သူ့ဘာသာ တတွတ်တွတ် ရေရွတ်နေသော်လည်း သူ၏ ခွာသည့် အမြန်နှုန်းမှာ မနှေးလှပေ။

"ဒီရက်ပိုင်း စာသင်ရတာ ဘယ်လိုနေလဲ"

"အဆင်ပြေပါတယ်"

ကုတန်က နှုတ်မှမပြောသော်လည်း တကယ်တမ်းတွင် သူသည် အခြေခံအတန်းတွင် အမြန်ဆုံး သင်ယူနိုင်သူ ဖြစ်သည်။ ဆရာဖြစ်သူက အကြိမ်ကြိမ် ချီးကျူးခဲ့သော်လည်း သူ၏အစပိုင်းက ရှိခဲ့သော မာနများနှင့် ကျေနပ်ရောင့်ရဲမှုများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ စာပိုဖတ်လေလေ သူ့အရေးမပါမှုကို ပိုနားလည်လေလေ ဖြစ်သည်။

ထို့ပြင် သူသည် တစ်နှစ်အတွင်း ဆရာကြီး၏အတန်းသို့ ဝင်ရောက်နိုင်ရန် ဆန္ဒရှိနေ၏။လင်းယွဲ့သည် ကုတန်မှာ မကြာသေးမီက အများကြီးပိုတည်ငြိမ်လာသည်ကို မြင်ရသဖြင့် ကျေနပ်မိသည်။ သို့သော် သူမပြောလိုက်သည်။

"အလုပ်နဲ့ အနားယူတာကို မျှတအောင် လုပ်နော်၊ အရမ်းကြီး အတင်းမလုပ်နဲ့၊ တစ်ခါတလေကျရင်လည်း ဆော့ဦး"

"အင်း"

ကုတန်ကပြုံးလိုက်သော်လည်း သူ့လက်သီးကို တိတ်တဆိတ် ဆုပ်ထားလိုက်ပြီး တွေးလိုက်သည်။

'ငါ့ရဲ့မရီးက ငါတို့အတွက် အရမ်း အလုပ်ကြိုးစားနေရတာ၊ ငါ မကြာခင် ဒီမိသားစုကို ထောက်ပံ့ပေးမယ်’

"အစ်ကို စာအရမ်းဖတ်ရင် စာကြမ်းပိုးဖြစ်သွားတတ်တယ်လို့ ကြားဖူးတယ်၊ အစ်ကိုများ စာကြမ်းပိုးနဲ့ အစားထိုးခံလိုက်ရတာ မဟုတ်ပါဘူးနော်၊ ဒီရက်ပိုင်း အစ်ကိုကပုံမှန်နဲ့ မတူဘူး”

တာ့ယာက ကြောက်ဟန်ဆောင်ကာ ကုတန်အနားမှ ခွာသွားသည်။

"ငါသာ စာကြမ်းပိုးဆိုရင် မင်းကိုအရင်စားပစ်မှာ၊ မင်းနေ့တိုင်းပျင်းနေတာကို ရပ်သွားအောင်လို့"

ကုတန်က ပြောလိုက်သည်။

"ငါ ပြီးခဲ့တဲ့တစ်ခေါက်က သင်ပေးထားတဲ့စာလုံးသုံးလုံးက ဘယ်မှာလဲ၊ ငါ့ကို ရွတ်ပြစမ်း"

"ကျွမ်းကျွမ်းရေ မင်းအစ်မကို စားချင်နေတဲ့ ဘီလူးတစ်ကောင်ရှိတယ်၊ သူ့ကို မြန်မြန် စားပစ်လိုက်"

တာ့ယာက ကျားပေါက်လေးထံမှ အကူအညီအမြန်တောင်းလိုက်သည်။ ကျွမ်းကျွမ်းက ဟိန်းသံသဲ့သဲ့ပြုကာ ရှေ့သို့ ခြေလှမ်းအနည်းငယ်ပြေးသွားပြီးနောက် တာ့ယာ၏လက်ထဲမှ သစ်အယ်သီးကို လုယူသွား၏။

"ကျွမ်းကျွမ်း"

ကျွမ်းကျွမ်းက သစ်အယ်သီးကိုကိုက်ကာ ပြန်ထွေးထုတ်လိုက်ပြီးနောက် ၎င်းအပေါ်သို့ ထပ်မံခုန်အုပ်ကာ ကစားလိုက်၊ ကိုက်လိုက် လုပ်နေလေသည်။ အခန်းထဲတွင် ရယ်မောသံများ ချက်ချင်း ပြည့်နှက်သွားလေ၏။ တာ့ယာနှင့် ကုတန်တို့မှာ ယခင်ကကဲ့သို့ ပိန်ချုံးပြီး သနားစရာကောင်းသော ကလေးများမဟုတ်တော့ဘဲ နှစ်ယောက်စလုံးမှာ အများကြီးပိုမိုသန်မာလာကြပြီး သူတို့မျက်နှာများတွင်လည်း တက်ကြွမှုနှင့် အပြုံးများ ပိုရှိလာသည်ကို လင်းယွဲ့မြင်တွေ့လိုက်ရရာ တကယ်ကို စိတ်သက်သာရာရသွား၏။

"ကဲ ပြီးပြီ"

နောက်ဆုံး သစ်အယ်သီးပန်းကန်ထဲသို့ ကျသွားသည်ကိုမြင်သောအခါ လင်းယွဲ့က ပြောလိုက်သည်။

"သစ်အယ်သီး ကြက်သားဟင်း သွားချက်လိုက်ဦးမယ်"

လင်းယွဲ့က သကြားရည်ဖြင့်ပြုတ်ထားသော သစ်အယ်သီးများကို အရင် ဆယ်ယူကာ ဇလုံတစ်ခုထဲ ထည့်လိုက်သည်။

"ဒါတွေက နင်တို့သရေစာစားဖို့"

ထို့နောက် သူမက မီးမသေစေရန် မီးဖိုထဲသို့ ထင်းသုံးလေးချောင်း ထည့်လိုက်သည်။

"မရီး ကျွန်တော် မီးကြည့်ပေးမယ်"

ကုတန်က မီးဖိုနောက်ရှိ ခုံပုလေးပေါ်တွင်ထိုင်ကာ မီးရောင်အောက်တွင် စာအုပ်ထဲ၌ မျက်နှာအပ်ထားလေသည်။ လင်းယွဲ့က သူ့ကြိုးစားမှုကို ကြည့်ကာ ခပ်ယဲ့ယဲ့ပြုံးလိုက်မိသည်။ ခေတ်သစ်မိဘတွေက ကလေးတွေစာအရမ်းလုပ်နေရင် တက်ဘလက်တွေ ဝယ်ပေးပြီး ဂိမ်းဆော့ဖို့တောင်းပန်ရတဲ့ ခံစားချက်မျိုးကို သူမနားလည်နိုင်ပြီဟု ခံစားလိုက်ရ၏။

ကြက်သားကို အတုံးများ ပိုင်းဖြတ်ပြီးနောက် သူမက အရင်ဆုံး ရေနွေးဖျောလိုက်သည်။ ထို့နောက် ဆီထည့်ကာ ကြက်သွန်မြိတ်နှင့် ဂျင်းတို့ကို မွှေးလာသည်အထိ ဆီသတ်ပြီး ကြက်သားတုံးများကို ထည့်ကြော်လိုက်၏။ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ပြီးနောက် ရေနွေးလောင်းထည့်ကာ ပေါင်းထားလိုက်သည်။

ရေဆူလာသောအခါ လင်းယွဲ့က ဆားနှင့် သစ်အယ်သီးများကို ထည့်လိုက်ပြီး ကုတန်အား ထင်းနှစ်ချောင်းကို အခြား မီးဖိုတစ်ခုသို့ ရွှေ့ခိုင်းလိုက်၏။ ဤအိုးကို မီးအေးအေးဖြင့် ဆက်တည်ထားမည်ဖြစ်ပြီး မီးမသေစေရန် ထင်းများကို တစ်ခါတစ်ရံမှသာ ထည့်ပေးရန် လိုအပ်သည်။ အခြားအိုးတစ်လုံး ဆူလာသောအခါ လင်းယွဲ့က ထမင်းချက်ရန် ဆန်နှင့် ရေကို လောင်းထည့်လိုက်၏။

ထမင်းရည် ဆူလာသောအခါ လင်းယွဲ့က ဇွန်းဖြင့် ထမင်းရည်များကို ခပ်ထုတ်ကာ ဇလုံတစ်ခုထဲသို့ လောင်းထည့်လိုက်၏။ ၎င်းမှာ အလွန် အာဟာရပြည့်ဝသော ထမင်းရည်ဖြစ်သည်။ အိုးထဲရှိ ဆန်များမှာ ရေကို လုံလောက်စွာ စုပ်ယူထားပြီးဖြစ်ရာ ဤအချိန်တွင် ထမင်းရည် ခပ်ထုတ်လိုက်သဖြင့် ထမင်းမနပ်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။

သူမက အဖုံးကို ပိတ်ကာ ထမင်းကို အိုးထဲတွင် အငွေ့ဖြင့် နှပ်ထားလိုက်ရုံသာ ဖြစ်သည်။ မီးခိုးငွေ့များထဲမှ အစားအစာ ရနံ့များ လွင့်ပျံလာလေသည်။ ထမင်းနှင့် ဟင်းချက်နေစဉ် လင်းယွဲ့သည် နေ့လယ်က လီရှောင်လျန် ယူလာပေးသော ဟင်းသီးဟင်းရွက်များကို ဆေးကြောလိုက်၏။ ဟင်းသီးဟင်းရွက် အရွက်များမှာ ထူထဲပြီး စိမ်းလန်းစိုပြည်နေကာ ၎င်းတို့၏ ချိုမြိန်မှုကို သူမ ကြိုတင်၍ပင် မြင်ယောင်နိုင်နေပြီ ဖြစ်သည်။ သစ်အယ်သီး ကြက်သားဟင်း ကျက်သွားသောအခါ လင်းယွဲ့က ၎င်းကို ဇလုံတစ်ခုထဲသို့ ခပ်ထုတ်လိုက်၏။ အခြား ဇလုံတစ်ခုထဲသို့လည်း ဟင်းအနည်းငယ် ခပ်ထည့်ကာ တာ့ယာအား ပြောလိုက်သည်။

"ဒါကို အစ်မရှောင်လျန်ဆီ သွားပို့ပြီး မြည်းကြည့်ခိုင်းလိုက်"

ဝါးပွတ်တံဖြင့် အိုးကို ဆေးကြောကာ ညစ်ပတ်သော ရေများကို ခပ်ထုတ်ပြီးနောက် လင်းယွဲ့က ဆီထပ်ထည့်ကာ ဟင်းသီးဟင်းရွက်များကို ကြော်လိုက်သည်။ တာ့ယာက အမြန်ပြန်ပြေးလာသည်။

"အစ်မရှောင်လျန်က မြည်းကြည့်ပြီးတော့ သစ်အယ်သီးတွေက ကြက်သားဟင်းရည်အရသာ ဝင်နေပြီး ကြက်သားထက်တောင် ပိုကောင်းတယ်တဲ့"

လင်းယွဲ့က ပြုံးလိုက်သည်။

"ဒီသစ်အယ်သီး ကြက်သားဟင်းကလေ၊ တစ်ညလောက် ထားလိုက်ရင် ဆော့စ်အရသာတွေက ပိုစိမ့်ဝင်သွားပြီး ပိုတောင် အရသာရှိသေးတယ်"

လင်းယွဲ့က ဟင်းသီးဟင်းရွက်ကြော်ကို ချလိုက်ပြီး အော်ခေါ်လိုက်သည်။

"ပန်းကန်တွေယူပြီး ကိုယ့်ဘာသာကိုယ် ခူးကြတော့၊ ညစာ အသင့်ဖြစ်ပြီ"

လင်းယွဲ့နှင့် ကုတန်တို့က ယခင်ကဝယ်ထားသော ဝါးကုတင်ကို ခြံရှေ့သို့ အတူတကွ ရွှေ့လိုက်ကြပြီး စားပွဲကိုလည်း အပြင်သို့ ထုတ်လိုက်ကြသည်။ တာ့ယာက ခြင်များမလာစေရန် တရုတ်တမာကို မီးရှို့လိုက်၏။ ဆောင်းဦးရာသီရောက်လာသဖြင့် ဆောင်းဦးခြင်များက အတော်လေးဆိုးသွမ်းပေသည်။

လင်းယွဲ့က အေးမြသော ကုတင်ပေါ်တွင်ထိုင်ကာ ယပ်ခတ်ရင်း အလွန် ကျေနပ်နေမိသည်။ သူမက ဟင်းချက်ဆီအနံ့များ ပျောက်သွားစေရန် သကြားရည်ပြုတ် သစ်အယ်သီး အနည်းငယ်ကို အရင်စားလိုက်၏။ အဝေးသို့ လှမ်းကြည့်လိုက်ရာ ကျယ်ပြန့်သော စပါးခင်းများကို တွေ့လိုက်ရသည်။ မလှမ်းမကမ်းတွင် ဒေသခံခွေးသုံးကောင်က အုပ်စုလိုက်ပြေးလာကြသည်။

ဤခွေးများသည် ရွာထဲတွင် မည်သည့် မိသားစုက ညစာစားနေသည်ကို အတိအကျသိကြသည်။ သူတို့က အလွန် ရင်းနှီးစွာပြေးလာကြပြီး အစားတစ်လုပ်အတွက် စားပွဲအောက်တွင် လှည့်ပတ်နေကြ၏။ ကံမကောင်းစွာဖြင့် လင်းယွဲ့၏မိသားစုတွင် ကျွမ်းကျွမ်းရှိနေသည်။

လွန်ခဲ့သည့်တစ်လအတွင်း ကျွမ်းကျွမ်းမှာ အလျင်အမြန်ကြီးထွားလာခဲ့ပြီး သူ့ပခုံးအမြင့်မှာ လင်းယွဲ့ပေါင်အထိ ရောက်နေပြီဖြစ်သည်။ သူက ကစားစရာများတွေ့သွားသကဲ့သို့ ဒေသခံခွေးများဆီသို့ ပြေးသွားလေ၏။ ဤဒေသခံခွေးသုံးကောင်မှာ အမဲလိုက်ခွေးများမဟုတ်ဘဲ ဖြစ်သလို နေထိုင်ရသော အစောင့်ခွေးများသာ ဖြစ်သဖြင့် ကျားတစ်ကောင်ကို အသေအကြေတိုက်ခိုက်ကြမည် မဟုတ်ပေ။ ၎င်းကိုမြင်သောအခါ သူတို့က အလျင်အမြန်လူစုခွဲကာ ထွက်ပြေးသွားကြသော်လည်း အသားနံ့ကို မလွန်ဆန်နိုင်သဖြင့် လင်းယွဲ့အိမ်ရှေ့တွင် တွေဝေစွာ ရစ်သိုင်းနေကြသည်။

"ကျွမ်းကျွမ်း"

လင်းယွဲ့က အသံကျယ်ကျယ်ဖြင့် လှမ်းခေါ်လိုက်၏။ ဤဒေသခံခွေးများမှာလည်း ခက်ခဲလှပေသည်။ လင်းယွဲ့က ကြက်သားသုံးတုံးကို ကောက်ယူကာ ခွေးသုံးကောင်ထံသို့ ပစ်ပေးလိုက်၏။

"စားကြ"

တာ့ယာက ကြက်သားတစ်တုံးကို အမြန်စားလိုက်ပြီး အရိုးကို ဒေသခံခွေးတစ်ကောင်ထံသို့ ပစ်ပေးလိုက်သည်။

"ခွေးလေး၊ နင် အရမ်းပိန်တာပဲ"

"ခွေးတွေက အရိုးစားလို့မရဘူးလေ"

ယင်းကို မြင်သောအခါ လင်းယွဲ့ကအကြံပြုလိုက်သည်။

"ကြက်ရိုးနဲ့ ဘဲရိုးတွေက ချွန်ထက်တယ်၊ ပြီးတော့ ချက်ပြုတ်ပြီးသွားရင် ခွေးတွေက အဲဒါတွေကိုမဝါးနိုင်ဘူး၊ အစာလည်း မကြေနိုင်ဘူး၊ အထူးသဖြင့် ကြက်ပေါင်ရိုးတွေက သူတို့ရဲ့အူတွေကို ခြစ်မိစေနိုင်တယ်"

"အဲဒီလောက်တောင် ဂရုစိုက်ရတာလား"

တာ့ယာက နားမလည်နိုင်စွာဖြင့်မေးလိုက်သည်။

"ဒါပေမဲ့ သူတို့က အရိုးတွေကို အရမ်း အရသာရှိရှိစားနေကြတာပဲ၊ ပြီးတော့ ဘယ်မိသားစုက သူတို့ကို အသားပေးမှာလဲ၊ ဒါပေမဲ့ နှစ်သစ်ကူးတုန်းကတော့ မိသားစုတော်တော်များများက ခွေးတွေကိုသတ်ပြီး အသားစားကြတယ်လေ"

သူမ ပြောသည်မှာ မှန်ပေသည်။ ဤခေတ်တွင် လူများပင် ဝဝလင်လင်မစားရသဖြင့် ခွေးများဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပေ။ လူများက ခွေးများကို အိမ်တွင်းဖြစ် ချက်ပြုတ်ထားသော အစားအစာများ ကျွေးမွေးပြီး အနီရောင်အသား၊ အဖြူရောင်အသားနှင့် ဟင်းသီးဟင်းရွက် အချိုးအစားကို စဉ်းစားကာ ၎င်းတို့၏အာဟာရကို ဖြည့်စွက်ရန် သမင်သား၊ ငှက်ကုလားအုတ်သားစသည်တို့ကိုပင် ဝယ်ယူကျွေးမွေးကြသော ခေတ်သစ်ကာလနှင့်မတူပေ။

ခေတ်ကာလများက သိပ်ကိုကွာခြားလွန်းလှသည်။ ညစာစားပြီးနောက် လင်းယွဲ့သည် သကြားရည်ပြုတ် သစ်အယ်သီးတစ်ဆုပ်ကို ယူကာ ဂျင်ဂိုပင်အောက်သို့ သွားရောက်အပန်းဖြေလေ၏။ သူမ၏အဓိက ရည်ရွယ်ချက်မှာ အတင်းအဖျင်းစကားများ နားထောင်ရန် ဖြစ်သည်။

All Chapters