← Chapters

အခန်း ၉၁

Vol. 10 Ch. 91

အခန်း ၉၁

Vol. 10 Ch. 91

Ch-91

စိုက်ပျိုးရေး အလုပ်များသောရာသီ စတင်လာသည်နှင့်အမျှ ရွာသားများသည် နေ့စဉ်နေ့တိုင်း စပါးရိတ်ခြင်း၊ နေလှန်းခြင်းတို့ဖြင့် အချိန်ကုန်လွန်နေကြပြီး လူတိုင်းမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြသည်။ ကောင်းကင်ယံမှ နောက်ဆုံးအလင်းရောင် ကွယ်ပျောက်သွားသောအခါမှသာ အိမ်သို့ ပြန်လာကာ အားအင်များ ပြန်လည်ပြည့်ဖြိုးရန်အတွက် အစားအသောက် အနည်းငယ်ကို စားသောက်ကြ၏။ ထို့နောက် သူတို့၏တစ်ခုတည်းသော ဖျော်ဖြေရေးမှာ ရွာထိပ်တွင်ထိုင်ကာ အတင်းအဖျင်းစကားများ နားထောင်ရန်ပင်ဖြစ်သည်။

ဤအချိန်တွင် အတင်းအဖျင်းစကားအများစုမှာ လူမှုရေးဖောက်ပြန်မှုများနှင့် ပတ်သက်သောကိစ္စများ ဖြစ်ကြသည်။ ယောက္ခမဖြစ်သူက မလျော်ကန်သောအပြုအမူဖြင့် ဖမ်းမိကြောင်း လင်းယွဲ့ကြားလိုက်ရ၏။ ထို့နောက် အစ်ကိုဖြစ်သူ သေဆုံးသွားရာ မိသားစုက မင်္ဂလာကြေးသက်သာစေရန် မရီးဖြစ်သူကို ညီဖြစ်သူနှင့်အတင်းအကျပ် လက်ထပ်ပေးခဲ့ကြောင်းစသည်ဖြင့် ပြောဆိုနေကြသည်။ သို့သော် များများကြားလာရသောအခါ စိတ်ဝင်စားစရာ မကောင်းတော့ပေ။

"တာ့ဟိုင်၊ ဘာလို့ပြန်တာလဲ"

ဝမ်တာ့ဟိုင် သက်ပြင်းချလိုက်သည်။

"ဒီရက်ပိုင်း စပါးတွေမှည့်နေပြီလေ၊ ပြီးတော့ တောဝက်တွေလည်း ရောက်လာကြတယ်၊ ငါပြန်ပြီး အိပ်ရေးဝအောင် အိပ်လိုက်ဦးမယ်၊ ပြီးရင် ညဘက် ကင်းစောင့်ရဦးမယ်"

"အာ ချွမ်ဖျင်မိသားစုရဲ့ စပါးခင်းတွေ တူးဆွခံလိုက်ရတယ်ဆိုတာ တကယ်လား၊ ငါက အလကားပြောတာလို့ ထင်နေတာ၊ တကယ်ကြီး တောဝက်တွေရှိနေမယ်လို့ မထင်ထားဘူး”

"ကျိန်စာသင့်မယ့်ကောင်တွေ၊ သူတို့က စားလည်း မစားဘဲနဲ့ ဖျက်ဆီးရုံသက်သက်ပဲ၊ အဲဒါ တစ်နှစ်စာလုံးရဲ့ အသီးအပွင့်တွေလေ"

"အလုပ်တွေများတဲ့ ရာသီပြီးသွားရင် ရွာသူကြီးက သေချာပေါက် ငါတို့ကိုစုပြီး တောင်ပေါ်တက် တောဝက်သွားပစ်ခိုင်းလိမ့်မယ်”

"အဲဒီကျရင် သူတို့စားခဲ့သမျှအတွက် အသက်နဲ့ ပြန်ပေးဆပ်ရလိမ့်မယ်"

"အိုး တောဝက်တွေက နှစ်တိုင်းပေါ်လာတာပဲ၊ ဘာများ အံ့ဩစရာရှိလို့လဲ၊ မင်းတို့ ကြားပြီးကြပြီလား၊ ခရိုင်လက်ထောက်တရားသူကြီး ထောင်ကျသွားပြီ၊ စွန်းကျန်းလည်း သေသွားပြီတဲ့”

"ခရိုင်လက်ထောက်တရားသူကြီး ထောင်ကျသွားတယ်တဲ့လား၊ ငါ တွေးတောင် မတွေးရဲဘူး၊ ရွာမှာ ဗိုလ်ကျနေတဲ့ စွန်းကျန်းကလည်း ဒီလိုပဲသေသွားတယ်ပေါ့"

"သူ သေသင့်ပါတယ်၊ ရွာမှာ လူဆိုးတစ်ယောက် လျော့သွားတာပေါ့၊ ဖျင်ဆန်းရွာတစ်ရွာလုံး ငါတို့ကို ဦးညွှတ်ပြီး ကျေးဇူးတင်သင့်တာ"

"ဒါတွေ အကုန်လုံးက အရေးမပါပါဘူး၊ ငါ မင်းတို့ကို တကယ်ကို ဟိုးလေးတကျော် ဖြစ်သွားစေမယ့် သတင်းတစ်ခုပြောပြမယ်"

ဝမ်ကျစ်က ပဲလှော်တစ်ဆုပ်ကို ကိုင်ထားပြီး တစ်စေ့ကိုပါးစပ်ထဲထည့်ကာ အရသာခံဝါးနေလိုက်သည်။ ဝမ်ကျစ် အချိန်အတော်ကြာ ဝါးနေသော်လည်း သတင်းထူး ထွက်မလာသည်ကိုမြင်သောအခါ တစ်စုံတစ်ယောက်က အလျင်အမြန် တိုက်တွန်းလိုက်၏။

"ဘာသတင်းလဲကွ၊ မင်းရဲ့ပဲလှော်စားပြီးပေါက်တဲ့ အီးနံ့ကနံတယ်ဆိုတဲ့ သတင်းတော့ မဟုတ်ပါဘူးနော်"

ဤစကားကြောင့် ရယ်မောသံများ ထွက်ပေါ်လာလေသည်။ လေထုပျက်သွားသည်ကို မြင်သောအခါ ဝမ်ကျစ်က လျှို့ဝှက်သလို လုပ်မနေတော့ဘဲ ပြောလိုက်သည်။

"ဒီတစ်ခေါက် အခွန်ကောက်တဲ့အခါ လယ်ခွန်သာမက လူခွန်ပါကောက်မယ်ဆိုတဲ့ သတင်းရထားတယ်”

"သုံးနှစ်အရွယ်ကလေးတွေနဲ့ အမျိုးသမီးတွေတောင် ကင်းလွတ်ခွင့် ရမှာ မဟုတ်ဘူးတဲ့"

"ဝမ်ကျစ် ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အရင်နှစ်တွေတုန်းက လယ်ခွန်ပဲ ကောက်တာ မဟုတ်ဘူးလား”

"ပြီးတော့ အရွယ်ရောက်တဲ့အမျိုးသား မရှိတဲ့ အိမ်ထောင်စုတွေကို 'အမျိုးသားမျိုးဆက် ပြတ်တောက်ခြင်း'လို့ သတ်မှတ်ပြီး လယ်ခွန်ပေးစရာမလိုဘူးလေ၊ အခု ဘယ်လိုလုပ်လူခွန်ပါကောက်မှာလဲ"

"ငါတို့ကို အသက်မရှင်စေချင်တော့ဘူးလား၊ ဒီအခွန်နှစ်မျိုးလုံးပေးရမယ်ဆိုရင် ဆောင်းတွင်းကို ဘယ်လိုဖြတ်ကျော်ရမလဲ"

"ငွေနဲ့ပေးလို့ရလား"

လင်းယွဲ့နှလုံးသားမှာ ဒိတ်ခနဲခုန်သွားလေသည်။

"ရလောက်မယ် မထင်ဘူး"

ဝမ်ကျစ်ပြောလိုက်သည်။

"သူတို့ ဘာလို့အခွန်ကောက်ဖို့ ဒီလောက် အလောတကြီးဖြစ်နေကြလဲ မင်းတို့ သိလား"

"နေရာတိုင်းမှာ စစ်ပွဲတွေဖြစ်နေလို့ ရိက္ခာတွေ ပြတ်လပ်နေလို့မဟုတ်ဘူးလား”

"ဒါပေမဲ့ ရိက္ခာမရှိဘူးဆိုရင်တောင်မှ ငါတို့ရဲ့အသက်မွေးဝမ်းကျောင်းကိုတော့ ဖြတ်တောက်လို့ မရဘူးလေ"

ဝမ်ကျစ်သက်ပြင်းချလိုက်သည်။

"အဲဒါတင် မကဘူး၊ ကျန်းရှစီရင်စုနဲ့ တခြားစီရင်စု တော်တော်များများမှာ မိုးခေါင်ရေရှားမှုတွေ ဖြစ်ပြီးတော့ ရေကြီးရေလျှံမှုတွေ ဖြစ်တယ်၊ အဲဒီနောက်မှာ ကျိုင်းကောင်အန္တရာယ်တွေပါ ထပ်ကြုံရတော့ သီးနှံတွေလုံးဝမရသလောက်ပဲတဲ့”

"သူတို့ပြဿနာမရှာတာပဲ ကံကောင်းနေပြီ၊ ဘယ်လိုလုပ် ရိက္ခာတွေကောက်လို့ ရနိုင်ပါတော့မလဲ”

"ဒါကြောင့် ငါတို့စီရင်စုက တည်ငြိမ်နေတော့ ငါတို့ကပဲအခွန်ပိုပေးရတာပေါ့"

ဤသတင်းကိုကြားသောအခါ လူတိုင်းမျက်နှာများတွင် စိုးရိမ်ပူပန်မှုများပြည့်နှက်သွားပြီး ဝမ်ကျစ်ပြောသည်မှာ မဟုတ်မှန်ပါစေနှင့်ဟုသာ မျှော်လင့်နေကြသည်။ လူတိုင်းမှာ စကားပြောလိုစိတ်ပျောက်ဆုံးသွားပြီး အလျင်အမြန် လူစုခွဲသွားကြလေ၏။ လင်းယွဲ့နှလုံးသားမှာ တဒုန်းဒုန်းခုန်နေလေ၏။ သူမက ဝမ်ကျစ်ကိုအမြန်ဖမ်းဆွဲလိုက်သည်။

"ဒီသတင်းကို ဘယ်ကကြားတာလဲ၊ ယုံရပါ့မလား"

"ရုံးတော်ကအရာရှိဆီကနေ ကြားတာလေ၊ ယုံရမလား မယုံရဘူးလားဆိုတာ မင်းသာပြောကြည့်တော့၊ တရားဝင် စာချွန်လွှာထုတ်ပြန်ပြီးပြီလို့ ကြားတယ်၊ ဒါပေမဲ့ ခရိုင်တရားသူကြီးက လူတွေ စိုက်ပျိုးရေးလုပ်ချင်စိတ်လျော့သွားမှာစိုးလို့ မကြေညာရဲသေးဘဲ အလုပ်တွေများတဲ့ ရာသီပြီးတဲ့အထိ စောင့်နေတာတဲ့"

လင်းယွဲ့မှာ မည်သူ့ထက်မဆို ပို၍စိုးရိမ်ပူပန်နေလေ၏။ သူမ အိမ်ထောင်စုစာရင်းသွင်းစဉ်က အဖွဲ့ဝင်များမှာ သူမ၊ ကုတန်နှင့် တာ့ယာတို့ဖြစ်ကြသည်။ သူမခင်ပွန်းမှာ စစ်ပွဲတွင် ကျဆုံးသွားသဖြင့် သူမသည် မုဆိုးမဖြစ်သည်။

ကုတန်မှာလည်း အမျိုးသားဖြစ်သော်လည်း အရွယ်မရောက်သေးပေ။ ထို့ကြောင့် သူတို့သည် 'အမျိုးသားမျိုးဆက် ပြတ်တောက်ခြင်း'အဖြစ် စာရင်းသွင်းခံထားရပြီး ကုတန် အရွယ်ရောက်လာသည်အထိ အခွန်ပေးဆောင်ရန်မလိုအပ်ပေ။ ဤအခွန်ကောက်ခံမှုမှာ သူမနှင့်မသက်ဆိုင်ဟု အစကထင်ထားခဲ့သော်လည်း ဝမ်ကျစ်စကားများက သူမအား မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။

အကယ်၍ စပါးဖြင့်ပေးဆောင်ရမည်ဆိုလျှင် သူမတွင် လယ်ယာထွက်ကုန်မရှိသလို ရေခဲသေတ္တာထဲတွင်လည်း ဆန်မရှိပေ။ အခွန်ဆောင်ရန်အတွက် စပါးများ ဝယ်ယူရတော့မည်ဖြစ်သည်။ ထို့ပြင် ဤအမိန့်ကိုထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက် စပါးဈေးများ သေချာပေါက် တက်လာမည် ဖြစ်သည်။

ကျန်းရှစီရင်စုတွင် စပါးဈေးများ အဆမတန်မြင့်တက်သွားသဖြင့် လူအများအပြား ငတ်မွတ်သေဆုံးကာ ထွက်ပြေးပုန်းရှောင်နေကြရကြောင်း သူမကြားခဲ့ရ၏။ ဒါက အမှန်ဟုတ်မဟုတ် သူမသေချာစုံစမ်းရမည် ဖြစ်သည်။ အကယ်၍ အမှန်ဖြစ်ပါက သူမ ချက်ချင်းစပါးများဝယ်ယူရမည် ဖြစ်သည်။

အခွန်အတွက်သာမက ဆောင်းရာသီအတွက်ပါ စပါးများကိုကြိုတင် ဝယ်ယူထားရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမရေခဲသေတ္တာထဲတွင် ဆန်မရှိပေ။ အိမ်သို့ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် လင်းယွဲ့သည် အချိန်မဆွဲတော့ဘဲ ဝမ်စုန်းရှင်းထံသို့ စာရေးကာ အခွန်မူဝါဒသစ်အကြောင်းနှင့် သူ့မိသားစုတွင် စပါးအရောင်းအဝယ် လုပ်ရန် လမ်းကြောင်းများရှိမရှိ မေးမြန်းလိုက်သည်။

လင်းယွဲ့သည် စာကို စာပို့ခို၏ခြေထောက်တွင် ချည်နှောင်ကာ လွှတ်လိုက်လေသည်။ လင်းယွဲ့ တစ်ညလုံး ကောင်းကောင်းမအိပ်နိုင်ခဲ့ပေ။ သို့သော် နောက်တစ်နေ့မှာ အဋ္ဌမလ၏ ဆယ့်ငါးရက်မြောက်နေ့ ဆောင်းဦးပွဲတော်ဖြစ်သည်။

ထိုနေ့တွင် တာ့ကွမ်ဘုန်းကြီးကျောင်း၌ ဘုရားပွဲတော်ရှိသဖြင့် လူအုပ်မှာ ပုံမှန်ထက် ပိုမိုများပြားမည်ဖြစ်၏။ လင်းယွဲ့သည် ထိုနေ့တွင်ကြီးကျယ်သော အောင်မြင်မှုတစ်ခုဖန်တီးရန် အစက ရည်ရွယ်ထားသော်လည်း အခွန်ကိစ္စကြောင့် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေခဲ့သည်။ သို့သော် ထိုင်ပြီးသတင်းစောင့်နေမည့်အစား လင်းယွဲ့သည် သူမစိတ်ကို ပြေလျော့စေရန် အလုပ်များများလုပ်ဖို့ရွေးချယ်လိုက်၏။

သူမ အိပ်ရာထလာပြီး ပဲနီလေးများ၊ ထန်ယွမ်များနှင့် နို့လက်ဖက်ရည်များကို ပြင်ဆင်ချက်ပြုတ်လိုက်သည်။ ဝမ်အာနျိုနှင့် ချိန်းထားသော အချိန်မှာ မနက် ၄ နာရီဖြစ်သည်။ သို့သော် မိုးလင်းချိန်အထိပင် သူတို့ ရောက်မလာသည်ကို လင်းယွဲ့တွေ့လိုက်ရ၏။ လင်းယွဲ့သည် သစ်သားစည်ပိုင်းများနှင့် ပန်းကန်များကို နွားလှည်းပေါ်သို့တင်လိုက်သည်။ ထိုအခါ ဝမ်အာနျိုကသမ်းဝေရင်း ညည်းတွားလိုက်သည်ကို ကြားလိုက်ရသည်။

"အိုး ဒီအလုပ်က တကယ်ကို ပင်ပန်းတယ် ဒုက္ခခံရတာပဲ၊ ဒီကြေးပြား နည်းနည်းလေးရဖို့အတွက် မိုးမလင်းခင်ကတည်းက ထရတယ်"

လင်းယွဲ့မှာ စိတ်မကြည်လင်သဖြင့် သူမကို အေးစက်စက်စိုက်ကြည့်လိုက်သည်။ ဝမ်အာနျိုမှာ ကပ်စေးနှဲပြီး တွက်ကပ်ရုံသာမက ပြဿနာရှာတတ်သူဖြစ်ကြောင်း လင်းယွဲ့သဘောပေါက်သွားလေသည်။ သူမ စပြီးပိုက်ဆံရချိန်တုန်းကတော့ အလွန်အမင်း ကျေးဇူးတင်နေခဲ့သည်။

သဘောတူညီချက်ရပြီးနောက် ပိုက်ဆံရမည်မှန်းသိသွားသောအခါ ဝမ်အာနျိုမှာ ပျင်းရိလာပြီး အလုပ်မလုပ်ချင်တော့ပေ။ ဝမ်အာနျိုက နှုတ်ခမ်းစူကာ ပြောလိုက်သည်။

"ဘာအကြည့်ကြီးလဲ၊ ငါ ပြောတာ အမှန်တွေချည်းပဲ မဟုတ်ဘူးလား၊ နင့်ကို အဲဒီအထိ စောစောစီးစီးလိုက်ပို့ပေးရတယ်၊ ပြီးတော့ နင် နေ့လယ်ဘက် ရောင်းလို့ပြီးတဲ့အထိ စောင့်နေရသေးတယ်၊ ဒီလောက် အချိန်အကြာကြီးမှာ နင် ငါတို့ကို အချိုပွဲတစ်ပန်းကန်တောင်ကျွေးတာ မတွေ့ဖူးဘူး”

သူမက လူကြီးတစ်ယောက်လို ဟန်ရေးပြကာ ဆက်ပြောသည်။

"နင့်ကို ဆုံးမသွန်သင်မယ့်ယောကျ်ားမရှိလို့ ဖြစ်မယ်၊ တကယ် သနားစရာပဲ၊ ငါ ပြောပြမယ်၊ လူဆိုတာ ဒီလိုလုပ်လို့မရဘူး၊ နင်က လူမှုဆက်ဆံရေးကိုနားမလည်တော့ နောက်ကျရင် နင်ပဲနစ်နာလိမ့်မယ်”

ဝမ်အာနျို ပိုမိုဆူပူလာသည်ကို မြင်သောအခါ လင်းယွဲ့က ကျောက်အာနျိုကို စိုက်ကြည့်ကာ မေးလိုက်သည်။

"ကျောက်အာနျို ရှင်လည်း ဒီလိုပဲထင်တာလား"

ကျောက်အာနျိုမှာ တိတ်ဆိတ်နေပြီး သိသိသာသာပင် သဘောတူနေပုံရသည်။

"ဟေ့ နင်က ဘာလို့ ငါ့ယောကျ်ားကို စကားသွားပြောနေတာလဲ၊ နင့်စိတ်ထားကို နင်ဖြူစင်အောင်ထားတာ ကောင်းမယ်နော်"

"သားလည်း အချိုပွဲစားချင်တယ် အစ်မယွဲ့က သိပ်ကပ်စေးနှဲတာပဲ"

ကျောက်ခန်းက နှုတ်ခမ်းစူကာပြောလိုက်သည်။

"သူ သားကို ဘာမှစားစရာမပေးဘူး"

ပြီးခဲ့သည့်အကြိမ်က အဋ္ဌမလ၏ပထမရက်နေ့တွင် လင်းယွဲ့သည် ဝမ်အာနျို၏ခနဲ့တဲ့တဲ့စကားများကို လမ်းတစ်လျှောက်လုံး ကြားခဲ့ရသော်လည်း ထိုစဉ်က အကျိုးအမြတ်အတွက် ငြိမ်းချမ်းရေးကိုတွေးကာ သူမနှင့် ပြဿနာမတက်ခဲ့ပေ။ သို့သော် ဝမ်အာနျိုမှာ ခြေတစ်လှမ်းပေးလျှင် နောက်တစ်လှမ်းထပ်တောင်းမည့်သူမျိုး ဖြစ်နေကြောင်း သိသာနေသဖြင့် လင်းယွဲ့ စကားဆက်မပြောတော့ဘဲ ပစ္စည်းများ တင်ခြင်းကိုရပ်လိုက်ကာ နွားလှည်းပေါ်မှ သစ်သားစည်ပိုင်းများကို အောက်သို့ ပြန်ချလိုက်၏။

"ဟေ့ ဟေ့ ဟေ့ နင် ဘာလုပ်တာလဲ"

ဝမ်အာနျိုက စိုးရိမ်တကြီးဖြင့်အမြန်မေးလိုက်သည်။

"အဒေါ်တို့ရဲ့လှည်းကို ကျွန်မ မလိုတော့ဘူး၊ အိမ်ပြန်ပြီး အိပ်မက်လှလှလေးတွေ ဆက်မက်နေလို့ရပါပြီ"

ယင်းကိုကြားသောအခါ ကုတန်နှင့် တာ့ယာတို့လည်း လှည်းပေါ်မှ ပစ္စည်းများကို အိမ်ထဲသို့ အလျင်အမြန်ပြန်သယ်သွားကြလေသည်။

"ဟေ့ ဟေ့ ဟေ့ ဒီလိုလုပ်လို့ ဘယ်ရမလဲ၊ ပိုက်ဆံလည်း မပေးရသေးဘူးလေ"

ဝမ်အာနျိုက လင်းယွဲ့ကိုအမြန်လှမ်းဆွဲလိုက်သည်။

"ဒီကောင်မလေးကလည်း ငါက စကား နည်းနည်းလေးတောင် ပြောလို့မရဘူးလား၊ မြန်မြန် လှည်းပေါ်တက် ပြဿနာ မရှာနေနဲ့၊ နင် ဒီလိုဆက်လုပ်နေရင် မနက်စောစောလာတဲ့ ဖောက်သည်တွေကို လွတ်သွားလိမ့်မယ်”

ဝမ်အာနျိုမှာ စိတ်ထဲတွင်နောင်တရသွားလေသည်။ လင်းယွဲ့ အစက ပေးသောဈေးနှုန်းမှာ အပိုဝင်ငွေဖြစ်သဖြင့် သူမ အတော်လေးကျေနပ်နေခဲ့သည်။ သို့သော် သူမ အကြိမ်အနည်းငယ် ညည်းတွားပြီးနောက် လင်းယွဲ့က ဈေးကို သုံးပြားမှ ငါးပြားသို့ တိုးပေးခဲ့သည်။

ယခု သူမက နောက်ထပ်ဈေးပိုတောင်းရန် ထပ်မံညည်းတွားရန် စဉ်းစားနေခြင်း ဖြစ်သည်။ သို့သော် ဤမိန်းမက ဘာကြောင့် ဈေးမဆစ်ဘဲ ချက်ချင်းကြီးပြတ်စဲသွားရသနည်း။

‘ဒီလိုတော့ အဖြစ်ခံလို့မရဘူးလေ’

ဝမ်အာနျိုက လင်းယွဲ့ကို လှည်းဆီသို့ အမြန် ဆွဲခေါ်သွားသည်။

"မြန်မြန် လှည်းပေါ်တက်ပါတော့"

All Chapters