အခန်း ၉၂
Vol. 10 Ch. 92
Ch-92
ဝမ်အာနျိုက ထိုသို့ပြဿနာရှာနေမှတော့ လင်းယွဲ့က ဘယ်လိုလုပ် လှည်းပေါ် တက်နိုင်တော့မည်နည်း။
"ကျွန်မတို့ရဲ့သဘောတူညီချက်က ဒီမှာတင်ပြီးပြီ၊ အဒေါ်တို့မိသားစုရဲ့ နွားလှည်းကို နောက်ဘယ်တော့မှမစီးတော့ဘူး ပြန်တော့"
လင်းယွဲ့က အတည်ပြောနေမှန်းသိသောအခါ ဝမ်အာနျိုပြာယာခတ်သွားသည်။
"မရဘူးလေ၊ နင် ကတိဖျက်တာပဲ၊ ငါ့နွားလှည်းကို ဆက်စီးရင်စီး မစီးရင် နစ်နာကြေး ငွေနှစ်တေးပေး"
"အဒေါ်ဆင်းရဲလွန်းလို့ ရူးသွားတာလား"
ဘေးတွင်ရပ်နေသော ကျောက်အာနျို၏ပိန်လှီသော ခန္ဓာကိုယ်ကိုမြင်သောအခါ လင်းယွဲ့မှာ မျက်လုံးပင်ပြူးသွားမိသည်။
“ဒါက ဘာလဲ၊ သူက ယောကျ်ားဖြစ်ရုံနဲ့ ငါ့ထက်ပိုသန်မာတယ်လို့ ထင်နေတာလား”
သူမက သူတို့အပေါ် သဘောကောင်းလွန်းသဖြင့် သူမကို အနိုင်ကျင့်လို့ ရသည်ဟု ထင်နေကြပုံရသည်။ လင်းယွဲ့သည် နံရံတွင်မှီထားသော ဝါးတံမြက်စည်းကို တိုက်ရိုက်ကောက်ယူကာ ဝမ်အာနျိုနှင့် ကျောက်အာနျိုတို့ထံသို့ ရမ်းလိုက်၏။
"ကျွန်မကိုတောင် ငွေညှစ်ရဲတယ်ပေါ့၊ ကျွန်မ အဒေါ်တို့အပေါ်သဘောကောင်းလွန်းနေလို့ မဟုတ်လား၊ ငွေနှစ်တေးတောင် တောင်းရဲတယ်ပေါ့လေ၊ အဒေါ်တို့ရဲ့နွားအိုကြီးက နှစ်တေးတောင် မတန်ဘူး"
"အား အား အား"
အရိုက်ခံရသဖြင့် ဝမ်အာနျိုက အော်ဟစ်လိုက်သည်။ ကျောက်အာနျိုမှာလည်း ဝမ်အာနျိုနောက်သို့ အသည်းအသန်ဝင်ပုန်းကာ သူမကို ဖက်ထားသဖြင့် ဝမ်အာနျိုမှာ ထွက်ပြေး၍ပင် မရတော့ပေ။
"နင် လူကိုရိုက်နေတယ်၊ နင် လူကို ရိုက်နေတယ်"
"ရိုက်တာပေါ့၊ အဒေါ်က အရင်ငွေလာညှစ်တာကိုး"
ဝါးတံမြက်စည်းက အတော်လေး နာကျင်စေရာ ဝမ်အာနျိုအော်ဟစ်လိုက်သည်။
"မရိုက်ပါနဲ့တော့ မရိုက်ပါနဲ့တော့၊ ငါ မလိုချင်တော့ပါဘူး"
လင်းယွဲ့က တံမြက်စည်းကို ကန့်လန့်ဖြတ်ကိုင်ကာ ဝမ်အာနျိုနှင့် ကျောက်အာနျိုတို့ကို ချိန်ရွယ်လိုက်သည်။
"အခု ထွက်သွားတော့"
"နင် နင် နင်တကယ်ကို ပေါ့သေးသေးမဟုတ်ဘူးပဲ၊ မှတ်ထားလိုက်ဦးမယ်"
ဝမ်အာနျိုက လင်းယွဲ့ကိုလက်ညှိုးထိုးကာ ခြိမ်းခြောက်လိုက်သည်။
"ညီမလေးယွဲ့ ဘာဖြစ်လို့လဲ"
လီရှောင်လျန်၏အိမ်မှ ဝမ်တာ့ကျန်းသည် တံခါးဝတွင်ရပ်နေသည်။ တောင့်တင်းသော သူ့ခန္ဓာကိုယ်ကြီးကို မြင်သောအခါ ဝမ်အာနျိုကနှာမှုတ်လိုက်ပြီး ကျောက်အာနျိုကိုအမြန်ပုတ်ကာ မောင်းထွက်သွားရန် ပြောလိုက်၏။ လင်းယွဲ့ တံမြက်စည်းကိုချလိုက်ရာ ချက်ချင်းပင် အများကြီးပိုပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
သူမသည် လှည်းကိုသုံးကြိမ်စီးခဲ့ပြီး စီးတိုင်း ဝမ်အာနျို၏ညည်းတွားသံများကို နားထောင်ခဲ့ရသည်။ အစက သည်းခံလိုက်မည်ဟု တွေးခဲ့သော်လည်း ပြတ်စဲလိုက်ပြီးနောက်တွင် တကယ်ကို လန်းဆန်းသွားသည်ဟု ခံစားလိုက်ရသည်။
‘ဒီနေ့တော့ ဘုရားပွဲကို သွားလို့ရတော့မှာ မဟုတ်ဘူးထင်တယ်’
လင်းယွဲ့ အနည်းငယ်နှမြောသွားသည်။ သူမနှင့် လျိုယုတို့သည် ရွာသားများ ပြုလုပ်ထားသော ကြိုးထုံးများကို ဝယ်ယူပြီး ပဲနီလေးဆန်အရက်ချိုနှင့် တွဲဖက်ရောင်းချရန် သဘောတူထားပြီး ဖြစ်သည်။ ယင်း၏အကျိုးကျေးဇူးမှာ လျိုယုက သူမအတွက် လူတွေပိုသိလာအောင် ကူညီပေးမည်ဟု ကတိပေးထားပြီး ထိုကြိုးထုံးများမှာ ကောင်းချီးပေးခံထားရသည်ဟုပြောကာ သူမအတွက် ဆွဲဆောင်မှုတစ်ခု ဖန်တီးပေးမည်ဟု ပြောထားခြင်းဖြစ်သည်။
ကြိုးထုံးများမှာ တစ်ခုလျှင်ကြေးပြား တစ်ပြားသာကျသင့်သဖြင့် ဈေးမကြီးပေ။ လျိုယုသည် နောက်ထပ် ကျောင်းထိုင်ဆရာတော်ဖြစ်လာနိုင်သည့် ဘုန်းတော်ကြီးဖိုဝူနှင့် ပတ်သက်နေကြောင်းကိုလည်း ပြီးခဲ့သည့်အကြိမ်က လင်းယွဲ့သိခဲ့ရ၏။ ချန်မိသားစု အချိုပွဲဆိုင်မှ သူမဝမ်းကွဲအစ်ကိုဖိုရှီးကလည်း ဖိုဝူနှင့်ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။
ဖိုဝူ၏ဆရာမှာ လက်ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သဖြင့် သူ့အတွက် နေရာအသာစီးရနေသည်။ သို့သော် ဖိုရှီး၏ဆရာမှာ လျန်စီရင်စုမှ တုကန်ဖြစ်သည်။ တုကန်ဆိုသည်မှာ ဘာမှန်းမသိသဖြင့် လင်းယွဲ့က လျိုယုအားမေးမြန်းခဲ့ရာ လျိုယု ထိုစဉ်က နှာမှုတ်ကာ ပြောခဲ့သည်။
"သူက ဘုရားကျောင်းတွေကို အဓိက တာဝန်ယူရတဲ့ ခရိုင်တရားသူကြီးလိုမျိုးလေ၊ လူတစ်ယောက်က ဘုန်းကြီး စာရင်းဝင်လက်မှတ်ရပြီး ဘုန်းကြီးဖြစ်သွားပြီဆိုရင် အစိုးရက သူ့ကို ထိန်းချုပ်လို့မရတော့ဘူး၊ သံဃာ့မှတ်ပုံတင်ရုံးကပဲ စီမံခန့်ခွဲရတာ၊ သူ့ဆရာက ငွေပေးပြီး ဘုန်းကြီးအရာရှိ ဖြစ်လာတာလေ"
တစ်ယောက်က နေရာအသာစီးရထားပြီး နောက်တစ်ယောက်က အာဏာရှိသည်။ ဖိုရှီးနှင့် ဖိုဝူတို့မှာ ပြင်းထန်သော အားပြိုင်မှုတွင် ပါဝင်နေကြ၏။ ဖိုဝူနှင့် အနီးကပ်ဆုံးသူဖြစ်သော လျိုယုမှာ များများစားစားမကူညီနိုင်သဖြင့် ချန်မိသားစုအချိုပွဲဆိုင်မှ လူများကို ဒုက္ခပေးကာ သူမဒေါသများကို ဖြေဖျောက်နေခြင်းဖြစ်သည်။
သို့သော် လင်းယွဲ့ကို တိုက်ရိုက်ကူညီပေးရန် လျိုယုက ဆန္ဒမရှိသေးပေ။ လင်းယွဲ့က နို့လက်ဖက်ရည်နှင့် နံ့သာတိုင်များကို တွဲရောင်းနေသည်ကို သူမ မြင်သွားရာမှ ကြိုးထုံးများ ရောင်းချရန် အကြံကောင်းရသွားခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရွာထဲရှိအမျိုးသမီးများမှာ သူမကဲ့သို့မဟုတ်ဘဲ နာမည်ကြီး ဘုန်းကြီးများနှင့် ပတ်သက်နေသူများ ဖြစ်ကြသည်။
ဘုရားကျောင်းရှိ ဘုန်းကြီးအများစုမှာ အခွန်မဆောင်နိုင်သဖြင့် ဘုရားကျောင်းသို့ လာရောက်ခိုလှုံကြခြင်းဖြစ်ပြီး သူတို့မိသားစုများမှာလည်း ဆင်းရဲကြ၏။ သူတို့ကိုအရေးမစိုက်ပါက ဗိုက်ဝရုံလောက်သာ စားရမည်ဖြစ်သည်။ လင်းယွဲ့သည် ဆောင်းဦးပွဲတော်ကို အသုံးပြုကာ နာမည်ရလာအောင်လုပ်ချင်ခဲ့သည်။
‘ဒါပေမဲ့ အခုဘယ်လိုလုပ်သွားရမလဲ’
လင်းယွဲ့သည် နွားတစ်ကောင်ဝယ်နိုင်စွမ်းရှိသည်။ ယခင်က ပြဿနာများမည်စိုး၍ မဝယ်ခဲ့ခြင်းသာဖြစ်သည်။ မည်သို့ပင်ဆိုစေ နွားစာကျွေးရခြင်းကဲ့သို့အလုပ်များရှိသည်ပင်။
သို့သော် အနာဂတ်အတွက် တွေးကြည့်ပါက သူမသည် စပါးဝယ်ရန်နှင့် အခွန်ဆောင်ရန် နွားလှည်းလိုအပ်လာနိုင်ပေသည်။ ကိုယ်ပိုင်နွားတစ်ကောင် ဝယ်လိုက်သည်က ပိုကောင်းပေမည်။ ထို့ပြင် နွားလှည်းရှိပါက ခရိုင်မြို့၊ လက်ဖက်ရည်ဆိုင်နှင့် တာ့ကွမ်ဘုန်းကြီးကျောင်းတို့ကြား ပစ္စည်းများ သယ်ယူပို့ဆောင်ရန်လည်း အဆင်ပြေမည်ဖြစ်သည်။သို့သော် နွားများကို ဝယ်ယူရန် ခက်ခဲလှပေသည်။ အသက်အရွယ်သင့်တော်သော နွားတစ်ကောင်ကို သူမဝယ်နိုင်မည်လား မသိပေ။
"ညီမလေးယွဲ့ ဘာလို့မထွက်သေးတာလဲ"
စိုက်ပျိုးရေး အလုပ်များသော ရာသီဖြစ်သဖြင့် ဝမ်တာ့ကျန်းသည် သဘာဝကျကျပင် စောစောထလေသည်။ ဆူညံသံများကို ကြားသောအခါ ပြီးခဲ့သည့်အကြိမ်က စွန်းကျန်းကဲ့သို့ အခြေအနေမျိုးဖြစ်နေမည်ကို စိုးရိမ်သဖြင့် သူ အမြန်ပြေးလာခဲ့ခြင်း ဖြစ်၏။
"အစ်ကိုတာ့ကျန်း ဒီရွာမှာ နွားရောင်းမယ့်သူရှိလား"
"ငါတို့ရွာမှာတော့ မရှိဘူး၊ ဒါပေမဲ့ ဘေးနားက ဖျင်ဆန်းရွာမှာတော့ရောင်းမယ့်သူ ရှိတယ်လို့ကြားတယ်၊ အစ်ကို လိုက်ပို့ပေးမယ်"
ဝမ်တာ့ကျန်းသည် လင်းယွဲ့နှင့် ဝမ်အာနျိုတို့ပြဿနာတက်နေသည်ကို ယခုလေးတင်မြင်ခဲ့ရသဖြင့် အခြေအနေကို သဘာဝကျကျပင် နားလည်လေသည်။ လမ်းလျှောက်လာရင်း သူနှစ်သိမ့်ပေးနေ၏။
"ကိုယ်ပိုင်နွားတစ်ကောင် ဝယ်လိုက်တာ ပိုကောင်းပါတယ်၊ အများကြီး ပိုအဆင်ပြေတယ်၊ ပြီးတော့ အဲဒီ ကျောက်မိသားစုက လူတွေကမကောင်းဘူး၊ သူတို့နဲ့မပတ်သက်ဖို့ အစ်ကို ညီမလေးကိုအကြံပေးချင်နေတာ ကြာပြီ"
"ဘယ်လိုဖြစ်လို့လဲဟင်"
"သူ့အစ်ကိုကျောက်လိုင်ဇီက တိုဟူးလုပ်တဲ့သူ မဟုတ်လား၊ သူ့အဖေနဲ့ ညီမလေးရဲ့ယောက္ခမက သိပ်ကိုရင်းနှီးတဲ့ ညီအစ်ကိုတွေလို အတူတူကြီးပြင်းလာကြတာ၊ ဒါပေမဲ့ သူက ညီမလေးရဲ့ ယောက္ခမဆီကနေ ဆားရည်ကိုခိုး ရှစ်မန်ရွာဆီထွက်ပြေးပြီး အခြေချသွားတာ၊ အဲဒါကြောင့် ညီမလေးယောက္ခမရဲ့တိုဟူးက အရင်ကလောက် အရသာ မရှိတော့တာပေါ့"
လင်းယွဲ့ အနည်းငယ်အံ့အားသင့်သွားသည်။
"ကုမိသားစုက ကျောက်မိသားစုရဲ့ တိုဟူးလုပ်နည်းကို ခိုးတယ်လို့ သူတို့ အကုန်လုံးပြောနေတာ ကြားဖူးတယ် မဟုတ်ဘူးလား"
"ဟမ့် ညီမလေးက သူတို့ရဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေကို နားထောင်နေတာကိုး"
လရောင်ထိန်ထိန်နှင့် ကြယ်ရောင်မှိန်မှိန်အောက်တွင် နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် လင်းယွဲ့သည် ဘေးနားရှိ ဖျင်ဆန်းရွာသို့ ရောက်ရှိလာလေသည်။ (မနက်ခင်းကိုဘယ်ကလရောင်ရောက်နေလဲမသိ)
ဝမ်တာ့ကျန်းသည် အိမ်တစ်အိမ်၏ တံခါးကိုခေါက်လိုက်၏။ ဤအိမ်မှ မီးခိုးငွေ့များ ထွက်ပေါ်နေသဖြင့် သူတို့ နိုးနေကြပြီဖြစ်ပြီး ထမင်းဟင်း ချက်ပြုတ်နေကြပြီဖြစ်ကြောင်း သိသာလှသည်။ မကြာမီမှာပင် လူတစ်ယောက်က လှမ်းမေးလိုက်သည်။
"ဘာကိစ္စလဲ"
"နွားဝယ်မလို့"
"လာပြီ၊ လာပြီ"
အနောက်ဘက်ရှိ နွားတင်းကုပ်မှာ သေးငယ်သည်။ နွားက ထိုနေရာတွင်ရပ်နေပြီး စိုစွတ်နေသောမျက်လုံးများဖြင့် လင်းယွဲ့ကို စိုက်ကြည့်နေသည်။
"ဒီနွားက ဘယ်လောက်လဲ"
လင်းယွဲ့က နွားကိုလှည့်ပတ်ကြည့်လိုက်သော်လည်း အလွန်အမင်းပိန်လှီနေသည်ဟု ခံစားရသည်။ နွားများမှာ လယ်ယာလုပ်ငန်းခွင်အတွက် အဓိက ကိရိယာများဖြစ်ပြီး လူများထက်ပင် ပိုမိုအရေးကြီးလှ၏။ နွားရှိသော မိသားစုများသည် သူတို့ကိုယ်ပိုင် သားသမီးများထက်ပင် နွားကိုပို၍ မြတ်နိုးကြသည်။
“ဒါပေမဲ့ ဒီနွားက အရမ်းပိန်လွန်းတယ်”
"၂၁ တေး ဒါကလယ်ထွန်တဲ့ နွားလေ၊ ထွန်ဆွဲတဲ့အခါ အရမ်းသန်မာတယ်"
ပိုင်ရှင်ဖြစ်သူက နွားကိုပွတ်သပ်ကာ ပြောလိုက်သည်။
"ဒီနွားက ရှစ်နှစ်ပဲရှိသေးတယ်၊ အားအကောင်းဆုံးအရွယ်ပဲ၊ ဝယ်လိုက်ရင် သိပ်တန်တာပဲ"
"၂၀ ဆိုလည်း ၂၀ ပေါ့၊ ဘာလို့ ၂၁ဖြစ်ရတာလဲ"
ဝမ်တာ့ကျန်းက နွား၏ပါးစပ်ကို ဟကာ လျှာကို ကြည့်လိုက်ပြီးနောက် သူ့မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"ဟီးဟီး ဒီနွားကို ငါတို့မိသားစုသုံးစု စုပြီးဝယ်ထားတာလေ၊ ဒါကြောင့် ၂၁တေးဆိုရင် ခွဲရတာပိုလွယ်လို့ပါ"
ပိုင်ရှင်က ပြန်ပြောလိုက်သည်။
"ဘယ်လိုလဲ ဆုံးဖြတ်ပြီးပြီလား၊ ဒီနွားက အရမ်းယဉ်တယ်နော်"
ဝမ်တာ့ကျန်းက ပြောလိုက်သည်။
"ဈေးများလွန်းတယ်၊ ငါတို့ ထပ်စဉ်းစားလိုက်ပါဦးမယ်"
ထိုသို့ပြောပြီးနောက် သူကတံခါးဘက်သို့ လျှောက်သွားရာ လင်းယွဲ့လည်း ဇဝေဇဝါဖြင့် နောက်မှလိုက်သွားလေသည်။
"ဒါဆိုရင် ဈေးနည်းနည်းလျှော့ပေးလို့ ရပါတယ်၊ ညှိလို့ ရပါတယ်"
"အခု ငါတို့ဆီမှာ အဲဒီလောက်ပိုက်ဆံမရှိသေးဘူး၊ နောက်မှပဲ ထပ်ပြောကြတာပေါ့"
ဝမ်တာ့ကျန်းက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"ဘာဖြစ်လို့လဲ"
အိမ်ထဲမှထွက်လာပြီးနောက် ဝမ်တာ့ကျန်းက ပြောလိုက်သည်။
"ဒီနွားက အသက်ထွက်တော့မယ့်ပုံပဲ၊ သူ့သွားဖုံးတွေ အကုန်လုံးက ဖြူဖက်နေပြီ၊ ဝယ်လိုက်ရင် သေသွားဖို့ ရာခိုင်နှုန်းတော်တော်များတယ်"
"ပြီးတော့ စောစောက အဲဒီလူက မိသားစုသုံးစု စုပိုင်တယ်လို့ပြောတယ်လေ"
ဝမ်တာ့ကျန်းက ခေါင်းခါလိုက်သည်။
"ဒါဆိုရင် ဒီနွားကသေချာပေါက်အသုံးမကျတော့ဘူး"
"ဘာဖြစ်လို့လဲ"
"တစ်ကယ်လို့ မိသားစုတစ်စုတည်း ပိုင်တယ်ဆိုရင် သေချာပေါက် အလိုလိုက်ပြီး အလုပ်ကြမ်းတွေ အရမ်းလုပ်ခိုင်းဖို့ နှမြောကြမှာပဲ၊ ဒါပေမဲ့ မိသားစုသုံးစုဆိုတော့ တစ်စုစီက သူတို့နည်းနည်းပဲသုံးလိုက်ရမှာကိုစိုးရိမ်ပြီး နွားကိုသေတဲ့အထိ အလုပ်လုပ်ခိုင်းကြမှာ အသေအချာပဲ"
"ဟေ့ ဟေ့ နွားဝယ်ပြီးဘာလုပ်မလို့လဲ"
ဘေးအိမ်မှအမျိုးသမီးတစ်ဦးက ရုတ်တရက် ခေါင်းထွက်လာပြီးမေးလိုက်သည်။
"လယ်ထွန်ဖို့လား"
လင်းယွဲ့ ပြန်ဖြေလိုက်သည်။
"ကုန်ပစ္စည်းတွေ သယ်ဖို့ပါ"
အမျိုးသမီး၏မျက်လုံးများ အရောင်လက်သွားလေသည်။
"ကုန်ပစ္စည်းတွေသယ်ဖို့ဆိုရင် နွားမလိုပါဘူး၊ ငါ့ဆီမှာ ပိုကောင်းတာရှိတယ် လာကြည့်မလား"
"ဘာများလဲ"