အခန်း ၉၃
Vol. 10 Ch. 93
Ch-93
"လားလေ"
အမျိုးသမီးက တံခါးကိုတွန်းဖွင့်လိုက်သည်။
"ဒီလားကို ငါ့ယောကျ်ားသေချာရွေးဝယ်ထားတာလေ၊ သူက အရမ်းယဉ်ပြီး သန်မာတယ်၊ ညီမလေး တကယ်ကို ရတနာတစ်ခုတွေ့သွားတာပဲ လာကြည့်မလား"
"ဟုတ်ကဲ့"
အမျိုးသမီးက လင်းယွဲ့ကို နောက်ဖေးခြံထဲသို့ အမြန်ခေါ်သွားသည်။ ခြံဝင်းကျယ်ကြီးတစ်ခုထဲတွင် မီးခိုးရောင် လားတစ်ကောင်က မြက်စားနေ၏။ ၎င်းမှာ အလွန်တောင့်တင်းခိုင်မာပြီး အမွေးများမှာ တောက်ပနေကာ ကောင်းစွာကျွေးမွေးထားကြောင်း သိသာလှပေသည်။
သူက မြက်များကိုဝါးနေရင်း နှာခေါင်းမှ လေပူများကို မှုတ်ထုတ်နေသည်။ လင်းယွဲ့က သူ့သွားများကိုကြည့်လိုက်ရာ သွားများမှာ ဖြူစင်သန့်ရှင်းနေပြီး သွားဖုံးများမှာ ပန်းရောင်သန်းနေသည်။ သွားများကိုကြည့်ခြင်းအားဖြင့် ဤလားမှာ မအိုသေးကြောင်းသိရှိနိုင်၏။
"သူကသန်မာပြီး ကုန်ပစ္စည်းဆယ်ရှစ်လောက်ကို ဆွဲနိုင်တယ်။ ပြီးတော့ လေးနှစ်ပဲရှိသေးတော့ ငယ်ပါသေးတယ်"
အမျိုးသမီး၏မျက်လုံးများတွင် နှမြောတသဖြစ်နေမှုများ ပေါ်လွင်နေသည်။
"ညီမလေးက ကုန်ပစ္စည်းတွေသယ်မှာလား၊ ညီမလေးလည်း ကုန်သည်ပဲလား"
တစ်ရှစ်သည် ကျင်းတစ်ရာနှင့် ညီမျှသဖြင့် ဆယ်ရှစ်မှာ ကျင်းတစ်ထောင်ဖြစ်သည်။ ဝမ်တာ့ကျန်း ခေါင်းခါလိုက်၏။
"ညီမလေးယွဲ့က စီးပွားရေးအသေးစားလေး လုပ်တာပါ၊ ကုန်ပစ္စည်းတွေသယ်ဖို့ လိုလို့ပါ"
"ငါ့ယောကျ်ားလို ကုန်သည်လို့ထင်နေတာ"
အမျိုးသမီးက သက်ပြင်းချလိုက်သည်။
"ဒီအလုပ်က မလွယ်ပါဘူး၊ ငါ့ယောကျ်ား လွန်ခဲ့တဲ့ရက်ပိုင်းက ကုန်ပစ္စည်းတွေ သွားကောက်ရင်း တောင်ကမ်းပါးကနေ မတော်တဆပြုတ်ကျပြီး ခြေထောက်ကျိုးသွားတာလေ၊ အခု သူ မတ်တတ်မရပ်နိုင်တော့ဘူး၊ ကြည့်လေ ငါက သူ့ကိုလည်းပြုစုရသေး စပါးလည်း ရိတ်ရသေး လားကိုလည်း ကြည့်ရသေးတယ်၊ ဘယ်လိုလုပ် အကုန်လုံးကို နိုင်တော့မလဲ”
"ငါ့ယောကျ်ားက အခုထိနှမြောနေတုန်းပဲ မရောင်းချင်ဘူး"
အမျိုးသမီးကပြောလိုက်သည်။
"ဒါပေမဲ့ သူ ဘယ်တော့မှလမ်းပြန်လျှောက်နိုင်မလဲဆိုတာ မသိရဘူးလေ၊ တစ်ကယ်လို့ သူပြန်မလျှောက်နိုင်တော့ရင် ဟူး"
လင်းယွဲ့ အိမ်ကိုအကဲခတ်ကြည့်လိုက်ရာ အခန်းနှစ်ခန်း၊ မီးဖိုချောင်၊ အိမ်သာတို့အပြင် အလွန်ကျယ်ဝန်းသော နောက်ဖေးခြံတစ်ခုပါရှိကြောင်း တွေ့လိုက်ရသည်။ အမျိုးသမီး၏ခင်ပွန်းမှာ ယခင်က ကုန်သွယ်ရေးအလုပ်ဖြင့် အတော်လေး အဆင်ပြေခဲ့ပုံရ၏။ အမျိုးသမီးကို သေချာကြည့်လိုက်ပါက အတော်လေးငယ်ရွယ်သေးသော်လည်း ယခုအခါ သူမမျက်နှာတွင် စိုးရိမ်ပူပန်မှုများက စွဲထင်နေသဖြင့် အိုစာသွားပုံရသည်။
"ဒီလားက ဘယ်လောက်လဲဟင်"
လင်းယွဲ့မှာ အလွန်ကျေနပ်နေလေသည်။ သူမ လားဘေးတွင်ရပ်ကြည့်လိုက်ရာ လားမှာ သူမထက်အများကြီး ပိုအရပ်ရှည်နေသည်။ သို့သော် လားမှာ ယဉ်ကျေးပြီး သူမကို မည်သည့်ဖိအားမှ မခံစားရစေပေ။
"၁၅ တေး"
ဝမ်တာ့ကျန်း ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
"မြည်းတစ်ကောင်မှ သုံးတေး၊ သာမန် မြင်းတစ်ကောင်မှ တေးသုံးဆယ်၊ ဘေးအိမ်က နွားတောင်မှ ၂၁ တေးပဲရှိတာ၊ မင်း ဈေးကများလွန်းတယ်"
"ဒါပေမဲ့ ငါ့လားက မတူဘူးလေ၊ ကြည့်စမ်း ဘယ်လောက်တောင် အရပ်ရှည်ပြီး ကြီးမားလိုက်လဲ၊ သာမန်လားတစ်ကောင်ထက် တစ်ဆလောက် ပိုကြီးတယ်၊ ပြီးတော့ ငါတို့က မြက်ကောင်းကောင်းတွေပဲ ကျွေးတာ၊ ဆောင်းတွင်းဆိုရင် ကြံသကာရည်တောင် တိုက်သေးတယ်၊ ငါတောင် သူ့လောက် ကောင်းကောင်းမစားရဘူး၊ ငါ့ယောကျ်ားက သူ့ကိုအရမ်းမြတ်နိုးတာ၊ ပြီးတော့ သူက ငယ်ငယ်လေးပဲရှိသေးတယ်"
လင်းယွဲ့မှာ အနည်းငယ် ဆွံ့အသွားလေသည်။ ရှန်းယွီတွင် ကြောင်တစ်ကောင် ရောင်းချနေသည်ကို သူမမြင်ခဲ့ဖူးသည်ကို သွားသတိရလိုက်၏။ လိမ္မော်ရောင် အိမ်မွေးကြောင်ကြီးတစ်ကောင်ဖြစ်ပြီး ပိုင်ရှင်က ယွမ်ခြောက်ထောင်တောင်းထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကြောင်ကို အသက်သုံးနှစ်အထိမွေးမြူခဲ့ရသော ကုန်ကျစရိတ် အားလုံးကို သူတွက်ချက်ထားသောကြောင့် ဖြစ်သည်။ လင်းယွဲ့က ပြောလိုက်၏။
"အစ်မက သူ့ကို ဒီလောက်ကြီးအောင် မွေးထားပြီး ကုန်ပစ္စည်းတွေ သယ်ရမယ့်အချိန်ကျတော့လည်း သူသယ်ခဲ့တာပဲလေ၊ သူ့ကိုမွေးရတဲ့ ကုန်ကျစရိတ်ကို ကျွန်မအပေါ် ပုံချလို့မရဘူးလေ၊ ပြီးတော့ ဒီကာလအတွင်း သူ အစ်မတို့အတွက်လုပ်ပေးခဲ့တဲ့ အလုပ်တွေကိုလည်း ထည့်မတွက်လို့မရဘူး၊ ဒီလားက တကယ်ကောင်းပါတယ်၊ ကျွန်မက ဈေးကွက်ပေါက်ဈေးထက် နည်းနည်းပိုပေးနိုင်ပေမဲ့ အရမ်းကြီးများနေရင်တော့ မရဘူးပေါ့"
"ဒါဆို ညီမလေးက ဘယ်လောက်ပေးဖို့ စဉ်းစားထားလဲ"
အမျိုးသမီးက ပြောလိုက်သည်။
"သူ့ကို ကြည့်ပါဦး၊ အရမ်းကြီးနှိမ်ပြီး မပေးပါနဲ့၊ ငါ့ယောကျ်ားသာ ခြေထောက် မကျိုးရင် ငါ သေချာပေါက်ရောင်းမှာ မဟုတ်ဘူး၊ ညီမလေး ဈေးအရမ်းနှိမ်ရင်လည်း ငါမရောင်းဘူး"
"ရှစ်တေးဆိုရင်ရော"
အမျိုးသမီးက အမြန်ခေါင်းခါလိုက်သည်။
"အဲဒါ အရမ်းရက်စက်လွန်းတယ်၊ ဈေးကို ဘယ်လိုလုပ် တစ်ခါတည်း အဲဒီလောက် အများကြီးဖြတ်ချရတာလဲ"
"ဟေး ငါတို့ကရွာခံတွေချင်း အတူတူပဲ၊ ပြီးတော့ ကုန်ပစ္စည်းသယ်တဲ့ အလုပ် လုပ်ကြတာချင်းလည်း အတူတူပဲဆိုတော့ နည်းနည်းလောက်လျှော့ပေးပါ"
နောက်ဆုံးတွင် လားကို ၁၂တေးဖြင့် ရောင်းချလိုက်ပြီး သစ်သားလှည်းတစ်စီးပါ အပိုဆောင်းပေးလိုက်သည်။ ဝမ်တာ့ကျန်းက သစ်သားလှည်းကိုလားနှင့် ချိတ်ဆက်ပေးလိုက်၏။ လင်းယွဲ့က အင်္ကျီရင်ဘတ်ထဲမှ ငွေများကိုယူကာ ရေတွက်ပြီးနောက် အမျိုးသမီးထံသို့ ကမ်းပေးလိုက်သည်။ အမျိုးသမီးက ငွေကိုယူပြီးနောက် အလျင်စလိုမရေတွက်သေးပေ။ ထိုအစား သူမက မှာကြားလိုက်သည်။
"ဒီမြက်စာတွေကိုလည်း ယူသွားပါ၊ ဘာပဲဖြစ်ဖြစ် ငါတို့မလိုတော့ဘူး၊ သူ့ကို ကောင်းကောင်းကျွေးဖို့ မှတ်ထားနော်၊ သူက ကြံသကာရည်နဲ့ မြက်နုလေးတွေကို ကြိုက်တယ်၊ အစားအသောက်က အရမ်းညံ့နေရင် သူက နှာမှုတ်ပြီး ဒေါသထွက်တတ်တယ်"
လင်းယွဲ့က တစ်ချက်ချင်းစီ သေချာ နားထောင်နေပြီး လားအပေါ် အမျိုးသမီး၏သံယောဇဉ်ကို ခံစားမိနေသည်။ အိမ်တွင် မတော်တဆမှုသာ မဖြစ်ခဲ့လျှင် အမျိုးသမီးက သေချာပေါက် ရောင်းချင်မည်မဟုတ်ပေ။ သို့သော် ဤလားမှာ တကယ်ကို ကောင်းမွန်ပေ၏။ လင်းယွဲ့က လားကို ပွတ်သပ်လိုက်ပြီး စိတ်ထဲတွင်ကျေနပ်နေမိသည်။ လင်းယွဲ့ ခြံတံခါးမှထွက်ခွာလာစဉ် အမျိုးသမီးက လားကိုလိုက်ကြည့်ကာ တိတ်တဆိတ်မျက်ရည်သုတ်နေသည်ကို သူမတွေ့လိုက်ရ၏။
"စိတ်မပူပါနဲ့၊ ကျွန်မကောင်းကောင်း ဂရုစိုက်ပါ့မယ်"
ဝမ်တာ့ကျန်းက လားကိုဆွဲလာရင်း ပြောလိုက်သည်။
"ဒီလားက ဈေးကွက်မှာရောင်းတဲ့ လားတွေထက် နည်းနည်းပိုဈေးကြီးပေမဲ့ တကယ်ကို လားကောင်းပဲ၊ ယဉ်ကျေးတယ်၊ လူစကား နားလည်တယ်၊ ပြီးတော့ ကြည့်ဦးလေ၊ ကုန်တင်လှည်းကို ဆွဲနေတာတောင် ဘာမှမဖြစ်သလိုပဲ၊ ကုန်ပစ္စည်းတွေ တကယ်ပဲသယ်နိုင်လောက်တယ်"
သူ့မျက်လုံးများတွင် အားကျမှုများ ပေါ်လွင်နေသည်။
"ညီမလေးယွဲ့၊ ညီမလေး ဒီကိုရောက်လာတာ သိပ်မကြာသေးဘူး၊ အိမ်လည်းဆောက်နိုင်ပြီး လားတစ်ကောင်လည်း ဝယ်နိုင်ပြီ၊ တကယ်ကို အရည်အချင်း ရှိတာပဲ၊ အစ်ကိုကတော့ မြင်းတစ်ကောင်ဝယ်ဖို့ သစ်ပင်တွေ ခုတ်နေတာ အကြာကြီးရှိပြီ၊ တစ်ဝက်တောင် မစုရသေးဘူး၊ အခု ကလေးလည်းမွေးလာတော့ ပိုတောင်ဝေးသွားသလိုပဲ"
"မြင်းဝယ်မလို့လား"
လင်းယွဲ့ ပြောလိုက်သည်။
"ပုံမှန်အားဖြင့် လူတွေက နွားဝယ်ကြတယ် မဟုတ်ဘူးလား"
"မြင်းတွေက ဆွဲအားပိုကောင်းတယ်လေ၊ ပြီးတော့ ကြည့်လို့လည်းကောင်းတယ်"
ဝမ်တာ့ကျန်း ခေါင်းကုတ်ကာ ရယ်မောလိုက်သည်။
"ပြီးတော့ လျန်စီရင်စုမှာတုန်းက အစ်ကိုသိတဲ့လူတွေက မြင်းနဲ့ ကျောက်မီးသွေးတွေသယ်ကြတာ၊ ပိုက်ဆံအများကြီး ရတယ်၊ အစ်ကိုလည်း မြင်းဝယ်ပြီးရင် ကျောက်မီးသွေးသွားသယ်ချင်လို့"
မကြာမီမှာပင် သူတို့ လင်းယွဲ့အိမ်သို့ ရောက်ရှိလာကြသည်။ လင်းယွဲ့သည် သစ်သားစည်ပိုင်းများနှင့် ပန်းကန်များကို လှည်းပေါ်သို့တင်ပြီးနောက် သူမ လှည်းမမောင်းတတ်ကြောင်း သဘောပေါက်သွားလေ၏။ ထိုအချိန်တွင် ဝမ်တာ့ကျန်းက သူ့အိမ်ထဲမှထပ်ထွက်လာသည်။
"အစ်ကို့မိန်းမနဲ့ တိုင်ပင်ပြီးပြီ၊ ဒီနေ့ အစ်ကို ညီမလေးကိုလှည်းမောင်းကူပေးမယ်"
လီရှောင်လျန်က ဝမ်တာ့ကျန်းနောက်မှ လိုက်လာသည်။
"ညီမလေး၊ အစ်မ ဘုရားပွဲမသွားရတာ ကြာပြီ၊ အစ်မကိုပါ ခေါ်သွားလို့ရမလား"
"ရတာပေါ့"
လင်းယွဲ့မှာ အလွန်ဝမ်းသာသွားလေသည်။
"ကျွန်မက လှည်းမမောင်းတတ်လို့၊ အစ်ကိုရော အစ်မရော အခုလိုကူညီပေးလို့ ကျေးဇူးတင်ပါတယ်"
"ဒါပေမဲ့ အခုကစိုက်ပျိုးရေး အလုပ်များတဲ့ ရာသီလေ၊ စပါးတွေ အမြန်မရိတ်ရဘူးလား"
"အစ်မတို့လယ်က သိပ်မများပါဘူး၊ လွန်ခဲ့တဲ့နှစ်ရက်ကပဲ ရိတ်ပြီးလုနီးပါးဖြစ်သွားပြီ"
လီရှောင်လျန်က လင်းယွဲ့နှင့် ပေါ့ပေါ့ပါးပါးစကားပြောရင်း လိုက်လာသည်။
"ဒီရက်ပိုင်းက စပါးတွေနေလှန်းရမယ့်ရက်တွေလေ၊ ရာသီဥတုကလည်း မိုးမရွာလောက်ဘူးဆိုတော့ ခြံထဲမှာလှန်းထားခဲ့လို့ ရပါတယ်"
"ခဏနေကျရင် ဝမ်ရှောင်းကို စပါးတွေ စောင့်ကြည့်ပေးဖို့ အကူအညီတောင်းလိုက်ဦးမယ်"
တစ်နာရီခွဲခန့် လှည်းမောင်းပြီးနောက် သူတို့သည် တာ့ကွမ်ဘုန်းကြီးကျောင်းသို့ရောက်ရှိလာကြပြီး လင်းယွဲ့သည် လမ်းတွင် ဝမ်အာနျိုနှင့်လည်းဆုံခဲ့သည်။
"နင်"
ဝမ်အာနျိုမျက်လုံးများ ပြူးကျယ်သွားပြီး လင်းယွဲ့မှ လားကိုဘယ်ကရလာမှန်း မယုံနိုင်အောင်ဖြစ်နေ၏။ ဝမ်တာ့ကျန်းသည် လားလှည်းကို မောင်းနှင်လာရာ နွားလှည်းနှင့် ယှဉ်လျက်ဖြစ်နေသည်။ အရပ်ရှည်ပြီး တောင့်တင်းသော လားနှင့် အိုမင်းပြီး ပိန်လှီနေသောနွားတို့မှာ အလွန်ကွာခြားလှ၏။
"အဒေါ်ရဲ့အဓိပ္ပာယ်မရှိတဲ့ စကားတွေကြောင့် ကျွန်မဒီလားကောင်းကိုဝယ်ဖို့ ဆုံးဖြတ်လိုက်နိုင်လို့ ကျေးဇူးတင်ပါတယ်"
လင်းယွဲ့ ပြောလိုက်သည်။
"အဒေါ်ရဲ့လှည်းကို ကြေးပြားငါးပြားပေးပြီး ဘယ်သူစီးမလဲဆိုတာ ကျွန်မ ကြည့်နေမယ်၊ ပိုက်ဆံတောင် မရှာတတ်တဲ့ လူမိုက်မ"
"နင် နင် နင်"
ဝမ်အာနျို ပြောလိုက်သည်။
"ဒီကောင်မစုတ် နင့်ဆီမှာကြေးပြား နည်းနည်းလေးရှိရုံနဲ့ သိပ်ဟန်ကျနေတယ် မထင်နဲ့နော်"
"ကျွန်မက အဒေါ်ထက်တော့သာပါတယ်၊ အပြောကြမ်းတဲ့ အဘွားကြီးနဲ့ အီးတောင်မပေါက်နိုင်တဲ့ ထိပ်ပြောင်အဘိုးကြီး၊ ဘုရားတရားကြည်ညိုပါတယ်ဆိုပြီး လုပ်ရပ်တွေက ယုတ်မာနေတာ၊ ဘုရားကတောင် အဒေါ်တို့ကိုဂရုစိုက်မှာ မဟုတ်ဘူး"
စကားနိုင်လုပြီးနောက် လင်းယွဲ့က ဝမ်တာ့ကျန်းကို မျက်စိမှိတ်ပြကာ လားကို ပိုမြန်မြန်ပြေးခိုင်းရန် အချက်ပြလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ပြန်မပြောနိုင်ဘဲ အဆဲခံရခြင်းက အပြန်အလှန် ဆဲဆိုနေရသည်ထက် ဒေါသပိုထွက်စရာကောင်းကြောင်း လင်းယွဲ့ သိသောကြောင့်ဖြစ်သည်။
လားကပေါ့ပါးစွာ ခုန်ပေါက်ကာ နွားလှည်းကို အလျင်အမြန်ကျော်တက်သွားပြီး ဖုန်လုံးကြီးတစ်ခုထသွားစေသည်။ ယင်းကြောင့် နောက်ထပ် ဆဲဆိုရန်ပြင်နေသော ဝမ်အာနျိုမှာ ဖုန်များကို ပါးစပ်အပြည့်စားလိုက်ရ၏။ သူမက ကျောက်အာနျိုကို ဒေါသတကြီး ရိုက်လိုက်သည်။
"ဘာလို့မလိုက်တာလဲ၊ အသုံးမကျတဲ့ကောင်"
ကျောက်အာနျိုက ကြာပွတ်ကို မြှောက်ကာ နွားကိုရိုက်လိုက်သည်။
"ဝုန်း"
လင်းယွဲ့လှည့်ကြည့်လိုက်ရာ နွားကြီး မြေပေါ်သို့လဲကျသွားပြီး လူနှင့်လှည်းပါ မှောက်သွားကာ လှည်းပျဉ်များကြားမှ ဝမ်အာနျို၏ စူးရှသောအော်ဟစ်သံများကိုသာ ကြားလိုက်ရ၏။ ကျောက်အာနျိုက အောက်ရောက်နေသော ဝမ်အာနျိုနှင့် ကျောက်ခန်းတို့ကို ကယ်တင်ရန် လှည်းပျဉ်များကို အသည်းအသန် ဖယ်ရှားနေသည်။ ဝမ်အာနျို၏ဒေါသတကြီး ဆဲဆိုသံများက လင်းယွဲ့ထံမှ ကျောက်အာနျိုထံသို့ ပြောင်းသွားလေ၏။
"အသုံးမကျတဲ့ကောင်၊ အရည်အချင်း မရှိတဲ့ကောင်၊ နွားလှည်းလေး တစ်စီးကိုတောင် ကောင်းကောင်းမမောင်းတတ်ဘူးလား"
ဒေါသထွက်နေသော ကျောက်အာနျိုကလည်း ဝမ်အာနျိုကို ပြန်လည်ဆဲဆိုတော့သည်။
"မင်း ပြဿနာမရှာရင် ဒီနေ့ ငါတို့ကြေးပြားငါးပြားရရုံသာမက နွားလည်း ဘာမှဖြစ်မှာ မဟုတ်ဘူး၊ ငါတို့ရဲ့စီးပွားရေးက မင်းရဲ့စကားတွေကြောင့် ပျက်စီးနေရတာ"
လင်းယွဲ့သည် သူတို့၏ဆဲဆိုသံများကို နားထောင်ရင်း ကျေနပ်သွားပြီးနောက် ဆက်နားမထောင်တော့ပေ။ တာ့ကွမ် ဘုန်းကြီးကျောင်းသို့ ဝင်ရောက်သွားသောအခါ လူအုပ်ကြီးကိုမြင်ပြီး လင်းယွဲ့ အံ့အားသင့်သွားလေသည်။
‘ငါ ဒီနေ့ ဘယ်လောက်တောင်ရောင်းရမလဲ’
ထိုသို့တွေးရင်း သူမလက်များ ယားယံလာလေသည်။ ပိုင်ချွမ်ဟွားက လင်းယွဲ့ကို လက်ယမ်းပြကာပြောလိုက်၏။
"မြန်မြန်လာ၊ နင့်အတွက် နေရာဖယ်ထားတယ်"