အခန်း ၉၄
Vol. 10 Ch. 94
Ch-94
"နင်က အရမ်းနှေးတာပဲ"
လျိုယုက ညည်းတွားလိုက်သည်။
လင်းယွဲ့သည် စားပွဲများနှင့် ကုလားထိုင်များကို နေရာချကာ ဆန်အရက်ချို၊ ပဲနီလေး၊ ထန်ယွမ်နှင့် နို့လက်ဖက်ရည်များကို အစီအစဉ်တကျ ပြင်ဆင်လိုက်၏။ ဆောင်းဦးပွဲတော်ဖြစ်သဖြင့် လူအုပ်ကြီးမည်ဖြစ်ရာ သူမသည် စည်ပိုင်းတိုင်းကို အပြည့်ထည့်လာခဲ့သည်။ လျိုယုလက်များ ဗလာဖြစ်နေသည်ကို မြင်သောအခါ လင်းယွဲ့မေးလိုက်၏။
"ပိုက်ကွန်အိတ်က ဘယ်မှာလဲ"
လျိုယုက သူမဘေးရှိ မိန်းကလေးငယ်ကို ပုတ်လိုက်သည်။
"ဘုရားကျောင်းထဲ မြန်မြန်သွားပြီးတော့ ဖိုးဝူကို သွားပြောလိုက်၊ သူ အခု လာလို့ရပြီလို့"
သူမက လင်းယွဲ့ကိုကြည့်လိုက်ရာ သူမ၏ဆွဲဆောင်မှုရှိသော မျက်နှာပေါ်တွင် ယုံကြည်မှုများအပြည့်အဝ ရှိနေလေသည်။
"စောင့်သာကြည့်နေလိုက်"
ဤကဲ့သို့သော ကိစ္စသေးသေးလေးကို သူမက ဖိုးဝူအား အသေးစိတ်ရှင်းပြနေမည် မဟုတ်ပေ။ ပြီးခဲ့သည့်ညက သူ အိပ်ရာထဲတွင်ရှိနေစဉ် သူမက တီးတိုးလေးသာပြောခဲ့ခြင်း ဖြစ်သည်။
"တာ့ကျွမ်းမနက်ဖြန်ကျရင် ကျွန်မနဲ့အတူ ပဲနီလေးဆန်အရက်ချိုတစ်ပန်းကန်လောက် လာသောက်ပေးလို့ရမလားဟင်"
ဖိုးဝူက သဘာဝကျကျပင်ငြင်းဆန်ခဲ့သည်။ လျိုယုက နှုတ်ခမ်းစူကာ သူတို့ဆက်ဆံရေးကို ဖော်ထုတ်မည်မဟုတ်ကြောင်း၊ အခြားဆိုင်တွင်ထိုင်ကာ သောက်ရုံသာဖြစ်ပြီး ဆောင်းဦးပွဲတော်အတွင်း တစ်စုံတစ်ယောက်က သူမအား အဖော်ပြုပေးနေသည်ဆိုသည့် ခံစားချက်လေးကိုသာ လိုချင်ကြောင်း ပြောဆိုခဲ့သည်။ ယောကျ်ားများကို ဘယ်လိုကိုင်တွယ်ရမည်ဆိုသည်ကို သူမ ကောင်းကောင်း သိသည်။ ချိုသာသော စကားအနည်းငယ်ပြောပြီးနောက်တွင် ဖိုးဝူမှာ သဘောတူရုံမှလွဲ၍ အခြား ရွေးချယ်စရာမရှိတော့ပေ။
ထို့ပြင် သူမသည် ဖိုးဝူဘေးရှိကိုရင်ကိုလည်း မှာကြားခဲ့သေး၏။ ထိုကိုရင်လေးမှာ သူတို့ရွာမှကလေးဖြစ်ပြီး သူမကြီးပြင်းလာသည်ကို မြင်ခဲ့ဖူးကာ သူမနှင့်လည်း ဆက်ဆံရေးကောင်းမွန်သူ ဖြစ်သည်။ လျိုယုက ကိုရင်လေးအား နောက်မှလိုက်လာရန်နှင့် ငွေရှင်းရန်အတွက် ပိုက်ကွန်အိတ်ကို အသုံးပြုရန်၊ အလှူရှင်နှင့် ရေစက်ပါသောကြောင့်ဟုပြောရန် မှာကြားခဲ့၏။ လင်းယွဲ့သည် ပဲနီလေးဆန်အရက်ချို ငါးပန်းကန်ကို ခပ်ထုတ်လိုက်ပြီး လျိုယုထံသို့ တစ်ပန်းကန် အရင်ကမ်းပေးကာ ချိုသာစွာ ပြုံး၍ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်မ"
လျိုယု အလွန်ကျေနပ်သွားလေသည်။ ရွာထဲရှိ အချို့လူများမှာ သူမကဲ့သို့ပင် တရားမဝင်ဇနီးများ ဖြစ်ကြသော်လည်း အများစုမှာ ထိုသို့မဟုတ်ကြသဖြင့် လျိုယုအကြောင်းကို မကြာခဏ အတင်းအဖျင်း ပြောဆိုလေ့ရှိကြ၏။ သူမအကြောင်း မကောင်းပြောသူ မည်သူ့ကိုမဆို သူမကပြန်လည် ဆဲဆိုလေ့ရှိသော်လည်း ၎င်းက သူမကို အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
ချန်မိသားစု အချိုပွဲဆိုင်ရှင်နှင့်လည်း ထိုနည်းတူပင် ဖြစ်သည်။ ဘုန်းကြီးကျောင်းနှစ်ခုမှ ဘုန်းကြီးများမှာ နောက်ထပ်ကျောင်းထိုင်ဆရာတော် နေရာအတွက် ပြိုင်ဘက်များဖြစ်ကြရုံသာမက သူနှင့် သူမမှာလည်း အိမ်နီးချင်းများဖြစ်ကြပြီး သူမ မိန်းမသားဖြစ်နေသည်ကို အခွင့်ကောင်းယူကာ သူမမြေကို သိမ်းယူရန် အမြဲကြိုးစားလေ့ရှိ၏။ တစ်နေ့တွင် သူက သူမနေရာတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးမည်ဖြစ်ပြီး နောက်နေ့တွင် အမှိုက်များကို သူမတံခါးဝသို့ ရွှေ့ထားလေ့ရှိသည်။
စကားများရန်ဖြစ်ပြီးနောက် နောက်တစ်နေ့တွင် လျိုယုတံခါးဝ၌ မစင်များ ပက်ခံရလေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ မကျေနပ်မှုများစုပုံလာ၏။ လျိုယုသည် ချန်မိသားစု အချိုပွဲဆိုင်ကို ဖျက်ဆီးပစ်ချင်ခဲ့သော်လည်း ခက်ခဲကြောင်း သူမသိသည်။ ပထမအချက်မှာ ချန်မိသားစု အချိုပွဲဆိုင်က တကယ်ကို အရသာရှိသောကြောင့်ဖြစ်၏။ ဒုတိယအချက်မှာ ချန်မိသားစုဆိုင်တွင် ကြီးမားသောဆွဲဆောင်မှုရှိနေသောကြောင့် ဖြစ်သည်။ သို့ပေမဲ့ ယခု အခွင့်အရေးရောက်လာပြီပင်။လျိုယုက သူမ၏ပဲနီလေး ဆန်အရက်ချိုကို ပျော်ရွှင်စွာသောက်လိုက်၏။
"ညီမလေး၊ ဒီထန်ယွမ်လေးတွေ ဝါးကောင်းပြီး အချိုဓာတ်ကလည်း ကွက်တိပဲ၊ အထူးသဖြင့် ပဲနီလေးတွေက နူးညံ့ပြီး သိပ်အရသာရှိတာပဲ၊ ညီမလေးရဲ့ ပဲနီလေးဆန်အရက်ချိုကို ဘယ်နှစ်ခါပဲ သောက်သောက်မရိုးနိုင်ဘူး"
"ဟားဟား ဒါဆိုအခုကစပြီး သူ့ကို 'ဆန္ဒပြည့်စုံယာဂု' လို့ ခေါ်ပေးပါနော်"
လင်းယွဲ့က ပိုင်ချွမ်ဟွားနှင့် လီရှောင်လျန်တို့ဇနီးမောင်နှံထံသို့ ပန်းကန်များ ကမ်းပေးရင်း ပြောလိုက်သည်။
"မင်္ဂလာရှိတဲ့နာမည်လေး ပေးလိုက်တော့ ပိုရောင်းကောင်းတာပေါ့"
"အိုး ဘာလို့ ဒီအချိုပွဲကို စားနေရတာလဲ"
ခနဲ့တဲ့တဲ့မေးခွန်းတစ်ခုက လင်းယွဲ့ဆိုင်ရှိ ရင်းနှီးဖော်ရွေသော လေထုကို ဖြိုခွဲလိုက်သည်။
"ငါ့မိသားစုဆိုင်ကဟာကို မဝယ်နိုင်ဘူးဆိုရင်လည်း ပြောပါ၊ တစ်ပန်းကန်လောက် အလကားပေးပါ့မယ်၊ ကြည့်စမ်း ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲ"
သူကား အခြားသူမဟုတ် ချန်မိသားစု အချိုပွဲဆိုင်ရှင်ချန်ယန်ပင် ဖြစ်သည်။
"အရသာရှိလို့သောက်တာပေါ့"
လျိုယုက သူ့ကို စူးစိုက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။
"ဒါပေမဲ့ ဆိုင်ရှင်ချန်ကတော့ အရသာခံတတ်မှာ မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒီဆိုင်က ရှင်တို့ဆိုင်ထက် အဆပေါင်းများစွာ ပိုကောင်းတယ်"
"ဟုတ်လား"
ချန်ယန်က ကျယ်လောင်စွာရယ်မောလိုက်သည်။
"လူတွေက ဘယ်မှာလဲ၊ သောက်မယ့်လူတွေက ဘယ်မှာလဲ၊ ဘာလို့ လူတိုင်းက သောက်တောင် မသောက်ရလောက်အောင် အသိဉာဏ်ကင်းမဲ့နေကြရတာလဲ၊ ဟေး ဟိုဘက်ကို ကြည့်စမ်း"
ချန်ယန်က သူ့ကိုယ်ပိုင်ဆိုင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
"ဘာလို့ လူတွေအပြည့်ဖြစ်နေရတာလဲ၊ လူတွေ ကြိတ်ကြိတ်တိုးနေတာပဲ၊ အဲဒါက ဘယ်နေရာလဲ၊ အိုး ငါ့ဆိုင်ဖြစ်နေတာကိုး"
"ရှင်"
လျိုယုမှာ ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။
"နင် နင် နင်"
ချန်ယန်က မျက်လုံးများပြူးကျယ်ကာ နှုတ်ခမ်းစူပြီး လှောင်ပြောင်သော မျက်နှာအမူအရာ လုပ်ပြလေသည်။
"ခဏနေကျရင် လှည့်လည်ပွဲလာတဲ့အခါ ရှင့်ဆိုင်ကို တစ်ယောက်မှမလာဘူးဆိုရင် ရှင် ရယ်နိုင်သေးလားကြည့်ရသေးတာပေါ့"
"လှည့်လည်ပွဲ ဟုတ်လား"
ချန်ယန်ပြောလိုက်သည်။
"အဲဒါဆို ငါ့အတွက် ပိုတောင် အခွင့်အရေးကောင်းသေးတာပေါ့၊ ဒီနှစ်ရဲ့လှည့်လည်ပွဲခေါင်းဆောင်က ဖိုရှီးပဲလေ၊ သူက ငါ့ဆိုင်ကိုလာပြီး ပဲနီလေးအနှစ်တစ်ပန်းကန် လာသောက်မှာ၊ အဲဒီအချိန်ကျရင် ငါ့ဆိုင်မှာ လူတွေပိုတောင် များလာဦးမယ်"
"ဒီနှစ်လည်း ဘယ်လိုလုပ်ဖိုရှီးက လှည့်လည်ပွဲကို ဦးဆောင်မှာလဲ"
လျိုယု အနည်းငယ်မချိတင်ကဲဖြစ်သွားသည်။
"ဘယ်လိုလုပ် နှစ်တိုင်းနှစ်တိုင်း ဖိုရှီးချည်းပဲ ဖြစ်နေရတာလဲ"
ချန်ယန်က ကျေနပ်အားရစွာပြုံးလိုက်သည်။
"ဘာလို့လဲဆိုတော့ ဆရာတော်ဖိုရှီးက ပြည်သူတွေရော ဘုန်းကြီးကျောင်းကရော ရိုသေလေးစားရတဲ့ ဘုန်းကြီးဖြစ်နေလို့ပေါ့"
လင်းယွဲ့က ချန်ယန်၏ကျေနပ်အားရနေသောမျက်နှာကို တည်ငြိမ်စွာကြည့်ကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"ဒါဆို ရှင်ကဖိုရှီးကိုပေးမယ့် ပဲနီလေးအနှစ်ထဲကို မစင်တွေထည့်ဦးမှာလား"
ခပ်ပြတ်ပြတ်လွန်း၍လားမသိ ချန်ယန်သည် ယင်းကိုကြားပြီး နှစ်စက္ကန့်ခန့် အံ့ဩမှင်တက်သွားပြီးနောက်မှ ၎င်းမှာ တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားလေ၏။ ထိုအချိန်တွင် လျိုယုမှာ မျက်လုံးများပြူးကျယ်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။
"ဘာ သူက ပဲနီလေးအနှစ်ထဲကို မစင်တွေ ထည့်တယ်ဟုတ်လား"
"မင်းက ငါ့ကိုအသရေဖျက်နေတာပဲ၊ အသရေဖျက်နေတာပဲ"
ချန်ယန်၏ဒေါသများထဲတွင် အပြစ်ရှိစိတ်နှစ်ပုံခန့် ရောနှောနေပြီး အမှန်တရားဖော်ထုတ်ခံလိုက်ရသဖြင့် ရှက်ရွံ့မှုနှင့် ဒေါသထွက်မှုများ ပေါ်လွင်နေသည်မှာ ထင်ရှားလှ၏။ ထို့ကြောင့် လင်းယွဲ့ ပို၍ပင်သေချာသွားလေသည်။ လင်းယွဲ့က တည်ငြိမ်စွာပြောလိုက်၏။
"ဒါဆိုရင် သက်သေပြတဲ့အနေနဲ့ ရှင်ကိုယ်တိုင် တစ်ပန်းကန်သောက်ပြပါလား"
ချန်ယန်က လင်းယွဲ့ကိုရိုက်ရန် အရှေ့သို့ ပြေးလာသော်လည်း ပိုင်ချွမ်ဟွားက တားလိုက်သည်။
"ရှင် ဘာလုပ်နေတာလဲ၊ သေချာ စကားပြောလေ၊ ကောလာဟလ ဆိုရင်လည်း ကျွန်မတို့ကို သက်သေပြပါလား"
"မင်း မင်း မင်း သေချင်နေတာပဲ"
ချန်ယန်က လင်းယွဲ့ကို စူးစူးရဲရဲစိုက်ကြည့်ကာ ထိုစကားနှစ်ခွန်းကို တတွတ်တွတ်ရေရွတ်နေသည်။ ခဏမျှ အံ့ဩမှင်တက်သွားပြီးနောက် သူက ပြန်လည်ချေပလိုက်၏။
"ငါက ဘာလို့ မင်းတို့ကို သက်သေပြရမှာလဲ၊ ငါ ဘာမှမထည့်ဘူး၊ မင်းတို့ရဲ့ ပဲနီလေးတွေထဲမှာ မစင်တွေပါနေလို့သာ မင်းက ငါ့ကို ဒီလိုအသရေဖျက်နေတာ မဟုတ်လား"
လင်းယွဲ့က ချန်ယန်ကို ရိုးသားစွာကြည့်ကာ မေးလိုက်သည်။
"ဒါဆို ခဏနေကျရင် ဆရာတော်ဖိုရှီး တကယ် လှည့်လည်လာတဲ့အခါ သူ့ကို အထူးပဲနီလေးအနှစ်ပေးဦးမှာလား"
"ငါ မစင်မထည့်ဘူး၊ ဘာမှ မထည့်ဘူး၊ မင်းကသာ ထည့်တာ"
"ဆရာတော်ဖိုရှီးက ရှင့်ရဲ့စီးပွားရေးကို ဒီလောက်တောင် ဂရုစိုက်ပေးနေတာ၊ ရှင့်မှာကိုယ်ချင်းစာတရားလေးတော့ ရှိသင့်ပါတယ်၊ ကိုယ်ချင်းစာတရား မရှိတဲ့ ရှင်ကဆရာတော်ဖိုရှီးကို အထူးပါဝင်ပစ္စည်းတွေပါတဲ့ ပဲနီလေးအနှစ်ကို ပေးရက်မှာလား"
သုံးကြိမ်တိတိ အမေးခံရပြီးနောက် ချန်ယန်မှာ စိတ်ဓာတ်ကျသွားပြီး လင်းယွဲ့ကို ရိုက်နှက်ရန် ဘေးဆိုင်မှ တံမြက်စည်းတစ်ချောင်းကို ဆွဲယူလိုက်သည်။ သူ ဆွဲယူလိုက်သည်နှင့် တစ်ပြိုင်နက် ခေါက်ဆွဲဆိုင်မှ သန်မာသော အမျိုးသားကြီးက သူ့ကိုဖမ်းဆွဲလိုက်ပြီး စိုက်ကြည့်ကာပြောလိုက်၏။
"အဲဒါ ငါ့ဟာကွ"
ချန်ယန်၏အရှိန်အဟုန်မှာ ဖိနှိပ်ခံလိုက်ရသည်။ မောင်းထုတ်ခံရပြီးနောက် သူသည် လင်းယွဲ့ဆိုင်ကို မှောက်လှန်ပစ်ရန် ကြိုးစားလေသည်။ ဝမ်တာ့ကျန်းက စားပွဲကိုလက်တစ်ဖက်ဖြင့် ရိုက်ချလိုက်၏။ နှစ်ပေါင်းများစွာ ထင်းခုတ်၊ ထင်းသယ်သည့်အလုပ်ကို လုပ်လာခဲ့သော သူ့လက်များမှာ ကြီးမားသော ခွန်အားများ ရှိနေပုံရပြီး သူက ပြောလိုက်သည်။
"မင်း မှောက်လှန်ပစ်ရင် ပျက်စီးသွားတာတွေအတွက် လျော်ကြေးပေးမှာလား"
ချန်ယန်က ဒေါသတကြီးဖြင့် အံကြိတ်လိုက်သည်။
"တွေ့ကြသေးတာပေါ့၊ မင်းတို့အားလုံး အရောင်းအဝယ်မဖြစ်ပါစေနဲ့လို့ ငါ ကျိန်စာတိုက်တယ်"
လျိုယုက အော်လိုက်သည်။
"အိုး မစင်ထည့်တဲ့သူက အရင်ဆုံး အရောင်းအဝယ် ထိခိုက်မယ့်သူပဲ"
ပတ်ဝန်းကျင်ရှိလူများ၏ အာရုံစိုက်မှုက ဤပြဇာတ်ဆန်ဆန်အဖြစ်အပျက်ဆီသို့ ရောက်ရှိလာလေသည်။ အထူးသဖြင့် ချန်မိသားစုအချိုပွဲဆိုင်မှ ဖောက်သည်များ၊ ပဲနီလေးအနှစ်ကို စားနေသူများမှာ သူတို့ဇွန်းများကို လေထဲတွင်ကိုင်ထားရင်း ဆက်စားရမည်လား၊ မစားရဘူးလား ဝေခွဲမရဖြစ်နေကြ၏။
"သူဌေး သူတို့ကဘယ်လိုသိတာလဲ"
အလုပ်သမား၏လန့်ဖြန့်နေသော မေးခွန်းက ဖောက်သည်များ၏သံသယများကို ပိုမိုနက်ရှိုင်းသွားစေသည်။ ချန်ယန်က အလုပ်သမား၏ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီး ဟိန်းဟောက်လိုက်၏။
"ဘာသိတာလဲ ဘာသိတာလဲ၊ ပါးစပ်ပိတ်ထားစမ်း”
"သူဌေး ဒီပဲနီလေးအနှစ်က စားလို့ရသေးရဲ့လား"
ဖောက်သည်တစ်ဦးက လူတိုင်းသိချင်နေသောမေးခွန်းကို မေးလိုက်သည်။ ချန်ယန်က စူးရဲစွာစိုက်ကြည့်လိုက်၏။
"တိတ်တိတ်နေ ပါးစပ်ပိတ်ထားကြ၊ ဆရာတော်ဖိုရှီးတောင် စားနိုင်သေးတာပဲ၊ မင်းတို့က ဘာလို့မစားနိုင်ရမှာလဲ"
"ဒါဆို ခင်ဗျားတစ်ပန်းကန်လောက် စားပြလေ"
ဖောက်သည်က ပဲနီလေးအနှစ်ကို ချန်ယန်၏မျက်နှာရှေ့သို့ ထိုးပေးလိုက်သည်။
"စားဆိုလည်း စားပြရတာပေါ့"
ချန်ယန်က လုယူလိုက်ပြီးနောက် အလုပ်သမား၏နံရိုးကို ကျယ်လောင်သော အသံမြည်အောင် ရိုက်ချလိုက်သည်။
"သူတို့မြင်အောင် မင်း စားပြလိုက်"
"ကျွန်တော်လား"
အလုပ်သမားမှာ အလွန်အမင်း ထိတ်လန့်သွားပြီး သူ့ကိုယ်သူ လက်ညှိုးထိုးကာ ထပ်မံအတည်ပြုလိုက်သည်။
"ကျွန်တော်လား"
"စားလေ၊ ဘာတွေ ပွစိပွစိလုပ်နေတာလဲ"
အလုပ်သမားသည် ပဲနီလေးအနှစ်ကို တုန်ရီစွာဖြင့် ယူလိုက်သည်။ သေမည့်နေရာသို့ သွားရမည့်သူကဲ့သို့ဖြစ်နေသော်လည်း လက်မလျှော့ချင်သေးသဖြင့် သူမေးလိုက်၏။
"တကယ် စားရမှာလား"
"စား"
အလုပ်သမားသည် ရဲရင့်စွာဖြင့် သေမည့်အရေးကို ရင်ဆိုင်တော့မည့် အမူအရာဖြင့် သူ့ပါးစပ်နားသို့ ယူသွားလိုက်သည်။ ဖောက်သည်များ အားလုံး၏မျက်လုံးများက သူ့ပါးစပ်ဆီသို့ စူးစိုက်နေကြ၏။ သို့သော် သူသည် ဤပဲနီလေးအနှစ်ကို မွှေနှောက်ပြီး ပြုလုပ်ခဲ့သူဖြစ်ရာ ဤပဲနီလေးအနှစ်ကို မည်သို့ပြုလုပ်ထားကြောင်း သူ စေ့စေ့စပ်စပ်သိလေသည်။