အခန်း ၉၅
Vol. 10 Ch. 95
Ch-95
အစကတော့ သူ အနည်းငယ် စိတ်မသက်မသာဖြစ်ခဲ့ပြီး ချန်ယန်အားမေးခဲ့ဖူးသည်။
"ဖောက်သည်တွေကို ဒါမျိုးပေးတာ မကောင်းဘူး မဟုတ်လား"
သို့သော် နောက်ပိုင်းတွင် သူ့စိတ်ထဲ၌ လျှို့ဝှက်သော ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားလာရ၏။ သူ့ထက် ပိုမိုကြည့်ကောင်းပြီး ခမ်းနားသောလူများက ဤအရာကို တစ်ယောက်ပြီးတစ်ယောက်စားနေကြပြီး အဆက်မပြတ် ချီးကျူးနေကြသည်ပင်။ နောက်ဆုံးတွင် သူလည်း ထုံထိုင်းသွားခဲ့သည်။
‘ဘာပဲဖြစ်ဖြစ် ဒါစားလို့ လူသေသွားမှာမှ မဟုတ်တာ၊ ပြီးတော့ ပဲနီလေးအနှစ်ကလည်း တကယ်ကို ပိုပြီးအရသာရှိသွားတာပဲလေ’
သို့ပေမဲ့ အခု သူ့ကိုစားခိုင်းသောအခါ အလုပ်သမားသည် မျက်စိမှိတ်ကာ တစ်ကျိုက်တည်း မျိုချလိုက်ချင်သည်။
‘ဘာမှမဖြစ်ပါဘူး၊ တစ်ကျိုက်တည်းပဲလေ’
"ဝေါ့"
သူ မမျှော်လင့်ထားဘဲ ပျို့အန်ချင်စိတ်က တိုက်ရိုက်ဝင်ရောက်လာပြီး အလုပ်သမား၏ပါးစပ်ထဲမှ အရည်များ ပန်းထွက်သွားလေသည်။ ဖောက်သည်များ အော်ဟစ်ကာ ထွက်ပြေးသွားကြသည်ကို သူမြင်လိုက်ရသလို ချန်ယန်၏ဒေါသတကြီး စိုက်ကြည့်နေသောအကြည့်ကိုလည်း သူ မြင်လိုက်ရ၏။
‘သွားပြီ'
သူ မျက်လုံးပြူးသွားပြီး မျက်ကန်းတစ္ဆေမကြောက်ဆိုသလို မြေကြီးပေါ်တွင်လဲချကာ မေ့မြောချင်ယောင်ဆောင်ပြီး အမှန်တရားမှထွက်ပြေးနေလိုက်တော့သည်။
“ဒေါင် ဒေါင် ဒေါင်”
ရုတ်တရက် ကြေးစည်သံသုံးချက် ထွက်ပေါ်လာပြီး ဘုရားပွဲတော်တစ်ခွင်လုံး ပဲ့တင်ထပ်သွားရာ လူတိုင်းမျက်လုံးများနှင့် အာရုံများက ထိုအသံဆီသို့ ရောက်ရှိသွားကြသည်။ အညိုရောင်ရင့်ရင့်ရှိသော ရိုးရာသစ်သား ဘုန်းကြီးကျောင်း၏အဝင်ဝတွင် အနီရောင်သင်္ကန်းရုံထားသော ဘုန်းကြီးတစ်စု ထွက်လာကြ၏။ ဦးဆောင်လာသူမှာ အသက်မကြီးလှဘဲ အသားဖြူဖြူ၊ ခန္ဓာကိုယ် ပြည့်ပြည့်ဖြိုးဖြိုးနှင့် မျက်နှာပေါ်တွင် ကြင်နာသောအပြုံးများရှိကာ လက်ထဲတွင် ပုတီးတစ်ကုံးကို ကိုင်ဆောင်ထားသည်။
"လှည့်လည်ပွဲ၊ ဘုန်းကြီးတွေရဲ့ လှည့်လည်ပွဲ စပြီ"
လူအုပ်ထဲမှတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"ဒီနှစ်က ဆရာတော်ဖိုရှီးမဟုတ်ဘူးလား"
"မြန်မြန် မြန်မြန် ဒူးထောက်ကြ"
"ဘယ်သူလဲဟင်"
လျိုယုက စူးစမ်းလိုစိတ်ဖြင့် အပြင်သို့ ပြေးထွက်ကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာ ပြေးပြန်လာသည်။
"ဖိုးဝူပဲ၊ ဖိုးဝူလေ"
သူမ၏စိတ်လှုပ်ရှားမှုမှာ ဖိုဝူက ကတိတည်သည့်အတွက်သာမက ဖိုးဝူမှ ကတိအတွက် ဖိုရှီးကိုပင် ဖုံးကွယ်သွားနိုင်ခဲ့သောကြောင့် ဖြစ်သည်။
"သူ ဒီကိုလာပြီး ပဲနီလေး အာ မဟုတ်ဘူး ဆန္ဒပြည့်စုံယာဂု တစ်ပန်းကန်လာသောက်မှာပေါ့၊ ငါတို့နာမည်ရသွားတာနဲ့ ချန်မိသားစုအချိုပွဲဆိုင်ကို သေချာပေါက် အနိုင်ယူနိုင်ပြီ"
"ချန်မိသားစုဆိုင်ကတော့ အခုကစပြီး သိပ်ကြာကြာခံတော့မှာ မဟုတ်ဘူး ထင်တယ်"
လင်းယွဲ့က ချန်မိသားစုဆိုင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ဆိုင်မှာ ဗြောင်းဆန်နေပြီး ဖောက်သည်များက ငွေပြန်အမ်းရန် တောင်းဆိုနေကြသည်ကို သူမတွေ့လိုက်ရ၏။ အချို့က ရုတ်ရုတ်သဲသဲဖြင့် ထွက်ပြေးနေကြပြီး အချို့က ပဲနီလေးများကို ခပ်ယူကာ ချန်ယန့်ပါးစပ်ထဲသို့ အတင်းထိုးထည့်နေကြသည်။
"ဘုရားရေ အဲဒါ တကယ်ကြီးလို့ နင် ပြောချင်တာတော့ မဟုတ်ပါဘူးနော်"
လျိုယုက မျက်မှောင်ကြုတ်လိုက်သည်။
"ငါ တွေးတောင်မတွေးရဲဘူး၊ သိပ်ကို ရွံစရာကောင်းတာပဲ"
"အစကတော့ ခန့်မှန်းကြည့်တာပါ၊ ဒါပေမဲ့ အခုတော့ အမှန်ဖြစ်သွားလောက်ပြီ"
ဖိုးဝူနောက်မှဘုန်းကြီးများက ဘုရားစာများ ရွတ်ဖတ်ရင်း ခေါင်းငုံ့ကာလိုက်ပါလာကြ၏။ သူတို့ဖြတ်သွားရာ နေရာတိုင်းတွင် ဗုဒ္ဓဘာသာဝင်များစွာက ဒူးထောက်ကာ ကျယ်လောင်စွာ ချီးမွမ်းကြလေသည်။ ဖိုးဝူက တစ်ခါတစ်ရံတွင် ဗုဒ္ဓဘာသာဝင်များကို ထူမ,ပေးကာ မေးခွန်းများ ညင်သာစွာမေးမြန်းပြီး သူတို့ထံမှ မျက်ရည်များ၊ ကျေးဇူးတင်စကားများကို ရရှိလေ၏။
ဖိုးဝူသည် ဈေးထဲသို့ဖြည်းညှင်းစွာ လျှောက်လာပြီး လျိုယုနှင့်အကြည့်ချင်းဆုံသွားသောအခါ သူ့နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားသည်။ သို့သော် သူသည် အမြဲတမ်း ဤကဲ့သို့ကြင်နာပြီး သနားကြင်နာတတ်သောအမူအရာကို ထိန်းသိမ်းထားသဖြင့် မည်သူမျှမသင်္ကာစရာ မတွေ့ခဲ့ပေ။
"ဆိုင်ခန်းလခတွေ ဘယ်လိုနေလဲ၊ ဒီနှစ်မှာ အခက်အခဲတွေရှိလား"
ဖိုးဝူက ပုံမှန်အတိုင်းမေးမြန်းလိုက်ရာ လင်းယွဲ့၏အဖြေကို ရရှိပြီးနောက် သူက ဆက်ပြောလိုက်၏။
"ဆန္ဒပြည့်စုံယာဂု တစ်ပန်းကန်လောက် သောက်လို့ ရမလား၊ ဒကာမကြီး ပေးထားတဲ့နာမည်က သိပ်ကောင်းတာပဲ"
လင်းယွဲ့က ပဲနီလေးနှင့် ဆန်အရက်ချိုကို အမြန်ခပ်ထုတ်လိုက်၏။ ယင်းကို မြင်သောအခါ လီရှောင်လျန်က သူမကလေးကို ဝမ်တာ့ကျန်းလက်ထဲထည့်ကာ ဝင်ကူလေသည်။ ဖိုးဝူက ဖြည်းညှင်းစွာမြည်းစမ်းရင်း သူ့မျက်လုံးများက တောက်ပလာသည်။ သောက်ပြီးသွားသောအခါ သူပြောလိုက်၏။
"ဒကာမကြီး၊ ဒီက ဆန္ဒပြည့်စုံယာဂုရဲ့ အရသာက အရမ်းကောင်းတာပဲ၊ ပြီးတော့ ဒကာမကြီးရဲ့ဆန္ဒတွေလည်း ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်"
ဖိုးဝူက ရှေ့သို့ဆက်လျှောက်သွားပြီး သူ့ဘေးမှ ဘုန်းကြီးက ငွေရှင်းရန်ကျန်ခဲ့လေသည်။
"မလိုပါဘူး မလိုပါဘူး၊ ကျွန်မအတွက် အရမ်းများလွန်းပါတယ်"
လင်းယွဲ့ သေချာပေါက်လက်မခံနိုင်ပေ။ ဘေးပတ်လည်တွင် ဗုဒ္ဓဘာသာဝင်များ ရှိနေပြီး သူတို့ဆီမှ ငွေရှာချင်နေမှတော့ သူမက ဘယ်လိုလုပ် ဖိုးဝူဆီက ပိုက်ဆံ ယူလို့ရမည်နည်း။ သူမက ယဉ်ကျေးစွာ ပြောလိုက်သည်။
"ဆရာတော်ဖိုးဝူ ကျွန်မဆိုင်မှာ ယာဂုလာသောက်တာက ကျွန်မရဲ့ကံကောင်းမှုပါ၊ ကျွန်မယာဂုရဲ့ အရသာကို ဆရာတော်ဖိုးဝူက အထူးကောင်းမွန်တယ်လို့ ချီးကျူးတာက ပိုပြီးတော့တောင် ကံကောင်းပါသေးတယ်"
အကြိမ်အနည်းငယ် ယဉ်ကျေးစွာ ငြင်းဆန်ပြီးနောက် ဘုန်းကြီးက ငွေကို ပြန်သိမ်းကာ နောက်မှအမြန် လိုက်သွားလေသည်။ လင်းယွဲ့က လျိုယုအား မေးလိုက်၏။
"ကြိုးထုံးတွေက ဘယ်မှာလဲ"
"ခဏလေး စောင့်"
တကယ်ပင် ဖိုးဝူ၏လှည့်လည်ပွဲ ပြီးဆုံးသွားပြီးနောက် ကိုရင်လေးက ဘုရားကျောင်းထဲမှ ထပ်မံပြေးထွက်လာကာ လင်းယွဲ့ထံသို့ ကြိုးထုံး အမြောက်အမြားကို ကမ်းပေးလိုက်၏။ တစ်ခွန်းမှမပြောဘဲ သူက အမြန်ပြေးပြန်သွားလေသည်။ မျက်လုံးများ အရောင်လက်နေသော ဖောက်သည်များသာ ကျန်ရစ်ခဲ့လေသည်။ လင်းယွဲ့ သဘောပေါက်သွားပြီး ပြောလိုက်၏။
"ဆရာတော်ဖိုးဝူက ကျွန်မကို ကောင်းချီးပေးသွားတာဆိုတော့ ကျွန်မ တစ်ယောက်တည်း ဘယ်လိုလုပ်ခံစားလို့ရမလဲ၊ အားလုံးပဲ လာကြပါ ဆန္ဒပြည့်စုံယာဂု လာသောက်ကြ၊ တစ်ပွဲကို ကြေးပြားလေးပြားတည်း ကြိုးထုံး တစ်ခုလည်း လက်ဆောင်ရဦးမယ်၊ အရင်လာသူ အရင်ရပဲနော်"
ချက်ချင်းပင် လင်းယွဲ့ဆိုင်တွင် လူအများအပြားတန်းစီသွားကြပြီး ချန်မိသားစု အချိုပွဲဆိုင်ကိုပင် ကျော်လွန်သွားလေသည်။ ထိုအချိန်တွင် လျိုယုက တင်ပါးကိုလှုပ်ခါကာ ချန်မိသားစုအချိုပွဲဆိုင်ရှေ့သို့ လျှောက်သွားပြီး မြေပြင်ပေါ်ရှိ အရှုပ်အထွေးများကို ကြည့်လိုက်သည်။ သူမက ဘယ်ညာ ကြည့်ကာ
"သူတို့ ဘယ်မှာလဲ၊ ပဲနီလေးအနှစ် သောက်တဲ့လူတွေက ဘယ်မှာလဲ၊ ဘာလို့ လူတိုင်းက ဒီနေရာကနေ မသောက်ရဘူးဆိုတာကို သိလောက်အောင် အသိဉာဏ်ရှိနေကြတာလဲ ဟားဟားဟားဟား"
နာမည်ရလာမှုနှင့် ကြိုးထုံးများအပြင် ပဲနီလေးဆန်အရက်ချို၏အရသာ ကောင်းမွန်မှုကြောင့် လင်းယွဲ့၏သစ်သားစည်ပိုင်းမှာ နေ့လယ်စောစောပိုင်းတွင်ပင် ပြောင်သလင်းခါသွားလေသည်။
"တောင်းပန်ပါတယ်၊ နောက်လဆန်းတစ်ရက်နေ့မှပဲ ပြန်ရောင်းတော့မယ်"
လင်းယွဲ့ရှင်းပြရင်း စိတ်ပျက်နေသော ဖောက်သည်များကို တစ်သုတ်ပြီးတစ်သုတ်ပြန်လွှတ်နေရ၏။ ထိုအချိန်တွင် ဝမ်အာနျိုက ကျောက်ခန်းကိုဆွဲကာ လင်းယွဲ့ဆိုင်ရှေ့မှ အေးစက်စက်မျက်နှာဖြင့် ဖြတ်လျှောက်သွားသည်။ သူတို့မိသားစု၏နွားမှာ သေဆုံးသွားပြီး အနီးအနားမှ သားသတ်သမားတစ်ဦးကို မနည်းရှာကာရောင်းလိုက်ရ၏။
ကျောက်အာနျိုက သားသတ်သမားနှင့် ဈေးဆစ်နေစဉ် သူမကကျောက်ခန်းကို ဘုန်းကြီးကျောင်းသို့ အရင်ခေါ်လာခဲ့ခြင်းဖြစ်ရာ ယခုအချိန်အထိ နောက်ကျသွားခဲ့ရခြင်းဖြစ်၏။ ဝမ်အာနျိုက လင်းယွဲ့ကတိဖျက်ခဲ့သည်ကို တွေးမိပြီးနောက် နွားသေဆုံးသွားခြင်းကို တွေးမိရာ သူမမကျေနပ်မှုများအားလုံးက လင်းယွဲ့အပေါ်သို့ စုပုံသွားလေသည်။ လင်းယွဲ့ဆိုင်တွင် လူတစ်ယောက်မျှ မရှိသည်ကို မြင်သောအခါ သူမက လှောင်ပြောင်လိုက်၏။
"နင့်လိုလူမျိုးက ဆိုင်မှာလူမရှိတာနဲ့ တန်ပါတယ်"
ထို့နောက် သူမက ကျောက်ခန်းကို ချော့မော့လိုက်သည်။
"ရှောင်ခန်း အမေ သားကို နာမည်အကြီးဆုံးအချိုပွဲဆိုင်မှာ သွားကျွေးမယ်၊ ဒီဆိုင်ထက် အများကြီးပိုအရသာရှိတယ်"
ထိုသို့ပြောပြီး သူမက ခေါင်းမော့ ရင်ကော့ကာ လင်းယွဲ့မျက်စောင်းထိုးဆိုင်ဆီသို့ လျှောက်သွားလေသည်။ ချန်မိသားစုအချိုပွဲဆိုင်သို့ ရောက်သောအခါ ဝမ်အာနျိုမှာ အမြဲတမ်းလူပြည့်နေတတ်သော ချန်မိသားစုဆိုင်က ဘာကြောင့် လူမရှိဖြစ်နေသနည်းဟု အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် လင်းယွဲ့အကြည့်များက သူမအပေါ် ရောက်နေသည်ကို သူမခံစားမိနေသည်။ ဝမ်အာနျိုက ကြေးပြား ဆယ်ပြားကို ခမ်းနားစွာချလိုက်၏။
"ပဲနီလေးအနှစ် နှစ်ပန်းကန်ပေး"
"ဘာတွေဖြစ်နေတာလဲ"
လျိုယုက အတင်းအဖျင်းသိချင်စိတ်ဖြင့် မေးလိုက်သည်။
"အသေးအဖွဲ ပြဿနာလေးပါ၊ ဘာမှမဟုတ်ပါဘူး"
လင်းယွဲ့က ဝမ်အာနျို ပဲနီလေးအနှစ် အနည်းငယ် သောက်လိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်ကို မြင်လိုက်ရသည်။
"အရသာရှိလိုက်တာ၊ ဒါမှ တကယ့် အရသာပဲ၊ ကျုံးဟွာဆိုင်က ဟာထက် အများကြီး ပိုကောင်းတယ်"
လင်းယွဲ့ ခေါင်းကုတ်လိုက်သည်။
"သူ့ကို အမှန်တရားမပြောပြတော့ပါဘူး၊ ဘာပဲဖြစ်ဖြစ် ပျော်နေရတာလောက် ကောင်းတာမှမရှိတာ"
လင်းယွဲ့က ဝမ်အာနျိုကို ဂရုစိုက်မနေတော့ပေ။ သူမက ဝါးကျည်တောက်ထဲမှ ကြေးပြားများကို လောင်းချကာ တစ်နေ့တာဝင်ငွေများကို ပျော်ရွှင်စွာ ရေတွက်နေလေသည်။
“တကယ်ကို ကြေးပြား ၆၃၄ပြားတောင် ရတာပါလား”
ကြိုးထုံးများနှင့် တွဲရောင်းသော ပဲနီလေးဆန်အရက်ချိုမှာ ၁၂၆ ပွဲရောင်းရ၏။ နို့လက်ဖက်ရည်မှာ မူလဈေး ကြေးပြား ၂ ပြားပင် ဖြစ်သော်လည်း နံ့သာတိုင် ၃ တိုင် လက်ဆောင်ပါသဖြင့် ၆၅ ပွဲ ရောင်းရသည်။ ဤတစ်နေ့တည်း၏ အရောင်းမှာ လက်ဖက်ရည်ဆိုင်၏ ငါးရက် ခြောက်ရက်စာ ဝင်ငွေနှင့် နီးပါးတူညီနေ၏။
လင်းယွဲ့က ကြိုးထုံးများအတွက် ကြေးပြား ၁၃၀ ကို ရေတွက်ကာ လျိုယုထံ ကမ်းပေးလိုက်ပြီးနောက် ကျေးဇူးဆပ်သည့်အနေဖြင့် ကြေးပြား ၃၀ထပ်ပေးလိုက်သည်။
"ကောင်းပြီ ကောင်းပြီ၊ ဒီတစ်ခါတော့ ငါ ယူလိုက်မယ်၊ နောက်တစ်ခါကျရင်တော့ မယူတော့ဘူးနော်"
လျိုယုမှာ စိတ်ခံစားချက်ကောင်းမွန်နေလေပြီး လင်းယွဲ့၏အလိုက်သိမှုကို မြင်သောအခါ သူမကအကြံဉာဏ် အနည်းငယ် ပေးချင်လာသည်။
"နင်က ဒါနဲ့အသက်မွေးဝမ်းကျောင်းပြုပြီး အနီးအနားမှာနေတယ်ဆိုရင် ကြားရက်တွေမှာလည်း လာလို့ရတယ်လေ၊ ကြားရက်တွေမှာ လူသိပ်မများပေမဲ့ စားဝတ်နေရေးအတွက်တော့ လုံလောက်အောင် ရှာလို့ရပါတယ်၊ ကြည့်လေ ချန်မိသားစုဆိုင်ဆိုရင်ကြားရက်တွေမှာလည်း ဆိုင်ဖွင့်တယ်"
"ဒါက"
"ကြားရက်တွေမှာ ဆိုင်ခန်းခက သုံးပြားပဲရှိတာ၊ သိပ်အများကြီးရှုံးမှာ မဟုတ်ပါဘူး၊ နင် ကြားရက်တွေမှာ ရောင်းမယ်ဆိုရင် ငါလည်းကြိုးထုံးတွေ ပိုလုပ်ပေးလို့ရတယ်လေ"
"သတိပေးလို့ ကျေးဇူးတင်ပါတယ် အစ်မလျို၊ ကျွန်မ စဉ်းစားကြည့်ပါ့မယ်"
လင်းယွဲ့မှာ ဝမ်စုန်ရှင်း၏ အကြောင်းပြန်စာကို တွေးနေမိ၏။ ဝမ်တာ့ကျန်းနှင့် အခြားသူများလည်း အိမ်ပြန်တော့မည်ကိုမြင်သောအခါ သူမက ဆက်လက် မတိုက်တွန်းတော့ဘဲ လားလှည်းဖြင့် အိမ်သို့ပြန်လာခဲ့သည်။ လမ်းတွင် လင်းယွဲ့က ကြေးပြား ခြောက်ဆယ်ကို ရေတွက်ကာ လီရှောင်လျန်ထံ ကမ်းပေးလိုက်၏။
"အစ်မ ကျွန်မအပေါ် အားနာမနေနဲ့၊ ဒီနေ့ အားလုံးရဲ့ကျေးဇူးကြောင့်သာ ကျွန်မ အဆင်ပြေသွားတာပါ၊ ဒီငွေက သိပ်မများပေမဲ့ အစ်မတို့ကူညီပေးတဲ့အတွက် အခကြေးငွေလေးပါ"
လီရှောင်လျန်က မငြင်းဆန်ဘဲ
"ဒါဆိုရင် ကျေးဇူးပါပဲ ညီမလေး"
လင်းယွဲ့ အိမ်ပြန်ရောက်သောအခါ တာ့ယာက စာပို့ခိုကို အစာကျွေးနေသည်ကို မြင်လိုက်ရသဖြင့် သူမနှလုံးသားမှာ ချက်ချင်း မြန်ဆန်သွားလေသည်။
"တာ့ယာ စာပို့ခို ဘယ်တုန်းကပြန်ရောက်တာလဲ၊ သူ ယူလာတဲ့စာက ဘယ်မှာလဲ"
"သိပ်မကြာသေးခင်ကမှ ပြန်ရောက်တာ၊ ကြည့်ပါဦး သူ အရမ်းဆာနေလို့ အစာကျွေးနေတာ၊ စာကိုတော့ စားပွဲပေါ်မှာ တင်ထားလိုက်တယ်"