အခန်း ၉၆
Vol. 10 Ch. 96
Ch-96
လင်းယွဲ့ အလျင်အမြန် ဖွင့်ဖတ်လိုက်သည်။ စာအိတ်ငယ်လေးထဲတွင် "အတည်ပြုပြီးပါပြီ၊ အသေးစိတ်ကို မနက်ဖြန်မှ ပြောပြပါမယ်"ဆိုသည့် စာကြောင်းလေးသာ ပါသည်။ အခွန်အပြောင်းအလဲများမှာ သေချာသွားပြီ ဖြစ်ပြီး စပါးအလုံအလောက်ရှိမရှိကို သူမနှင့် မနက်ဖြန်မှဆွေးနွေးမည် ဖြစ်သည်။ ဝမ်စုန်းရှင်းတွင် သတင်းရင်းမြစ်အများအပြားရှိပြီး အကြောင်းမဲ့ သက်သက်တော့ သေချာပေါက် ပြောမည်မဟုတ်ပေ။ ဆိုလိုသည်မှာ အခွန်များ တကယ်ကို တိုးလာတော့မည် ဖြစ်၏။
‘လူခွန်အတွက် စပါးဘယ်လောက်ပေးရမလဲ၊ လင်းယွဲ့တို့သုံးယောက် မိသားစုအတွက် စုစုပေါင်းစပါးဘယ်လောက် ပေးရမလဲ၊ အခွန်အပြောင်းအလဲ သတင်းကို ဘယ်နှစ်ယောက်လောက်ရပြီးပြီလဲ၊ သူတို့ထဲက ဘယ်နှစ်ယောက်လောက်က စပါးဝယ်ကြမလဲ၊ စပါးဈေးတွေရော တက်လာမလား’
ယခင်က ကျန်းရှစီရင်စုတွင် စပါးပြတ်လပ်မှုဖြစ်ပွားခဲ့ပြီး လျန်စီရင်စုမှ စပါးများကို အသုတ်လိုက်ပို့ဆောင်ပေးခဲ့ရသည်။
‘လျန်စီရင်စုမှာ စပါးဘယ်လောက်ကျန်သေးလဲ’
မေးခွန်းများ တစ်ခုပြီးတစ်ခု လင်းယွဲ့နှလုံးသားကို ရိုက်ခတ်နေပြီး သူမကို ဂနာမငြိမ်ဖြစ်စေ၏။ မနက်ဖြန် အသေးစိတ် ဆွေးနွေးမည့်အချိန်ကို စောင့်ရင်း သူမကိုယ်သူမ တည်ငြိမ်အောင် ကြိုးစားနေခဲ့သည်။ သို့သော် သူမနှလုံးသားထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေလေ၏။
‘မရဘူး’
လင်းယွဲ့ထကာ အပြင်သို့ထွက်လာခဲ့သည်။ အခွန်အသေးစိတ် အချက်အလက်များကို သူမအမြန်ဆုံး သိမှရမည်။ စိုက်ပျိုးရေးအလုပ်များသောရာသီက သိပ်မဝေးတော့သလို အမိန့်ကြေညာစာထုတ်ပြန်မည့်အချိန်ကလည်း ပိုနီးကပ်နေပြီဖြစ်သည်။
သူမက အသေးစိတ်ကိုကြိုသိထားမှ စပါးကို စောစောစီးစီးရှာနိုင်မည့် နည်းလမ်းကို ရှာတွေ့မည်ဖြစ်သည်။ နင်ယွဲ့မြို့က သိပ်မဝေးလှပေ။ ကုတန်က မတ်တတ်ရပ်လိုက်၏။
"မရီး ကျွန်တော် အတူတူလိုက်ခဲ့မယ်"
"ဟုတ်ပြီ"
လင်းယွဲ့သည် သူမအားလှည်းမောင်းကူရန် မျှော်လင့်ချက်ဖြင့် ဝမ်တာ့ကျန်းထံသို့ သွားရှာလေသည်။ လင်းယွဲ့က သူမ၏စိုးရိမ်ပူပန်မှုများကို လီရှောင်လျန်အား ပြောပြလိုက်၏။
"အခု နေရာတိုင်းမှာ စစ်ပွဲတွေဖြစ်နေတော့ အခွန်အဖြစ်ကောက်မယ့်စပါးတွေက စစ်တပ်ရိက္ခာအတွက်ဖြစ်နိုင်တယ်၊ အခွန်နဲ့ပတ်သက်ပြီး သီးခြားသတင်းတွေများ ရထားသလားလို့ သခင်လေးဝမ်ကို သွားမေးမလို့လေ”
"တစ်ကယ်လို့ စပါးဝယ်လို့ရမယ့် လမ်းကြောင်းရှိတယ်ဆိုရင် ကျွန်မလည်း နည်းနည်းဝယ်မလို့၊ အစ်ကိုကြီးတာ့ကျန်းကို ပိုက်ဆံနည်းနည်းယူသွားပြီး စပါးနည်းနည်းလောက် ဝယ်ခိုင်းချင်သေးလား"
"ဟင်"
လီရှောင်လျန် တွေဝေသွားသည်။
"အစ်မတို့လယ်က သိပ်မများပေမဲ့ အရင်နှစ်တွေကရတဲ့ စပါးတွေက အစ်မတို့ စားဖို့တော့လောက်ပါတယ်"
မည်သည့်လယ်သမားကိုမဆို အခွန်ဆောင်ရန် စပါးဝယ်ခိုင်းပါက သူတို့အားလုံးစဉ်းစားကြရမည်သာ ဖြစ်သည်။ ဝမ်တာ့ကျန်းပြောလိုက်၏။
"ဒါပေမဲ့ ငါတို့ကအရမ်းချွေတာပြီး စားရတာလေ၊ တစ်ကယ်လို့ လူခွန်ပါပေးရမယ်ဆိုရင်တော့ သေချာပေါက် လောက်မှာမဟုတ်ဘူး၊ ပြီးတော့ ငါတို့မှာ သားလေးလည်းရှိသေးတယ်"
လီရှောင်လျန်က သူမလက်များကို ပွတ်သပ်လိုက်သည်။ မိသားစုတစ်စုအတွက် စပါးဝယ်ယူရသည့် ကုန်ကျစရိတ်မှာ ကြီးမားလှ၏။ သူတို့အတွက် ကြေးပြားတစ်ပြားစီတိုင်းမှာ အခက်အခဲများစွာဖြင့် ရှာဖွေထားရခြင်းဖြစ်ရာ သုံးစွဲမည့်ငွေတစ်ပြားစီတိုင်းကို သေချာတွက်ချက်ရမည် ဖြစ်သည်။
"ကောင်းပြီလေ၊ ယောကျ်ား တကယ်လို့ အခွန်က တကယ်ပဲများမယ်ဆိုရင် စပါးတွေ ဝယ်လာခဲ့နော်"
လီရှောင်လျန်က အိပ်ခန်းထဲသို့ပြေးဝင်သွားပြီး ကုတင်ရှေ့ရှိချောင်နေသော အုတ်ခဲကိုဆွဲဖွင့်ကာ ငွေများပါသော အဝတ်အိတ်ကို ထုတ်ယူလာသည်။ လီရှောင်လျန် ရေတွက်ကြည့်ရာ စုစုပေါင်း ၃ တေးနှင့် ကြေးပြား ၁၅၆ပြား ရှိ၏။ စပါးဆယ်တိုလျှင် တစ်ရှစ်နှင့် ညီမျှသည်။
ယခင်က စပါးတစ်တိုလျှင် ကြေးပြား ၅၀ခန့် ရှိသော်လည်း ယခုအခါ ဈေးနှုန်းများ သိသိသာသာမြင့်တက်လာပြီး စပါးတစ်တိုလျှင် ကြေးပြား ၈၀ ခန့် ရှိနေပြီဖြစ်သည်။ လီရှောင်လျန်တို့ မိသားစုတွင် လယ်မြေ ၅မူရှိသည်။ အကောင်းစားမြေ ၁ မူ၊ အလယ်အလတ်မြေ ၁ မူနှင့် အညံ့စားမြေ ၃ မူဖြစ်သည်။ အကောင်းစားမြေ ၁ မူလျှင် တစ်နှစ်လျှင် စပါး ၃ ရှစ် ထွက်ပါက ကောင်းသည်ဟု သတ်မှတ်နိုင်၏။ အလယ်အလတ်မြေက ၂ ရှစ်ထွက်ပြီး၊ အညံ့စားမြေကတော့ တစ်ခါတစ်ရံ ၁ ရှစ်တောင် မထွက်တတ်ပေ။
ထို့ကြောင့် သူမတို့မိသားစုသည် တစ်နှစ်လျှင် စပါး ၈ ရှစ်ခန့်သာ ရိတ်သိမ်းနိုင်သည်။ ဝမ်တာ့ကျန်း တစ်ယောက်တည်း ဝဝလင်လင်စားမည်ဆိုလျှင် တစ်နှစ်ကို စပါး ၇ ရှစ်နဲ့ ၆ တိုလောက် စားနိုင်၏။ သူမကလည်း တစ်နှစ်ကို စပါး ၅ ရှစ်လောက် စားရန် လိုအပ်ရာ စုစုပေါင်း ၁၃ ရှစ် ဖြစ်သည်။ ဤစပါးထွက်နှုန်းမှာ သူတို့နှစ်ယောက်လုံးကို ဝဝလင်လင် ကျွေးမွေးရန်ပင် မလုံလောက်ပေ။
ထို့ကြောင့် သူတို့သည် ဝမ်းစာဖြည့်ရန် တောရိုင်းဟင်းသီးဟင်းရွက်များ၊ သစ်အယ်သီးနှင့် အခြားအရာများကို မကြာခဏ ရှာဖွေစားသောက်ကြရသည်။ ဝမ်တာ့ကျန်းသည် အိမ်စရိတ်အတွက် ဆောင်းရာသီတွင် ထင်းများရောင်းချခြင်း၊ ကျပန်းအလုပ်များ လုပ်ခြင်းတို့ကိုလည်း ပြုလုပ်ရ၏။ သူမ၏ ယခင်အလုပ်ကလည်း သီးသန့်ငွေ အနည်းငယ် စုဆောင်းနိုင်စေခဲ့သည်။
အစိုးရက လယ်ခွန်ကို ဆယ်ပုံတစ်ပုံ ကောက်ခံမည်ဟုဆိုသော်လည်း သူမတို့ မိသားစုမှာ စပါးရှစ်တိုသာပေးဆောင်ရမည် ဖြစ်သည်။ သို့သော် သူမတို့ မိသားစုလယ်မြေ ၅ မူကို အစိုးရက မြေစာရင်းမှတ်တမ်းတွင် မြေပုံဆွဲရာ၌ အကောင်းစားမြေ ၆ မူအဖြစ် မှတ်တမ်းတင်ထားလေသည်။ မြေကောင်းများကို ချမ်းသာသော မိသားစုများအတွက် မှတ်တမ်းတင်ပေးလေ့ရှိသည်မှာ မပြောဘဲသိနေသော စည်းမျဉ်းတစ်ခုလို ဖြစ်နေပြီ ဖြစ်သည်။
ထို့ကြောင့် သူမတို့မိသားစုပေးဆောင်ရမည့်အခွန်မှာလည်း ၁ ရှစ်နဲ့ ၈ တိုဖြစ်သွားရာ အပြည့်အဝ ၁ရှစ်ခန့် ပိုများသွားလေ၏။ ယခုအခါ သူတို့သည် လူခွန်ကိုပါ ပေးဆောင်ရဦးမည် ဖြစ်သည်။ လီရှောင်လျန်က အဝတ်အိတ်ထဲမှ ၁ တေးနှင့် ကြေးပြား ၁၀၀ ကို ထုတ်ယူကာ ဝမ်တာ့ကျန်းအား ပေးလိုက်၏။
နင်ယွဲ့မြို့မှာ သိပ်မဝေးလှပေ။ လင်းယွဲ့သည် တံခါးစောင့်အား သူမရောက်ရှိကြောင်း သတင်းပို့ခိုင်းပြီး ဝမ်စုန်ရှင်းနှင့် တွေ့ခွင့်တောင်းလိုက်သည်။ အစေခံမလေးက လင်းယွဲ့ကိုအိမ်ထဲသို့ ဖိတ်ခေါ်လိုက်၏။
ဤသည်မှာ လင်းယွဲ့ မှမြေပိုင်ရှင်ဝမ်၏ အိမ်သို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်း ဖြစ်သည်။ မဏ္ဍပ်များ၊ လသာဆောင်များ၊ မျှော်စင်များ၊ ထွင်းထုထားသော ထုပ်တန်းများနှင့် ဆေးခြယ်ထားသော ခေါင်မိုးများစသည်ဖြင့် ခြေတစ်လှမ်းလှမ်းတိုင်း မြင်ကွင်းသစ်များက သူမကို အံ့ဩမှင်တက်သွားစေ၏။ သူမ သွားရောက်လည်ပတ်ဖူးသော ဆူးကျိုးဥယျာဉ်များနှင့် မယှဉ်နိုင်သော်လည်း သာမန်ရွာသားများ၏ အိမ်များနှင့် နှိုင်းယှဉ်ပါက မိုးနှင့်မြေလို ကွာခြားလှပေသည်။
‘ပြီးတော့ ဒါကမြေပိုင်ရှင်တစ်ယောက်ရဲ့အိမ်ပဲ ရှိသေးတာလေ၊ ဧကရာဇ်ရဲ့ နန်းတော်တွေ၊ မင်းသားတွေရဲ့ စံအိမ်တွေ ဒါမှမဟုတ် အလွန်အမင်း ချမ်းသာတဲ့ သူဌေးကြီးတွေရဲ့အိမ်တွေဆိုရင် ဘယ်လိုနေလိုက်မလဲ’
လင်းယွဲ့တွေးတောင် မတွေးကြည့်နိုင်ပေ။ ပုံမှန်အားဖြင့် အခြေအနေအရပ်ရပ်နှင့် အလွယ်တကူ လိုက်လျောညီထွေနေတတ်သော လင်းယွဲ့နှလုံးသားထဲတွင်ပင် မနာလိုမှု၊ ဒေါသထွက်မှုနှင့် အကူအညီမဲ့မှုများ ဖြစ်ပေါ်လာသည်ဟု ဆိုရမည်။
‘ဘာကြောင့် သူမနဲ့ သူမပတ်ဝန်းကျင်ကလူတွေ မိုးလင်းကနေမိုးချုပ်အထိ ဒီလောက်တောင် အလုပ်ကြိုးစားနေရပါလျက်နဲ့ ဒီလောက်ဆင်းရဲနေရတာလဲ’
ထို့ပြင် ဒီလိုဆင်းရဲနေရသည့် အကြောင်းရင်းအတွက် ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိဖြစ်နေသည်။ ထို့ပြင် မကြာခင်ကျရောက်လာတော့မည့် အခွန်များအတွက်လည်း သူမ ထိတ်လန့်တုန်လှုပ်နေရဆဲဖြစ်နေသည်။ တစ်ဖက်တွင် မြေပိုင်ရှင်ဝမ်၏မိသားစုတွင် ကျွီးရန်တစ်ဦးရှိနေသဖြင့် ဤအခွန်ကောက်ခံမှုမှာ သူတို့နှင့်ဘာမှမဆိုင်ပေ။
လင်းယွဲ့သည် ဧည့်ခန်းဆောင်ကြီးထဲသို့ လျှောက်ဝင်သွား၏။ သစ်မွှေးစားပွဲပေါ်တွင် အစေခံမလေးဖျော်ထားသော လက်ဖက်ရည်မှ အငွေ့များတလူလူ ထွက်နေသည်။ လင်းယွဲ့သည် ထိုကြွေပန်းကန်လုံးမျိုးကို ရှီထိုင်ခရိုင်ရှိ ယုံဖျင်ကုန်စုံဆိုင်တွင် မြင်ဖူးခဲ့ရာ လက်ဖက်ရည်ပန်းကန်တစ်လုံးတည်းပင်လျှင် ငွေတစ်တေးခန့်တန်ဖိုးရှိ၏။ ဧည့်ခန်းဆောင်တွင် ချိတ်ဆွဲထားသော ရှုခင်းပန်းချီကားမှာလည်း အဆမတန် ဈေးကြီးမည်မှာ ထင်ရှားလှသည်။
"ဘယ်လိုလုပ် ရောက်လာတာလဲ"
ဝမ်စုန်းရှင်း၏ခြေလှမ်းများမှာ အနည်းငယ် ကမန်းကတန်းဖြစ်နေသော်လည်း ဂုဏ်သိက္ခာရှိပြီးပြေပြစ်စွာ အေးအေးဆေးဆေး ရှိနေဆဲဖြစ်သည်။ လင်းယွဲ့သည် သူမဘေးရှိ ဝမ်တာ့ကျန်း၏မျက်နှာအမူအရာကို အကဲခတ်ကြည့်လိုက်ရာ သူသည် အနေရခက်နေပုံဖြင့် ခေါင်းငုံ့ထားလေ၏။ ကုတန်က အဆင်ပြေပုံရသော်လည်း အနည်းငယ် ကြောက်ရွံ့နေပုံရသည်။
"အခွန် အတိအကျ ဘယ်လောက် ကောက်မှာလဲလို့ လာမေးတာပါ၊ ကျန်းရှစီရင်စုက အဖြစ်ဆိုးမျိုး ဒီမှာထပ်မဖြစ်ခင် စပါးဈေးတွေ အဆမတန်မတက်ခင် စပါးကို အမြန်ဆုံးဝယ်ထားချင်လို့ပါ"
ဝမ်စုန်းရှင်းမှာ အတော်လေးစိတ်ရှုပ်နေပုံရသည်။
"ကျွန်တော်ရထားတဲ့ သတင်းအရတော့ လယ်ခွန်ကို တစ်နှစ်စာကြိုကောက်မယ် ငါးပုံတစ်ပုံနှုန်းနဲ့တဲ့၊ ဒီနှစ်မှာ လူခွန်ပါ ကောက်မယ်၊ အရွယ်ရောက်ပြီးတဲ့ အမျိုးသားနဲ့ အမျိုးသမီးတစ်ယောက်ကို တစ်ရှစ်၊ အရွယ်မရောက်သေးတဲ့ အမျိုးသားနဲ့ အမျိုးသမီးတစ်ယောက်ကို ငါးတိုတဲ့"
လင်းယွဲ့စိတ်ထဲတွင် အမြန်တွက်ကြည့်လိုက်သည်။ သူမတို့မိသားစု၏ လူခွန်မှာ နှစ်ရှစ်လိုအပ်မည်ဖြစ်သော်လည်း လယ်ခွန် ပေးစရာမလိုပေ။ တစ်နှစ်စာ ရိက္ခာကိုပါ ထည့်ပေါင်းလိုက်ပါက သူမသည် စပါး ၁၄ရှစ်ခန့်ဝယ်ရန် လိုအပ်မည် ဖြစ်သည်။
"မစိုးရိမ်ပါနဲ့ဦး၊ ကျွန်တော့်အဘိုးက ဒီသတင်းကိုကြားပြီးတော့ အခွန်ကိစ္စအတွက် ကန့်ကွက်လွှာတင်ဖို့ တခြား အရာရှိတွေနဲ့ ပူးပေါင်းနေပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ ဒီလောက်အများကြီးပေးရချင်မှ ပေးရမှာပါ"
"သေချာလို့လား"
ဝမ်စုန်းရှင်းမှာ တွေဝေနေသည်။ လင်းယွဲ့မှာ အရမ်းကြီးအကောင်းမြင်မနေပေ။ ရာထူးချခံထားရသော ဝန်ကြီးချုပ်ဟောင်းတစ်ဦးက အခွန်ကိစ္စအတွက် အခြားအရာရှိများနှင့် တိတ်တဆိတ် ပူးပေါင်းကာ လျှောက်ထားခြင်းက ဧကရာဇ်ကို အရာရှိများ၏ဩဇာလွှမ်းမိုးမှုအပေါ် ပိုမိုသတိထားလာစေရန်သာ ဖြစ်စေလိမ့်မည်။
"သခင်လေးဝမ်ဆီမှာ စပါးဝယ်လို့ရမယ့် လမ်းကြောင်းရှိလား"
ဝမ်စုန်းရှင်း ခေါင်းခါလိုက်သည်။
"ကျွန်တော့်အဆက်အသွယ်တွေ အကုန်လုံးက မြို့တော်မှာချည်းပဲ"
လင်းယွဲ့စိတ်များ ရှုပ်သွားလေ၏။ သူမသည် နင်ယွဲ့မြို့ရှိ ဆန်ဆိုင်များကို အရင်သွားမေးမည်ဖြစ်ပြီး ထို့နောက် အနီးအနားရှိ ကုန်စုံဆိုင်များကို သွားမည်ဖြစ်သည်။ သို့သော် အနီးအနားတွင် စပါးများများစားစားမရှိသဖြင့် အခြေအနေကို စုံစမ်းရန် ရှီထိုင်ခရိုင်အထိသွားရနိုင်သည်။ ဝမ်မိသားစုအိမ်မှအထွက်တွင် ဝမ်တာ့ကျန်းမှာ စိတ်ပျက်လက်ပျက် ဖြစ်နေသည်ကို မြင်သောအခါ လင်းယွဲ့မေးလိုက်၏။
"ဘာဖြစ်လို့လဲ"
"ပြီးသွားပြီ ငါတို့ မိသားစုက စပါး ၆ ရှစ်နဲ့ ၁ တိုပေးရတော့မယ်၊ ငါတို့ လယ်က စုစုပေါင်းမှ ၈ရှစ်ပဲထွက်တာကို၊ ဘယ်လိုလုပ် အဲဒီလိုဖြစ်ရတာလဲ"
ဝမ်တာ့ကျန်းက အခြေအနေကိုရှင်းပြလိုက်သည်ကိုကြားသောအခါ လင်းယွဲ့နှလုံးသားမှာ အေးစက်သွားလေ၏။
"အစ်ကို့ရဲ့မြေက ဒီလိုမှတ်တမ်းတင်ခံထားရတာကို အာဏာပိုင်တွေဆီမတိုင်ဘူးလား"
"တိုင်တဲ့လူရှိခဲ့ဖူးပါတယ်၊ ဒါပေမဲ့ အဲဒါ လွန်ခဲ့တဲ့ဆယ်နှစ်ကလေ၊ အခုဆို သူ့အသက်ကိုးဆယ် ရှိလောက်ပြီ"
ဝမ်တာ့ကျန်း ကြေကွဲစွာဖြင့်နှာရှုံ့လိုက်သည်။
"အဲဒီလူတွေရဲ့နောက်ကွယ်ကလူတွေက အာဏာရှိတဲ့လူတွေချည်းပဲ၊ ဘယ်သူက ငါတို့ဘက်က ရပ်တည်ပေးမှာလဲ၊ နေဦး သခင်လေးဝမ်လေ၊ သခင်လေးဝမ်က ငါတို့ဘက်က ရပ်တည်ပေးနိုင်လောက်တယ်"
ဝမ်တာ့ကျန်းမျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ အရောင်လက်သွားလေသည်။
"လင်းယွဲ့ သခင်လေးဝမ်ကို မင်းသွားပြောပေးပါလား၊ သူ ငါတို့ကိုကူညီပေးနိုင်ကောင်း ကူညီပေးနိုင်လိမ့်မယ်"
လင်းယွဲ့က ထိုမျှလွယ်ကူမည်ဟုမထင်ပေ။
‘ချမ်းသာတဲ့ အထက်တန်းလွှာမိသားစုတွေထဲမှာ အရာရှိဘယ်နှစ်ယောက်လောက် ရှိလဲ၊ အဲဒီအရာရှိတွေက လူဘယ်နှစ်ယောက်လောက်ကို သိလဲ၊ ပြီးတော့ သူတို့အကျိုးစီးပွားတွေက တစ်ခုနဲ့တစ်ခု ဘယ်လောက်တောင် နီးကပ်စွာ ဆက်စပ်နေလဲဆိုတာလေ’
ဝမ်စုန်းရှင်းကိုယ်တိုင်တောင် ဤအကျိုးစီးပွားအုပ်စုထဲတွင် ပါဝင်နေသူ ဖြစ်သည်။ ပြီးတော့ သူတို့သည် နိုင်ငံရေးအားပြိုင်မှုတွင် ရှုံးနိမ့်ခဲ့သဖြင့် ဤမြို့ငယ်လေးတွင် ငြိမ်ဝပ်စွာနေထိုင်နေကြရခြင်းဖြစ်၏။
‘သူ့ကို အကျိုးစီးပွားသံသရာကို ချိုးဖျက်ပေးဖို့ သွားတောင်းဆိုမှာလား၊ အဲဒါက လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲ’
ဝမ်စုန်းရှင်းမှာ ဧကရာဇ်၏တစ်ဦးတည်းသောအရာရှိ မဟုတ်သလို မင်းမျိုးမင်းနွယ်များ၏ ကွန်ရက်ကို ထိုးဖောက်ရန် ဧကရာဇ်လက်ထဲရှိ ထက်မြက်သော ဓားတစ်လက်လည်း မဟုတ်ပေ။ ထို့ပြင် လျန်စီရင်စုရှိသူနှင့် အကျိုးစီးပွား ပွတ်တိုက်မှုများရှိနေသော ဤချမ်းသာသည့်အထက်တန်းလွှာများနှင့် ယှဉ်ပြိုင်မည့်ပြိုင်ဘက်တစ်ဦးလည်း မဟုတ်ပေ။
‘ဒါဆို ဘာအတွက်သွားပြောရမှာလဲ’
သို့သော် မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်နေသော ဝမ်တာ့ကျန်းမျက်လုံးများကို မြင်သောအခါ လင်းယွဲ့ပြောလိုက်သည်။
"အောင်မြင်နိုင်ခြေက သုညနီးပါးရှိတယ်လို့ ကျွန်မထင်ပေမဲ့လည်း အစ်ကို့ကိုခေါ်သွားပြီး ဒီစကားတွေကို သွားပြောပေးလို့တော့ ရပါတယ်"