← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

Ch-97

လင်းယွဲ့သည် ဝမ်မိသားစုစံအိမ်သို့ ပြန်ရောက်လာခဲ့သည်။

"ဘာဖြစ်လို့လဲ"

ဝမ်စုန်းရှင်းမေးလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်တာ့ကျန်း၏မျက်နှာမှာ သူ့မကျေနပ်ချက်များ အားလုံးကို ဖွင့်ထုတ်တော့မည့်ပုံပေါက်နေလေသည်။ လင်းယွဲ့ သတိပေးလိုက်၏။

"ခဏလေး၊ သခင်လေးဝမ် ဘေးကလူတွေကို အရင်ဖယ်ရှားပေးပါ"

ဝမ်စုန်းရှင်းအနည်းငယ် အံ့အားသင့်သွားပြီးပြောလိုက်သည်။

"အရမ်း အရေးကြီးတဲ့ကိစ္စဖြစ်ပုံရတယ်၊ အသေးစိတ် ဆွေးနွေးဖို့ စာကြည့်ခန်းထဲကိုလိုက်ခဲ့ပါ"

စာကြည့်ခန်းထဲရောက်သည်နှင့် ဝမ်စုန်းရှင်းက လူအားလုံးကို ဖယ်ရှားလိုက်သည်။

"ဘာကိစ္စလဲ"

ဝမ်တာ့ကျန်းက ဒူးထောက်ချလိုက်ရာ မျက်ရည်များက ထိန်းမနိုင်သိမ်းမရ ကျဆင်းလာလေသည်။

"ကျေးဇူးပြုပြီး သခင်လေးဝမ် ကျွန်တော်တို့ကို ကယ်ပါ"

"ဘာဖြစ်လို့လဲ"

ဝမ်စုန်းရှင်း အံ့အားသင့်သွားပြီး ဝမ်တာ့ကျန်းကိုထူရန် ကြိုးစားလိုက်သည်။ ဝမ်တာ့ကျန်းက သူ့ကို နတ်မင်းကြီး တစ်ပါးကဲ့သို့ ကြည့်ကာ

"သခင်လေးဝမ်၊ ပြီးခဲ့တဲ့ စွန်းကျန်းကိစ္စနဲ့ပတ်သက်ပြီး သခင်လေးက ပြည်သူတွေအတွက် စဉ်းစားပေးတဲ့လူကောင်းတစ်ယောက်မှန်း ကျွန်တော်သိပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်ပါဦး၊ သခင်လေးပဲ ကျွန်တော်တို့ကိုကယ်နိုင်မှာပါ"

"တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ၊ အရင်ထပြီးတော့ ကျွန်တော့်ကို ပြောပြပါ"

"သခင်လေးဝမ်၊ ကျွန်တော်တို့ မိသားစုရဲ့တစ်နှစ်စာရိတ်သိမ်းမှုက ၈ ရှစ်ပဲရှိတာကို သခင်လေး သိပါသလား၊ ဒါပေမဲ့ ဒီတစ်ခေါက် စပါးအခွန် ၆ရှစ်နဲ့ ၁တိုပေးရမယ်တဲ့"

ဝမ်စုန်းရှင်း မျက်မှောင်ကြုတ်လိုက်သည်။

"ဒီတစ်ခေါက်က ငါးပုံတစ်ပုံအခွန်လေ၊ လူခွန်ပါ ထည့်တွက်ရင်တောင် စပါးအခွန်က ဒီလောက်မများသင့်ပါဘူး"

"ဟုတ်ပါတယ်၊ ကျွန်တော်တို့ရဲ့အညံ့စားမြေတွေအားလုံးက အကောင်းစားမြေတွေအဖြစ် မှတ်တမ်းတင်ခံထားရလို့ပါ"

ဝမ်တာ့ကျန်းက အခြေအနေကိုရှင်းပြလိုက်သည်။

"ဒီလိုဆိုမှတော့ ဘာလို့ခရိုင်တရားသူကြီးဆီ သွားမတိုင်တာလဲ"

ဝမ်စုန်းရှင်း၏ကြီးပြင်းလာမှုမှာ လယ်သမားများ၏အခက်အခဲများကို သိရှိစေသော်လည်း ၎င်းမှာလေထဲတွင် တည်ဆောက်ထားသော ရဲတိုက်ကဲ့သို့သာဖြစ်ပြီး သူကိုယ်တိုင် နက်နက်ရှိုင်းရှိုင်းမကြုံဖူးခဲ့ပေ။ တာ့ယုံမင်းဆက်နှင့် ပတ်သက်၍ ကောင်းမွန်သော ထင်ယောင်ထင်မှားများစွာ သူ့စိတ်ထဲတွင် ရှိနေဆဲဖြစ်သည်။ ဝမ်တာ့ကျန်း၏ရှင်းပြမှုကို ကြားပြီးနောက် ဝမ်စုန်းရှင်းပြောလိုက်၏။

"ဦးလေးရဲ့စိုးရိမ်မှုတွေကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ ခရိုင်တရားသူကြီးက လူကောင်းပါ၊ သူက ချမ်းသာတဲ့ မြေပိုင်ရှင်တွေကို အသိပေးပြီး လုပ်ကြံသတ်ဖြတ်သူတွေငှားတာကို ခွင့်လွှတ်ပေးမှာမဟုတ်ပါဘူး"

ဝမ်တာ့ကျန်းမှာ ဝမ်စုန်းရှင်း၏ရိုးအမှုကိုခံစားမိပြီး အနည်းငယ်အကူအညီမဲ့သလို ဖြစ်သွားသည်။

"ခရိုင်တရားသူကြီးကမလုပ်ပေမဲ့ သူ့ဘေးက လူတွေကလုပ်လိမ့်မယ်၊ အဲဒီအချိန်ကျရင် တရားလိုအနေနဲ့ ခရိုင်ရုံးတော်ထဲဝင်လိုက်တာနဲ့ တစ်ပြိုင်နက် ကျွန်တော်သေဘေးကနေ လွတ်မှာမဟုတ်တော့ဘူး"

"ဒါပေမဲ့ ကျွန်တော်က အရာရှိမဟုတ်ဘူးလေ၊ ဒီလိုကိစ္စမျိုးကို....."

ဝမ်စုန်းရှင်း အစကငြင်းဆန်ချင်ခဲ့သော်လည်း ပြီးခဲ့သည့်အဖြစ်အပျက်တုန်းကပြသခဲ့သော လေးစားမှုများနှင့် လုံးဝမတူတော့ဘဲ ချက်ချင်းစိတ်ဓာတ်ကျသွားသော ဝမ်တာ့ကျန်း၏မျက်လုံးများကိုမြင်သောအခါ သူတွေဝေသွားလေသည်။

"အောင်မြင်မယ်လို့တော့ ကျွန်တော် အာမ မခံနိုင်ဘူး၊ ကျွန်တော် အကောင်းဆုံးတော့ ကြိုးစားပေးပါ့မယ်"

ဝမ်တာ့ကျန်း၏ရုတ်တရက် အရောင်လက်သွားသော မျက်လုံးများနှင့် လင်းယွဲ့၏အံ့အားသင့်နေသော အကြည့်တို့က ဝမ်စုန်းရှင်းနှလုံးသားကို များစွာပိုမို ခိုင်မာသွားစေ၏။ သူက ဝမ်တာ့ကျန်းကို ထူပေးလိုက်ပြီး လင်းယွဲ့ကိုကြည့်ကာ ပြုံး၍ပြောလိုက်သည်။

"အရမ်း အံ့ဩသွားလား"

လင်းယွဲ့ခေါင်းညိတ်လိုက်သည်။

"ဒီကိစ္စက အရမ်းခက်ခဲတာ၊ ရှင် ဖြေရှင်းပေးဖို့ သဘောတူလိမ့်မယ်လို့မထင်ထားဘူး"

"ကောင်းကင်နဲ့ မြေကြီးအတွက် နှလုံးသားကို တည်ဆောက်ဖို့ ပြည်သူတွေအတွက် အသက်ကိုကာကွယ်ဖို့ ၊ အတိတ်က ပညာရှိတွေရဲ့ပျောက်ဆုံးနေတဲ့ သွန်သင်ချက်တွေကို ဆက်လက် သယ်ဆောင်ဖို့ နဲ့ မျိုးဆက်အားလုံးအတွက် ငြိမ်းချမ်းရေးကို ဖန်တီးဖို့၊ ကျွန်တော် အများကြီးမလုပ်နိုင်ပေမဲ့လည်း သာမန်ပြည်သူတွေ ပိုကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းနိုင်ဖို့ ကျွန်တော့်ဘက်က အကောင်းဆုံးကြိုးစားချင်ပါတယ်"

ဝမ်စုန်းရှင်းထံမှ ဤစကားများကိုကြားရလိမ့်မည်ဟု လင်းယွဲ့မမျှော်လင့်ထားခဲ့ပေ။ သူမအကြည့်များတွင် တန်ဖိုးထားမှုနှင့် စိတ်လှုပ်ရှားမှုများပါဝင်နေလေသည်။ ဝမ်စုန်းရှင်းသည် လင်းယွဲ့၏နူးညံ့သောမျက်လုံးများကို သတိထားမိလိုက်ရာ သူ့နှလုံးသားမှာ အကြောင်းပြချက်မရှိဘဲ ခုန်ပေါက်လာပြီး ရင်ဘတ်ထဲမှ ခုန်ထွက်လာတော့မည့်အလား ခံစားလိုက်ရသည်။

သူသည် လင်းယွဲ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေမိကြောင်း ရုတ်တရက် သဘောပေါက်သွားရာ ၎င်းမှာ ရိုင်းစိုင်းရာကျပေသည်။ သူ့အကြည့်များကို လွှဲဖယ်လိုက်ပြီးနောက် လင်းယွဲ့မျက်နှာပေါ်သို့ အကြည့်များပြန်လည်ရောက်ရှိသွားခြင်းမှ သူမတားဆီးနိုင်ခဲ့ပေ။

"သိပ်လှတာပဲ"

သူ ရင်ထဲမှနေ၍ တကယ်ကို ဤအာမေဍိတ်သံကို ထုတ်ဖော်လိုက်ခြင်းဖြစ်သော်လည်း မသိစိတ်မှ အသံထွက်၍ ပြောလိုက်မိသည်။ သူ ဘာပြောလိုက်မိသည်ကို သဘောပေါက်သွားသောအခါ သူ့နှုတ်ခမ်းများကို အလျင်အမြန်ပိတ်လိုက်၏။ သူ့မျက်နှာတစ်ခုလုံး နီမြန်းသွားလေသည်။

"တခြားကိစ္စရှိသေးလား မရှိတော့ရင် ကျွန်တော် ပြင်ဆင်စရာလေးတွေရှိသေးလို့”

ဝမ်စုန်းရှင်းက သူတို့ကိုပြန်ရန် အနေရခက်စွာဖြင့် တိုက်တွန်းလိုက်ရာ လင်းယွဲ့ ပြောလိုက်၏။

"ကျွန်မတို့ ပြန်တော့မယ်၊ ကျေးဇူးတင်ပါတယ် သခင်လေးဝမ်"

လင်းယွဲ့သည် ဝမ်မိသားစုအိမ်မှထွက်လာပြီးနောက် ဝမ်တာ့ကျန်း၏ပေါ့ပါးသွားသော မျက်နှာအမူအရာကို တွေ့လိုက်ရသည်။

"သခင်လေးဝမ်က ဒီကိစ္စကိုဖြေရှင်းပေးရင်တောင်မှ ဒီအခွန်ကောက်ပြီးမှပဲဖြစ်လောက်မယ်၊ ကျွန်မတို့အနေနဲ့ အခွန်စပါးနဲ့ ရိက္ခာကိုပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ"

ဝမ်တာ့ကျန်းမျက်နှာ ပျက်သွားလေသည်။

"တစ်ရှစ်ပဲဝယ်ရင်တော့ လောက်မယ်မထင်ဘူး"

လင်းယွဲ့ပြောလိုက်သည်။

"ဆန်ဆိုင်ကိုသွားပြီး အခြေအနေကို စုံစမ်းကြည့်ကြတာပေါ့၊ ပြီးမှ စပါးဘယ်လောက်ဝယ်မလဲဆိုတာ အရင်ဆုံးဖြတ်တာပေါ့၊ တစ်ကယ်လို့ ပိုက်ဆံမလောက်ဘူးဆိုရင် အစ်ကို့ကိုချေးဖို့ ကျွန်မ စဉ်းစားပေးပါ့မယ်"

ဝမ်တာ့ကျန်းမှာ အပြစ်ရှိသလိုခံစားလိုက်ရသည်။

"ညီမလေး၊ ညီမလေးအတွက်လည်း မလွယ်ပါဘူး၊ ပြီးတော့ ငါတို့က ညီမလေးကို အတော်လေးဒုက္ခပေးပြီးပြီပဲ၊ ဘယ်လိုလုပ် ပိုက်ဆံထပ်ချေးလို့ဖြစ်ပါ့မလဲ"

"အစ်ကိုတာ့ကျန်း အများကြီးမတွေးပါနဲ့၊ ကျွန်မတို့ အရင်ဆုံးအသက်ရှင်ဖို့လိုတယ်၊ အဆိုးဆုံးအခြေအနေဆိုရင် အစ်ကိုအလုပ်လုပ်ပြီး အကြွေးဆပ်လို့ ရတာပဲ၊ နောက်ပိုင်းကျရင် နေရာအနှံ့ ပို့ရမယ့်ပစ္စည်းတွေ အများကြီးရှိလာမှာ သေချာတယ်၊ အဲဒီအခါကျရင် အစ်ကို လာကူပေးလို့ရတာပဲ"

လင်းယွဲ့ နှစ်သိမ့်ပေးလိုက်သည်။

"လောလောဆယ် အများကြီးမတွေးပါနဲ့၊ အရင်ဆုံး စပါးသွားဝယ်ကြရအောင်"

လင်းယွဲ့သည် နင်ယွဲ့မြို့ရှိဆန်ဆိုင်သို့ အရင်သွားလိုက်သည်။ ဈေးနှုန်းမှာ တစ်တိုလျှင် ကြေးပြား ၁၁၀ဖြစ်နေလေ၏။ ဝမ်တာ့ကျန်းမျက်လုံးများ ပြူးကျယ်သွားသည်။

"ဘယ်လိုလုပ် အဲဒီလောက်တောင်ဈေးတက်သွားတာလဲ"

ဆိုင်ရှင်က ပြောလိုက်သည်။

"ဝယ်ချင်ဝယ် မဝယ်ချင်နေ၊ ဒီဈေးက မများပါဘူး"

ဝမ်ကျစ်တောင်မှ သတင်းရထားမှတော့ လူအများအပြားလည်း သတင်းရထားလောက်မည်ဟု လင်းယွဲ့တွေးလိုက်မိရာ သူမက ပြတ်ပြတ်သားသားပြောလိုက်သည်။

"ဆိုင်ရှင်ဆီမှာ စပါးဘယ်လောက်ရှိလဲ"

ဆိုင်ရှင်မှပြန်ပြောသည်။

"တစ်ယောက်ကို တစ်ရှစ်ပဲရမယ်"

"ကျွန်မ ၁၅ရှစ် ဝယ်ချင်တယ် ရှိလား"

"တစ်ရှစ်ပဲရမယ်"

ဆိုင်ရှင်က နံရံတွင်ချိတ်ဆွဲထားသော သစ်သားဆိုင်းဘုတ်ကို ပုတ်ပြလိုက်သည်။

"စည်းကမ်းကို နားမလည်ဘူးလား"

ဆိုင်ရှင်၏ခိုင်မာသော သဘောထားကို မြင်သောအခါ လင်းယွဲ့မှာ ရွေးချယ်စရာမရှိတော့ဘဲ ပြောလိုက်ရသည်။

"ကောင်းပြီလေ၊ ကျွန်မတို့သုံးယောက်အတွက် သုံးရှစ်ယူမယ်"

ရွာသို့အပြန်လမ်းတွင် လင်းယွဲ့သည် နောက်ထပ် ကုန်စုံဆိုင်နှစ်ဆိုင်ကိုဖြတ်သွားခဲ့သည်။ သူတို့စပါးဈေးမှာ တစ်တိုလျှင် ကြေးပြား ၁၀၀ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူတို့တွင်လည်း ဝယ်ယူခွင့် ကန့်သတ်ချက်ရှိနေသဖြင့် လင်းယွဲ့သည် ၃ ရှစ်နှင့် ၆တိုသာ ဝယ်ယူနိုင်ခဲ့သည်။ လင်းယွဲ့စပါးများကို အိမ်သို့ ယူလာပြီးနောက် ဝမ်တာ့ကျန်းအား ပြောလိုက်၏။

"အစ်ကို ဒီပစ္စည်းတွေကို အရင်ချထားလိုက်၊ နောက်မှထပ်ဝယ်ဖို့ ရှီထိုင်ခရိုင်ကို သွားကြတာပေါ့"

ဝမ်တာ့ကျန်းက ဝင်လုဆဲဆဲနေလုံးကို ကြည့်လိုက်သည်။

"အခုထွက်မယ်ဆိုရင် ရှီထိုင်ခရိုင်ကို ရောက်တဲ့အချိန် ညဥ့်နက်လောက်ပြီ၊ ပြီးတော့ မြို့ထဲကို သေချာပေါက်ဝင်လို့ရမှာ မဟုတ်ဘူး"

"စောလေ ကောင်းလေပဲ"

လင်းယွဲ့ပြောလိုက်သည်။

"ဒီနေ့ ဆန်ဆိုင်တိုင်းမှာ ဝယ်ယူခွင့် ကန့်သတ်ချက်တွေ ရှိနေတယ်၊ အခြေအနေက တော်တော်လေးဆိုးရွားနေလောက်တယ်လို့ ထင်တယ်၊ ဒါကြောင့် ထပ်ပြီးအချိန်မဆွဲတာ အကောင်းဆုံးပဲ၊ အဆိုးဆုံးဆိုရင် ရှီထိုင်ခရိုင်ကိုရောက်ပြီးတဲ့နောက် အနီးအနားက ရွာသားတစ်ယောက်ရဲ့ အိမ်မှာ တစ်ညတည်းခိုပြီး နောက်နေ့မနက်စောစော စပါးသွားဝယ်ကြတာပေါ့"

လင်းယွဲ့ အနည်းငယ် ပိုပြောနေခြင်း ဖြစ်မည်ဟု ဝမ်တာ့ကျန်း အစကတွေးခဲ့သော်လည်း နောက်တစ်နေ့ ရှီထိုင်ခရိုင်သို့ရောက်ရှိသောအခါ မနက်စောစောကတည်းက တန်းစီနေသောလူတန်းရှည်ကြီးကို တွေ့လိုက်ရသည်။ ထို့ပြင် ဆန်ဆိုင်အသီးသီးတွင်လည်း လူအများအပြားပြည့်နှက်နေလေ၏။ ဝမ်တာ့ကျန်း အံ့ဩတကြီးပြောလိုက်သည်။

"လင်းယွဲ့၊ ညီမလေး ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့လို့သာပဲ ကျေးဇူးပဲကွာ"

ထို့နောက် လင်းယွဲ့သည် ကုတန်၊ တာ့ယာနှင့် ဝမ်တာ့ကျန်းတို့ကို ဆန်ဆိုင်အပြင်ဘက်တွင် တန်းစီစောင့်ဆိုင်းခိုင်းလိုက်သည်။ သူမပြောလိုက်၏။

"ကျွန်မ မေဝေ့ကျိုက်ဆိုင်ကို သွားလိုက်ဦးမယ်"

လင်းယွဲ့သည် လှည်းပေါ်မှငရုတ်သီးဆော့စ်ကိုယူကာ မေဝေ့ကျိုက်ဆိုင်ဆီသို့ လျှောက်သွားလေသည်။ မေဝေ့ကျိုက်ဆိုင်ရှင်တွင် အဆက်အသွယ်များ ရှိနိုင်သည်ဟု သူမတွေးလိုက်မိသည်။ လင်းယွဲ့ မေဝေ့ကျိုက်သို့ ရောက်သောအခါ အလုပ်သမားက သစ်သားပြားများကို တစ်ခုပြီးတစ်ခု ဖွင့်နေသည်။ အိပ်ချင်မူးတူးဖြစ်နေသေးသော အလုပ်သမားမှာ လင်းယွဲ့ကို မြင်သောအခါ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားလေ၏။

"သခင်မလင်း ဘယ်လိုလုပ် ရုတ်တရက်ကြီး ရောက်လာတာလဲ၊ ပြီးတော့ ငရုတ်သီးဆော့စ်တွေပါ ကိုယ်တိုင် ယူလာတာလား"

"ဆိုင်ရှင်ရော၊ ကျွန်မ သူ့အကူအညီ လိုအပ်တဲ့ကိစ္စလေး ရှိလို့ပါ"

"ခဏလေး၊ ဆိုင်ရှင်က နောက်ဖေးမှာ ထမင်းစားနေတယ်၊ ကျွန်တော် သွားခေါ်လိုက်မယ်"

လင်းယွဲ့ ဆိုင်ထဲသို့ဝင်စောင့်နေစဉ် ကောင်တာ၏သစ်သားစင်ပေါ်တွင် တံဆိပ်မပါသော ဆော့စ်ပုလင်းများကို တွေ့လိုက်ရသည်။ ထို့ပြင် သူမအရင်က ကပ်ထားခဲ့သော ငရုတ်သီးဆော့စ်အရောင်းမြှင့်တင်ရေး စာတမ်းမှာလည်း ဆုတ်ခွာခံထားရလေသည်။ လင်းယွဲ့က ဆော့စ်ပုလင်းတစ်ပုလင်းကို ဖွင့်လိုက်ရာ စူးရှသောအစပ်နံ့က သူမနှာခေါင်းထဲသို့ တိုက်ခတ်လာ၏။ သေချာကြည့်လိုက်ရာ ၎င်းမှာငရုတ်ကောင်းစေ့၊ မုန်ညင်းနှင့် တရုတ်ဂေါ်ဖီထုပ်တို့ဖြင့် ဆီသတ်ထားပုံ ရသည်။

‘ဒါက ဘာလဲ’

‘ငရုတ်သီးဆော့စ် အတုလား’

ချန်ဖူကွေ့က အလျင်အမြန်ထွက်လာပြီး သူ့စိတ်လှုပ်ရှားမှုမှာ သိသာထင်ရှားနေသည်။

"ငရုတ်သီးဆော့စ်တွေ ဘယ်မှာလဲ၊ ငရုတ်သီးဆော့စ် ရောက်ပြီပေါ့"

"ဆိုင်ရှင်ချန်၊ ဒါဘာလဲဆိုတာ အရင် ရှင်းပြပါလား"

All Chapters