← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

Ch-100

ကုမိသားစု ညီအစ်ကို လေးယောက်၏ မျက်နှာများမှာ မှုန်ကုပ်နေကြပြီး အထူးသဖြင့် ကုတာ့ဖူမှာ ပို၍ပင် စိတ်ပျက်လက်ပျက် ဖြစ်နေပုံရသည်။

"ဘာဖြစ်လို့လဲ ယောကျ်ား၊ ဒီနှစ် အခွန်တွေ တိုးကောက်မှာမို့လို့လား"

အဒေါ်ကုက ရင်တဒိတ်ဒိတ်ခုန်ကာ သူ့အနားသို့ အမြန်သွားလိုက်သည်။

"လယ်ခွန်နှစ်ဆတိုးရုံတင် မကဘူး၊ လူခွန်က အရွယ်ရောက်တဲ့ယောကျ်ားနဲ့ မိန်းမ တစ်ယောက်ကို တစ်တို၊ အသက် ၁၆ နှစ်အောက်ဆိုရင် ငါးတိုတဲ့"

ကုတာ့ဖူအသံများ တုန်ရီနေသည်။

"အာ ဘာလို့ အဲဒီလောက်များရတာလဲ၊ ရှင်ပဲ သူတို့ထပ်မကောက်တော့ဘူးလို့ ပြောတယ်လေ"

အဒေါ်ကုမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ခံစားလိုက်ရပြီး ငိုယိုကာ ကုတာ့ဖူရင်ဘတ်ကို ထုရိုက်လေတော့သည်။

"ရှင်ပဲဘာမှပူစရာမလိုဘူးလို့ ပြောတာလေ၊ ငါတို့စပါးနှစ်ရှစ်တောင် ရောင်းလိုက်သေးတယ်၊ အခု ဘယ်လိုလုပ်ကြမလဲ"

ကုတာ့ဖူမှာ ခေါင်းငိုက်စိုက်ကျနေပြီး သူ့တစ်ကိုယ်လုံးမှောင်ရိပ်များဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေ၏။ ယခင်ကရှိခဲ့သော သူ့တက်ကြွမှုများပျောက်ဆုံးသွားပြီး အဒေါ်ကု၏ထုရိုက်မှုများကိုသာ တိတ်တဆိတ်ခံယူနေလေသည်။

"မြန်မြန် စပါးသွားဝယ် မြန်မြန်"

ကုစန်းဖျင်က သူ့ဇနီးကိုတိုက်တွန်းလိုက်သည်။

"ကံကောင်းလို့ ငါတို့စပါးတွေမရောင်းရသေးတာ၊ ဒါပေမဲ့ အခွန်ပေးပြီးရင်တော့ ဆောင်းတွင်းအတွက်လောက်မှာ မဟုတ်ဘူး၊ အမြန် သွားဝယ်မှရမယ်"

ဒေါ်လေးကုက ကုစန်းဖျင်နားရွက်ကို ဒေါသတကြီး လိမ်ဆွဲလိုက်သည်။

"နင် စာတတ်တယ်ဆိုလို့ နင့်ရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို ယုံခဲ့တာလေ၊ ငါ အရင်ကတည်းက ဝယ်ချင်နေတာကို နင်ကမလိုပါဘူး မလိုပါဘူးနဲ့ ပြောခဲ့တာလေ၊ အခု စပါးတစ်တိုကို ဘယ်လောက်ဖြစ်နေပြီလဲ နင်သိလား၊ နင် ငါတို့ကိုဒုက္ခပေးတာပဲ"

ထိုအချိန်တွင် ကုအာကွေ့မှာ ချွေးစေးများထွက်ကာ အိမ်ထဲသို့ဝင်လာခဲ့၏။ ဒုတိယအဒေါ်ကုမှာ ခြံထဲရှိဆူညံသံများကိုကြားနှင့်ပြီးဖြစ်ရာ နှာခေါင်းရှုံ့လိုက်သည်။

"ဘယ်လိုလဲ၊ ငါ့စကား နားထောင်တာ ကောင်းသွားတယ် မဟုတ်လား"

ကုအာကွေ့က ဒုတိယအဒေါ်ကုကိုဖက်လိုက်သည်။

"မင်းကျေးဇူးကြောင့်ပါပဲ မဟုတ်ရင် ဒီနှစ် ငါတို့ဘယ်လို အသက်ရှင်ရမလဲ တကယ်ကို မသိတော့ဘူး"

"ဒါက လင်းယွဲ့ကိုကျေးဇူးတင်ရမှာ၊ သူကသာ စပါးဝယ် စပါးဝယ်နဲ့ အမြဲတမ်း မပြောခဲ့ရင် ငါလည်းဝယ်ဖို့ အဲဒီလောက် ပြတ်သားနိုင်ခဲ့မှာမဟုတ်ဘူး"

"အဲဒါက ဒုတိယအဒေါ်ကုကိုယ်တိုင်ကလည်း နားထောင်ချင်စိတ်ရှိလို့ပါပဲ၊ ရွာထဲက တခြားလူတော်တော်များများကတော့ ကြားပေမဲ့မယုံကြဘူးလေ"

လင်းယွဲ့ပြောလိုက်သည်။

"ပြီးတော့ ဒုတိယအဒေါ်ကုရဲ့လက်ရာကို မြည်းစမ်းခွင့်ရတာနဲ့တင် ကျွန်မအတွက် လုံလောက်နေပါပြီ"

ကုအာကွေ့မှာ တုန်လှုပ်နေဆဲဖြစ်ပြီး သူ့စိတ်များက ယခုလေးတင် တက်ရောက်ခဲ့သော စည်းဝေးပွဲဆီတွင်ရှိနေဆဲ ဖြစ်သည်။

"သူတို့က ဘာလို့ရုတ်တရက်ကြီး ဒီလောက် ရက်စက်တဲ့အခွန်တွေ ကောက်ရတာလဲ၊ လူခွန်က တစ်ယောက်ကိုတစ်ရှစ်တောင်တဲ့လေ၊ ငါတို့ကုမိသားစု တစ်ခုတည်းတင် လူခွန်အတွက် စပါး ၁၀ရှစ်ပေးရမယ်ဆိုတော့ ကြောက်စရာကြီး၊ ငါခန့်မှန်းတာတော့ ငါတို့ဝယ်ထားတဲ့စပါးတွေက ဒီဆောင်းတွင်းလောက်ပဲခံလိမ့်မယ်၊ နောက်ပိုင်းကျရင် ဝမ်းစာဖြည့်ဖို့ သစ်အယ်သီးတွေသွားကောက်ရဦးမယ်"

ဒုတိယအဒေါ်ကုက ပြောလိုက်သည်။

"အခုလောလောဆယ် အဲဒီအကြောင်း မပြောကြသေးတာပေါ့၊ လယ်အလုပ်တွေ အများကြီးလုပ်ပြီးသွားပြီဆိုတော့ ဒီညတော့ ထမင်းကောင်းကောင်းစားကြရအောင်"

ပဲပိစပ် အသားခြောက်နှပ်၊ မှို ကြက်သားပေါင်း၊ ဟင်းရွက်ပြုတ်၊ လူကြီးအတွက် တစ်ဝိုင်း၊ ကလေးများအတွက် တစ်ဝိုင်းဖြစ်သည်။ ကုအာကွေ့သည် စားပွဲပေါ်ရှိအစားအစာများကို မြင်သောအခါ သူ့မျက်လုံးများ အရောင်လက်သွားလေ၏။

"ဒီတစ်နပ်ကိုတော့ သေချာအရသာခံပြီး စားရမယ်"

ဒုတိယအဒေါ်ကုက လင်းယွဲ့ယူလာသော အရက်ချိုကိုထုတ်လာသည်။

"ရှင် ဒါကိုသောက်ချင်နေတာ မဟုတ်လား၊ ကြည့်လေ တူမလေးယွဲ့ယူလာပေးတာ"

"အရက်လား မြန်မြန် မြန်မြန်၊ တစ်ငုံလောက် သောက်ကြည့်ချင်တယ်"

ဒုတိယအဒေါ်ကုက စားပွဲရှိလူကြီးတိုင်းအတွက် တစ်ခွက်စီငဲ့ပေးလိုက်သည်။ သူမက ခွက်ကို မြှောက်ကာ

"ငါက စကားပြောသိပ်မကျွမ်းကျင်တော့ ငါတို့အတွက် နေ့တိုင်းနေ့တိုင်း ဒီနေ့လိုမျိုး အစားအသောက်ကောင်းတွေနဲ့ ပြည့်စုံပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်"

"ကမ်းပေ့"

စားပွဲရှိလူတိုင်းက ထောက်ခံကာ အရက်ကိုတန်ဖိုးထားစွာ တစ်ငုံစီ သောက်လိုက်ကြ၏။ လင်းယွဲ့က ပဲပိစပ်တစ်စေ့ကို ကောက်ယူလိုက်၏။ ပဲပိစပ်များမှာ နူးညံ့စေးပိုင်နေပြီး မွှေးကြိုင်ကာ အထူးသဖြင့် ထမင်းနှင့်တွဲစားရန် အလွန်ကောင်းမွန်လှပေသည်။

"ဒုတိယအဒေါ်ကုရဲ့ လက်ရာက တကယ်ကိုအံ့မခန်းပဲ"

ဤနေရာရှိ ရွှင်လန်းတက်ကြွမှုနှင့် ဆန့်ကျင်ဘက်အနေဖြင့် အခြားကုမိသားစုညီအစ်ကိုများမှာ စိတ်ဓာတ်ကျမှုတွင် နစ်မြုပ်နေကြလေသည်။ အဒေါ်ကုနှင့် ဒေါ်လေးကုတို့မှာကုန်စုံဆိုင်သို့ အပြေးအလွှားသွားကာ တွန်းတိုက်လုယက်ကြသော်လည်း သူတို့အရှေ့သို့ရောက်ချိန်တွင် ပစ္စည်းပြတ်သွားလေ၏။ ထိုနေ့အစောပိုင်းက ဂျင်ဂိုပင်အောက်တွင်လူများ စုဝေးနေကြပြီး အားလုံးမှာ သတင်းနားထောင်ရန် ရောက်ရှိနေကြခြင်းဖြစ်သည်။

"ဘယ်လိုလုပ်ရမလဲ၊ ငါ့မိသားစုက ၈ရှစ်ပေးရမယ်၊ ဒါပေမဲ့ဒီနှစ် ငါ့အထွက်နှုန်းက ၁၀ရှစ်ပဲရှိတာ၊ ပြီးတော့ ဆန် ၃ရှစ်တောင် ရောင်းလိုက်သေးတယ်၊ ဒါက ငါ့ကိုသတ်နေတာပဲ"

"နင်က ဘယ်လိုလုပ်ရောင်းရသေးတာလဲ၊ ဝမ်ကျစ်နဲ့ လင်းယွဲ့က အခွန်တွေ တိုးမယ်လို့ အမြဲတမ်းပြောနေတာပဲဟာ၊ ငါ့ယောကျ်ားက စပါးရောင်းမယ်လို့ အတင်းလုပ်နေတာကို ငါသေချာကို ဆဲဆိုတားမြစ်ထားရတာ"

"ငါတို့တကယ်ပဲ အဲဒီလောက်အများကြီး ပေးရမှာလား၊ မပေးရင် ဘာဖြစ်မလဲ"

"ဟိုတုန်းကဆိုရင် မပေးတဲ့သူတွေက ဒဏ်ကြေးနှစ်ဆ ပေးရတယ်၊ ဒဏ်ကြေးမပေးနိုင်ရင် သူတို့ရဲ့လယ်တွေကို သိမ်းခံရတယ်၊ အဲဒီနောက်မှာ သူရင်းငှားလယ်သမားတွေဖြစ်သွားတာပဲ"

"သူရင်းငှားလယ်သမားလား၊ ဒါဆိုရင် အစိုးရကို အခွန်ပေးရမယ့်အပြင် မြေပိုင်ရှင်ကိုပါ လယ်လခပေးရမှာပေါ့၊ ဘေးအိမ်က လီမိသားစုဆိုရင် မနှစ်က သူရင်းငှားလယ်သမားဖြစ်သွားတာ၊ ဒီနှစ်မျိုးစေ့ဖိုးရဖို့အတွက် သူတို့သမီးကိုတောင် ရောင်းလိုက်ရတယ်"

"ဒီနေ့ကုန်စုံဆိုင်မှာ စပါးတစ်တိုကို ကြေးပြား ၁၇၀တဲ့၊ တစ်ယောက်ကို ၃ တိုပဲ ဝယ်ရတော့မယ်"

ဝမ်ကျစ်ရယ်မောလိုက်သည်။ သူက သူ့ညီအစ်ကိုများမှတစ်ဆင့် လုံလောက်သော စပါးများကို ဝယ်ယူထားပြီး ဖြစ်၏။ သူ့ကို အမြဲတမ်းမလိုလားတတ်သော သူ့ဖခင်ကပင် ယနေ့ သူ့ဉာဏ်ရည်ဉာဏ်သွေးကို ချီးကျူးခဲ့သေးသည်။ သူ့မိခင်က သူဘေးအိမ်သို့ လောင်းကစားသွားရန်အတွက် ကြေးပြားတစ်ပြားပင် ပေးလိုက်သေး၏။

သူ့မိသားစုအတွင်း အဆင့်အတန်းမှာ အဆမတန် မြင့်တက်နေလေသည်။ ရွာတစ်ရွာလုံးတွင် ဉာဏ်ကောင်းသူသိပ်မရှိဘဲ လင်းယွဲ့တစ်ယောက်တည်းသာ သူနှင့်ယှဉ်နိုင်သည်ဟု ခံစားလိုက်ရ၏။ သူက လင်းယွဲ့နားအနီးသို့ ကပ်ကာ ပြောလိုက်သည်။

"ညီမလေး ငါခန့်မှန်းကြည့်တာတော့ နောက်ပိုင်းမှာ စပါးဈေးတွေ အဆမတန် တက်လာလိမ့်မယ်၊ အထူးသဖြင့် ဆောင်းတွင်းမတိုင်ခင်ပေါ့၊ နင့်ဆီမှာရှိတဲ့ စပါးတစ်စိတ်တစ်ပိုင်းကို ရောင်းထုတ်လို့ရတယ်၊ နောက်နှစ် နွေဦးပေါက်ရင် ဟိုချမ်းသာတဲ့မြေပိုင်ရှင်တွေ ပိုက်ဆံတွေအများကြီး ရပြီးသွားတဲ့အခါ စပါးဈေးပြန်ကျသွားလိမ့်မယ်"

လင်းယွဲ့က ဝမ်ကျစ်ကို အနည်းငယ် အံ့အားသင့်စွာကြည့်လိုက်သည်။ သူမက ဝမ်ကျီသည် သတင်းတချို့ကြားလာပြီး ဖြန့်ရတာကြိုက်သည့် လောင်းကစားသမားတစ်ယောက်ဟုသာ အမြဲထင်ထားခဲ့သည်။ သူ့စကားများက အတော်လေး အမြော်အမြင်ရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သတင်းပိုရရန်အတွက် လင်းယွဲ့ တမင်တကာ မေးလိုက်၏။

"စပါးဈေးက ကျသွားမယ်၊ လူတိုင်းမှာ စပါးမရှိတော့ရင် ပိုပိုပြီးဈေးတက်လာရမှာ မဟုတ်ဘူးလား"

ဝမ်ကျစ် မျက်မှောင်ကြုတ်လိုက်သည်။

‘ဒီလူက ငါ့လောက်ဉာဏ်မကောင်းဘဲ သတင်းရနိုင်တဲ့ လမ်းကြောင်းတွေပိုသေချာရုံသက်သက် မျက်ကန်းကြောင် သေနေတဲ့ ကြွက်ကိုမိသလိုမျိုးဖြစ်နေတာပဲ’

သူ့စိတ်ထဲတွင် တွေးလိုက်မိ၏။ သူက ပြောလိုက်သည်။

"စပါးတွေက ရွာသားတွေလက်ထဲမှာရှိနေတယ်လို့ မင်းထင်နေလား၊ ငါတို့ မှတ်တမ်းတင်ထားတဲ့ပိုနေတဲ့ မြေတွေရယ်၊ မြေပိုင်ရှင်တွေကောက်တဲ့ လယ်လခတွေရယ်ကြောင့် မြေပိုင်ရှင်တော်တော်များများက အခွန်ပေးစရာမလိုဘဲ သူတို့ဆီမှာ စပါးအများဆုံးရှိနေတာလေ”

"အခွန်ပေးပြီးတဲ့အချိန်က လယ်သမားတွေ အစိုးရိမ်ဆုံးအချိန်ပဲ၊ ဒီအချိန်မှာ သူတို့က စပါးတွေကိုဖြည်းဖြည်းချင်း ထုတ်ရောင်းတယ်၊ ဈေးကြီးကြီးနဲ့ ရောင်းရုံသာမက လယ်သမားတချို့ကို အကျပ်အတည်းဖြစ်အောင်လုပ်ပြီး သူတို့လယ်တွေကို ဈေးပေါပေါနဲ့ရောင်းအောင်လုပ်လို့ရတယ်၊ လယ်သမားတွေရဲ့ပိုက်ဆံတွေ အကုန်လုံးညှစ်ထုတ်ခံရပြီး တောင့်မခံနိုင်တဲ့သူတွေက သူတို့လယ်တွေကို ရောင်းကြရတယ်”

"နွေဦးနဲ့ နွေရာသီရောက်လာပြီး အရာအားလုံးပြန်ရှင်သန်လာတဲ့အခါ လူတွေက သစ်ခေါက်တွေကို ဝါးစားနိုင်တဲ့ အချိန်ကျရင် စပါးဈေးတွေပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်၊ ငါ ဒါကိုလေ့လာနေတာ နှစ်ပေါင်းများစွာရှိပြီ၊ အရင်တုန်းက အခွန်တွေ ဒီလောက်မများပေမဲ့ ဈေးနှုန်း အတက်အကျကအရမ်း ထင်ရှားတယ်၊ ဒီတစ်ခေါက် အခွန်တွေ ဒီလောက်များတာဆိုတော့ ဈေးတက်တာက သေချာပေါက်ပိုကြောက်စရာ ကောင်းလာလိမ့်မယ်"

လင်းယွဲ့ ပြောလိုက်သည်။

"ဒါဆိုရင် ရှင်က ဆောင်းတွင်းကျရင် ဈေးကြီးကြီးနဲ့ပြန်ရောင်းဖို့ စပါးတွေ ဝယ်ထားတာပေါ့"

"ဟားဟား၊ ငါ့ဆီမှာ အဲဒီလောက် ပိုက်ဆံမှမရှိတာ"

လင်းယွဲ့ ခေါင်းခါလိုက်သည်။

"ကမ္ဘာကြီးက ငြိမ်းချမ်းနေတာမှ မဟုတ်တာ၊ စပါးကို သိုလှောင်ထားတာက ပိုလုံခြုံတယ်၊ ပြီးတော့ နိုင်ငံရဲ့ ကံဆိုးမှုအပေါ်မှာ ငါအမြတ်မထုတ်ချင်ဘူး"

တစ်ဖက်တွင် ဝမ်စုန်းရှင်းသည် လယ်မြေများကို ပိုမိုမှတ်တမ်းတင်ထားသောကိစ္စကို စုံစမ်းစစ်ဆေးရန် သဘောတူထားသော်လည်း ဤမျှ ခက်ခဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် ယန်ပန်းထံသို့ အရင်သွားကာ အစိုးရ၏မြေစာရင်းမှတ်တမ်းမိတ္တူကို တောင်းယူခဲ့၏။ ၎င်းမှာ အစိုးရစာရွက်စာတမ်းဖြစ်သော်လည်း ယန်ပန်းက သူ့ကိုချွင်းချက်အနေဖြင့် ကြည့်ရှုခွင့် ပေးခဲ့သည်။

မြေစာရင်းမှတ်တမ်းတွင် ပြဿနာမရှိသော်လည်း မြေပြင်ကွင်းဆင်းကြည့်သောအခါ ပြဿနာများအလွန်ကြီးမားနေကြောင်း တွေ့ရှိခဲ့ရ၏။ လယ်မြေများ၏ပုံသဏ္ဌာန်များမှာ မမှန်ကန်သဖြင့် တိုင်းတာရန် ခက်ခဲလှပေသည်။ ပုံဆွဲခြင်းနှင့် တွက်ချက်ခြင်းများတွင် ကူညီပေးရန် အတွေ့အကြုံရှိ စာရေးများ လိုအပ်၏။

ထို့ပြင် အကောင်းစား၊ အလယ်အလတ်စားနှင့် အညံ့စားလယ်မြေများကို ခွဲခြားရသည်မှာလည်း ခက်ခဲပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ မြေဩဇာနှင့်သက်ဆိုင်ပြီး အမြဲတမ်း တည်ငြိမ်မနေသောကြောင့်ဖြစ်သည်။ သူ အပြည့်အဝ နားမလည်နိုင်မီမှာပင် ဤကိစ္စက အထက်အရာရှိများကို သတိပေးသကဲ့သို့ ဖြစ်သွားလေ၏။

လျန်စီရင်စုတရားသူကြီးက လျှို့ဝှက်ချက်များကို မပေါက်ကြားစေရန် ယန်ပန်းအား ချက်ချင်းအမိန့်ပေးခဲ့သည်။ ယန်ပန်းမှာ အကြိမ်ကြိမ်တောင်းပန်ကာ သူ့လက်ထဲမှ မြေစာရင်းမှတ်တမ်းကို ပြန်လည်ယူဆောင်သွားရုံသာ တတ်နိုင်လေ၏။ သို့သော် ဤရက်အနည်းငယ်အတွင်း သူသည် အမှန်တရား၏ ထောင့်တစ်နေရာကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

သူ့အဘိုးဖြစ်သူ သိသွားသောအခါ ဤသည်မှာ အသေးအမွှားကိစ္စဖြစ်သည်ဟုဆိုကာ သမိုင်းစာအုပ်များကို ပိုမိုဖတ်ရှုရန်နှင့် နောက်နှစ်နိုင်ငံတော်စာမေးပွဲအတွက် ပြင်ဆင်ရန်ပြောကြားခဲ့သည်။ သို့သော် ဤကိစ္စမှာ အစက ဝမ်တာ့ကျန်း၏တောင်းဆိုမှုမျှသာ ဖြစ်သော်လည်း ယခုအခါ တာယုံမင်းဆက်သည် အကျင့်ပျက်ခြစားမှုများဖြင့် မည်သို့ဖျက်ဆီးခံနေရကြောင်း၊ တကယ်ကို ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းဖြစ်ကြောင်း သူ မြင်တွေ့နေရလေပြီဖြစ်ရာ သူကြားဝင်စွက်ဖက်ချင်နေမိသည်။ သို့သော် သူ့အဘိုးက အမှုတွဲများစွာကို သူ့ရှေ့သို့ ပစ်ချပေးလိုက်၏။

"ဒါတွေ အကုန်လုံးက မကြာသေးခင် နှစ်တွေကဖြစ်ခဲ့တဲ့ မြေသိမ်းအမှုတွေပဲ၊ ပြီးတော့ ပိုပိုပြီး ဆိုးရွားလာနေတယ်၊ ဒါပေမဲ့ အယူခံဝင်ခဲ့တဲ့ သာမန်ပြည်သူ တစ်ယောက်မှမနိုင်ခဲ့ဘူး၊ သူတို့သေရင်သေ မသေရင် သူတို့မြေတွေကို အသိမ်းခံရတယ်၊ ဒါမှမဟုတ် ရိုက်နှက်ခံရပြီး နယ်နှင်ဒဏ်ပေးခံရတယ်၊ ငါကိုယ်တိုင်တောင် တရားမျှတမှုကို ထိန်းသိမ်းချင်ခဲ့ဖူးတယ်၊ ဒါပေမဲ့ ပါဝင်ပတ်သက်နေတဲ့ ဆက်ဆံရေးတွေက ရှုပ်ထွေးလွန်းတယ်၊ ဧကရာဇ်ရဲ့ ဆွေမျိုးတွေနဲ့ မင်းသားတွေအထိတောင်ရောက်နေတော့ ရှေ့ဆက်ဖို့ အရမ်းခက်ခဲတယ်၊ စုန်းရှင်း ဒီကိစ္စကို ဖြေရှင်းတာက ယာယီကုစားမှုတစ်ခုပဲ ဖြစ်လိမ့်မယ်၊ မရေမတွက်နိုင်တဲ့ မြေကွက်တွေရဲ့နောက်ကွယ်မှာ အကျိုးစီးပွားမျိုးစုံက ရောယှက်နေတယ်၊ တစ်ကယ်လို့ မင်းသာ အဲဒါကို သွားထိမိရင် မင်းကပင့်ကူအိမ်မှာမိနေတဲ့ သားကောင်လိုဖြစ်သွားပြီး လှုပ်လို့တောင်ရတော့မှာ မဟုတ်ဘူး"

All Chapters