← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

Ch-102

နောက်တစ်နေ့တွင် လင်းယွဲ့သည် အာလူးနှင့် ကန်စွန်းဥများ မည်သို့စိုက်ပျိုးရမည်ကို လက်တွေ့ပြသခဲ့သည်။ လူအတော်များများက တွေဝေစွာဖြင့် ပြောဆိုကြ၏။

"ဒီလောက်ကောင်းတဲ့အရာဆိုရင် ဘာလို့ အခုမှ တွေ့ရတာလဲ"

"ဒါက စားလို့ရတာလား၊ အရသာက ဘယ်လိုနေလဲ"

လင်းယွဲ့ပြောလိုက်သည်။

"ကျွန်မ နည်းနည်းထပ်ချက်လိုက်ဦးမယ်၊ မြည်းကြည့်လို့ ရပါတယ်၊ ဒါပေမဲ့ ဒီအာလူးတွေကိုတော့ အထူးဂရုစိုက်ရမယ်၊ သေချာကျက်အောင် ချက်ရမယ်၊ ပြီးတော့ အညှောင့်ထွက်လာရင် အဲဒီအညှောင့်တွေနဲ့ အစိမ်းရောင်အပိုင်းတွေကို ဖြတ်ထုတ်ပစ်ရမယ်၊ မဟုတ်ရင် အဆိပ်ဖြစ်တတ်တယ်"

အာလူးနှင့် ကန်စွန်းဥများကို အတုံးသေးသေးလေးများတုံးကာ ဖယ်ထားလိုက်သည်။

"သိပ်ချိုတာပဲ"

မြည်းစမ်းလိုက်သူ၏မျက်လုံးများ ချက်ချင်း အရောင်လက်သွားလေသည်။

"အရသာရှိလိုက်တာ၊ ဒါသာရှိရင် ထမင်းနဲ့ ဟင်းတွေတောင် စားစရာမလိုတော့ဘူး"

"ကောင်မလေး၊ မင်း ငါတို့ကိုလှည့်စားနေတာလား၊ တစ်မူကို ၂၀ ရှစ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒါက"

ရွာသားများ၏သံသယများကို ကြားသောအခါ လီရှောင်လျန်ကမပျော်မရွှင်ဖြင့် ရှေ့သို့ထွက်လာသည်။

"နင်တို့အကုန်လုံးက တွေဝေနေကြတာပဲ၊ လင်းယွဲ့က သဘောကောင်းလို့ နင်တို့ကိုအိမ်ယူသွားပြီး စိုက်ဖို့ပေးနေတာလေ၊ တစ်ကယ်လို့ မအောင်မြင်ရင်တောင်မှ နင်တို့ကြေးပြားနည်းနည်းလေးပဲ ပြန်ပေးရမှာ၊ လင်းယွဲ့က ဒီလောက် ပိုက်ဆံလေးနည်းနည်းအတွက်နဲ့ နင်တို့ကို လိမ်မယ်လို့ထင်နေလား"

"ဘာပဲဖြစ်ဖြစ် ဆောင်းတွင်းမှာ ဘာမှမလုပ်ဘဲထိုင်နေကြတာပဲ၊ ဒီအပင်တွေကို စိုက်ရုံနဲ့ အသေအလဲပင်ပန်းသွားမှာမို့လို့လား၊ ဒါတွေအကုန်လုံးက နင်တို့ရဲ့ စားနပ်ရိက္ခာအတွက်ချည်းပဲလေ၊ လင်းယွဲ့က စေတနာနဲ့လုပ်ပေးတာကို နင်တို့က သူ လိမ်နေတယ်လို့ ပြောကြတယ်၊ နင်တို့ အခုထိတွေဝေနေသေးတယ်ဆိုရင် မစိုက်ကြနဲ့တော့ မဟုတ်ရင် နောက်ကျတော့မှ သူများအပြစ်လာတင်နေဦးမယ်၊ သူ့စေတနာတွေ သဲထဲရေသွန် ဖြစ်ကုန်ပြီ"

ထိုသို့အဆူခံရပြီးနောက် ရွာသားများမှာ ပိုမိုစိတ်အားထက်သန်လာကြပြီး အာလူးနှင့် ကန်စွန်းဥမျိုးစေ့များကို အလျင်အမြန် ယူသွားကြလေသည်။ ရာသီဥတုက ပိုပိုအေးလာ၏။ ထိုနေ့တွင် အဒေါ်ကုက ကောက်ရိုးဖျာသုံးချပ် ယူလာခဲ့သည်။

"ဒါတွေက ဒီနှစ်ထွက်တဲ့ကောက်ရိုးသစ်တွေလေ၊ နွေးနေအောင်လို့ အထူးသီးသန့်ရက်လာခဲ့တာ"

လင်းယွဲ့က အမြန်ကျေးဇူးတင်စကား ပြောလိုက်သော်လည်း ဆောင်းတွင်းအတွက် ပြင်ဆင်ရန် ဂွမ်းစောင်များနှင့် ဆောင်းတွင်းဝတ် အဝတ်အစားများ ဝယ်ရန် လိုအပ်ကြောင်း သဘောပေါက်သွားလေသည်။ အဒေါ်ကုက အခက်အခဲဖြစ်ဟန်ဖြင့် ပြောလိုက်၏။

"ညီမလေး၊ အခွန်တွေပေးပြီးတဲ့နောက် ဘယ်သူ့ဆီမှာမှ ပိုက်ဆံမကျန်တော့ဘူး၊ ရာသီဥတုကလည်း ပိုအေးလာပြီဆိုတော့ အဒေါ် ဒီလျံဖန်ရောင်းတဲ့ အလုပ်ကို လောလောဆယ်နားထားလိုက်တော့မယ်"

အခွန်များ ကောက်ခံပြီးကတည်းက မိသားစုအများအပြားမှာ အညှစ်ထုတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြောင်း လင်းယွဲ့ နားလည်လိုက်သည်။ လျံဖန် ရောင်းပြီး အသက်မွေးဖို့ နေနေသာသာ ဆောင်းတွင်းကို ကျော်ဖြတ်ဖို့တောင် အခက်အခဲရှိနိုင်ပေသည်။ သူမက အဒေါ်ကုကို ဆောင်းတွင်းတွင်အရက်ချိုရောင်းခိုင်းရန် အစကရည်ရွယ်ထားသော်လည်း ထိုအစီအစဉ်ကို ဖျက်သိမ်းရလောက်၏။ နောက်ထပ် ဘာဆက်ရောင်းရမည်ကို မသေချာသဖြင့် သူမ အနည်းငယ် ဝေခွဲမရဖြစ်သွားလေသည်။

သို့သော် ရာသီဥတုအေးလာသည်နှင့်အမျှ လက်ဖက်ရည်ဆိုင်များက ပို၍ အရောင်းအဝယ်ကောင်းလာတတ်သည်။ လူတိုင်းက လမ်းခရီးတွင် ရေနွေးကြမ်းတစ်ခွက်လောက် သောက်ချင်ကြသည်ပင်။ လုဟူက ခုံတန်းလျားပေါ်တွင် ဂရုမစိုက်သောဟန်ဖြင့် ထိုင်ကာ ပြောလိုက်သည်။

"ဒီမှာ စားစရာဘာရှိလဲ၊ ခေါက်ဆွဲပြုတ် ပူပူလေး တစ်ပန်းကန်လောက်ပေးပါ"

သူ့နောက်မှ အမျိုးသားများကလည်း ဝင်ပြောကြသည်။

"ကျွန်တော်လည်း တစ်ပွဲယူမယ်၊ မနက်စာ မစားရသေးဘူး၊ ဗိုက်ဆာလွန်းလို့ သေတော့မယ်"

လင်းယွဲ့သည် သူတို့ကိုပြီးခဲ့သည့်အကြိမ်က ကုန်ပစ္စည်းပို့ဆောင်ရေး ဌာနမှလူများအဖြစ် မှတ်မိလိုက်သည်။ သူတို့နောက်တွင် စပါးများအပြည့် တင်ဆောင်လာကြရာ ရိက္ခာများ ထပ်မံရောင်းချရန်သွားကြခြင်း ဖြစ်နိုင်ပေသည်။

"တောင်းပန်ပါတယ်၊ ကျွန်မတို့ဆီမှာ ခေါက်ဆွဲမရှိဘူး၊ ဝမ်တန်ပဲရှိတာ ရလား"

"ရပါတယ်"

လုဟူက သူ့အိတ်ထဲမှ ပေါင်မုန့်ပြားအချို့ကို ထုတ်ယူလိုက်သည်။

"ဒီပေါင်မုန့်ပြားတွေက ခြောက်လွန်းလို့၊ မျိုချဖို့ ဟင်းရည်ပူပူလေးလိုတယ်"

သူတို့ထဲမှတစ်ယောက်က တံတွေးကို အသံမြည်အောင် မျိုချလိုက်သည်။

"အစ်ကိုဟူ၊ ပြီးခဲ့တဲ့တစ်ခေါက်က လမ်းမှာစားမယ်ဆိုပြီး ငရုတ်သီးဆော့စ်တစ်ပုလင်းဝယ်လာတယ် မဟုတ်ဘူးလား၊ ကျွန်တော်တို့ကိုလည်း နည်းနည်းလောက် မြည်းကြည့်ခွင့်ပေးပါလား"

"ဟုတ်တယ်၊ နောက်ပိုင်း ကျွန်တော် မေဝေ့ကျိုက်ကို သွားရှာသေးတယ်၊ ဒါပေမဲ့ မတွေ့ဘူး"

"သွားစမ်းပါကွာ၊ ဘယ်လိုလုပ်ရမလဲ"

လုဟူက ပြောလိုက်သည်။

"ဆိုင်ရှင်ကို သွားပြောပြီးတော့ သူက မေဝေ့ကျိုက်မှာရှိတဲ့ ငရုတ်သီးဆော့စ် အကုန်လုံးကို ဝယ်လိုက်တာ၊ ဒီငရုတ်သီးဆော့စ်က သေချာပေါက် ရောင်းကောင်းမှာမို့လို့ ဈေးကွက်မတင်ခင်မှာ လုပ်နည်းဖော်ထုတ်ဖို့ လူတစ်ယောက်ရှာမယ်လို့ သူကပြောတယ်၊ မင်းတို့နေနေသာသာ ငါတောင်မရဘူး"

ယင်းကို လင်းယွဲ့ ကြားသွားလေသည်။

‘လုပ်နည်းကို သုတေသနလုပ်နေတယ် ဟုတ်လား၊ တခြားနေရာမှာရောင်းဖို့အတွက် သူမရဲ့ကိုယ်ပိုင် ငရုတ်သီးဆော့စ်ကို ကိုယ်တိုင်ပြန်လုပ်နိုင်ဖို့ ကြိုးစားနေတာလား’

ယုံအန်းကုန်သွယ်ရေးလုပ်ငန်း၏ ကျယ်ပြန့်သော ဖြန့်ချိရေးကွန်ရက်ကြီးကိုတွေးမိပြီး လင်းယွဲ့ ချက်ချင်းပင် ဒေါသထွက်သွားလေသည်။

‘ဒါကုမ္ပဏီကြီးတွေက ကုမ္ပဏီငယ်လေးတွေရဲ့ အောင်မြင်မှုကို ခိုးယူဖို့ကြိုးစားတာနဲ့ ဘာကွာလို့လဲ၊ ဆိုင်ရှင်ချန်ရော ဒီအကြောင်းကို သိပါ့မလား’

သို့သော် သူမမျက်လုံးများ ရုတ်တရက် အရောင်လက်သွားပြီး ရက်အတော်ကြာ သူမကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သောပြဿနာမှာ ရုတ်တရက် ရှင်းလင်းသွားလေသည်။

‘အစပ်ဆော့စ်က အရမ်းရောင်းကောင်းနေမှတော့ သူမက ဘာလို့ရေခဲသေတ္တာထဲရှိတာတွေကိုချည်းပဲ ရောင်းနေရမှာလဲ၊ သူမမှာ ကုန်ကြမ်းတွေရှိတယ်၊ ကျွမ်းကျင်မှုရှိတယ်၊ ကိုယ်တိုင်လုပ်ပြီး ရောင်းလို့ အပြည့်အဝရတာပဲလေ၊ အဆိုးဆုံးအခြေအနေဆိုရင် နာမည်အသစ်လေး ပြောင်းပေးလိုက်ပေါ့၊ ဝက်သားဆော့စ် ဘာညာပေါ့’

သို့သော် ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာနမှ ကြီးကြပ်ရေးမှူးအပေါ် သူမအမြင်ကောင်းများလည်း ပျောက်ကွယ်သွားလေသည်။ သူက သူမ၏ငရုတ်သီးဆော့စ်ကို တိတ်တဆိတ် လက်ဝါးကြီးအုပ်ကာ သုတေသနလုပ်ရန် ကြိုးစားနေပြီး သူမကိုတောင် အသိမပေးခဲ့ပေ။

‘ဘယ်လောက်တောင် အောက်တန်းကျလိုက်လဲ၊ ကောင်းပြီလေ ကောင်းပြီလေ၊ သူတို့ဆီမှာ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ငရုတ်သီးမှမရှိတာ၊ သူတို့ ဘယ်လိုများ ဖော်ထုတ်မလဲဆိုတာ ကြည့်ရသေးတာပေါ့’

အိမ်ပြန်ရောက်ပြီးနောက် လင်းယွဲ့သည် ဆော့စ်များကို ချက်ချင်းစတင် သုတေသန ပြုလုပ်လေတော့သည်။ သူမလက်ထဲတွင် ငရုတ်သီးများ၊ ငရုတ်သီးမှုန့်၊ ဘာဘီကျူး အမွှေးအကြိုင်များ၊ ပဲပိစပ်အချဉ်ဖောက်ဆော့စ်၊ ပဲငပိနှင့် ပဲပိစပ်များရှိနေသည်။ သူမသည် ၎င်းတို့ကို တစ်ခုပြီးတစ်ခု ဖွင့်ယူလိုက်၏။

သူမ၏အားသာချက်မှာ ကုန်ကြမ်းများ ဖြစ်သော ဝက်သား၊ သိုးသားနှင့် အမဲသားတို့မှာ အလကားရပြီး အရည်အသွေး အလွန်ကောင်းမွန်ခြင်း ဖြစ်သည်။ ထို့ပြင် ငရုတ်သီးကဲ့သို့သော ပါဝင်ပစ္စည်းများမှာလည်း ထူးခြားလှပေသည်။ အရသာအရမ်းကောင်းစေရမယ်လို့ သူမအာမခံနိုင်၏။

ထို့ပြင် သူမက အသားပိုထည့်ပေးပြီး ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်သေးသည်။ ထပ်ပြီးအချိန်မဆွဲတော့ဘဲ လင်းယွဲ့သည် ပဲပိစပ်များကို တစ်ညလုံး ရေစိမ်ထားလိုက်ပြီးနောက် မီးမွှေးကာ ဆီထည့်ပြီး စတင်ကြော်လေတော့သည်။ သူမသည် ဝက်သားများကို အတုံးကြီးကြီးများ ရက်ရက်ရောရော တုံးကာကြွပ်လာသည်အထိ ဆီပူတိုက် ကြော်လိုက်၏။

ဤနည်းလမ်းက အသားကို အချိန်အတော်ကြာ ကြာရှည်ခံစေပြီး ၎င်း၏ခြောက်သွေ့ပြီး ကျစ်လျစ်သော အသားမှာ အရသာဝင်သွားသည်နှင့် ထမင်းနှင့် တွဲစားရန် အထူးပင်အရသာရှိလှပေသည်။ ဆော့စ်ပြုလုပ်ရာတွင် သူမသည် အရက်ပြင်းနှင့်ရှာလကာရည်တို့ကိုလည်း ထည့်လိုက်၏။ ဤပါဝင်ပစ္စည်းနှစ်မျိုးက ဘက်တီးရီးယားများကိုသေစေပြီး ကြာရှည်ခံစေရုံသာမက ငရုတ်သီးများကိုလည်း ပိုမိုမွှေးကြိုင်ပြီး စပ်သွားစေသည်။ အချောသတ် ထုတ်ကုန်အသင့်ဖြစ်သည်နှင့် တာ့ယာက သွားရည်ကျကာဝင်လာသည်။

"ယောင်းမ ဘာတွေလုပ်နေတာလဲ၊ အနံ့က သိပ်မွှေးတာပဲ"

သူမသည် ပျင်းပျင်းနှင့် ကျွမ်းကျွမ်းကို ကစားနေစဉ် ဆွဲဆောင်မှုရှိသော ရနံ့တစ်ခုကို ရလိုက်ခြင်းဖြစ်သည်။ သူမ အပြေးလေးဝင်လာသောအခါ အညိုရောင် ဆော့စ်ပန်းကန်လုံးထဲတွင် ဝက်သားတုံးကြီးများကို ရှင်းလင်းစွာ မြင်နေရပြီး အတွင်းရှိပဲပိစပ်များမှာလည်း အလွန်တရာစားချင်စရာ ကောင်းနေ၏။

"ယောင်းမတစ်တုံးလောက် စားကြည့်လို့ရမလားဟင်"

လင်းယွဲ့က ပန်းကန်ထဲသို့ ဇွန်းငယ်ဖြင့် တစ်ဇွန်း ခပ်ထည့်ပေးလိုက်ပြီး

"စားကြည့်ပြီးတော့ ဘယ်လိုနေလဲပြောပြဦး"

တာ့ယာ၏ပထမဆုံး ပစ်မှတ်မှာ ဝက်သားတုံးများဖြစ်သည်။ ခြောက်သွေ့နေသော ဝက်သားတုံးများမှာ ဝါးလေလေ အရသာရှိလာလေလေဖြစ်ပြီး အစပ်နှင့် အငန်အရသာတို့မှာ ပြီးပြည့်စုံစွာ ပေါင်းစပ်နေလေသည်။

"ထမင်းတစ်ပန်းကန်လောက်သာရှိရင် ပိုတောင်ကောင်းဦးမယ်"

တာ့ယာက မျက်လုံးလေးမှိတ်ကာအရသာခံနေလေသည်။

"အရသာရှိလိုက်တာ၊ တကယ့်ကို အရသာရှိတာပဲ"

လင်းယွဲ့က သူမခေါင်းကိုပုတ်ကာ အလိုလိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။

"အရသာရှိရင် တော်သေးတာပေါ့၊ ပုလင်းငယ်လေးတွေထဲ ထည့်လိုက်တော့၊ ဒါက ငါတို့နောက်ထပ်ရောင်းမယ့် ဆော့စ်ပဲ"

တာ့ယာက ပစ္စည်းများကို ပြင်ဆင်နေစဉ် လင်းယွဲ့မှာ နောက်တစ်သုတ် ပြုလုပ်ရန်အလုပ်ရှုပ်နေလေသည်။ သူမသည် ပဲပိစပ်များကိုပေါင်းကာ အချဉ်ဖောက်ရန် ဖယ်ထားလိုက်ပြီး၊ နောက်ထပ်ပြုလုပ်မည့် အရသာရှိသော ပဲငပိဆော့စ်အတွက် အသုံးပြုရန် ပဲငပိအဖြစ် အချဉ်ဖောက်ရန်ပြင်ဆင်နေ၏။ ပဲငပိ အချဉ်ဖောက်ခြင်းနှင့် အခြောက်ခံခြင်း လုပ်ငန်းစဉ်အတွက် ရက် ၂၀ ခန့် ကြာမြင့်သည်။

‘ငါတို့ရဲ့ထုတ်ကုန်သစ်ဖြစ်တဲ့ အရသာရှိတဲ့ ပဲငပိဆော့စ်ကို ဈေးကွက်မတင်ခင် တစ်လလောက်စောင့်ရမှာ’

လင်းယွဲ့သည် တစ်နေကုန် အလုပ်လုပ်ပြီးနောက် ဝက်သားဆော့စ် အပုလင်း ၂၀၀ခန့် ရရှိခဲ့သည်။ သူမသည် ကုတန်အား 'ကျုံးကော်' နှင့် 'ဝက်သားဆော့စ်'ဆိုသည့် စာသားများကို တစ်ညလုံး ရေးခိုင်းကာ ပုလင်းများပေါ်တွင် ကပ်လိုက်၏။ သူမဆီတွင် ပုလင်းများကုန်သွားပြီဖြစ်သဖြင့် နောက်နေ့တွင် ရှီထိုင်ခရိုင်သို့ သွားရောက်ကာ ထပ်ဝယ်မည် ဖြစ်သည်။ သူမသည် ဝက်သားဆော့စ်ကို ကိုယ်တိုင်ပြုလုပ်ခဲ့ပြီး သူမရော ကုတန်နှင့် တာ့ယာတို့ပါအရသာအလွန်ကောင်းသည်ဟု ထင်ကြသော်လည်း အနည်းငယ် မသေချာဖြစ်နေဆဲ ဖြစ်သည်။

"အစပ်ဆော့စ်တွေ ထပ်ရောက်တာလား၊ နေပါဦး ဘာလို့ ဒီလောက်အများကြီးလဲ"

လင်းယွဲ့၏လားလှည်း နောက်ဖေးခြံထဲသို့ရပ်လိုက်သောအခါ ချန်ဖူကွေ့မျက်လုံးများ အံ့ဩမှုကြောင့် အရောင်လက်သွားပြီး ပြောလိုက်သည်။

"အိုး ဆိုလိုတာက ညီမလေးပိုလုပ်နိုင်ပြီပေါ့"

လင်းယွဲ့ ရှင်းပြလိုက်သည်။

"ဒါက ငရုတ်သီးဆော့စ်မဟုတ်ဘူး၊ ဝက်သားဆော့စ်ပါ"

"ဟင် ဝက်သားဆော့စ်"

ချန်ဖူကွေ့ မျက်မှောင်ကြုတ်လိုက်သည်။

"ညီမလေးရဲ့ငရုတ်သီးဆော့စ်က အရမ်းရောင်းကောင်းနေတာကို၊ ဘာလို့ ဆက်မရောင်းတော့တာလဲ"

"မရောင်းတာ မဟုတ်ပါဘူး၊ ဆော့စ် နောက်တစ်မျိုး ထပ်တိုးလိုက်တာပါ"

လင်းယွဲ့က ချန်ဖူကွေ့အား ပုလင်းတစ်ပုလင်း ကမ်းပေးလိုက်သည်။

"မြည်းကြည့်ချင်လား"

ချန်ဖူကွေ့ အဖုံးကိုဖွင့်လိုက်ရာ မွှေးကြိုင်ပြီး စပ်သောရနံ့တစ်ခု လွင့်ပျံလာလေသည်။

"သိပ်မွှေးတာပဲ"

သူက အလုပ်သမားအား ဇွန်းငယ်တစ်ချောင်းယူခိုင်းပြီး အမြန်မြည်းစမ်းကြည့်လိုက်သည်။ သူက ချက်ချင်းပင် တံတွေးများကို မျိုချလိုက်၏။

"ရှီး အရမ်းစပ်တာပဲ"

"စပ်တဲ့အစားအစာက ထမင်းပိုမြိန်စေတယ်လေ"

"ညီမလေးယွဲ့၊ ဒီအထဲကို ဘာတွေထည့်ထားတာလဲ၊ အရမ်း စပ်တာပဲ"

ဆိုင်ရှင်ချန်၏မျက်လုံးများထဲရှိ စပ်စုချင်နေသောအကြည့်ကို မြင်သောအခါ လင်းယွဲ့က တည့်တိုးပင်မေးလိုက်သည်။

"ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာနရဲ့ ကြီးကြပ်ရေးမှူးက ကျွန်မငရုတ်သီးဆော့စ်တွေကို အကုန်ဝယ်ပြီးလုပ်နည်းကို တိတ်တဆိတ် သုတေသနလုပ်နေတယ်လို့ ကြားတယ်၊ ဆိုင်ရှင်ချန်ကများ သူတို့ကိုယ်စားကျွန်မရဲ့ငရုတ်သီးဆော့စ်ပါဝင်ပစ္စည်းတွေကို စုံစမ်းပေးနေတာလား"

All Chapters