အခန်း ၁၀၃
Vol. 11 Ch. 103
Ch-103
"အမ် ဟုတ်လို့လား"
ဆိုင်ရှင်ချန် အံ့ဩတကြီးမေးလိုက်သည်။ လင်းယွဲ့သည် ဆိုင်ရှင်ချန်၏မျက်နှာအမူအရာကို သေချာအကဲခတ်ကြည့်လိုက်ရာ သူ တကယ်မသိသည့်အလား ဇဝေဇဝါဖြစ်နေပုံရသည်ကို တွေ့လိုက်ရ၏။ သူခေါင်းကို အမြန်ကုတ်ကာ ရုတ်တရက်ပြောချလိုက်သည်။
"ညီမလေးရဲ့ဆော့စ်က ဘာလို့ ဒီလောက် စပ်နေရတာလဲဆိုတာကို သိချင်ရုံသက်သက်ပါ၊ ဘာကိုမှ စုံစမ်းဖို့ ရည်ရွယ်ချက် မရှိပါဘူး၊ ယုံအန်းကို ရောင်းလိုက်တာကလည်း သူက အကုန်ဝယ်ပြီး ကြေးပြားသုံးပြားပိုပေးလို့ ရောင်းလိုက်ရုံ သက်သက်ပါ"
ဆိုင်ရှင်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူမစိတ်ထဲတွင် အခြားအစီအစဉ်တစ်ခုရှိပြီးဖြစ်သည်။ အလုပ်သမားသည် ဆော့စ်ပုလင်းများကို မူလနေရာတွင် အမြန်ပြန်ထားလိုက်၏။ လင်းယွဲ့က ပြောလိုက်သည်။
"ကျွန်မ ဒီဝက်သားဆော့စ်ကို အများကြီးလုပ်ထားတယ်၊ ဒီစင်ကို ကျွန်မငှားထားတာဆိုတော့၊ အခုကစပြီး ကျွန်မရဲ့ ပစ္စည်းတွေကို ဒီမှာပဲတင်ပေးပါ"
အလုပ်သမားမှာ အနေရခက်သွားပြီး ခေါင်းကို အဆက်မပြတ်ညိတ်ပြလိုက်သည်။ ပြီးခဲ့သည့်အကြိမ်က ဆိုင်ရှင်ချန်က သူမကိုစားနပ်ရိက္ခာများ ဝယ်ယူရာတွင် ကူညီပေးခဲ့သဖြင့် လင်းယွဲ့သည် ကြိုတင်၍ရှင်းရှင်းလင်းလင်း ပြောထားရန် စီစဉ်လိုက်သည်။
"ဆိုင်ရှင်ချန် ဒီမှာ ဝက်သားဆော့စ် ပုလင်း ၁၀၀ထားခဲ့မယ်၊ ကျန်တာတွေကိုတော့ တခြားသရေစာဆိုင်တွေ၊ ဆော့စ်ဆိုင်တွေဆီသွားပြီး ပူးပေါင်းလုပ်ဆောင်လို့ရမလား သွားကြည့်မလို့"
"ဟင်"
ဆိုင်ရှင်ချန် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက ဘာသဘောလဲ"
"ကျုံးဟွာတံဆိပ်ကို လူသိများစေချင်လို့ပါ၊ ဒါကြောင့် နာမည်ပိုကြီးလာအောင် ဆိုင်အများကြီးမှာတင်ရောင်းမလို့ပါ၊ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ဆိုင်ရှင်ချန်၊ မေဝေ့ကျိုက်မှာ အများဆုံးတင်ပေးထားမှာပါ၊ နာမည်ကြီးလာပြီး တခြားဆိုင်တွေမှာ ပစ္စည်းပြတ်သွားရင် ဆိုင်ရှင်ချန်ရဲ့ဆိုင်ကိုလည်း ဖောက်သည်တွေ ရောက်လာမှာပါ"
လင်းယွဲ့ပြုံး၍ ပြောလိုက်သည်။
"မေဝေ့ကျိုက်ကို ဖောက်သည်သစ်တွေတောင်ခေါ်လာပေးနိုင်ပါတယ်"
ယင်းကိုကြားသောအခါ ဆိုင်ရှင်ချန်သည် သူ့အတွက် အရှုံးမရှိသည့်အပြင် အကျိုးပင်ရှိနိုင်သေးကြောင်း သဘောပေါက်သွားသဖြင့် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒါနဲ့ ဆိုင်ရှင် ဒီမှာဘာလို့ အရက်မရောင်းတာလဲ"
လင်းယွဲ့ မေးလိုက်သည်။
"တကယ်တော့ ကျွန်မအရက်ချက်တတ်တယ်၊ ဒါပေမဲ့ အခု ဆန်ဈေးက အရမ်းကြီးနေလို့၊ နောက်ပိုင်း ဆန်ဈေးပြန်ကျသွားရင် အရက်ချက်ရောင်းကြည့်ချင်လို့"
"ညီမလေးက အရက်ချက်တတ်တယ်"
ဆိုင်ရှင်ချန် အနည်းငယ် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ညီမလေးရဲအရက်ကသာ ကောင်းမယ်ဆိုရင် အလကားတောင်တင်ရောင်းပေးလို့ ရတယ်၊ ကော်မရှင်လေးပဲယူမှာ"
ခဏအကြာတွင် သူပြန်တည်ငြိမ်သွားသည်။
"ကိုယ့်ကိုကိုယ်ကြည့်ပါဦး"
သူ ပြောလိုက်သည်။
"အဓိကကတော့ ညီမလေးရဲ့ဆော့စ်လုပ်တဲ့ အရည်အချင်းကြောင့် အရမ်း စိတ်လှုပ်ရှားသွားလို့ပါ၊ ညီမလေးရဲ့ အရက်ချက်တဲ့ အရည်အချင်းကသာ ဆော့စ်လုပ်တဲ့ အရည်အချင်းလောက် ကောင်းမယ်ဆိုရင် ကိုယ့်ရဲ့မေဝေ့ကျိုက်ဆိုင်က ပိုပြီးဆွဲဆောင်မှုရှိလာမှာလေ"
"ဒါပေမဲ့ ရှီထိုင်ခရိုင်မှာ အရက်ချက်တော်တဲ့ လူအတော်များများရှိတယ်၊ အကုန်လုံးက နှစ်ပေါင်းရာချီ လက်ဆင့်ကမ်းလာတဲ့ ရိုးရာအစဉ်အလာတွေကို ဆန်းသစ်တီထွင်ပြီး ဆက်ခံလာကြတာ သူတို့ကို ကျော်ဖြတ်ဖို့ကတော့ အဲဒီလောက် မလွယ်ဘူး ထင်တယ်"
ယင်းကိုကြားပြီးနောက် လင်းယွဲ့ အနည်းငယ် စိတ်မသက်မသာဖြစ်သွားလေသည်။ သူမသည် ခေတ်သစ်တွင် ရိုးရာအရက်ချက်နည်းများကိုသာ စမ်းသပ်ဖူးပြီး၊ ပေါင်းခံခြင်းကို အသုံးပြု၍ အရက်ပြန်ပါဝင်နှုန်းကို တိုးမြှင့်နည်းကိုသာ သိ၏။ သူမ၏ကျွမ်းကျင်မှုက ရာစုနှစ်ပေါင်းများစွာလက်ဆင့်ကမ်းလာသည့် သူများနှင့် သေချာပေါက်မယှဉ်နိုင်ပေ။
သို့သော် သူမတွင်လည်း အတွေးအချို့ ရှိနေရော လက်ရှိတွင် အရက်ချက်ရာ၌ အဓိကအားဖြင့် ဆန်နှင့် ကောက်နှံတို့ကို ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုကြသည်။ အကယ်၍ သူမက ရွာသားများကို ကန်စွန်းဥများစိုက်ပျိုးရန် တိုက်တွန်းခဲ့ပါက နောင်တွင် ထိုကန်စွန်းဥများကို အသုံးပြု၍အရက်ချက်နိုင်၏။
၎င်းက ကုန်ကြမ်းစရိတ်ကို သိသိသာသာ လျှော့ချနိုင်မည်ဖြစ်သည်။ ရှီထိုင်ခရိုင် တစ်ခုတည်းတွင်သာ ရောင်းချမည်ဆိုပါက ကွာခြားချက်ကို သတိထားမိမည်မဟုတ်ပေ။ သို့သော် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောင်းချမည်ဆိုလျှင် လင်းယွဲ့သည် ရည်မှန်းချက် ကြီးမားသော်လည်း လက်တွေ့ကျသူဖြစ်ရာ 'ကျုံးဟွာ' ဆော့စ်နာမည်ကို ရှီထိုင်ခရိုင်တွင် အရင်ဆုံး နာမည်ကြီးလာအောင်လုပ်ရန် ဆုံးဖြတ်လိုက်၏။ လင်းယွဲ့သည် အနောက်ဘက်လမ်းရှိ မေဝေ့ကျွီဟုခေါ်သော ကုန်စုံဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာသည်။
မေဝေ့ကျိုက်နှင့် နှိုင်းယှဉ်ပါက ဤဆိုင်မှာ အများကြီးပိုသေးငယ်ပြီး ရှုပ်ပွနေကာ အစားအသောက်များအပြည့် ပြွတ်သိပ်နေသည်။ ဘေးဘက်ရှိ ဝက်သားဆိုင်တွင် ယင်ကောင်များအုံနေသဖြင့် လတ်ဆတ်မှုမရှိကြောင်း ထင်ရှားနေသော်လည်း ဈေးနှုန်းမှာမေဝေ့ကျိုက်ထက် တစ်ပေါင်လျှင် ကြေးပြားတစ်ပြား ပိုသက်သာလေသည်။
"ဘာလိုချင်လို့လဲ"
"ဆိုင်ရှင်ကိုခေါ်ပေးပါလား"
ဆိုင်ရှင်ရောက်လာပြီးနောက် လင်းယွဲ့က သူမလာရင်းကိစ္စကို အကျဉ်းချုံး ရှင်းပြလိုက်သည်။
"ဒါအရင်တုန်းက အရမ်းဟော့ဖြစ်ခဲ့တဲ့ အစပ်ဆော့စ်လား"
ဆိုင်ရှင်၏မျက်လုံးများ အရောင်လက်သွားပြီးနောက် သက်ပြင်းချလိုက်သည်။
"ကံမကောင်းတာက ဈေးအရမ်းကြီးနေတယ်၊ ငါ့ဖောက်သည်အများစုက မဝယ်နိုင်ကြဘူး"
"ခဏနေပါဦး၊ ဒါက ငရုတ်သီးဆော့စ် မဟုတ်ဘူး၊ ဝက်သားဆော့စ်ပါ"
လင်းယွဲ့ပြောလိုက်သည်။
"တစ်ပုလင်းကိုကြေးပြား ဆယ်ပြားတည်းပါ၊ တန်လည်းတန်တယ် အရသာလည်း ရှိတယ်၊ ဒီဆော့စ်က အကြာကြီး ခံတယ်၊ အငန်နဲ့ ဆီဓာတ်ပါရုံသာမက အရသာလည်း အရမ်းရှိတယ်၊ ပြီးတော့ အသားတောင် ပါသေးတယ်၊ ဆိုင်ရှင် မြည်းကြည့်သင့်တယ်၊ သေချာပေါက် အရမ်းရောင်းကောင်းမှာ"
ဆိုင်ရှင်က မျက်လုံးကိုမှေးကျဉ်းလိုက်သည်။
"မင်း မေဝေ့ကျိုက်မှာရောင်းနေတာ မဟုတ်ဘူးလား၊ ဒီကို ဘယ်လိုရောက်လာတာလဲ၊ မေဝေ့ကျိုက်က မင်းကို စွန့်ပစ်လိုက်ပြီလား"
"မဟုတ်ပါဘူး၊ ရောင်းဖို့နေရာတွေ ထပ်ရှာပြီး 'ကျုံးဟွာ'တံဆိပ်ကို မြှင့်တင်ချင်လို့ပါ၊ ပြီးတော့ ဆိုင်ရှင်ကိုလည်း မနစ်နာစေပါဘူး၊ ကျွန်မ ဝက်သားဆော့စ်တွေကို ဆိုင်ရှင်ရဲ့စင်ပေါ်မှာ တင်ထားပေးမယ်၊ တစ်ပုလင်းကို ကော်မရှင် ကြေးပြားနှစ်ပြားပေးပါ့မယ်"
"မရဘူး မရဘူး၊ သူတို့ဆီမှာရှိပြီးသားကို ငါကဘာလို့ မင်းဆီကဟာကို ရောင်းပေးရမှာလဲ"
လင်းယွဲ့မှာ ရွေးချယ်စရာမရှိတော့သဖြင့် အပြင်ထွက်ကာ ထပ်မံရှာဖွေရတော့သည်။ အနောက်ဘက်လမ်းတွင် ကုန်စုံဆိုင်သိပ်များများစားစားမရှိပေ။ မေဝေ့ကျွီမှာ လမ်းထိပ်တစ်ဖက်တွင်ရှိပြီး အခြားတစ်ဖက်တွင် 'ဟောင်ဝေ့တောက်'ဟုခေါ်သော အခြားဆိုင်တစ်ဆိုင် ရှိသည်။
ဆိုင်မှာ သန့်ရှင်းသပ်ရပ်သော်လည်း ဖောက်သည် သိပ်မရှိပေ။ ဆိုင်၏ အနောက်ဘက်တွင် ရှုပ်ပွနေသောအိမ်တန်းရှည်များရှိပြီး ဝင်ထွက်သွားလာနေသူများမှာ အလုပ်ကြမ်းလုပ်သည့်ယောကျ်ားများပုံပေါက်နေ၏။ ဆိုင်ကို ဇနီးမောင်နှံနှစ်ဦးက ဖွင့်ထားခြင်း ဖြစ်သည်။ လင်းယွဲ့၏လာရင်းကိစ္စကို ကြားသောအခါ သူတို့က ဝမ်းသာအားရအာမေဍိတ်သံ ထုတ်လိုက်ကြသည်။
"ငရုတ်သီးဆော့စ် စထွက်တုန်းက အဲဒါရောင်းတဲ့လူကိုရှာပြီး ကျွန်တော်တို့ဆိုင်ကို ခေါ်လာဖို့လုပ်နေတာ၊ ဒီလောက် လွယ်လွယ်ကူကူနဲ့ တွေ့လိမ့်မယ်လို့ မထင်ထားဘူး"
"အာ"
လင်းယွဲ့မှာ အနည်းငယ်မြှောက်ထိုးပင့်ကော်လုပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
"ကျွန်တော်တို့ရဲ့အနောက်ဘက်က အိမ်တန်းတွေကို မြင်လား၊ အဲဒီက လူအများစုက ကာယအလုပ်ကြမ်းလုပ်ကြတာ၊ သူတို့က ပုံမှန်အားဖြင့် ဆီများပြီး ငန်တဲ့အစားအစာတွေကို အများကြီးစားလေ့ရှိတယ်၊ ဒါကြောင့် ညီမလေးရဲ့ ငရုတ်သီးဆော့စ်ကို မြည်းကြည့်လိုက်တဲ့အချိန်မှာ ဒါကျွန်တော်တို့ဆိုင်မှာ ရောင်းဖို့ကွက်တိပဲလို့ ခံစားလိုက်ရတာ"
အရောင်းအဝယ်မှာ အလွန်ချောမွေ့သွားလေသည်။ လင်းယွဲ့သည် ဝက်သားဆော့စ် ပုလင်း ၅၀ထားခဲ့ပြီး နောက်ဆယ်ရက်အကြာတွင် ပစ္စည်းလာပြန်ဖြည့်ရန် သဘောတူလိုက်၏။ လင်းယွဲ့သည် အခြားဖက်ထုပ်ဆိုင်တစ်ဆိုင်နှင့်လည်း ပူးပေါင်းလိုက်သည်။ ၎င်းမှာပြီးခဲ့သည့်အကြိမ်က ကျိုးတျန်ရှစ်နှင့်တွေ့ခဲ့သောဆိုင်ပင် ဖြစ်သည်။ ထိုဆိုင်တွင် ဝက်သားဆော့စ်ပုလင်း ၁၅ ပုလင်းထားခဲ့သည်။
နောက်ဆုံးနေရာမှာ တည်းခိုခန်းတစ်ခု ဖြစ်သည်။ ၎င်းကိုလမ်းခရီးသွားလာသူများ မကြာခဏအသုံးပြုလေ့ရှိပြီး ထိုသူများမှာ အပြင်ဘက်တွင် စားသောက် အိပ်စက်ရလေ့ရှိကာ ရိက္ခာခြောက်များကို ဝယ်ယူလေ့ရှိကြ၏။ သူတို့သည်လည်း ဤကဲ့သို့သိမ်းဆည်းရန်နှင့် သယ်ဆောင်ရန်လွယ်ကူသော အသားဆော့စ်မျိုးကို လိုအပ်ကြသည်။
ဤသည်က လင်းယွဲ့ကိုအကြံတစ်ခုရစေခဲ့သည်။ သူမသည် လက်ဖက်ရည်ဆိုင်တွင်လည်း ဝက်သားဆော့စ်များကို ရောင်းချနိုင်ပေသည်။ ပုလင်း ၅၀၀ဝယ်ပြီးနောက် လင်းယွဲ့သည် တာ့ယာကို အထည်ဆိုင်သို့ခေါ်သွားကာ ဂွမ်းအင်္ကျီများနှင့် ဂွမ်းစောင်များ ဝယ်ယူခဲ့သည်။
ဂွမ်းစောင်သုံးထည်ဝယ်ခဲ့ရာ တစ်ထည်လျှင် ရှစ်ပေါင်အပြည့်ရှိသည်။ ထို့ပြင် တစ်ယောက်လျှင် ဂွမ်းအင်္ကျီနှင့် ဘောင်းဘီနှစ်စုံစီလည်း ဝယ်ခဲ့သည်။ ဤအဆင်သင့် ချုပ်ပြီးသားအထည်များမှာ အတော်လေးဈေးကြီးပြီး စုစုပေါင်း ငွေလေးတေးကုန်ကျခဲ့၏။
သို့သော် အေးခဲသောဆောင်းရာသီအတွက် ပူပန်ရန်မလိုတော့ပေ။ လင်းယွဲ့၏မူလမှတ်ဉာဏ်များအရ သူမ ဤနေရာသို့ ပြန်ပေးဆွဲခံရပြီးနောက် ဆောင်းတွင်းကို ကျော်ဖြတ်ရန် တုန်ရီနေရင်း မီးဖိုဘေးတွင်ထိုင်ကာသာ အားထားခဲ့ရသည်။ ၎င်းမှာ အင်မတန်သနားစရာကောင်းလှပေရာ လင်းယွဲ့သည် ဤနှစ်တွင် ထိုကဲ့သို့မနေချင်တော့ပေ။
လင်းယွဲ့သည် ကျန်ရှိသော ဝက်သားဆော့စ် ၁၀ပုလင်းကို ခရိုင်တရားသူကြီး၏အိမ်တော်သို့ ပို့ဆောင်ပေးခဲ့သည်။ တံခါးစောင့်က သူမကို မှတ်မိသော်လည်း သူမရောက်ရှိကြောင်း သတင်းပို့ရန်မတောင်းဆိုခဲ့ပေ။ အသစ်လုပ်ထားကြောင်း ရှင်းပြကာ ဝက်သားဆော့စ်များကို ကမ်းပေးလိုက်ရုံသာဖြစ်သည်။
ဤဝက်သားဆော့စ်ဆယ်ပုလင်းမှာ ငရုတ်သီးများ ရက်ရက်ရောရောပါဝင်ပြီး တစ္ဆေငရုတ်သီးပင်ပါဝင်သော သူမ၏အထူးလုပ်နည်းဖြစ်သည်။ ခရိုင်တရားသူကြီး၏အကြိုက်နှင့် ကိုက်ညီလိမ့်မည်ဟု မျှော်လင့်ရသည်။ ထိုနေ့ညနေ ခရိုင်တရားသူကြီးအိမ်ပြန်ရောက်သောအခါ လင်းယွဲ့က အရသာအသစ်ဖြင့် ငရုတ်သီးဆော့စ်များပို့လိုက်ကြောင်း ဇနီးဖြစ်သူမှပြောပြခဲ့သည်။ သူက ချက်ချင်းပင်ထမင်းစားပွဲတွင် တည်ခင်းပေးရန် ဇနီးသည်ကိုတောင်းဆိုလိုက်၏။
ဒီရက်ပိုင်း ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာန၏ မန်နေဂျာကလည်း သူ့ထံသို့ ငရုတ်သီးဆော့စ်များ ပို့ပေးလေ့ရှိသည်။ အစက သူအရမ်းကြိုက်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုငရုတ်သီးဆော့စ်မှာ သာမန်သာဖြစ်သည်ဟု ခံစားလာရသည်။ လုံလောက်အောင် မစပ်တော့ခြင်း (သို့မဟုတ်) သူကိုယ်တိုင်က အစပ်အရသာနှင့် ယဉ်ပါးသွား၍ အစပ်ဒဏ်ကို သိပ်မခံစားရတော့ခြင်းလည်းဖြစ်နိုင်သည်။ ပထမဆုံးအကြိမ်စားတုန်းကလို ချွေးတစ်လုံးလုံးထွက်မလာတော့သဖြင့် သူ အားမလိုအားမရဖြစ်နေမိသည်။
သို့သော် လင်းယွဲ့၏ငရုတ်သီးဆော့စ် အသစ်နှင့်ပတ်သက်၍ သူအနည်းငယ် စပ်စုချင်နေမိသည်။ သူက တူဖြင့်တစ်တုံးကောက်ယူကာ ပါးစပ်ထဲသို့ထည့်လိုက်၏။ သုံးစက္ကန့်ခန့်ဝါးပြီးနောက် အစပ်ဓာတ်က သူ့ဦးခေါင်းထိပ်အထိ တိုက်ရိုက်တက်သွားလေသည်။
"အား ရေ ရေ ရေပေး"
ရေများ အငမ်းမရသောက်ချလိုက်ပြီးနောက် သူက ချွေးများကိုသုတ်ကာ ငရုတ်သီးဆော့စ်ပုလင်းကို အံ့ဩမှုနှင့် လေးစားမှုများ ရောနှောလျက်ကြည့်လိုက်သည်။
"လင်းယွဲ့ရဲ့အချက်အပြုတ်စွမ်းရည်က ထပ်ပြီးတိုးတက်လာပြန်ပြီပဲ"
'ကျုံးဟွာ' ဝက်သားဆော့စ်ကို ဈေးကွက်တင်လိုက်သည်နှင့် တစ်ပြိုင်နက် အစပ်ဆော့စ်စားဖူးထားသောဖောက်သည် အများအပြားကို ချက်ချင်းဆွဲဆောင်နိုင်ခဲ့လေသည်။