အခန်း ၁၀၄
Vol. 11 Ch. 104
Ch-104
"ဘာ ကြေးပြားဆယ်ပြားတည်း၊ ဘယ်လိုလုပ် အဲဒီလောက် ဈေးပေါရတာလဲ"
"အများကြီး ကျန်ပါသေးတယ်၊ ငါ တစ်ပုလင်းဝယ်မယ်"
"မြည်းကြည့်ထားတဲ့တွေကို ကြည့်ပါဦး၊ ဝက်သားတုံးကြီးတွေ အများကြီးပဲ၊ ပြီးခဲ့တဲ့ငရုတ်သီးဆော့စ်မှာတောင် ဒီလောက် အသားမပါဘူး"
ဝက်သားဆော့စ်ကို ဝယ်ပြီးနောက် လူအများအပြားမှာ အံ့ဩသွားကြသည်။ ဤဝက်သားဆော့စ်မှာ အရသာရှိရုံသာမက အသားများ အများအပြား ပါဝင်ပြီး အငန်နှင့် အဆီဓာတ်လည်း ပါဝင်သည်။ အနည်းငယ်စားရုံနှင့်ပင် အရသာကို ပြည့်ဝစွာခံစားရ၏။တစ်ယောက်ကနေ ဆယ်ယောက်၊ ဆယ်ယောက်ကနေ အယောက်တစ်ရာသိသွားကြသည်။ အထူးသဖြင့် လယ်သမားများထံ ရောင်းချခြင်းဖြင့် အစောပိုင်းက ငွေအများအပြားရှာနိုင်ခဲ့သော ဟောင်ဝေ့တောက်ဖြစ်သည်။
ထို့နောက် သူတို့၏ဝက်သားဆော့စ် နာမည်ကြီးလာပြီးနောက် ဆိုင်ရှေ့တွင် တစ်နေ့ကို ၁၀ပုလင်းရောင်းရသည်ဟူသော ဆိုင်းဘုတ်များကို ချိတ်ဆွဲလိုက်ရာ ဖောက်သည်အများအပြားကို ဆွဲဆောင်နိုင်ခဲ့လေသည်။ သူတို့ဆိုင်မှာ လမ်း၏အဆုံးတွင်ရှိပြီး အနောက်ဘက်တွင် ရှုပ်ပွနေသောဆိုင်များစွာရှိသည်။ လူအများအပြားမှာ လုံခြုံမှုမရှိမည်ကို စိုးရိမ်သဖြင့် ထိုနေရာသို့မသွားကြပေ။ သို့သော် ဝက်သားဆော့စ်ကြောင့် သူမတို့အရောင်းအဝယ်မှာ မကြာသေးမီက အများကြီး တိုးတက်လာခဲ့သည်။
လမ်းမပေါ်ရှိ မေဝေ့ကျွီဆိုင်ရှင်မှာ ဤအခြေအနေကိုမြင်သောအခါ အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်ကာ နောင်တရနေလေသည်။ သူမ၏ဝက်သားဆော့စ်များ ဤမျှ ရောင်းကောင်းမည်ဟု သူမမျှော်လင့်ထားခဲ့သလို ဟောင်ဝေ့တောက်က သူ့အရောင်းအဝယ်များကို များစွာလုယူသွားလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။
‘နောက်တစ်ခါ လင်းယွဲ့လာရင် ငါ့ဆိုင်လည်း ဝက်သားဆော့စ်တင်ပေးဖို့ သေချာပေါက် တောင်းဆိုရမယ်’
သူ တွေးလိုက်မိသည်။
အခွန်အဖြစ် စပါးအများအပြား ပေးလိုက်ရသဖြင့် ရွာသားများအားလုံး မျက်မှောင်ကြုတ်နေကြသည်။ ပိုဆိုးသည်မှာ တောဝက်များက ဟင်းသီးဟင်းရွက်ခင်းများကို အဆက်မပြတ် ဝင်ရောက်ဖျက်ဆီးနေကြခြင်းဖြစ်သည်။ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသော ရွာသားများသည် ရွာသူကြီး၏ဦးဆောင်မှုဖြင့် တောဝက်များကို နှိမ်နင်းရန် ဆုံးဖြတ်လိုက်ကြ၏။
တောဝက်အမဲလိုက်အဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ပြီး လင်းယွဲ့တို့မိသားစုထံမှ တောဝက်ထောင်ချောက်များကိုပင် ငှားရမ်းခဲ့ကြသည်။ ကုတာ့တန်သည် ခါးအထိမြင့်ပြီး ဆီများပေကျံနေသော အမဲလိုက်ခွေးတစ်ကောင်ကို ဆွဲလာ၏။ လင်းယွဲ့ တောဝက်ထောင်ချောက်ကို ထုတ်ယူလိုက်ချိန်တွင် ထိုခွေးက အန္တရာယ်ကို အာရုံခံမိသည့်အလား ကျွမ်းကျွမ်းကို စိုက်ကြည့်ကာ အရူးအမူးဟောင်လေတော့သည်။ ကုတာ့တန်မျက်လုံးများ အရောင်လက်သွားသည်။
"ဒီကျားကိုပါ ငှားသွားရင်ရော တစ်ခုခုတော့ အကူအညီရနိုင်တာပေါ့"
အခြားသူများက ကျွမ်းကျွမ်းကိုမြင်သောအခါ သူတို့မျက်လုံးများ ပြူးကျယ်သွားကြသည်။
"ဒီကျားလေးက ဒီလောက်တောင်ကြီးလာပြီပဲ၊ သူ အများကြီးစားရမှာပဲ"
"လင်းမိသားစုက တကယ်ဖြုန်းတီးတာပဲ၊ ကျားတောင် မွေးထားတယ်"
အမဲလိုက်ခွေးများ၏ဟောင်သံကြောင့် ကျွမ်းကျွမ်းသည် သွားဖြီးပြကာ အမွေးများ ထောင်လာလေသည်။ တာ့ယာက ကျွမ်းကျွမ်းအရှေ့တွင်ရပ်ကာ ၎င်းအတွက် ကာကွယ်ပြောဆိုလိုက်၏။
"ကျွန်မရဲ့ကျွမ်းကျွမ်းက အခုဆိုရင် အစာရှာဖို့ တောင်ပေါ်ကို သူ့ဘာသာသူ သွားနိုင်နေပြီ"
"ကွက်တိပဲ အမဲလိုက်ခွေးတွေနဲ့ အတူတူသွားကြတာပေါ့"
ကုတာ့တန်သည် အမဲလိုက်ခွေးတစ်ကောင်တည်းသာငှားလာသဖြင့် မလုံလောက်ပေ။ တောဝက်၊ ဝက်ဝံနှင့် ကျားတို့၏တိုက်ခိုက်နိုင်စွမ်းကို ယှဉ်ကြည့်ပါက တောဝက်စွမ်းအားမှာ ပြောစရာပင်မလိုပေ။ ပေါင်ငါးရာ ခြောက်ရာခန့် အလေးချိန်ရှိသော တောဝက်ကြီးက အစွယ်များကိုချိန်ရွယ်ကာ ပြေးဝင်လာပါက သာမန်လူတစ်ယောက် အနေဖြင့် ရင်ဆိုင်နိုင်စွမ်းမရှိပေ။
အမဲလိုက်ခွေးများသည် တောဝက်များ၏အနံ့ကိုခံနိုင်ပြီး သူတို့ခြေရာများကို ရှာဖွေနိုင်သည်။ သူတို့သည် တိုက်ခိုက်ရာတွင်လည်း ပါဝင်နိုင်ပြီး တောဝက်ကို ဖမ်းဆွဲကာ ထွက်ပြေးမလွတ်အောင် တားဆီးနိုင်သည်။ ခွေးအုပ်ကို ဦးဆောင်သော အမဲလိုက်ခွေးမှာ အတွေ့အကြုံရှိပြီး ခြေရာရှာရာတွင် ပိုတော်ရုံသာမက ပိုရဲရင့်ကာ တောဝက်များကိုကိုက်ပြီး လူများရှိရာသို့မောင်းနှင်နိုင်သည်။
သို့သော် အကူအမဲလိုက်ခွေးများမှာ အတွေ့အကြုံမရှိဘဲ တောဝက်များကို မောင်းနှင်ရန်အမိန့်ကို မနာခံတတ်ကြပေ။ သူတို့သည် ရုတ်ရုတ်သဲသဲဖြစ်နေချိန်ကို အခွင့်ကောင်းယူကာ တောဝက်များ၏စအိုများအား ဆုတ်ဖြဲရသည်ကို ပိုနှစ်သက်ကြ၏။ ကံမကောင်းစွာဖြင့် အဓိကအမဲလိုက်ခွေးမှာ မကြာသေးမီက သေဆုံးသွားခဲ့ရာ အကူခွေးများသာ ကျန်ရစ်ခဲ့သည်။ လင်းယွဲ့သည် တောဝက်ထောင်ချောက်ကို ထုတ်ပေးရင်း ရယ်မောလိုက်၏။
"ဒါက ကျားလေ၊ သွေးနံ့ရပြီး ရူးမသွားဘဲ ရှင်တို့အမိန့်ကို နာခံမယ်လို့သေချာလို့လား"
ယင်းကိုကြားသောအခါ ကုတာ့တန်မှာ တုန်လှုပ်သွားလေသည်။ အကယ်၍ သူတို့က တောဝက်ကိုသတ်လိုက်ပြီး ကျားမှပြေးဝင်လာကာ စားပစ်လိုက်မည်ဆိုလျှင် ဘယ်သူတားရဲမည်နည်း။
"ထားလိုက်ပါတော့ ထားလိုက်ပါတော့"
သူ အနည်းငယ်နှမြောသွားသော်လည်း ကျားအားခေါ်သွားပါက သူ တကယ်ကို အထာကျပြီး စတိုင်ကျနေမည်မှာ သေချာလှသည်။ သူတို့တောင်ပေါ်သို့ အတူတူတက်သွားကြ၏။ လင်းယွဲ့က ဝက်သားဆော့စ်ကို ဆက်ကြော်နေပြီး တာ့ယာက မီးစောင့်ကြည့်ပေးကာ ကုတန်က စာသွားကျက်နေသည်။
ကျွမ်းကျွမ်းသည် သူတို့နောက်သို့ တိတ်တဆိတ်လိုက်သွားပြီး တောင်ပေါ်သို့ခိုးတက်သွားသည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။ လင်းယွဲ့ ဝက်သားဆော့စ်များကို ထုပ်ပိုးပြီးချိန်တွင် အပြင်ဘက်၌မှောင်စပြုနေပြီ ဖြစ်သည်။ ထိုအချိန်တွင် ရွာထဲ၌အမဲလိုက်အဖွဲ့က တောဝက်နှင့်အတူ အောင်ပွဲခံကာပြန်လာကြသည်ကို ဂုဏ်ပြုသောအားဖြင့် ဗုံများနှင့် ကြေးစည်များကို တီးခတ်နေကြလေ၏။
ဂျင်ဂိုပင်အောက်တွင် ကုတာ့တန်သည် အမဲလိုက်ခွေးကို အရှေ့မှဆွဲလာသည်။ ခွေး၏ပါးစပ်မှာ ဟလျက်ဖြစ်နေပြီး ပါးစပ်မှ သွေးရောင်သန်းနေသောအရာမှတစ်ဆင့် တံတွေးများကျနေ၏။ ၎င်းမှာ အောင်မြင်စွာအမဲလိုက်နိုင်ခဲ့ပြီးနောက် ခွေးအတွက်ဆုချသည့်အနေဖြင့် နံရိုးမှအနူးညံ့ဆုံးအပိုင်းကို ဖြတ်ပေးထားခြင်းဖြစ်သည်။
သူ့နောက်တွင် ဝမ်တာ့ကျန်းနှင့် ဝမ်ချုံးတို့က တောဝက်များကို သစ်သားတုတ်တန်းများတွင် ကြိုးဖြင့်ချည်ကာ ထမ်းလာကြသည်။ သားသတ်သမားက တောဝက်ကို အပိုင်းပိုင်းဖြတ်ရန် သူ့ဓားကို သွေးနေလေသည်။ တောဝက်၏ အစိတ်အပိုင်းအသီးသီးမှာ မတူညီသဖြင့် အချို့က အဆီများပြီး အချို့က အဆီနည်းသည်။ လူတိုင်းနီးပါးက အဆီများသောအပိုင်းကို ပိုနှစ်သက်ကြ၏။
အမျိုးအစားခွဲခြားရန် ခက်ခဲလှပေသည်။ အမဲလိုက်အဖွဲ့တွင် လူခြောက်ယောက်ပါဝင်သဖြင့် သားသတ်သမားက တောဝက်၏အကောင်းဆုံးအပိုင်းများကို ခြောက်ပုံအရင်ခွဲလိုက်ရာ တစ်ပုံလျှင် ၇၀ ကျင်းအလေးချိန် ရှိသည်။ အပိုင်းတစ်ပိုင်းစီကို နံပါတ်စဉ်တပ်ပြီးနောက် မည်သည့်အပိုင်းကိုရမည်ကို ဆုံးဖြတ်ရန် အဖွဲ့ကိုမဲနှိုက်ခိုင်းလိုက်၏။
ကူညီပေးသော သားသတ်သမား၊ အမဲလိုက်ခွေး ငှားပေးသောမိသားစုနှင့် တောဝက်ထောင်ချောက်ငှားပေးသော လင်းယွဲ့တို့က ထပ်မံမဲနှိုက်ကြရပြီး သူတို့ရမည့်အသားမှာ တစ်ပုံလျှင် ၁၀ ကျင်းခန့်စီရှိသည်။ လင်းယွဲ့သည် တောဝက်သားကို တစ်ခါမှမမြည်းစမ်းဖူးပေ။ တာ့ယာက သူမလက်ကိုကိုင်ကာ
"အဆီများတဲ့ အသား၊ နံပါတ် ၆ မဲ ပေါက်ရင် ပိုကောင်းမယ်"
"အိမ်မှာ နင့်အတွက် အဆီတွေမလုံလောက်သေးလို့လား"
လင်းယွဲ့ရယ်မောလိုက်သည်။
"နင် စားချင်ရင် ဒီညဝက်ဆီထမင်း ဒါမှမဟုတ် ဝက်သားနီချက် ချက်ပေးမယ်"
"ဟုတ်"
တာ့ယာ ပြောလိုက်သည်။
"ဒီရက်ပိုင်း အသားတွေ ငါးတွေချည်းပဲ စားနေရလို့ ဟင်းသီးဟင်းရွက်နည်းနည်း စားချင်နေပြီ၊ အဓိက က လူတိုင်းကအဆီများတဲ့ အသားကိုလိုချင်ကြတာဆိုတော့၊ ကျွန်မ....."
"သူများလိုချင်တာက သူများကိစ္စလေ၊ နင် ဘာလိုချင်လဲဆိုတာကိုပဲ စဉ်းစားရမှာပေါ့"
"ယောင်းမရီးကရော ဘာလိုချင်လို့လဲ"
"ဝက်ခေါင်း"
လင်းယွဲ့ ပြောလိုက်သည်။
"ဝက်ခေါင်းသားက တော်တော်လေး အရသာရှိတယ်၊ ဝက်နားရွက်လည်း မစားရတာကြာပြီ"
"ဟင်"
တာ့ယာက ဝက်ခေါင်းကိုကြည့်လိုက်ပြီး လင်းယွဲ့နောက်သို့ ချက်ချင်းပုန်းလိုက်သည်။
"ကြောက်စရာကြီး"
ဝမ်တာ့ကျန်းက နံပါတ် ၃ကို မဲပေါက်ခဲ့ရာ လီရှောင်လျန်က အိတ်ကိုစိတ်လှုပ်ရှားစွာဖက်ထားရင်း အော်ဟစ်လိုက်သည်။
"အထဲမှာ အဆီတွေအများကြီးပဲ၊ လာမယ့်နှစ်အတွက် ငါတို့ရဲ့ဆီရိက္ခာရပြီဟေ့"
"ဟေး ကောင်မလေး၊ နင် ဘယ်နံပါတ် ပေါက်လဲ"
လင်းယွဲ့က သူမလက်ထဲရှိ စာရွက်ပိုင်းလေးကို ကြည့်လိုက်သည်။
"နံပါတ် ၁၀"
"ဝက်ခေါင်းပဲ"
လီရှောင်လျန် မျက်မှောင်ကြုတ်လိုက်သည်။
"ရပါတယ်၊ အစ်မ အသားတွေပေးပါ့မယ် ညီမလေး ဟားဟားဟား ဒီတစ်ခါ ငါ့မိသားစုကကျင်း ၅၀ တောင်ရလာတာ၊ ညီမလေး လိုချင်သလောက်ယူ"
"ကျွန်မ ဝက်ခေါင်းကို တော်တော်လေး ကြိုက်တယ်"
လင်းယွဲ့က ဝက်ခေါင်းကိုသယ်လာရင်း ကျေနပ်စွာ ပြောလိုက်သည်။
"မနက်ဖြန်ကျရင် ဝက်ခေါင်းသားပေါင်း လုပ်လို့ရတယ်၊ ပြီးတော့ ဒီည အားလုံးကို အရက်သောက်ဖို့ ဖိတ်မယ်လေ"
ကျန်ရှိသော ဝက်သားများမှာ ပမာဏမတူညီကြဘဲ မကူညီခဲ့သော ရွာသားများအတွက် အသားအနည်းငယ်စီရစေရန် နံပါတ်စဉ်များတပ်ကာ မဲနှိုက်ခိုင်းလိုက်သည်။ အနည်းဆုံးပမာဏမှာ တစ်ကျင်းဖြစ်ပြီး အများဆုံးမှာ ရှစ်ကျင်း ဖြစ်သည်။ သို့သော် ရှစ်ကျင်းပါသော အပိုင်းကို မည်သူမျှမလိုချင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတွင်ဝက်တင်ပါးနှင့် အတွင်းကလီစာများပါဝင်သောကြောင့် ဖြစ်သည်။
"အား ငါပဲ၊ ဘာလို့ ငါဒီရက်ပိုင်း ကံဆိုးနေရတာလဲ"
အဒေါ်ကုက အော်ဟစ်လိုက်သည်။ မူလက သူမသည် လင်းယွဲ့ကံကောင်းနေသည်မှာကြာပြီဖြစ်ရာ နောက်ဆုံးတွင် ဝက်ခေါင်းသားကို မဲပေါက်ပြီး အခြေအနေဆိုးနေသည်ဟု တိတ်တဆိတ် ဝမ်းသာနေခဲ့ခြင်း ဖြစ်သည်။
‘ငါက သူ့ထက်တောင်ပိုကံဆိုးလိမ့်မယ်လို့ တစ်ခါမှမထင်ထားခဲ့ဘူး’
စွန်းကျန်းကိစ္စဖြစ်ပြီးကတည်းက အဒေါ်ကုသည် လင်းယွဲ့၏စွမ်းရည်များကိုသိလာပြီး သူမကို အနည်းငယ် ကြောက်လာခဲ့သည်။ ထို့ကြောင့် သူမသည် လင်းယွဲ့အကြောင်းကို တတ်နိုင်သမျှ အကောင်းသာပြောလေ့ရှိပြီး လင်းယွဲ့အိမ်တက်ပွဲသို့ပင် ဖိတ်ကြားခံခဲ့ရသဖြင့် လင်းယွဲ့ဘက်သို့ ပိုပါလာခဲ့သည်။ ပြီးခဲ့သည့်အကြိမ် အခွန်ကောက်စဉ်က လင်းယွဲ့သည် သူတို့ကို စပါးဝယ်ရန်အထူးတလည် တိုက်တွန်းခဲ့ခြင်းမရှိသလို အကူအညီအဖြစ် စပါးပေးရန်လည်း ကမ်းလှမ်းခဲ့ခြင်းမျိုးလည်းမရှိပေ။
ထို့ပြင် လင်းယွဲ့ထံမှ စပါးအနည်းငယ်ကို ဈေးပေါပေါဖြင့်ဝယ်ရန် ကြိုးစားခဲ့စဉ်ကလည်း ငြင်းပယ်ခံခဲ့ရသည်။ အာလူးနှင့် ကန်စွန်းဥများစိုက်ပျိုးရန်သာ အာရုံစိုက်သင့်ကြောင်း၊ ၎င်းတို့ဖြင့် ဆောင်းတွင်းကို ကျော်ဖြတ်နိုင်ကြောင်းသာ ပြောခဲ့သည်။ အဒေါ်ကုသည် ကြောက်ရွံ့မှုနှင့် မနာလိုမှုများရောထွေးစွာခံစားနေရပြီး ယေဘုယျအားဖြင့် အလွန်မပျော်မရွှင်ဖြစ်နေသော်လည်း ထုတ်မပြရဲပေ။
‘ဒါပေမဲ့ ဘာလို့ လင်းယွဲ့ကံဆိုးပြီး ဝက်သားမဲပေါက်တဲ့အချိန်ကျမှ ငါက ဝက်ကလီစာကို မဲပေါက်ရတာလဲ’
‘ကောင်းကင်ကြီးက တရားမမျှတဘူး’
သူမရင်ထဲမှနေ၍ အော်ဟစ်လိုက်သည်။ ကုတာ့ဖူကို ပခုံးတွန့်ပြကာ
"နောက်တစ်ခါ ရှင်တောဝက်သွားပစ်သင့်တယ်၊ အသားကျင်းငါးဆယ်လောက်ရရင် ဆီအတွက် ပူစရာမလိုတော့ဘူးလေ"
ကုတာ့ဖူ ခေါင်းကုတ်လိုက်သည်။
"ငါလား၊ ငါကလား"
လင်းယွဲ့ ဝက်ခေါင်းကိုသယ်ကာ အိမ်ပြန်လာစဉ် ကျွမ်းကျွမ်းမှာ သူတို့ဆီသို့ ဖြည်းညင်းစွာလျှောက်လာသည်ကို တွေ့လိုက်ရသည်။ တာ့ယာမျက်လုံးများ ပြူးကျယ်သွားသည်။
"ကျွမ်းကျွမ်း နင့်ပါးစပ်ထဲမှာ ဘာတွေလဲ"
ကျွမ်းကျွမ်း၏ပါးစပ်မှာ ဖောင်းကားနေပြီး တိရစ္ဆာန်ငယ်လေးတစ်ကောင်ကို ကိုက်ထားပုံရ၏။ သူ့ပါးစပ်ထဲမှ ပြုတ်ကျလာသော သားပေါက်လေးမှာ ရုန်းကန်သည့်အနေဖြင့် ခြေထောက်များကို အားပျော့စွာကန်ကျောက်နေဆဲ ဖြစ်သည်။