← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

Ch-105

"အွက် အွက် အွက်"

ကျွမ်းကျွမ်းသည် သူ့ပါးစပ်ထဲမှ သားပေါက်လေးနှစ်ကောင်ကို ထွေးထုတ်လိုက်၏။ မြေပြင်ပေါ်သို့ကျလာသော သားပေါက်လေးများမှာ ကျွမ်းကျွမ်း၏တံတွေးများဖြင့် ပေကျံနေလေသည်။ မှောင်နေပြီဖြစ်သဖြင့် သားပေါက်လေးများ၏အရောင်မှာ အထူးသဖြင့် မည်းနက်နေ၏။

လင်းယွဲ့အမှောင်နှင့် မျက်စိယဉ်သွားပြီးနောက် သေချာထပ်ကြည့်လိုက်ရာ ၎င်းတို့မှာ တောဝက်ပေါက်လေးများ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ကျွမ်းကျွမ်းသည် အတော်လေးဂုဏ်ယူနေဟန်ဖြင့် တောဝက်ပေါက်လေးတစ်ကောင်ကို ကိုက်ချီကာ သူတို့ကို နောက်ထပ် ဝက်ပေါက်လေးတစ်ကောင်ကိုယူပြီး နောက်မှလိုက်ခဲ့ရန် အချက်ပြလိုက်၏။ ၎င်းက နွားတင်းကုပ်ထဲရှိ ကောက်ရိုးများဆီသို့ လျှောက်သွားပြီး ဝက်ပေါက်လေးများကို အပေါ်တွင်ချထားလိုက်သည်။

လင်းယွဲ့ကြည့်လိုက်ရာ အနည်းဆုံး ဝက်ပေါက်ခြောက်ကောင်ခန့် အော်ဟစ်ဆူညံနေသည်ကို တွေ့လိုက်ရသည်။

‘ဒါပေမဲ့ သူဝက်မွေးဖို့ အစီအစဉ်မရှိဘူးလေ’

‘ဒါက ဝက်မွေးဖို့ အတင်းအကျပ်လုပ်ခိုင်းနေတာလား’

သို့သော် ခရိုင်မြို့တော်တွင် တောဝက်များက ဈေးကောင်းရသည်ဟု သူမ ကြားဖူးသည်။

‘ဝက်ခြံကလည်းရှိနှင့်ပြီးသား ဝက်ချေးကိုလည်း မြေဩဇာလုပ်လို့ရတယ်’

"ချစ်စရာလေး၊ ကျွမ်းကျွမ်း နင်ဒါတွေကို ဘယ်လိုများခေါ်လာတာလဲ"

တာ့ယာက ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

"ဝက်မကြီးတော့ စိတ်ပူနေတော့မှာပဲ"

"စိတ်ပူလောက်မယ်မထင်ပါဘူး"

လင်းယွဲ့က ခေါင်းကိုကုတ်ရင်း ပြောလိုက်သည်။

"ဝက်မကြီးက ဒီမှာရှိလောက်တယ်"

သူမက လက်ထဲရှိဝက်ခေါင်းကို မြှောက်ပြလိုက်ရာ တာ့ယာအကြည့်များက ဝက်ခေါင်းနှင့် ဝက်ပေါက်လေးများအကြား အပြန်ပြန်အလှန်လှန် ရောက်ရှိသွားပြီး ခဏတာကြောင်အမ်းသွားလေသည်။

"ကောင်းပြီလေ၊ ဒါဆိုရင်လည်း နင်တို့နှစ်ကောင် လိမ္မာလိမ္မာနဲ့ အမြန်ကြီးလာကြနော်၊ အဲဒီကျမှ ရောင်းစားပြီး ပိုက်ဆံလုပ်ပစ်မယ်"

ဝက်ပေါက်လေးများ စိုးရိမ်တကြီး အော်ဟစ်နေသည်ကို မြင်သောအခါ လင်းယွဲ့မေးလိုက်သည်။

"သူတို့ ဆာနေတာလား"

လင်းယွဲ့သည် နှမ်းစေ့နှင့် ကောက်နှံအချို့ကို နို့မှုန့်ဖြင့်ရောပြုတ်ကာ ကျောက်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။ ဝက်ပေါက်လေးများက တစ်ကောင်ပြီး တစ်ကောင်ရောက်လာကာ အစားအစာများကို အငမ်းမရစားသောက်ကြလေ၏။ အချိန်များကုန်လွန်သွားပြီး မကြာခင် နှင်းထူထူတွေ ကျလာတော့မည်။ လင်းယွဲ့သည် ထုတ်ကုန်နှစ်မျိုးကို ဆက်တိုက် ဈေးကွက်တင်ခဲ့သည်။ ၆ ပြားတန် ပဲငပိဆော့စ်နှင့် ၁၀ ပြားတန်ကြက်ဆီပဲငပိဆော့စ်တို့ဖြစ်ပြီး နှစ်မျိုးလုံးလူကြိုက်များခဲ့၏။

ဟောင်ဝေ့တောက်ဆိုင်ကိုဖွင့်ထားသော ဇနီးမောင်နှံမှာ လင်းယွဲ့ကိုအထူး ကျေးဇူးတင်ချင်နေကြသည်။ လင်းယွဲ့၏ဆော့စ်များက ဖောက်သည် အများအပြားကို ခေါ်ဆောင်လာပေးရုံသာမက သူတို့ဝင်ငွေကိုလည်း သိသိသာသာတိုးတက်စေခဲ့ပြီး လုပ်ငန်းလုပ်ရာတွင် မေဝေ့ကျွီကိုပင် အနိုင်ယူလုနီးပါးဖြစ်စေခဲ့၏။ ဖက်ထုပ်ဆိုင်ရှင်မှာ မူလကဆော့စ်များကိုသာ သီးသန့် ရောင်းချခဲ့ခြင်းဖြစ်သည်။

သို့သော် ဆော့စ်များ မည်မျှလူကြိုက်များကြောင်းမြင်သောအခါ ဖက်ထုပ်တစ်ပန်းကန်တိုင်းတွင် ဆော့စ်တစ်ဇွန်းထည့်ပေးရန် ဆုံးဖြတ်လိုက်၏။ ထင်သည့်အတိုင်းပင် ပိုမိုနာမည်ကြီးလာပြီး ဖောက်သည်အများအပြားကို ဆွဲဆောင်နိုင်ခဲ့လေသည်။ ကျုံးဟွာတံဆိပ် ဆော့စ်များမှာ ရှီထိုင်ခရိုင်တွင် နာမည်ကြီးနေပြီဖြစ်သည်။ လူအများအပြားက အချင်းချင်းစကားပြောရာတွင် အချင်းချင်းမေးမြန်းကြလေ့ရှိသည်။

"နောက်ဆုံးထွက်တဲ့ ကြက်ဆီပဲငပိဆော့စ်ကို မြည်းကြည့်ပြီးပြီလား"

"ဒီဆော့စ်တွေကို ဘယ်မှာဝယ်ရမလဲသိလား"

"ဘာ ကျုံးဟွာဆော့စ်ကို တစ်ခါမှမမြည်းဖူးဘူး၊ နင် တော်တော်နောက်ကျကျန်နေတာပဲ"

ယခင်က လင်းယွဲ့သည် ဆိုင်အသီးသီးသို့သွားကာ သူမဆော့စ်များကိုတင်ရောင်းပေးရန် အောက်ကျို့တောင်းဆိုခဲ့ရသည်။ ယခုအခါတွင် ဆိုင်များက လင်းယွဲ့ဆော့စ်များကို သူတို့ဆိုင်တွင် တင်ရောင်းခွင့်ရရန် လင်းယွဲ့ထံသို့လာရောက်တောင်းပန်နေရပြီး ကော်မရှင်ခပင်မယူပါဟု ကမ်းလှမ်းလာကြ၏။ ပထမဆုံးအကြံပြုလာသူမှာ မေဝေ့ကျွီ ဆိုင်ရှင်ဖြစ်သော်လည်း လင်းယွဲ့က ငြင်းပယ်လိုက်သည်။ အထူးတလည် အကြောင်းပြချက်မရှိပေ။ သူမ သူ့ကို မကြိုက်ရုံသက်သက်သာဖြစ်သည်။

‘မေဝေ့ကျွီဆိုင်ရှင်က သူမကိုငြင်းပယ်ခဲ့သလိုမျိုးပေါ့'

လင်းယွဲ့သည် သူမဆော့စ်များကို တင်ရောင်းရန် အသင့်အတင့် ကောင်းမွန်သောဆိုင်အနည်းငယ်ကို ထပ်မံရွေးချယ်လိုက်၏။ မည်သို့ပင်ဆိုစေ သူမသည် ဆော့စ်များကို ဇိမ်ခံပစ္စည်းတစ်ခုဖြစ်မလာစေချင်ဘဲ သာမန်လူများဝယ်ယူနိုင်သော နေ့စဉ်သုံးပစ္စည်းတစ်ခုသာ ဖြစ်စေချင်သည်။ ဆော့စ်များက လူများ၏နေ့စဉ်ဘဝတွင် အစိတ်အပိုင်းတစ်ခုဖြစ်လာမှသာ သူမ ငွေပိုရှာနိုင်မည်ဖြစ်၏။

လင်းယွဲ့သည် ဆော့စ်များကို တစ်ရက်ခြားတစ်ခါလုပ်လေ့ရှိသော်လည်း အလုပ်များကို အမြဲလုပ်နေရသော တာ့ယာကိုအားနာမိသည်။ ထို့ကြောင့် အလုပ်အချို့ကို ကူညီပေးရန် လီရှောင်လျန်ကို အကူအညီတောင်းလိုက်၏။ တစ်နေ့လျှင် ကြေးပြားနှစ်ဆယ်ဖြစ်သည်။

သို့သော် လီရှောင်လျန်က အကြွေးဆပ်ရန်ဖြစ်သည်ဟုဆိုကာ ငွေယူရန် ငြင်းဆန်ခဲ့သည်။ သို့သော် နှင်းထူထူကျသောနေ့တွင် လင်းယွဲ့ ဆော့စ်မလုပ်ခဲ့ပေ။ အကြောင်းမှာ ထိုနေ့သည် အာလူးနှင့် ကန်စွန်းဥများရင့်မှည့်သောနေ့ဖြစ်သောကြောင့် ဖြစ်သည်။

လယ်ကွင်းများတွင်လူများ လှုပ်ရှားသွားလာနေကြပြီး အအေးဒဏ်က သူတို့၏စိတ်အားထက်သန်မှုကို မတားဆီးနိုင်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူတို့ ပေါက်ပြားများကို ပေါက်လေလေ၊ သူတို့ ပိုပူနွေးလာလေလေဖြစ်ပြီး သူတို့ခန္ဓာကိုယ်များမှာ နွေးထွေးလာလေလေ သူတို့စိတ်နှလုံးက ပိုတောက်ပစွာ လောင်ကျွမ်းနေလေသည်။ လီရှောင်လျန်သည် ကန်စွန်းရွက်များကိုဖြတ်ရန် တံစဉ်တစ်ခုကို အသုံးပြုနေသည်။

"ညီမလေးယွဲ့ပြောတာတော့ ဒါတွေကစားလို့ရတယ်တဲ့၊ ငါ ဒါတွေကို စုထားဦးမယ်၊ ဒီရက်ပိုင်း ဟင်းသီးဟင်းရွက်ခင်းမှာ ဟင်းရွက် သိပ်မရှိဘူးလေ"

သူမနောက်တွင် ဝမ်တာ့ကျန်းမှာ လက်ရှည်ကို ခေါက်တင်ကာ လယ်ကွင်းထဲတွင် တစ်ချက်ပြီးတစ်ချက် ဂရုတစိုက်တူးဆွနေလေ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်က လင်းယွဲ့သည် သူမကိုယ်ပိုင်လယ်တွင် ကန်စွန်းဥမည်သို့တူးရမည်ကို လက်တွေ့ပြသခဲ့သဖြင့် သူတို့မည်သို့လုပ်ရမည်ကို သိကြသည်။ အစောပိုင်းက လင်းယွဲ့မှ သူမ၏သေးငယ်သော မြေကွက်လေးမှ ကန်စွန်းဥများနှင့် အာလူးများအမြောက်အမြား ရိတ်သိမ်းသည်ကို သူတို့မြင်ခဲ့ရသော်လည်း ကိုယ်တိုင် လက်တွေ့ကြုံရသောအခါ အံ့ဩနေဆဲဖြစ်၏။

"အကြီးကြီးတွေနဲ့ အများကြီးပဲ"

ဝမ်တာ့ကျန်းမျက်လုံးများတွင် မျက်ရည်များဝဲတက်လာကာ အာမေဍိတ်သံဖြင့် ပြောလိုက်သည်။

"ဒီဆောင်းတွင်းကတော့ အများကြီးပိုကောင်းသွားပြီ"

မနက်ခင်းတစ်ပိုင်းအတွင်းမှာပင် သူသည် ၃ရှစ်ထက်မက တူးနိုင်ခဲ့သည်။ သို့သော် သူသည် တစ်ဧက၏အစိတ်အပိုင်းအနည်းငယ်ကိုသာ တူးရသေးသည်။ ကျန်ရှိနေသော အတန်းများတွင် အာလူးနှင့်ကန်စွန်းဥမည်မျှကျန်ရှိနေဦးမည်ကို သူ တွေးတောင် မတွေးကြည့်နိုင်ပေ။ အခြားသူများအားလုံးလည်း အလွန်အမင်း အံ့ဩနေကြသည်။ ဝမ်ကျစ်က စိတ်လှုပ်ရှားစွာဖြင့် ကန်စွန်းဥတစ်လုံးကို ယူကာ မြေကြီးများကိုသုတ်ဖယ်ပြီး အကြီးကြီးတစ်ကိုက် ကိုက်လိုက်၏။ သေချာဝါးပြီး မျိုချလိုက်ကာ အံ့ဩတကြီးပြောလိုက်သည်။

"သိပ်ချိုတာပဲ၊ အရသာရှိလိုက်တာ"

ဝမ်တာ့ဟိုင်က သူ့ကိုကန်လိုက်သည်။

"ဖြစ်သလိုလျှောက်မစားနဲ့၊ အဆိပ်ဖြစ်တတ်တယ်"

"အဖေရယ် အဖေထပ်မေ့သွားပြန်ပြီလား၊ အဝါရောင်တွေက ကျက်အောင် ချက်ရတာ၊ ဒီအနီရောင်က အဆိပ်မရှိဘူး အစိမ်းစားလို့ရတယ်"

ဝမ်ကျစ်က လယ်ကွင်းဘေးတွင်ထိုင်ကာ အေးစိမ့်သောလေနုအေးကို ခံယူရင်း ကျယ်လောင်စွာရယ်မောလိုက်ပြီး နောက်တစ်ကိုက် ထပ်ကိုက်လိုက်သည်။

"ဒါက ထမင်းထက်တောင်အရသာပိုရှိသေးတယ်"

"မင်း ရေသာခိုနေတာလား၊ အလုပ်ပြန်လုပ်စမ်း"

"အဖေ ကျွန်တော် ဒီမနက်ရေသောက်ရုံပဲ သောက်ရသေးတာ၊ ဒါလေးစားပြီးတာနဲ့ အလုပ်ပြန်လုပ်ပါ့မယ်၊ ရှီတန်ရေ အဖေ့အတွက် မြေကြီးပေါ်က အရွက်လေးတွေ ကောက်ပေးပါလား"

ရှီတန်ကလည်း သူ့ဖခင်အတိုင်းလိုက်လုပ်ကာ ဝမ်ကျစ်ဘေးတွင် သွားထိုင်ပြီး သွားရည်ကျကာပြောလိုက်သည်။

"အဖေ သားလည်းဗိုက်ဆာတယ်၊ ဒါက အရသာရှိလားဟင်"

အထွက်နှုန်းအလွန်ကောင်းမွန်လှသည်။ မူအနည်းဆုံးမြေကွက်လေးတွင်ပင် အထွက်နှုန်း ၁၈ရှစ်ရရှိခဲ့သော်လည်း ထိုမိသားစုမှာပျင်းရိပြီး မြေဩဇာသိပ်မကျွေးသောကြောင့် ဖြစ်သည်။ အချို့မိသားစုများမှာ လုံ့လဝီရိယရှိစွာ မြေဩဇာကျွေးပြီး ဂရုတစိုက်ပြုစုပျိုးထောင်ကြရာ တစ်မူလျှင် အထွက်နှုန်း ၃၀ရှစ်အထိပင်ရရှိကြ၏။ သူတို့သည် ဤမျှများပြားသော အထွက်နှုန်းကို တစ်ခါမှမမြင်ဖူးကြသဖြင့် ဝမ်းသာလွန်း၍မျက်လုံးများပင် နီရဲနေကြသည်။

သူတို့မှာ ငိုရလွန်း၍ မျက်လုံးများနီရဲနေခြင်းဖြစ်သည်။ သူတို့သည် နှစ်စဉ်စပါးရိတ်သိမ်းချိန်ထက်ပင် ပိုပျော်ရွှင်နေကြ၏။ အကြောင်းမှာ ဤဆောင်းရာသီတွင် သူတို့ငတ်မွတ်ခေါင်းပါးခြင်းမှ ကင်းလွတ်မည်သာမက ယခုမှစ၍ နှစ်စဉ်နှစ်တိုင်း ငတ်မွတ်မှုမရှိတော့မည့် မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရသောကြောင့်ဖြစ်သည်။ လူအချို့သည် အခွန်ဆောင်ရန် စပါးဝယ်ရာတွင် သူတို့စုဆောင်းငွေအားလုံးကို အသုံးပြုခဲ့ရပြီး အသက်ရှင်သန်ရန် မျှော်လင့်ချက် မရှိတော့ဘဲ ဆောင်းတွင်း၌ အအေးဒဏ်ကြောင့် သေဆုံးသွားနိုင်ချေရှိနေခဲ့သည်။

သူတို့လယ်မြေများကို ရောင်းချကာ သူရင်းငှားလယ်သမားဘဝသို့ ရောက်ရန်ပင် ပြင်ဆင်ထားခဲ့ကြသည်။ သို့သော် လင်းယွဲ့စကားများကိုကြားပြီးနောက် ၎င်းတို့ကို အားထားရာတိုင်တစ်တိုင်အဖြစ် သတ်မှတ်ကာ ခါးပတ်ကို တင်းကျပ်စွာစည်းပြီး နေ့စဉ်ဆန်ပြုတ်ဖြင့်သာ အသက်ဆက်ခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့လယ်မြေများကို ကယ်တင်နိုင်ခဲ့ပြီး မိသားစုဝင်များဖက်ကာ ငိုကြွေးခဲ့ကြသည်။

ဤကဲ့သို့သော မိသားစုအတော်များများ ရှိသည်။ သူတို့သည် လင်းယွဲ့ကို ယုံကြည်ခဲ့သည့်အတွက် ဝမ်းသာနေကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ယုံကြည်ခဲ့ခြင်းကြောင့်သာ သူတို့ဤကဲ့သို့ကြီးမားသော အထွက်နှုန်းကို ရရှိခဲ့ခြင်းဖြစ်သည်။

နောက်တစ်နေ့မကုန်ဆုံးမီပင် သူတို့သည် လင်းယွဲ့အိမ်ရှေ့သို့ မျက်ရည်များစီးကျလျက် စပါးများပြန်လည်ပေးဆပ်ရန်ရောက်လာကြသည်။ သူတို့သည် အကြွေးများကိုဆပ်ရုံသာမက အပိုတစ်ရှစ်၊ နှစ်ရှစ်ကိုပါပေးခဲ့ကြသည်။ လင်းယွဲ့အိမ်နောက်ဘက်ရှိ ခြံဝင်းမှာ အာလူးနှင့် ကန်စွန်းဥများဖြင့် အပြည့်နီးပါးဖြစ်သွားလေ၏။

ကန်စွန်းဥအရက်ချက်ရန် ကုန်ကြမ်းအတွက် ပူစရာမလိုတော့ပုံရသည်။ မျိုးနွယ်စုအကြီးအကဲများနှင့် ရွာသူကြီးတို့က လင်းယွဲ့မိသားစုဆွေစဉ်မျိုးဆက် မှတ်တမ်းအတွက် သီးခြားစာမျက်နှာတစ်ခုပင် ဖန်တီးပေးချင်ခဲ့သော်လည်း လင်းယွဲ့ကငြင်းပယ်ခဲ့၏။ သို့သော် လင်းယွဲ့သည်လည်း အလွန်အမင်းစိတ်လှုပ်ရှားခဲ့ပြီး သူမ၏ကြိုးစားအားထုတ်မှုများအတွက် အကျိုးအမြတ်ရရှိခဲ့သည်ဟု ခံစားလိုက်ရသည်။

ထို့ပြင် သူမကဲ့သို့အခွန်ဝန်ထုပ်ဝန်ပိုးနှင့် အစားအစာပြတ်လပ်မှုဒဏ်ကို ခံစားနေရသူများ အများအပြားရှိနေပေသည်။ ထို့ပြင် သူမတွင် ကိုယ်ပိုင်လျှို့ဝှက်ရည်ရွယ်ချက်ရှိပြီး ဤအောင်မြင်မှုက သူမအတွက် ခိုင်မာသောဆုလာဘ်တစ်ခု ယူဆောင်လာပေးလိမ့်မည်ဟု မျှော်လင့်နေ၏။ လင်းယွဲ့သည် ကန်စွန်းဥများနှင့် အာလူးများကို အလျင်အမြန်ယူဆောင်ကာ ဝမ်စုန်းရှင်းကို အရင်တွေ့ရန် နင်ယွဲ့မြို့သို့ အပြေးအလွှား သွားလေသည်။

ယခုအခါ မာယန်ရွာမှရွာသားများ စိုက်ပျိုးထားသည်များကို နမူနာအဖြစ် ပြသနိုင်ပြီဖြစ်ရာ တစ်မူကို ၂၀ရှစ် အထွက်နှုန်းဖြင့် အသင့်ပြစရာ ဥပမာတစ်ခုရှိနေပြီဖြစ်သည်။ ၎င်းကို စိတ်ကူးယဉ် အိပ်မက်တစ်ခုအဖြစ် သတ်မှတ်တော့မည် မဟုတ်ပေ။ လင်းယွဲ့သည် မြေပိုင်ရှင်ဝမ်၏အိမ်ထဲသို့ ယုံကြည်မှုအပြည့်ဖြင့် လျှောက်ဝင်သွားသည်။ လူတိုင်း အံ့အားသင့်သွားစေသည်မှာ သူတို့သည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော ဝမ်စုန်းရှင်းကို တွေ့လိုက်ရခြင်းဖြစ်သည်။

"ရောက်လာပြီလား"

သူက ကိုယ့်ကိုကိုယ်အားတင်းကာ အတင်းပြုံးပြလိုက်သော်လည်း သူ၏စိတ်ပျက်လက်ပျက်ဖြစ်မှုနှင့် တုံ့ဆိုင်းနေမှုများကိုသာ ဖော်ပြနေသကဲ့သို့ ဖြစ်နေသည်။ မည်သို့ပင်ဆိုစေ သူသည် အထက်တန်းလွှာသခင်လေးတစ်ဦး ဖြစ်သည်မှာ အမှန်ပင်။ ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် သူသည် ပြေပြစ်သော အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။

ဤကဲ့သို့သော အငွေ့အသက်မျိုး ဖန်တီးနိုင်ရန် ငွေကြေးနှင့် အရင်းအမြစ်များစွာလိုအပ်မည်မှာ သေချာလှ၏။ လင်းယွဲ့ အနည်းငယ်မနာလိုဖြစ်သွားမိသည်။ အမှန်က ဝမ်စုန်းရှင်းသည် ဤရက်အနည်းငယ်အတွင်း ခက်ခဲသော အချိန်များကို ဖြတ်သန်းနေရခြင်း ဖြစ်၏။

မြေကိစ္စတွင် ဝင်ပါရန် သူဆုံးဖြတ်ပြီးကတည်းက စာများအဆက်မပြတ် ရောက်လာခဲ့သည်။ ရင်းနှီးသော သူငယ်ချင်းများက သူရူးသွားပြီလားဟုမေးကြပြီး ဆရာသမားများနှင့် အကြီးအကဲများက သူ့အနာဂတ်ကိုမဖျက်ဆီးရန် အကြံပေးကြသည်။ တစ်ချိန်က ရင်းနှီးခဲ့သော သူ့ဆရာများနှင့် ဆွေမျိုးများမှာ ယခုအခါ လုံးဝစိမ်းသက်သွားပြီဟု သူခံစားလိုက်ရ၏။

အကူအညီမဲ့မှုခံစားချက်က သူ့နှလုံးသားထဲတွင် ပျံ့နှံ့နေလေသည်။ သူကခေါင်းကို ပွတ်သပ်လိုက်ပြီး လင်းယွဲ့ကို သူ့အရှေ့တွင်မြင်သောအခါ ကိုယ့်ကိုကိုယ် အားတင်းကာပြောလိုက်၏။

"တောင်းပန်ပါတယ်၊ ကျွန်တော်မလုပ်နိုင်ခဲ့ဘူး"

"ကြည့်ပါဦး၊ ဒါက တစ်မူကို ၂၀ရှစ် အထွက်နှုန်းရနိုင်တဲ့ဟာတွေပဲ"

သူတို့နှစ်ယောက် တစ်ပြိုင်နက်တည်း စကားပြောလိုက်မိကြသည်။

All Chapters