အခန်း ၁၀၆
Vol. 11 Ch. 106
Ch-106
ဝမ်စုန်းရှင်းသည် လင်းယွဲ့ လက်ထဲရှိ အိတ်ကို အံ့ဩတကြီးကြည့်လိုက်သည်။
"ဘာရယ် တစ်မူကို ၂၀ရှစ်"
လင်းယွဲ့က အိတ်ကိုကမ်းပေးလိုက်ရာ ဝမ်စုန်းရှင်းက ဖွင့်ကြည့်ပြီးပြောလိုက်သည်။
"ဒါမျိုးအရင်က တစ်ခါမှမမြင်ဖူးဘူး"
လင်းယွဲ့က တစ်ခုချင်းစီမိတ်ဆက်ပေးလိုက်သည်။
"ဒါက အာလူး၊ ဒါကကျတော့ ကန်စွန်းဥ"
မာယန်ရွာရှိအိမ်ထောင်စုတိုင်း စိုက်ပျိုးထားကြပြီး ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ အမြင့်ဆုံး အထွက်နှုန်း ၃၀ရှစ်ရရှိပြီး အနည်းဆုံး ၁၈ရှစ်ရရှိကြောင်း လင်းယွဲ့ ပြောသည်ကိုကြားသောအခါ ဝမ်စုန်းရှင်း ပို၍ပင်အံ့အားသင့်သွားလေသည်။ ဤသည်က သူ့စိတ်ကူးယဉ် အိပ်မက်များကိုပင် ကျော်လွန်သွားလေ၏။ သူသည် စိုက်ပျိုးရေးလုပ်ငန်းများတွင် ကိုယ်တိုင်မပါဝင်သော်လည်း အခြေခံ အသိပညာရှိသည်။
ဤနေရာရှိ အကောင်းဆုံးလယ်မြေများမှာ အများဆုံးစပါးအထွက်နှုန်း ၃ရှစ်ခန့်သာရရှိနိုင်သည်။ ထို့ပြင် သူဖတ်ဖူးသော ခရီးသွားမှတ်တမ်းများအရ တောင်ပိုင်းရှိ အကောင်းဆုံးလယ်မြေများတွင်ပင် အများဆုံးစပါး ၇ရှစ်ခန့်သာ ရရှိနိုင်သည်။
“၂၀ရှစ်၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သို့သော် မာယန်ရွာရှိအိမ်ထောင်စုတိုင်း ဤမျှကြီးမားသော အထွက်နှုန်းရရှိခဲ့သည်ဟု လင်းယွဲ့ပြော၏။ ဝမ်စုန်းရှင်းက ချက်ချင်းပင်ပြောလိုက်သည်။
"ကျွန်တော် မာယန်ရွာကိုလိုက်ကြည့်မယ်"
ဝမ်စုန်းရှင်းသည် မြင်းစီးကာ စိုးရိမ်တကြီးဖြင့် လားလှည်းနောက်မှ လိုက်လာခဲ့သည်။ အကယ်၍ လူများကို အသက်ဆက်စေနိုင်ပြီး တစ်မူလျှင် ၂၀ရှစ်ထွက်ရှိနိုင်သော အပင်မျိုးကိုရှာတွေ့ပါက မည်သို့အဓိပ္ပာယ်သက်ရောက်မည်ကိုသိသဖြင့် သူ အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ ဆိုလိုသည်မှာ ကမ္ဘာပေါ်ရှိ လူအများစု ဝမ်းဝအောင်စားနိုင်တော့မည် ဖြစ်သည်။
ဆိုလိုသည်မှာ စစ်သည်များမှာ စားနပ်ရိက္ခာအတွက် ပူပန်စရာမလိုတော့ခြင်းဖြစ်သည်။ ရှုန်းနူများကို တိုက်ခိုက်ရာတွင်ဖြစ်စေ၊ ပုန်ကန်မှုများကို နှိမ်နင်းရာတွင်ဖြစ်စေ ကြီးမားသော အားသာချက်တစ်ခုဖြစ်လာမည် ဖြစ်သည်။ တာယုံမင်းဆက်သည် ပြန်လည်ထွန်းတောက်လာမည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်နိုင်၏။ သူကိုယ်တိုင်ကလည်း ၎င်းအတွက် သက်သေတစ်ယောက်ဖြစ်လာပေမည်။
"လင်းယွဲ့ တစ်ကယ်လို့ ဒီအရာနှစ်ခုက တကယ်ပဲ တစ်မူကို ၂၀ရှစ်ထွက်နိုင်မယ်ဆိုရင် ညီမလေးက ပြည်သူတွေအတွက် ကျေးဇူးရှင်ကြီးဖြစ်လာမှာပဲ"
"ဧကရာဇ်ဆီဆက်သလိုက်ရင် တော်ဝင်ကုန်သည်ဆိုတဲ့ဘွဲ့ ရနိုင်မလားလို့ တွေးနေတာ"
လင်းယွဲ့ပြောလိုက်သည်။
"တကယ်တော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးငှာနရဲ့ကြီးကြပ်ရေးမှူးက ကျွန်မကို ဆက်သွယ်လာတယ်၊ 'ကျုံးဟွာ'ရဲ့ဆော့စ်လုပ်နည်းကို သူတို့ကို ရောင်းဖို့မျှော်လင့်နေတာ"
"'ကျုံးဟွာ' ဆော့စ်က ညီမလေးဟာပေါ့"
ဝမ်စုန်းရှင်း အနည်းငယ်အံ့ဩစွာဖြင့် ပြောလိုက်သည်။
"အရင်က ညီမလေးပေးဖူးတဲ့ဟာနဲ့ အရသာချင်း အရမ်းတူနေတာမဆန်းတော့ပါဘူး"
"ရှင်ရော ဒီအကြောင်းသိတာပဲလား"
"ရှီထိုင်ခရိုင်က လူအတော်များများသိကြမှာပါ"
ဝမ်စုန်းရှင်းပြုံး၍ ပြောလိုက်သည်။
"ကျွန်တော့်အဘိုးလည်း အဲဒါကိုမြည်းကြည့်ပြီးပြီ၊ အရင်က သူခံတွင်းမတွေ့လို့ သိပ်မစားနိုင်ဘူး၊ ဒါပေမဲ့ အဲဒီပဲငပိဆော့စ်နဲ့ကျတော့ ထမင်းတစ်ပန်းကန်လုံးကုန်သွားတာပဲ၊ ကျွန်တော်ကတော့ ကြက်ဆီပဲငပိဆော့စ်ကို ပိုကြိုက်တယ်၊ အထဲကကြက်သားခြောက်လေးက အရသာတော်တော် ထူးခြားတယ်၊ သူတို့ကို ရောင်းရမယ်ဟုတ်လား၊ ညီမလေးရဲ့ဆော့စ်က အလားအလာ အများကြီးရှိတယ်"
ဝမ်စုန်းရှင်း ဆက်ပြောသည်။
"တစ်ကယ်လို့ ငါတို့ပူးပေါင်းလုပ်မယ်ဆိုရင် သူတို့ဖြန့်ချိရေးလမ်းကြောင်းတွေကနေတစ်ဆင့်ရောင်းပြီး သေချာပေါက် ပိုက်ဆံအများကြီးရှာနိုင်မယ်၊ သူတို့လုပ်ငန်းတွေက တစ်နိုင်ငံလုံးမှာရှိတယ်၊ ပြီးတော့ သူတို့နောက်ခံက တတိယမင်းသားလေ"
လင်းယွဲ့ပြောလိုက်သည်။
"ဒါပေမဲ့ သူကကျွန်မနဲ့မပူးပေါင်းချင်ဘူးလေ၊ လုပ်နည်းကိုပဲ တေးတစ်ရာတေးနဲ့ဝယ်ချင်နေတာ"
"တေးတစ်ရာဟုတ်လား"
ဝမ်စုန်းရှင်း မျက်မှောင်ကြုတ်လိုက်သည်။
"ဒီကြီးကြပ်ရေးမှူးက အမြော်အမြင်သိပ်မရှိဘူးပဲ"
"ကျွန်မ ဆော့စ်တွေတင်ရောင်းထားတဲ့ ဆိုင်တွေက ကျွန်မကိုလျှို့ဝှက်ထားပေမဲ့ သူတို့အားလုံးက ယုံအန်းကုန်ပစ္စည်း ပို့ဆောင်ရေးဌာနရဲ့ခြိမ်းခြောက်မှုအောက်ကို ရောက်နေပုံရတယ်၊ ကျွန်မရဲ့ဆော့စ်တွေကို မရောင်းဖို့တားမြစ်ခံထားရတယ်၊ ကြီးကြပ်ရေးမှူးက ကျွန်မကိုစဉ်းစားဖို့ အချိန်ပေးထားတာ နောက်ငါးရက်ပဲကျန်တော့တယ်"
"ခြိမ်းခြောက်တယ် ဟုတ်လား၊ သူတို့က ဘယ်လောက်တောင် ဥပဒေမဲ့လုပ်ရဲရတာလဲ"
"နောက်ကွယ်ကနေ သူတို့လုပ်တဲ့ လှည့်ကွက်တွေက အရမ်းထိရောက်တော့ အာဏာပိုင်တွေဆီတိုင်ရင်တောင် အလုပ်ဖြစ်မှာမဟုတ်ဘူး"
ဝမ်စုန်းရှင်းသည် သူ့နားထင်များကို ဖိနှိပ်လိုက်သည်။ ဤကဲ့သို့ပြိုပျက်နေသောခရိုင်မြို့ငယ်လေးတွင် ဤကဲ့သို့သောဖိနှိပ်မှုမျိုးနှင့် ကြုံတွေ့ရမည်ဟု သူ တစ်ခါမှမမျှော်လင့်ထားခဲ့ပေ။
"ငရဲမင်းကိုတွေ့ဖို့က သူ့တပည့်တွေကို တွေ့ရတာထက် ပိုလွယ်တယ်"
ထိုဆိုရိုးစကားအတိုင်းပင်ဖြစ်သည်။ လင်းယွဲ့ ပြောလိုက်၏။
"ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေး ဌာနရဲ့ ကြီးကြပ်ရေးမှုးက ကွေ့ကျိုးစီရင်စု အုပ်ချုပ်ရေးမှူးရဲ့အငြိမ်းစား အိမ်တော်ထိန်းချုပ်ရဲ့သားလို့ ကျိုးတျန်ရှစ်က ကျွန်မကို ပြောပြတယ်"
"ဖြစ်နိုင်တယ်၊ စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ မျိုးရိုးနာမည်က စုလေ၊ သူကဆုကျိုးနဲ့ ဟန်ကျိုးကဩဇာတိက္ကမကြီးမားတဲ့ စုမိသားစုကလာတာ၊ ယုံကွေ့မိဖုရားကြီးကလည်း စုမိသားစုကပဲ၊ ပြီးတော့ ယုံအန်းကုန်သွယ်ရေးလုပ်ငန်းကို နာမည်ခံ စီမံခန့်ခွဲနေတာကလည်း စုမိသားစုပဲ"
"ရှင်ကူညီပေးဖို့ အဆင်မပြေဘူးဆိုတာကို ကျွန်မသိပါတယ်၊ ဒါကြောင့် အာလူးနဲ့ ကန်စွန်းဥတွေကိုသာ ဧကရာဇ်ဆီဆက်သလိုက်ရင် တော်ဝင်ကုန်သည်ဆိုတဲ့ ဘွဲ့ရနိုင်မလားလို့၊ အဲဒီအချိန်ကျရင် 'ကျုံးဟွာ'ဆော့စ်တွေရယ် ကန်စွန်းဥတွေရယ်ရောင်းဖို့ အထူးခွင့်ပြုချက်ရလာမှာဆိုတော့ သူတို့လည်း ဆော့စ်တွေကိုမျက်စိကျနေတာ ရပ်သွားလိမ့်မယ်"
သူတို့စကားပြောနေစဉ်မှာပင် ဝမ်စုန်းရှင်းသည် မာယန်ရွာသို့ရောက်ရှိနေပြီ ဖြစ်၏။ မိသားစုအတော်များများမှာ ကန်စွန်းဥများနှင့် အာလူးများကို တူးနေကြဆဲဖြစ်ပြီး အချို့မှာသိမ်းဆည်းရန် မြေအောက်ခန်းများ တူးနေကြသည်။ ချွင်းချက်မရှိ သူတို့အားလုံး၏မျက်နှာများမှာ ပျော်ရွှင်သောအပြုံးများဖြင့် လင်းလက်နေကြ၏။
ဝမ်စုန်းရှင်းသည် လမ်းပေါ်တွင်ငြိမ်သက်စွာရပ်နေရင်း လယ်ကွင်းထဲမှ ကန်စွန်းဥအကြီးကြီးတစ်လုံးကို တူးဖော်နေသည်ကိုကြည့်ကာ သူ့နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများပြည့်နှက်နေလေသည်။
‘တစ်လုံးပြီးတစ်လုံး တကယ်ပါလား၊ တကယ်ကြီးပါလား၊ ဒီလောက်သေးငယ်တဲ့မြေကွက်လေးကနေ ကန်စွန်းဥ သုံးလေးလုံးတောင်ထွက်နေပြီ၊ ပြီးတော့ တစ်လုံးချင်းစီကလည်း အကြီးကြီးတွေပဲ’
"ကျွန်တော်ဒီသတင်းကို ခရိုင်တရားသူကြီးဆီသွားပြောပြီး နန်းတော်ကို အတူတူသတင်းပို့မယ်"
ဝမ်စုန်းရှင်းသည် လင်းယွဲ့ကိုစိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
"လင်းယွဲ့၊ ညီမလေးက တာ့ယုံမင်းဆက်ရဲ့သူရဲကောင်းပဲ"
ဝမ်စုန်းရှင်းသည် ရပ်မနေတော့ဘဲမြင်းစီးကာထွက်ခွာသွားသည်ကိုမြင်သောအခါ လင်းယွဲ့အော်ပြောလိုက်သည်။
"ဟေး ကန်စွန်းဥမြည်းကြည့်ချင်သေးလား"
သူမရရှိလိုက်သော တစ်ခုတည်းသော တုံ့ပြန်မှုမှာ အလိပ်လိုက်ထနေသော ဖုန်တောကြီးသာဖြစ်လေသည်။ ဝမ်စုန်းရှင်း ခရိုင်ရုံးတော်သို့ရောက်ရှိလာသောအခါ သူ မြင်းပေါ်မှမဆင်းရသေးမီမှာပင် ဟွမ်ရှန်းက သူ့ကိုမြင်သွားပြီး ခရိုင်တရားသူကြီးကို အကြောင်းကြားရန် နောက်ဖေးခြံထဲသို့ ချက်ချင်းလစ်ထွက်သွားလေ၏။ ယန်ပန်းမှာ ဘာလုပ်ရမှန်း မသိအောင်ဖြစ်သွားသည်။
"ငါ မရှိဘူးလို့ သူ့ကိုသွားပြောလိုက်"
ဝမ်ဆုန်းရှင်းသည် ဩဇာကြီးမားသော မြေပိုင်ရှင်များနှင့် အထက်တန်းလွှာ မိသားစုများ၏အကျိုးစီးပွားကို သွားရောက်စိန်ခေါ်ချင်နေကြောင်း သိရကတည်းက ယန်ပန်းမှာ ခေါင်းကိုက်နေခဲ့ရသည်။ ဂုဏ်သတင်းကြီးမားသော မိသားစုတွင် ကြီးပြင်းလာခဲ့သော ဤလူငယ်မှာ မောက်မာပြီး ရဲတင်းလွန်းကာ သေဘေးကိုပင် သွားရှာနေ၏။ သူက အခြားသူများနဲ့အတူရောပြီး အသေခံဖို့ စိတ်ကူးမရှိပေ။
ယန်ပန်းသည် အနောက်ဘက် ထွက်ပေါက်ဆီသို့ ချက်ချင်းလစ်ထွက်သွားလေသည်။ မျှော်လင့်မထားစွာပင် ပုံမှန်အားဖြင့် အထက်တန်းဆန်လှသော ဝမ်စုန်းရှင်းသည် သူ့ကိုတားဆီးရန် ကြိုးစားသော စစ်ဆေးရေးအရာရှိများကို ရှောင်ကွင်းကာ နောက်ဖေးခြံထဲသို့ တန်းတန်းမတ်မတ်ဝင်လာခဲ့သည်။ ယခုအခါ သူသည် ယန်ပန်းမှ အင်မတန်အဆင်ပြေအောင်ပေါင်းချင်သော ဂုဏ်သတင်းကြီးမားသည့် မိသားစုမှဖြစ်လင့်ကစား ယန်ပန်းမှာ အလွန်အမင်းမကျေမနပ် ဖြစ်နေလေသည်။
‘ဝန်ကြီးချုပ်ကြီးဝမ်က သူ့ကိုကျင့်ဝတ်တွေ လူမှုရေးစည်းမျဉ်းတွေမသင်ပေးလိုက်ဘူးလား’
ယန်ပန်းသည် သူ့ကျောကို မတ်လိုက်ပြီး အသွင်အပြင်ကို သပ်ရပ်အောင်လုပ်ကာ ဝမ်စုန်းရှင်းကို အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"သခင်လေးဝမ်၊ ကျွန်တော်က နန်းတော်ရဲ့အရေးကြီးတဲ့ လျှို့ဝှက်ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်နေတာပါ၊ မသက်ဆိုင်တဲ့လူတွေ အကုန်လုံးထွက်သွားသင့်ပါတယ်၊ ကျွန်တော် ဧည့်မခံနိုင်တဲ့အတွက် တောင်းပန်ပါတယ်"
"ခရိုင်တရားသူကြီးမင်း"
ဝမ်စုန်းရှင်းသည် သူ့လုပ်ရပ်များ အနည်းငယ် လွန်ကျွံသွားကြောင်းသိလိုက်သည်။ သို့သော် ကန်စွန်းဥနှင့် အာလူးများအကြောင်း သတင်းက တကယ်ကို အံ့မခန်းဖြစ်နေသည်။ သူက အလျင်အမြန် လက်ခုပ်အုပ်ကာပြောလိုက်၏။
"ကျွန်တော့်မှာ တရားသူကြီးမင်းနဲ့ တိုင်ပင်စရာအရေးကြီးကိစ္စတကယ်ရှိလို့ပါ၊ လင်းယွဲ့က တစ်မူကို ၂၀ရှစ် အထွက်နှုန်းရနိုင်တဲ့ အစားအစာနှစ်မျိုးကို ရှာတွေ့ခဲ့တယ်"
"၂၀ရှစ်"
ယန်ပန်းသည် သူ့နားကို သူမယုံနိုင်အောင် ဖြစ်သွားသည်။
‘ပထမဆုံးအတွေးက ဝမ်စုန်းရှင်းရူးသွားပြီလား ဆိုတာပဲ၊ ဒုတိယ အတွေးကတော့ ဝမ်စုန်းရှင်း မိန်းမတစ်ယောက်ရဲ့ လှည့်စားတာကို ခံလိုက်ရပြီဆိုတာပါပဲ၊ တတိယ အတွေးကတော့ ဝမ်စုန်းရှင်းက ဒီသတင်းကိုသုံးပြီး သူ့ကို လှည့်စားကာ မြေစာရင်းမှတ်တမ်းကို ထုတ်ပေးလာအောင်လုပ်ဖို့ ကြိုးစားနေတယ် ဆိုတာပါပဲ’
“တစ်မူကို စပါး ၂၀ရှစ်အထွက်နှုန်းရနိုင်တယ်ဆိုတာ သူတို့နှစ်ယောက်လုံးနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ၊ ဒါလုံးဝ အဓိပ္ပာယ် မရှိတာ”
"အဟမ်း သခင်လေးဝမ်၊ ကျွန်တော်က သခင်လေးကို မြေစာရင်းမှတ်တမ်းမပြချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့"
"မြေစာရင်းမှတ်တမ်းကိစ္စ နောက်မှ ပြောကြတာပေါ့၊ လင်းယွဲ့က တစ်မူကို ၂၀ရှစ်အထွက်နှုန်းရနိုင်တဲ့ အစားအစာနှစ်မျိုးကို ရှာတွေ့ခဲ့တယ်၊ ကျွန်တော် တရားသူကြီးမင်းနဲ့ အတူတူသတင်းပို့ချင်လို့ပါ"
"ခင်ဗျား သခင်လေးဝမ်၊ သခင်လေး နောက်နေတာ ဖြစ်ရမယ်"
ယန်ပန်းက မယုံကြည်နိုင်စွာဖြင့်ပြောလိုက်သည်။ သူသည် အခြေခံ အသိပညာရှိသူတစ်ဦးဖြစ်ပြီး နှစ်ပေါင်းများစွာ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ စိုက်ပျိုးရေးနှင့် ပတ်သက်သော ကိစ္စရပ်များကို အခြားမည်သူထက်မဆို ပိုသိသည်။ ဝမ်စုန်းရှင်းမှာ အတွေ့အကြုံမရှိသဖြင့် လှည့်စားခံလိုက်ရခြင်းဖြစ်မည်ဟု သူ သံသယဝင်မိသည်။ သို့သော် ဝမ်စုန်းရှင်းကို ကိုယ်ရေးကိုယ်တာအရ အရှက်မခွဲချင်သဖြင့် သူ့ဘေးရှိ အရာရှိငယ်ထံလှည့်ကာ ပြောလိုက်၏။
"ဝမ်ဖုန်း မင်းက အခွန်ကိစ္စတွေကို တာဝန်ယူရတာဆိုတော့ စိုက်ပျိုးရေးအကြောင်းကို တခြားသူတွေထက်ပိုသိမှာပါ၊ တစ်မူကို ၂၀ရှစ်ထွက်တဲ့ အစားအစာအကြောင်း မင်းတစ်ခါလောက် ကြားဖူးလား"
ဝမ်ဖုန်းက အမြန်ခေါင်းခါလိုက်သည်။
"တရားသူကြီးမင်း၊ ကျွန်တော် စိုက်ပျိုးရေးလုပ်ငန်းမှာ လုပ်ကိုင်လာတာ အနှစ်သုံးဆယ်နီးပါးရှိပါပြီ၊ တစ်မူကို ၂၀ရှစ်ထွက်တဲ့ အစားအစာအကြောင်း တစ်ခါမှမကြားဖူးပါဘူး၊ အဲဒီလိုအရာမျိုးသာတကယ်ရှိခဲ့ရင် ရှီထိုင်ခရိုင်က လူတိုင်းချမ်းသာနေကြလောက်ပြီ၊ စားဖို့ သောက်ဖို့လည်း ပူစရာမလိုတော့ဘူးပေါ့"
ယန်ပန်းသည် ဝမ်စုန်းရှင်းကိုကြည့်ကာ အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။
"သခင်လေးဝမ်၊ သခင်လေး လှည့်စားခံလိုက်ရပြီလား"
ဝမ်စုန်းရှင်းလည်း ဤကိစ္စမှာ အရမ်းကို အံ့ဩစရာကောင်းလွန်းနေမှန်း သိသည်။ ကိုယ်တိုင်သာမျက်မြင်မတွေ့ခဲ့ရပါက သူကိုယ်တိုင်လည်း ယုံမည်မဟုတ်ပေ။
"တရားသူကြီးယန် တကယ်ပဲဖြစ်ဖြစ် မဟုတ်ဘူးပဲဖြစ်ဖြစ် ခင်ဗျားကျွန်တော်နဲ့ လိုက်ခဲ့ရမယ်"
သူပြောလိုက်သည်။
ယန်ပန်းသည် ဤသည်မှာ ဝမ်စုန်းရှင်းက မြေစာရင်းမှတ်တမ်းကို ရယူရန် သို့မဟုတ် သူ့ကိုဘက်ရွေးခိုင်းစေရန် အတင်းအကျပ် လုပ်နေခြင်းဖြစ်မည်ကို အနည်းငယ် စိုးရိမ်မိသော်လည်း ဝမ်စုန်းရှင်းသည် ဝန်ကြီးချုပ်ကြီး၏မြေးဖြစ်နေသဖြင့် ထိုကဲ့သို့သောလုပ်ရပ်မျိုး လုပ်လိမ့်မည်မဟုတ်ဟု ကောက်ချက်ချလိုက်သည်။
"ကောင်းပြီလေ"
သူသည် မြင်းပေါ်တက်ကာ အရာရှိကျိုး၊ ဝမ်ဖုန်း၊ ဟွမ်ရှန်းတို့နှင့်အတူ မာယန်ရွာသို့ ဦးတည်ထွက်ခွာသွားလေသည်။