← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

Ch-107

မြင်းသည် အစွမ်းကုန်ပြေးလွှားလာရာ တစ်နာရီခွဲအတွင်းမှာပင် မာယန်ရွာသို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် နေဝင်သွားလေ၏။ အိမ်နီးချင်းရွာရှိမှုန်ကုပ်ပြီး ခြောက်ကပ်နေသောမြင်ကွင်းနှင့်နှိုင်းယှဉ်ပါက မာယန်ရွာမှ ရွာသားများမှာ လယ်ကွင်းများထဲတွင် အလုပ်လုပ်နေကြဆဲဖြစ်သော်လည်း သူတို့အပြုံးများကို အဝေးမှပင်မြင်တွေ့နိုင်သည်။

အထွက်နှုန်း မည်မျှကောင်းကြောင်းကို လယ်သမားများက အရင်ဆုံးသိကြသည်။ သူတို့အမူအရာများကို မြင်သောအခါ ယန်ပန်းရင်ခုန်သံများ ပို၍မြန်ဆန်လာလေသည်။

"တရားသူကြီးမင်း တရားသူကြီးမင်း ရောက်လာပြီ"

"တရားသူကြီးမင်း ဖြောင့်မတ်တဲ့ အရာရှိမင်း"

"တရားသူကြီးမင်း"

ယန်ပန်းမြင်းပေါ်မှ ဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် သူဖြတ်သွားသောနေရာများရှိ လယ်သမားများက ဒူးထောက်ကာ အရိုအသေပေးကြပြီး သူတို့စိတ်လှုပ်ရှားမှုများက ကူးစက်နေလေသည်။

"ထကြပါ ထကြပါ"

ယန်ပန်းက အသက်ကြီးကြီးလယ်သမားတစ်ဦးကို မေးလိုက်သည်။

"ခင်ဗျားတို့သီးနှံတွေ တူးနေတာကိုမြင်တယ်၊ အထွက်နှုန်း ဘယ်လိုနေလဲလို့ မေးလို့ရမလား"

"တရားသူကြီးမင်း၊ တစ်မူကို အထွက်နှုန်းက အံ့ဩစရာကောင်းလောက်အောင် အပြည့်အဝ ၂၅ရှစ်တောင်ရှိတယ်"

လယ်သမားကြီးက ပြောလိုက်သည်။

"အချို့မိသားစုတွေက လယ်ကို ဂရုတစိုက် သေချာပြုစုပျိုးထောင်ကြတော့ တစ်မူကို ၃၀ရှစ်တောင် ထွက်တယ်"

*ဒုတ် ဒုတ် ဒုတ်*

ယန်ပန်းရင်ခုန်သံများ ပေါက်ထွက်မတတ်မြန်ဆန်လာကာ သူ့နှလုံးသားမှ သွေးပူများက ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းသွားလေသည်။ ရာထူးတက်ကာ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ခံရတော့မည့်အသံကို သူ ကြားလိုက်ရ၏။ ၂၅ရှစ်၊ ၃၀ရှစ် ဝမ်စုန်းရှင်းပြောခဲ့သည့် ၂၀ရှစ်ထက်ပင် ပိုကြောက်စရာ ကောင်းနေလေသည်။

"ဒီသီးနှံက စိုက်ရတာလွယ်လား"

သူသည် လေသံကို တည်ငြိမ်အောင် အတတ်နိုင်ဆုံးကြိုးစားထိန်းထားသော်လည်း သူ့တည်ငြိမ်နေသော လေသံအောက်တွင် မသက်မသာဖြစ်မှုတစ်ခု ကိန်းအောင်းနေဆဲဖြစ်သည်။

"အရမ်းကောင်းတာပေါ့၊ ဒါတွေထက် ပြုစုရပိုလွယ်တာ တစ်ခါမှမမြင်ဖူးဘူး"

လယ်သမားကြီးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"ထွန်ကြောင်းတွေထဲမှာ စိုက်လိုက်ရုံပဲ၊ ပြီးတော့ အညှောင့်ထွက်လာရင် မြေဩဇာရည် လောင်းပေးလိုက်၊ မြေဩဇာမကျွေးဘဲ ပစ်ထားရင်တောင် တစ်မူကို ၁၆ရှစ်အထွက်နှုန်းရနိုင်တယ်"

“ပြုစုရလွယ်တယ် ဟုတ်လား၊ ၁၆ရှစ်တောင်တဲ့လား”

တာ့ယုံမင်းဆက်သည် ရှုန်းနူများနှင့် စစ်ဖြစ်နေပြီး နိုင်ငံ၏စားနပ်ရိက္ခာများ လျော့ကျလာနေသည်။ အကယ်၍ ဤအရာများကို ရှေ့တန်းစစ်ဌာနချုပ်သို့သာပို့ပေးလိုက်မည်ဆိုလျှင် ထိုအရာက

"ခရိုင်တရားသူကြီးမင်း၊ တရားသူကြီးမင်း ဘာဖြစ်လို့လဲ"

ခရိုင်တရားသူကြီး ယိမ်းယိုင်နေသည်ကိုမြင်သောအခါ အရာရှိကျိုးက အရှေ့သို့ပြေးထွက်ကာ ထိန်းကိုင်လိုက်သည်။ သို့သော် သူ့မျက်လုံးများ လန်နေသည်ကိုမြင်လိုက်ရပြီး စိတ်လှုပ်ရှားလွန်း၍ သတိလစ်သွားခြင်းဖြစ်ကြောင်း ရှင်းလင်းနေ၏။

"ငါ့ကို လင်းယွဲ့ဆီခေါ်သွား"

ယန်ပန်းက မူးဝေဝေဖြင့်အော်ပြောလိုက်သည်။

"လင်းယွဲ့"

ယန်ပန်းသတိရလာပြီးနောက် လင်းယွဲ့ကို စိုက်ကြည့်ကာ သူမ၏အရာအားလုံးကို ကျေနပ်နေလေသည်။ ဝမ်စုန်းရှင်းသာ လင်းယွဲ့ကိုသဘောကျခြင်းမရှိလျှင် သူမကို ကိုယ်လုပ်တော်အဖြစ် တကယ်ယူချင်ခဲ့မိကြောင်း သူ တိတ်တဆိတ် နောင်တရနေမိသည်။

‘အဲဒီလိုဆိုရင်ကျေးဇူးတွေ အားလုံးက သူ့အတွက်ဖြစ်သွားမှာလေ၊ ငါက သမိုင်းတွင်တဲ့သူတစ်ယောက်တောင် ဖြစ်သွားနိုင်တယ်’

‘နှမြောစရာပဲ၊ နှမြောစရာ ကောင်းလိုက်တာ’

ယန်ပန်းသည် လင်းယွဲ့ထံမှအာလူးနှင့် ကန်စွန်းဥများကိုရယူခဲ့ပြီး ၎င်းတို့ကို မည်သို့စိုက်ပျိုးရမည်၊ မည်သို့တူးဖော်ရမည်ကို သင်ယူခဲ့သည်။ သူသည် နန်းတော်သို့ အသနားခံစာတစ်စောင် ရေးရန် ခရိုင်ရုံးတော်သို့အမြန်ပြန်သွားလေ၏။ ကံမကောင်းစွာဖြင့် နိမ့်ကျသော သူ့အဆင့်အတန်းကြောင့် သူ့အသနားခံစာများကို ဧကရာဇ်ထံသို့ တိုက်ရိုက်မတင်ပြနိုင်ပေ။

လျန်ကျိုး၏ စီရင်စုတရားသူကြီးထံသို့ အရင်ပေးအပ်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အစိုးရအဆင့်အသီးသီးသို့ လက်ဆင့်ကမ်းသွားရမည် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် လျန်ကျိုး၏စီရင်စုတရားသူကြီးမှာ ဝန်ကြီးချုပ်ကြီးဝမ်၏တပည့်တစ်ဦး ဖြစ်နေသည်။ ဝမ်စုန်းရှင်း၏စီစဉ်မှုများအောက်တွင် အသနားခံစာမှာ စီရင်စုတရားသူကြီးထံသို့ အလျင်အမြန် ရောက်ရှိသွားပြီးနောက် မြို့တော်သို့ ပေးပို့လိုက်လေသည်။

ညအချိန် ဝမ်မိသားစုအိမ်တော် စာကြည့်ခန်းထဲမှ ဖယောင်းတိုင်မီးရောင်ထွက်ပေါ်နေပြီး ဝမ်စုန်းရှင်းက စားပွဲရှေ့တွင်ရပ်နေကာ သူ့မျက်လုံးများထဲတွင် ဝမ်းသာမှုများရောယှက်နေလျက် ပြောလိုက်သည်။

"အဘိုးရဲ့ကျေးဇူးကြောင့် ဒီအသနားခံစာက ဧကရာဇ်ဆီကို အဟန့်အတားမရှိ ရောက်သွားနိုင်ခဲ့တာ"

ဝမ်ယွင်ချောင်းက စာအုပ်တစ်အုပ်ကို ဖတ်နေရင်း ဝမ်စုန်းရှင်းကို တည်ငြိမ်စွာ ကြည့်ကာ မေးလိုက်သည်။

"တစ်မူကို ၂၀ရှစ်ထွက်တယ်ဆိုတာ မင်း သေချာစစ်ဆေးပြီးပြီလား"

"ဟုတ်ကဲ့၊ ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာပါ"

ဝမ်စုန်းရှင်းသည် တာ့ယုံမင်းဆက်၏ ကမ္ဘာပျက်မတတ် အပြောင်းအလဲများကို သူမြင်တွေ့ရတော့မည်ဟု ခံစားနေရပြီး သူကိုယ်တိုင်ကလည်း ထိုအပြောင်းအလဲများတွင် ပါဝင်သူတစ်ဦးဖြစ်နေသည်။ ဤသည်က မြေသိမ်းမှုများကြောင့် ခံစားခဲ့ရသော သူ့စိတ်ပျက်လက်ပျက်ဖြစ်မှုများကို အနည်းငယ်ပြန်လည်ကုစားပေးနိုင်ခဲ့သည်။

"အဘိုး ဒီအာလူးတွေနဲ့ ကန်စွန်းဥတွေကိုသာ တာယုံတစ်နိုင်ငံလုံးမှာ စိုက်ပျိုးနိုင်မယ်ဆိုရင် မိသားစုတစ်စုအတွက် စားဖို့သောက်ဖို့ လယ်တစ်ဧကပဲလိုတော့မှာ၊ လူတိုင်းဝမ်းဝပြီး ဘယ်သူမှ ငတ်မှာမဟုတ်တော့ဘူး၊ ကျွန်တော်တို့စစ်သည်တွေလည်း သန်မာတဲ့ ခန္ဓာကိုယ်တွေရှိလာပြီး ရိက္ခာတွေ အချိန်မီရနိုင်တော့မှာ"

ဝမ်စုန်းရှင်းမျက်လုံးများ တောက်ပနေလေသည်။

"လုံးဝမတူညီတဲ့ တာ့ယုံကို ကျွန်တော်တို့ရရှိတော့မှာ၊ အဘိုးရှာဖွေနေတဲ့ ပြန်လည်ရှင်သန်ရေးလမ်းကြောင်းက အဲဒီအထဲမှာ ရှိနေနိုင်တယ်"

ဝမ်ယွင်ချောင်းမျက်လုံးများက တည်ငြိမ်နေဆဲ ဖြစ်သည်။

"မြေယာပေါင်းစည်းမှုအကြံကောင်းတစ်ခု ရပြီလား"

ဝမ်စုန်းရှင်း၏စိတ်အားထက်သန်မှုများက လေပူဖောင်းပေါက်ကွဲသွားသကဲ့သို့ ပျောက်ကွယ်သွားပြီး သူခေါင်းငုံ့ကာ ပြောလိုက်သည်။

"မရသေးပါဘူး"

"ထွက်သွားတော့"

ဝမ်စုန်းရှင်း တံခါးကိုပိတ်လိုက်ပြီးနောက် ဝမ်ယွင်ချောင်းသည် မြို့တော်ဘက်သို့ နက်ရှိုင်းသောအကြည့်ဖြင့် ကြည့်နေလေသည်။ ဆယ်ရက်အကြာတွင် အသနားခံစာမှာ မြို့တော်သို့ ရောက်ရှိလာ၏။ မိတ္တူတစ်စောင်ကို ကူးယူရန် ဌာနခြောက်ခု၏ရုံးခန်းသို့ ပေးပို့လိုက်သည်။

အသနားခံစာကိုကူးယူသော အရာရှိမှာ ၎င်းကိုမြင်ပြီး အံ့အားသင့်သွားလေသည်။ ၎င်းက တစ်မူကို ၂၀ရှစ် အထွက်နှုန်းရရှိကြောင်း အစီရင်ခံထားသည်။ တာယုံမင်းဆက်ကို ကယ်တင်နိုင်ပေမည်။

ဧကရာဇ်၏စားပွဲပေါ်သို့ ပေးပို့ရမည့် စာရွက်စာတမ်းကို အခမ်းအနားညွှန်ကြားရေးမှူးရုံး၏အကြီးအကဲမိန်းမစိုး ခုန်လီက တားဆီးလိုက်သည်။ သူက အသနားခံစာတင်သွင်းသူကို အော်ဟစ်လိုက်၏။

"ငါ့ကို ပေးလိုက်၊ ဧကရာဇ်က လက်ရှိမှာ အသက်ရှည်ဆေးတွေဖော်စပ်နေတယ်၊ ဒီလို သာမန်ကိစ္စတွေအတွက် အချိန်မရှိဘူး"

"ဟုတ်ကဲ့ပါ"

ဆက်သွယ်ရေးရုံးမှအဖွဲ့ဝင်မှာ ပဉ္စမအဆင့်အရာရှိတစ်ဦးဖြစ်သော်လည်း ခေါင်းငုံ့ကာ ထွက်ခွာသွားလေသည်။ အကြောင်းရင်းမှာ ရှင်းပါသည်။ ဝန်ကြီးချုပ်ကြီးဝမ်ကို ခုန်လီမှအနိုင်ယူပြီးကတည်းက ခုန်လီသည် မြို့တော်တွင် အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့၏။

ခုန်လီသည် အသနားခံစာများကို မင်နီဖြင့် မှတ်ချက်ရေးနေသည်။ ဧကရာဇ်မှ နိုင်ငံရေးကိစ္စများကို စိတ်ဝင်စားမှု ကင်းမဲ့နေသည်မှာကြာပြီဖြစ်ရာ ဤတာဝန်များကို သူလွှဲပြောင်းယူထားခြင်းဖြစ်သည်။ လျန်ကျိုးစီရင်စုတရားသူကြီးတင်ပြလာသော အသနားခံစာကိုမြင်သောအခါ ရှီထိုင်ခရိုင်တွင် တစ်မူကို ၂၀ရှစ်ထွက်ရှိသောသီးနှံများရှိကြောင်း သတိပြုမိလိုက်၏။

သူအေးစက်စွာ နှာမှုတ်လိုက်သည်။ လျန်ကျိုးစီရင်စုတရားသူကြီးမှာ ဝမ်ယွင်ချောင်း၏ယုံကြည်ရသူဖြစ်ကြောင်း သူ မှတ်မိသည်။ ထို့ပြင် ဝမ်ယွင်ချောင်းမှာ လက်ရှိတွင် လျန်ကျိုး၌ရှိနေ၏။

‘တစ်မူကို ၂၀ရှစ်၊ သူတို့က ဧကရာဇ်ရဲ့အာရုံစိုက်မှုကို ပြန်ရဖို့ကြိုးစားတဲ့ လှည့်ကွက်လား တကယ်ပဲလား ဆိုတာ အရေးမကြီးဘူး’

‘အရေးကြီးတာက သူ ဝမ်ယွင်ချောင်းကို ဘယ်တော့မှ ပြန်မထနိုင်အောင် ခိုင်ခိုင်မာမာထိန်းချုပ်ထားရမှာ’

သူတွေးလိုက်သည်။

သူသည် အသနားခံစာကိုယူကာ ဧကရာဇ်ရှိရာ ဆေးဖော်စပ်ခန်းသို့ အမြန်သွားလေသည်။ အခြားတစ်ဖက်တွင် ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာနနှင့် သဘောတူထားသော နောက်ဆုံးရက်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူမကဆော့စ်လုပ်နည်းကို ရောင်းရန်ဆန္ဒမရှိသလို ယုံအန်း ကုန်ပစ္စည်းပို့ဆောင်ရေးဌာန ကြီးကြပ်ရေးမှူးကလည်း အကျိုးအမြတ်ခွဲဝေမှုပုံစံကို ပြောင်းလဲရန်ဆန္ဒမရှိပေ။ သူတို့နှစ်ဦး၏စေ့စပ်ညှိနှိုင်းမှုမှာ လုံးဝ ပျက်ပြားသွားလေသည်။ ယုံအန်း ကုန်ပစ္စည်းပို့ဆောင်ရေးဌာန၏ ကြီးကြပ်ရေးမှူးက ပြောလိုက်သည်။

"ကောင်းပြီလေ၊ မင်းရဲ့ဒီခေါင်းမာမှုက ဘယ်လောက်ကြာကြာခံမလဲ ကြည့်ကြသေးတာပေါ့"

ရက်အနည်းငယ်အကြာတွင် သူမပစ္စည်းများ သွားပို့ရာလုပ်ငန်းအတော်များများ၏ဆက်တိုက် ငြင်းပယ်မှုကိုခံလိုက်ရသည်။

"ကျွန်တော်တို့ဆော့စ်တွေ ဆက်မရောင်းတော့ဖို့ စဉ်းစားထားတယ်၊ တောင်းပန်ပါတယ်"

"လောလောဆယ် မလိုသေးပါဘူး"

"အိုး တောင်းပန်ပါတယ်၊ တခြားနေရာမှာ သွားရှာကြည့်ပါလား"

'ဟောင်ဝေ့တောက်'၏ဆိုင်ရှင်က သူမကိုဘေးသို့ဆွဲခေါ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ညီမလေးက ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာနကိုများ သွားစော်ကားမိလို့လား၊ မနေ့က ကုန်သည်ကြီးများအသင်းမှာ သူတို့ပြောတယ်၊ ဘယ်သူမဆို ညီမလေးရဲ့ပစ္စည်းတွေကို ကူရောင်းပေးရင် အသင်းကနေထုတ်ပစ်မယ်၊ ပြီးတော့ ကုန်ပစ္စည်းပို့ဆောင်တာတွေကိုပါ ရပ်ပစ်မယ်တဲ့၊ ညီမလေးရယ် ဟူး တစ်ကယ်လို့ ညီမလေး သူ့ကိုစော်ကားမိရင်တောင် အမြန်ဆုံးသွားတောင်းပန်လိုက်တာ ပိုကောင်းမယ်၊ သူ့နောက်ခံက အရမ်းဩဇာကြီးတယ်"

ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာနက နောက်ကွယ်တွင်ရှိနေကြောင်း လင်းယွဲ့ သိလိုက်သည်။ သူမ၏အရင်းအမြစ်များဆီသို့သွားရာလမ်းအားလုံးကို သူ ဖြတ်တောက်လိုက်မည်ဟု သူမတစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ ချန်ဖူကွေ့သည် သူမရောက်လာသည်ကို မြင်သောအခါ အမြန်ဘေးသို့ဆွဲခေါ်လိုက်၏။

"အိုး ညီမလေးရယ်၊ ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာနကို ဘာသွားလုပ်လိုက်လို့လဲ၊ သူတို့က ငါတို့ပစ္စည်းတွေကို မဝယ်ရုံတင်မကဘူး၊ ငါ့ကိုပါရောင်းခွင့် မပေးတော့ဘူး"

လင်းယွဲ့က ဆော့စ်လုပ်နည်းရောင်းသည့်ကိစ္စအကြောင်း ရှင်းပြပြီးနောက် ချန်ဖူကွေ့က ခေါင်းကုတ်ကာပြောလိုက်သည်။

"ဒါ တေးတစ်ရာက တကယ်နည်းလွန်လွန်းတယ်"

ချန်ဖူကွေ့က ငွေတစ်တေးကိုအမြန်ထုတ်ကာ လင်းယွဲ့လက်ထဲသို့ထည့်ပေးလိုက်သည်။

"ဒါက ငါသူ့ကို မလွန်ဆန်ရဲဘူး၊ သူက ကုန်သည်ကြီးများအသင်းရဲ့ အကြီးအကဲလေ၊ အခွန်ကောက်တဲ့ နေရာမှာ အစိုးရကိုကူညီပေးနေတာ၊ သူက ငါတို့ကိုအခက်တွေ့အောင်လုပ်နိုင်တယ်၊ ပြီးတော့ သူကအလှူငွေကိစ္စကို အကြောင်းပြပြီး ငါ့ကိုတာဝန်ခံခိုင်းထားရင် ငါမတတ်နိုင်ဘူး"

"ဒီမှာ ငှားရမ်းခတွေ၊ ညီမလေးကို အကုန် ပြန်ပေးပါ့မယ်"

ချန်ဖူကွေ့ သက်ပြင်းချလိုက်သည်။

"ငါက ညီမလေးကိုမကူညီချင်လို့ မဟုတ်ပါဘူး၊ ဒီလူကကိုင်တွယ်ရ အရမ်းခက်လွန်းလို့ပါ"

လင်းယွဲ့သည် ခေတ်သစ် အစားအသောက်များကို ကုန်တိုက်များနှင့် ဆိုင်ငယ်များတွင် ရောင်းချသကဲ့သို့ သူမထုတ်ကုန်များကို ခရိုင်မြို့တော်ရှိ ဆိုင်အများစုတွင် တင်ရောင်းကာ 'ကျုံးဟွာ' တံဆိပ်၏ ဂုဏ်သတင်းကို တည်ဆောက်ရန် မူလကရည်ရွယ်ထားခဲ့သည်။ ၎င်းကဆိုင်ဖွင့်ရာတွင် ကြုံတွေ့ရနိုင်သည့် ကြီးမားသော အန္တရာယ်များကို ဖယ်ရှားပေးရုံသာမက ဝင်ငွေများဖန်တီးပေးကာ ကုန်ပစ္စည်းများကို အမြန်ဆုံးရောင်းချနိုင်စေမည် ဖြစ်သည်။

‘ဒါပေမဲ့ အခုတော့ ငါလမ်းနှစ်ခုကို ရွေးချယ်ဖို့ စီစဉ်ရ‌‌တော့မယ်’

All Chapters