အခန်း ၁၀၈
Vol. 11 Ch. 108
Ch-108
ပထမ ရွေးချယ်စရာမှာ ရှီထိုင်ခရိုင်တွင် ကိုယ်ပိုင်ဆိုင်ဖွင့်ရန် ဖြစ်သည်။ ဒုတိယ ရွေးချယ်စရာမှာ အခြားနေရာများတွင် ကုန်ပစ္စည်းများ ဖြန့်ချိရန်ဖြစ်သည်။ ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာန၏ ကြီးကြပ်ရေးမှူးက ရှီထိုင်ခရိုင်တွင် ဩဇာညောင်းလှ၏။ ကျေးရွာများနှင့် မြို့နယ်များရှိကုန်စုံဆိုင်များ သို့မဟုတ် အခြားခရိုင်များဆီသို့တော့ လက်လှမ်းမမီနိုင်ပေ။
ကျေးလက်မှနေ၍ မြို့ကိုဝန်းရံခြင်းကလည်း ထွက်ပေါက်တစ်ခုဖြစ်သည်။ လင်းယွဲ့၏လားလှည်းသည် ရှီထိုင်ခရိုင်အနီးရှိရွာတစ်ရွာသို့ အရင်ဆုံးရောက်ရှိလာသည်။ ထိုနေရာရှိကုန်စုံဆိုင်မှာ အလွန်သေးငယ်ပြီး မေဝေ့ကျိုက်၏ငါးပုံတစ်ပုံပင်မရှိပေ။ ထို့ပြင် ကုန်ပစ္စည်းများမှာလည်းရိုးရှင်းပြီး နည်းပါးလှသည်။ လင်းယွဲ့က ဆော့စ်ကိုကမ်းပေးလိုက်ရာ ဆိုင်ရှင်အမျိုးသမီးက ပြုံးပြီးပြောလိုက်သည်။
"ဒါ 'ကျုံးဟွာ'ဆော့စ် မဟုတ်လား၊ ညီမလေးက ဒီဆော့စ်ကို တကယ်လုပ်တာလား၊ ရှီထိုင်ခရိုင်မှာ အရမ်းနာမည်ကြီးနေတာ၊ လူအများကြီးက ဝယ်လို့မရကြဘူး"
လင်းယွဲ့ ခေါင်းညိတ်ကာပြောလိုက်သည်။
"ဆိုင်ရှင် ကျွန်မဒီဆော့စ်တွေကို ဒီမှာ တင်ရောင်းချင်လို့ပါ"
"ဘာလို့ ခရိုင်မြို့တော်မှာ မရောင်းတာလဲ၊ ဒီထက်ဝယ်မယ့်သူ အများကြီးပိုများမှာပေါ့"
"ဈေးကွက်ချဲ့ချင်လို့ပါ၊ ရှီထိုင်ခရိုင် တစ်ခုတည်းက ကျွန်မရဲ့ဆော့စ်တွေ အကုန်လုံးကို မနိုင်ဘူးလေ"
"ကောင်းပါတယ်"
ဆိုင်ရှင်အမျိုးသမီးက သူမခေါင်းကိုကုတ်၍ ပြောလိုက်သည်။
"ဒါပေမဲ့ ရွာကဆင်းရဲနေပြီ၊ ဒီအခွန်ရာသီက အရမ်းကိုထိခိုက်နစ်နာစေတယ်ဆိုတာကတော့ ပြောစရာတောင် မလိုဘူးပေါ့၊ ညီမလေးရဲ့ဆော့စ်တွေ အများကြီးရောင်းရမှာ မဟုတ်ဘူးလို့ စိုးရိမ်မိတယ်"
လမ်းတစ်လျှောက်ရှိ ကုန်စုံဆိုင်မှ ဆိုင်ရှင်များအားလုံးကလည်း ဤစိုးရိမ်မှုကိုပင်ဖော်ပြခဲ့ကြသည်။ လင်းယွဲ့ နားလည်လိုက်၏။ ညနေလေးနာရီခန့်တွင် လားလှည်းသည် တာ့ကွမ်ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသည်။
လဆန်းတစ်ရက်နှင့် လပြည့်နေ့တိုင်းတွင် လူစည်ကားလေ့ရှိသော တာ့ကွမ်ဘုန်းကြီးကျောင်းမှာ ယခုအခါလူသူကင်းမဲ့နေလေသည်။ မြင့်မားလှသော စားသောက်ဆိုင်များတွင် စားသောက်နေကြသူ၊ ကတ်ကစားနေကြသူ ဖောက်သည် အနည်းငယ်သာရှိပြီး လမ်းပေါ်ရှိဆိုင်များတွင်လည်း လူတစ်စုသာရှိလေသည်။
"လင်းယွဲ့ ဘာကိစ္စ ရှိလို့လဲ၊ ဆန်အရက်ချိုလာရောင်းတာလား"
လျိုယုသည် ဝမ်အချိုပွဲဆိုင်တွင် သူငယ်ချင်းများနှင့် စားသောက်နေစဉ် လင်းယွဲ့ကိုမြင်သဖြင့် စပ်စုချင်စိတ်ဖြင့် အပြင်သို့ ထွက်လာကာမေးလိုက်သည်။
"အစ်မလင်"
လင်းယွဲ့ပြောလိုက်သည်။
"ကုန်စုံဆိုင်မှာ ပစ္စည်းတချို့တင်ရောင်းမလို့ ရောက်လာတာပါ"
"တင်ရောင်းမယ်"
လျိုယုသည် လင်းယွဲ့၏လားလှည်းပေါ်ရှိပုလင်းများကို လှမ်းကြည့်လိုက်သည်။
"ဟင် 'ကျုံးဟွာ'ဆော့စ်လား"
"အစ်မလင်သိလို့လား"
"သိတာပေါ့"
လျိုယုပြုံး၍ ပြောလိုက်သည်။
"ငါ့ယောက်ျားက ရှီထိုင်ခရိုင်မှာနာမည်အကြီးဆုံးအစားအစာပဲဆိုပြီး တစ်ပုလင်းပေးပြီး ငါ့ကို မြည်းကြည့်ခိုင်းတာ၊ တကယ်အရသာရှိတယ်၊ အထူးသဖြင့် အစပ်ကချွေးတွေ တလုံးလုံးထွက်သွားတာပဲ၊ ဒါပေမဲ့ တော်တော်လေးလန်းဆန်းပြီး နေလို့ကောင်းတယ်"
လျိုယုမျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားသည်။
"ဒီလောက်များတဲ့ 'ကျုံးဟွာ'ဆော့စ်တွေ၊ နင်ကများ 'ကျုံးဟွာ' ဆော့စ် ရောင်းတဲ့လူလား"
လင်းယွဲ့ခေါင်းညိတ်ပြလိုက်သည်။
"အံ့ဩစရာပဲ၊ နင် တကယ်ကိုတော်တာပဲ၊ နင့်ရဲ့ပဲနီလေး ဆန်အရက်ချိုက အရသာရှိရုံတင် မကဘူး၊ 'ကျုံးဟွာ' ဆော့စ်တွေကိုပါ လုပ်နိုင်သေးတာပဲ"
လျိုယုက အံ့ဩတကြီးအာမေဍိတ်သံ ထုတ်လိုက်သည်။ သာမန်လူတစ်ယောက်အတွက် ကျွမ်းကျင်မှုတစ်ခုရှိဖို့တောင် ရှားပါးလှ၏။
‘လင်းယွဲ့က နှစ်ခုတောင်လုပ်နိုင်တယ်တဲ့လား’
"ဒါနဲ့ ကောင်မလေး ဘာလို့စိတ်ညစ်နေတဲ့ ပုံပေါက်နေတာလဲ"
လျိုယုဖြစ်နေသည်ကို မြင်သောအခါ လင်းယွဲ့သည် ဆိုင်ရှင်များကိုဖြေရှင်းခဲ့သည့်ဆင်ခြေများကို ထပ်မပြောတော့ဘဲ ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာန အကြောင်းကို ပြောပြလိုက်သည်။
"ဒီစုဟိုင်က တကယ်ပဲ ဒီလောက် ကောက်ကျစ်တာလား၊ ငါ့ယောက်ျား ပြောပြတာတော့ သူကလဆန်းတစ်ရက်နဲ့ ဆယ့်ငါးရက်နေ့တိုင်း တာ့ကွမ်ဘုန်းကြီးကျောင်းကိုလာပြီး ပိုက်ဆံအများကြီး လှူတယ်တဲ့၊ ငါကသူ့ကို ကုသိုလ်ရှင်တစ်ယောက်လို့ ထင်နေတာ၊ ဒီလောက်ယုတ်မာလိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး"
"သူများရဲ့အသက်မွေးဝမ်းကျောင်းကို ဖြတ်တောက်တယ်ဆိုတာ မိဘကိုသတ်တာနဲ့တူတူပဲ၊ ဘာသာတရားမကိုင်းရှိုင်းတဲ့ငါတောင်မှ အဲဒီလိုမျိုးမလုပ်ဘူး၊ သူ ဘယ်ကနေများသင်လာလဲ မသိပါဘူး အရှက်မရှိလိုက်တာ၊ ဒီလိုလူမျိုးက အနှေးနဲ့အမြန် ငရဲအောက်ဆုံးထပ်ကို ရောက်မှာပဲ"
လျိုယု ဆဲဆိုသည်ကိုမြင်ပြီးနောက် လင်းယွဲ့၏ဒေါသများ အတော်လေးပြေကျသွားလေသည်။
"ကျွန်မ ဒီမှာပစ္စည်းတင်ရောင်းဖို့ ကုန်စုံဆိုင်လာရှာတာ၊ ဒါပေမဲ့ ဒီနားကို သေချာမလည်ဖူးတော့ ဆိုင်ဘယ်မှာရှိလဲ မသိဘူး၊ အစ်မလျို လမ်းလေးညွှန်ပေးလို့ရမလား"
"ဟေး ဘာလို့ ဒီလောက်အားနာနေရတာလဲ"
လျိုယုက သူမသူငယ်ချင်းများကို နှုတ်ဆက်ကာ လားလှည်းပေါ်သို့ခုန်တက်လိုက်သည်။ ပတ်ဝန်းကျင်ရှိ လူများမှာ သက်သတ်လွတ်စားကြသလား သို့မဟုတ် အခွန်များကြောင့်ဝယ်ယူနိုင်စွမ်းကျဆင်းသွားကြသလားဆိုသည်ကို လင်းယွဲ့မသိသဖြင့် လျိုယုကိုမေးကြည့်လိုက်၏။ လျိုယုပြောလိုက်သည်။
"သက်သတ်လွတ်စားတာမျိုး မရှိပါဘူး၊ အသား မဝယ်နိုင်လောက်အောင် ဆင်းရဲတဲ့ လူတွေပဲရှိတာပါ၊ ဘာမှတောင်....."
လျိုယု ရုတ်တရက် စကားရပ်သွားပြီးနောက် ဆက်ပြောသည်။
"စိတ်မပူပါနဲ့၊ နင် ဒီမှာ ဆော့စ်တင်ရောင်းလို့ရတယ်၊ ငါ နင့်အတွက် ကြော်ငြာပေးမယ်၊ မြန်မြန်ရောင်းကုန်သွားစေရမယ်လို့ အာမခံတယ်"
"ဒီနယ်မြေတစ်ခုလုံးက အစိုးရကနေ တာ့ကွမ်ဘုန်းကြီးကျောင်းကို ပေးထားတဲ့လယ်မြေတွေလေ၊ နောက်ပိုင်းကျတော့လည်း တာ့ကွမ်ဘုန်းကြီးကျောင်းက မြေတွေအများကြီးထပ်ဝယ်ခဲ့သေးတယ်၊ သူတို့ရဲ့ရဟန်းခံလက်မှတ်တွေနဲ့ တခြားအစိုးရ အမိန့်စာတွေအရ ဒီနေရာက အခွန်လွတ်ခွင့်ရတယ်၊ ဒါပေမဲ့ ငါတို့က တာ့ကွမ်ဘုန်းကြီးကျောင်းကို အခွန်ရဲ့ ၄၀ ရာခိုင်နှုန်းပဲပေးရတယ်"
"ဒီနေရာပဲ ရောက်ပြီ"
လျိုယု၏ကြားဝင်စေ့စပ်ပေးမှုကြောင့် အရာအားလုံး ချောမွေ့သွားလေသည်။ သို့သော် လားလှည်းပေါ်တွင် ဆော့စ်များ အများအပြားကျန်ရှိနေသေးသည်။ လင်းယွဲ့ မေးလိုက်၏။
"တာ့ကွမ်ဘုန်းကြီးကျောင်းက သက်သတ်လွတ်ဆော့စ်တွေ လိုမလား မသိဘူးနော်၊ ဈေးသက်သက်သာသာနဲ့ ပေးလို့ရပါတယ်"
"ဟေး အခုမှ ငါသတိရတော့တယ်၊ နင့်ရဲ့ဆော့စ်က အရသာရှိတယ်၊ ပြီးတော့ နင် တကယ်ပဲသွင်းပေးနိုင်လောက်တယ်၊ တိုက်ဆိုင်လိုက်တာ အစားအသောက်တွေသွင်းပေးရတဲ့ ဘုန်းကြီးက ဖိုးဝူရဲ့ညီအစ်ကိုလေ၊ ငါ နင့်အတွက် သူ့ကိုမေးပေးမယ်"
"ဒါပေမဲ့ နင် အောင်မြင်သွားရင် ဈေးသက်သာတာ မသက်သာတာက အရေးမကြီးဘူး၊ အရေးကြီးတာက နင် သူ့ရဲ့ ညီအစ်ကိုကို လက်ဆောင်တစ်ခုခုပြန်ပေးဖို့လိုတယ်၊ အဲဒါလုပ်နိုင်မလား"
"ရတာပေါ့"
လင်းယွဲ့က ငရုတ်သီးဆော့စ်နှစ်ပုလင်းကိုအမြန်ယူကာ လျိုယုအားကမ်းပေးလိုက်သည်။
"ဒါဆို အစ်မလျိုကိုပဲဒုက္ခပေးရတော့မယ်၊ နောင်ကို အစ်မ တစ်ခုခုလိုအပ်ရင် အားမနာဘဲပြောပါနော်"
အိမ်ပြန်ရောက်သောအခါ အတော်လေး မိုးချုပ်နေပြီဖြစ်ပြီး လင်းယွဲ့မှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသဖြင့် ကုတင်ပေါ်တွင် လှဲချလိုက်သည်။ သူမ တစ်နေကုန် လိုက်ရောင်းနေခဲ့သော်လည်း ကုန်စုံဆိုင်များက ပမာဏ အကန့်အသတ်ဖြင့်သာယူခဲ့သဖြင့် လားလှည်းထဲတွင် ဆော့စ်ပုလင်း ၁၀၀ခန့် ကျန်ရှိနေသေးသည်။
"ယောင်းမ ထမင်းစားရအောင်"
တာ့ယာက ထမင်းတစ်ပန်းကန်ယူလာပေးရာ ထိုအထဲတွင် ကြက်ဥမွှေကြော်၊ ဟင်းသီးဟင်းရွက်ကြော်နှင့် မနေ့က ကျန်သော ဝက်သားနီချက်တို့ပါဝင်ပြီး အားလုံးကို ကုတန်ချက်ထားခြင်း ဖြစ်သည်။ အပေါ်တွင်ကြက်ဆီနှင့် ပဲငပိတို့ကိုလည်း အများအပြားတင်ထား၏။ အစားအစာများမှာ အငွေ့တထောင်းထောင်းထွက်နေဆဲဖြစ်ရာ တာ့ယာနှင့် ကုတန်တို့က သူမပြန်အလာကိုစောင့်ရင်း အိုးပေါ်တွင်နွေးနေအောင် ထားထားပေးခြင်းဖြစ်ကြောင်း သိသာလှပေသည်။ လင်းယွဲ့က တာ့ယာ၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"လိမ္မာလိုက်တဲ့ ကလေးမလေး"
ကြက်ဥများမှာ အနည်းငယ်တူးနေသော်လည်း စားလို့ကောင်းနေဆဲပင်။ ကြက်ဆီနှင့် ပဲငပိအနည်းငယ်စားပြီးနောက် ခံတွင်းပွင့်လာကာ ဆာလောင်မှုလှိုင်းလုံးကြီးတစ်ခုက ရိုက်ခတ်လာသဖြင့် လင်းယွဲ့မှာ ထမင်းများကို အငမ်းမရစားလေတော့၏။ တာ့ယာကလည်း ခရားထဲသို့ရေနွေးထည့်ကာ လင်းယွဲ့ကုတင်ပေါ်တွင် တင်ပေးထားလိုက်သည်။
တစ်ညတာ ကောင်းစွာအိပ်စက်ပြီးနောက် လင်းယွဲ့သည် ခွန်အားများ ပြန်လည်ပြည့်ဝလာလေသည်။ ယနေ့တွင် သူမသည် ဆိုင်ခန်းငှားရန် ရှီထိုင်ခရိုင်သို့ထပ်မံသွားရောက်ရန် စီစဉ်ထား၏။ သူမ ကိုယ်ပိုင်ဆော့စ်ဆိုင်ဖွင့်မည်။
ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာနက ကုန်သည်များကို ခြိမ်းခြောက်နိုင်လျှင်တောင် ဝယ်ယူသူများကိုတော့ သေချာပေါက်မခြိမ်းခြောက်နိုင်ပေ။ မနေ့က သူမရွာထဲတွင် တစ်နေကုန် လိုက်လံစုံစမ်းကြည့်ရာ ရွာ၏ဝယ်ယူနိုင်စွမ်းမှာ သိပ်မမြင့်မားကြောင်း တွေ့ရှိခဲ့ရသည်။ သူမသည် ဆိုင်ခန်းတစ်ခန်း ငှားပြီးနောက် အခြားခရိုင်များသို့ သွားရောက်ကာ ဆော့စ်များရောင်းချရန် စီစဉ်ထားသည်။
လေလုံအောင်ပိတ်ထားပါက ဆော့စ်မှာ အနည်းဆုံး ခြောက်လခန့်ခံသဖြင့် သယ်ယူပို့ဆောင်ရန် အထူးသင့်လျော်ပေသည်။ မနေ့ညက လင်းယွဲ့ပိုက်ဆံများကိုရေတွက်ကြည့်ရာ ဒီရက်ပိုင်း ဆော့စ်ရောင်းရငွေများ အပါအဝင် သူမတွင် ၃၅တေးခန့်ရှိနေ၏။ တစ်လကို ၃ တေးဆိုလျှင် အနောက်ဘက်လမ်းတွင် အသင့်အတင့် ကောင်းမွန်သော ဆိုင်တစ်ဆိုင်ငှားရန် လုံလောက်ပေသည်။
လင်းယွဲ့သည် ပွဲစားရုံးသို့တိုက်ရိုက် သွားရောက်ခဲ့ရာ ထိုနေရာတွင် ဆိုင်ခန်းများ မိတ်ဆက်ပေးနိုင်သော ပရော်ဖက်ရှင်နယ်ပွဲစားများ ရှိလေသည်။ သူမလိုအပ်ချက်ကို ပြောပြရန်သာ လိုအပ်သည်။
"အနောက်ဘက်လမ်းကဆိုင်တွေလား ရှိတာပေါ့"
ပွဲစားတစ်ယောက်က လင်းယွဲ့ကို နှုတ်ဆက်ကာပြောသည်။
"အနောက်ဘက်လမ်းမှာ နေရာကောင်း ဆိုင်အနည်းငယ်ရှိပါတယ်၊ ပထမတစ်ဆိုင်က အနောက်ဘက်လမ်းရဲ့အလယ်မှာ ရှိတယ်၊ တစ်လကို ငွေနှစ်တေးနဲ့ခြောက်ပြားပါ၊ ဒုတိယတစ်ဆိုင်က အနောက်ဘက်လမ်းနဲ့ အရှေ့ဘက်လမ်း အဆုံမှာရှိတယ်၊ အရင်က အထည်ရောင်းတာ၊ ဒါပေမဲ့ ပိုက်ဆံရလာတော့ အရှေ့ဘက်လမ်းကိုပြောင်းသွားတယ်၊ အဲဒီမှာ ဖောက်သည် အများဆုံးပဲ၊ ဒါပေမဲ့ ဈေးတော့နည်းနည်းပိုကြီးတယ်၊ တစ်လကို ငွေသုံးတေးနဲ့ ငါးပြားပါ၊ တတိယ တစ်ဆိုင်က အနောက်ဘက်လမ်းရဲ့အဆုံးမှာရှိတယ်၊ အရင်က သားသတ်ဆိုင် ငွေနှစ်တေးတည်းပဲ"
"ကျွန်မကို လိုက်ပြပေးပါ"
"ဒါပေါ့"
ပထမဆိုင်မှာ အနောက်ဘက်လမ်း၏ အလယ်တွင်ရှိသော်လည်း လူအသွားအလာ ကောင်းမွန်သည်။ သို့သော် အငှားမထွက်သည်မှာကြာပြီဖြစ်သဖြင့် ဟောင်းနွမ်းပြီး ပျက်စီးနေ၏။ အကယ်၍ ငှားမည်ဆိုပါက ပြန်လည်ပြုပြင်ရန် လိုအပ်မည်ဖြစ်သည်။ သို့သော် ၎င်းတွင်ကျယ်ဝန်းသော နောက်ဖေးခြံနှင့် ဧည့်ခန်းတစ်ခန်းပါရှိသည်။ ဒုတိယဆိုင်မှာ လမ်းထောင့်တွင် ရှိပြီး လူအသွားအလာအများဆုံးနေရာဖြစ်သည်။
သို့သော် ဆိုင်မှာ သေးငယ်ပြီး အခန်းနှစ်ခန်းစာခန့်သာကျယ်ဝန်းကာ နောက်ဖေးခြံမပါရှိပေ။ ဆိုင်စောင့်သူ နေထိုင်ရန်အတွက် ဆိုင်နောက်ဘက်တွင် တွဲဆောက်ထားသောတဲလေး တစ်ခုသာရှိသည်။ သူတို့ တတိယဆိုင်သို့ ရောက်သောအခါ ဆိုင်မှာဖွင့်ထားလေသည်။ ပွဲစားက အထဲသို့ဝင်ကာစတင်ဆဲဆိုတော့သည်။
"သားသတ်သမားလီ မင်းဘာလို့ အခုထိမပြောင်းသေးတာလဲ"