← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

Ch-109

လင်းယွဲ့ အပြင်ဘက်တွင်ရပ်နေရင်း အရက်မူးနေသော သားသတ်သမားလီက အရက်တစ်ငုံသောက်ကာ ပွဲစားကို မျက်စောင်းထိုးပြီးခေါင်းမာစွာ ပြောလိုက်သည်ကို မြင်လိုက်ရသည်။

"ငါ သွားစရာနေရာမရှိဘူး"

"မင်း မင်း မင်းအိမ်လခမပေးတာ သုံးလတောင်ရှိနေပြီကို ဒီမှာလာရှုပ်နေတုန်းပဲလား၊ ထောင်ထဲအထည့်ခံရမှာကို မကြောက်ဘူးလား"

ထိုမြင်ကွင်းကိုမြင်သောအခါ လင်းယွဲ့သည် မည်သည့်အခြေအနေမျိုးတွင်မဆို တတိယဆိုင်ကိုငှားမည်မဟုတ်ပေ။ ပဋိပက္ခဖြစ်မည်ကို စိုးရိမ်သဖြင့် သူမက ပွဲစားကိုပြန်သွားရန် ပြောလိုက်သည်။ ပထမဆိုင်နှင့် ဒုတိယဆိုင်တို့မှာ အားသာချက် အားနည်းချက်အသီးသီး ရှိကြရာ မည်သည့်ဆိုင်ကိုငှားရမည်ကို သူမ စဉ်းစားနေလေသည်။

ပထမဆိုင်မှာ ဈေးသက်သာပြီး နောက်ဖေးခြံကျယ်ကာ လူအသွားအလာ ကောင်းမွန်သည်။ ဒုတိယဆိုင်မှာ နေရာကောင်းသော်လည်း ဈေးကြီးပြီး သေးငယ်သည်။ သူမပထမဆိုင်ကို ရွေးရန် စဉ်းစားနေစဉ်မှာပင် ပွဲစားက လျှို့ဝှက်စွာဖြင့် ပြောလိုက်သည်။

"ကောင်မလေး ဒုတိယဆိုင်က နေရာကောင်းပဲ၊ အရင်အထည်ဆိုင်က အဲဒီဆိုင်ကြောင့် ချမ်းသာသွားပြီး အရှေ့ဘက်လမ်းကို ပြောင်းသွားတာ၊ ပြီးတော့ ခရိုင်တရားသူကြီးရဲ့ဇနီးက အဲဒီဆိုင်ကိုဝယ်ထားတာဆိုတော့ လုံခြုံတယ်၊ သူခိုးအများစုက ပြဿနာရှာရဲမှာမဟုတ်ဘူး"

လင်းယွဲ့ ချက်ချင်းပင်ဆုံးဖြတ်ချက်ချလိုက်သည်။

"ဒါဆို ဒုတိယဆိုင်ကိုပဲယူမယ်"

မည်သို့ပင်ဆိုစေ နောက်ကွယ်တွင်ပြဿနာရှာနေသော ယုံအန်း ကုန်ပစ္စည်းပို့ဆောင်ရေးဌာန၏ ကြီးကြပ်ရေးမှူးရှိနေသေးသည်။ အကယ်၍ ပထမဆိုင်သာဆိုပါက ကြီးကြပ်ရေးမှူးကြားသွားပြီး သူမအစီအစဉ်များကို ဖျက်ဆီးမည်ကို စိုးရိမ်ရ၏။ သို့သော် ဒုတိယဆိုင်မှာ ခရိုင်တရားသူကြီးဇနီး၏ ပိုင်ဆိုင်မှုဖြစ်ရာ ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေး

ဌာန၏ ကြီးကြပ်ရေးမှူး မည်မျှပင် မောက်မာစေကာမူ ခရိုင်တရားသူကြီး၏ဇနီးကိုခြိမ်းခြောက်ကာ သူမအားဆိုင်မငှားရန် တားဆီးရဲမည် မဟုတ်ပေ။

"ဒါပေမဲ့ ဒီဆိုင်ကိုဝယ်မယ်ဆိုရင် ဘယ်လောက်ကျမလဲ"

လင်းယွဲ့ သိချင်စိတ်ဖြင့်မေးလိုက်သည်။

"ညီမလေးက ဝယ်ချင်လို့လား၊ ပေါက်ဈေးကတော့ ငွေတေး ၂၀၀ လောက်ရှိမယ်၊ ဒါပေမဲ့ ရောင်းမယ့်သူကို မေးကြည့်ရဦးမယ်"

လင်းယွဲ့ ခေါင်းခါလိုက်သည်။

"ထားလိုက်ပါ၊ မမေးတော့ဘူး"

ပွဲစားက သဘောတကျရယ်မောလိုက်သည်။

"ဟေး လူအများစုက ဒီဆိုင်ကိုမဝယ်နိုင်ကြပါဘူး၊ ညီမလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ငှားနိုင်တာတောင် တော်တော်လေး အံ့ဩဖို့ကောင်းနေပြီ၊ ဦးလေးအရွယ်နဲ့တောင် တည်းခိုခန်းမှာ ကျပန်းအလုပ်လုပ်နေရတုန်းပဲ"

ဆိုင်ကို အနည်းဆုံးခြောက်လစာ ကြိုတင်ပေးရမည်ဖြစ်ပြီး စပေါ်ငွေအဖြစ် ငွေဆယ်တေးပေးရမည် ဖြစ်သည်။ ခရိုင်တရားသူကြီး၏အိမ်တော်ထိန်းက စာချုပ်လာချုပ်သောအခါ သူက လင်းယွဲ့ကိုမှတ်မိပြီး ဈေးလျှော့ပေးရန် ကမ်းလှမ်းခဲ့သည်။ လင်းယွဲ့ပြုံးပြီး ငြင်းလိုက်၏။

"စီးပွားရေးက စီးပွားရေးပဲလေ၊ ဒါပေမဲ့ ကျွန်မဆိုင်မှာ ဆော့စ်တွေရောင်းမှာဆိုတော့ အိမ်တော်ထိန်းကပဲ တစ်ချက်လောက်စောင့်ရှောက်ပေးပါဦး"

အိမ်တော်ထိန်းကပြုံး၍ သဘောတူလိုက်ကာ ဆိုင်ဘယ်တော့ဖွင့်မည်လဲဟု လင်းယွဲ့ကို မေးလိုက်သည်။ လင်းယွဲ့ သေချာမစဉ်းစားရသေးပေ။ ယနေ့တွင် သူမ သဘောကျသောဆိုင်တစ်ဆိုင် တွေ့မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ငွေ ၃၁တေးတစ်ပြိုင်နက်တည်း ကုန်သွားသဖြင့် လင်းယွဲ့နှလုံးသားမှာ သွေးထွက်မတတ်နာကျင်သွားရသည်။ သူမတွင် ငွေ ၄ တေးသာကျန်တော့သည်။ ပြန်ရအောင် ကြိုးကြိုးစားစားအလုပ်လုပ်ရမည်။ စာချုပ်နှင့် သော့များကို ရရှိပြီးနောက် လင်းယွဲ့ရင်ခုန်သံများ မြန်ဆန်လာသည်။ ယခုအခါ သူမတွင် ရှီထိုင်ခရိုင်၌ ဆိုင်တစ်ဆိုင်ရှိနေပြီ ဖြစ်သည်။ ငှားထားခြင်းဖြစ်သော်လည်း လာမည့်ခြောက်လအတွက် သူမ၏ပိုင်ဆိုင်မှုဖြစ်ပေသည်။

လင်းယွဲ့သည် ပျဉ်ချပ်များကို ဖယ်ရှားကာ ဆိုင်ကိုသေချာထပ်ကြည့်လိုက်သည်။ ဆိုင်မှာ မကြီးပေ။ ယခင်က အထည်ရောင်းသဖြင့် အရှေ့တွင် အထည်များပြသရန် အသုံးပြုသော သစ်သားပျဉ်ချပ်များကို မဖယ်ရှားရသေးပေ။ သို့သော် ပျဉ်ချပ်များကြားရှိ ကွက်လပ်များမှာ အတော်လေးကြီးမားရာ အထည်များကို ဒေါင်လိုက်ပြသထားသောကြောင့် ဖြစ်နိုင်သည်။

ဆိုင်၏ကောင်တာမှာ အလွန်ကြီးမားပြီး ဆိုင်အကျယ်အဝန်း၏ ငါးပုံတစ်ပုံခန့်ကို ယူထား၏။ ကောင်တာနောက်ဘက်တွင် သစ်သားစင်အနည်းငယ်ရှိပြီး အထည်များပြသရန် အသုံးပြုခြင်း ဖြစ်သည်။ လင်းယွဲ့ကို အံ့အားသင့်စေသည်မှာ ကောင်တာရှိကန့်လန့်ကာ နောက်ဘက်တွင် အိပ်ခန်းတစ်ခန်းစာခန့် ကျယ်ဝန်းသောနေရာကျယ်ကြီး တစ်ခုရှိနေခြင်း ဖြစ်သည်။ ၎င်းကို မူလက သိုလှောင်ခန်းအဖြစ်အသုံးပြုခဲ့ခြင်း ဖြစ်သည်။

‘ဒီဆိုင်ရဲ့ အနေအထားကကောင်းတယ်၊ နောက်မှ ဒုတိယဦးလေးကို နည်းနည်းပြင်ဆင်ခိုင်းလို့ ရတယ်၊ အဝင်ဝက ဆိုင်းဘုတ်ကိုလည်း ပြောင်းရဦးမယ်’

လင်းယွဲ့သည် ပျဉ်ချပ်များကိုပြန်တပ်ကာ ဆိုင်ကိုသော့ခတ်လိုက်သည်။ ထို့နောက် လားလှည်းကိုစီးကာ အိမ်ပြန်လာခဲ့သည်။

*ဒေါင် ဒေါင် ဒေါင်*

ရုတ်တရက် ကြေးစည်သံတစ်သံထွက်ပေါ်လာသည်။ လင်းယွဲ့လှမ်းကြည့်လိုက်ရာ ရှေ့မီတာငါးဆယ်ခန့်အကွာရှိ အိမ်တစ်လုံး၏တံခါးပွင့်လာပြီး ကျောင်းသားအများအပြားထွက်လာသည်ကို တွေ့လိုက်ရ၏။ သူမအရှေ့တွင် စာသင်ကျောင်းတစ်ကျောင်းရှိနေသည်။ လင်းယွဲ့ အလွန်ဝမ်းသာသွားသည်။ ကျောင်းသားများသည် ဝယ်ယူနိုင်စွမ်း အတော်လေးကောင်းမွန်နိုင်၏။

"ဗိုက်ဆာလိုက်တာ၊ ဗိုက်ဆာလိုက်တာ"

လူငယ်တစ်ယောက်က သူ့ဗိုက်ကိုပုတ်လိုက်သည်။

"တစ်နေကုန် စာလုပ်ပြီးပြီဆိုတော့ အနောက်ဘက်လမ်းက ဖက်ထုပ်ဆိုင်ကိုသွားပြီး ဖက်ထုပ် တစ်ပန်းကန်အရင်စားရမယ်"

"ဟူး သူတို့ရဲ့ ငရုတ်သီးဆော့စ်မရှိတော့ကတည်းက အစားအသောက်တွေက သိပ်အရသာမရှိတော့ဘူး"

ဝတ်ရုံရှည်များဝတ်ဆင်ထားသော လူငယ်အချို့ လင်းယွဲ့အနီးမှဖြတ်သွားကြသည်။ လင်းယွဲ့ပြုံးပြီးတွေးလိုက်မိသည်။

'ဒီလူပျိုပေါက်စ အရွယ်လေးတွေက သူတို့အဖေတွေကို အိမ်ရောယာပါမွဲသွားအောင် စားမယ့်ကောင်လေးတွေပဲ၊ သူတို့ရှိနေရင် အရောင်းအဝယ်အတွက် ဘာပူစရာလိုတော့မှာလဲ'

သူမ၏စီးပွားရေးဗျူဟာကို အနည်းငယ် ပြောင်းလဲရန် လိုအပ်မည်ဟု လင်းယွဲ့တွေးလိုက်မိသည်။ ဥပမာအားဖြင့် သူမသည် ဤဆယ်ကျော်သက်များကို အစားအစာအချို့ရောင်းချနိုင်သည်။ လင်းယွဲ့သည် သီချင်းလေး တစ်အေးအေးညည်းရင်း အိမ်ပြန်လာခဲ့၏။ သဘက်ခါတွင် ဆိုင်သို့သွား၍ အတိုင်းအတာများယူရန်အတွက် ဦးလေးကုအိမ်သို့ အရင်သွားကာ စီစဉ်လိုက်သည်။

"တူမလေး ကန်စွန်းဥတွေဝယ်ဦးမလား"

အဒေါ်ကုမေးလိုက်သည်။

"အဒေါ်တို့မိသားစုက လယ်ခြောက်ဧကလုံးမှာ ကန်စွန်းဥနဲ့အာလူးတွေစိုက်ထားတာ၊ အထွက်နှုန်းအရမ်းကောင်းလွန်းလို့ မြေအောက်ခန်းတောင်မဆန့်ဘူး၊ တူမလေးက ကန်စွန်းဥရောင်းမယ် ပြောထားတော့ တူမလေးကို အရင်ပေးမလို့လေဝယ်မှာလား"

"ဝယ်မှာပေါ့"

လင်းယွဲ့မှာ အရက်ချက်ရန် ကန်စွန်းဥမလုံလောက်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ သူမအိမ်ရှေ့ရှိမြေကွက်လေးမှာ ကန်စွန်းဥနှင့် အာလူး ၁ရှစ်ခန့်သာထွက်ရှိရာ သူမစားရန်သာ လုံလောက်ပြီး အရက်ချက်ရန်မလုံလောက်ပေ။

"ဘယ်လောက်ကျမလဲ"

ဤသည်မှာ မျိုးစိတ်သစ်ဖြစ်သဖြင့် လင်းယွဲ့ သေချာမသိပေ။

"တစ်ရှစ်ကို ပြား၆၀၀ရလား"

တစ်ရှစ်လျှင် ၁၂၀ ကျင်းရှိသည်။ အကြောင်းမှာ ကန်စွန်းဥများမှာ ဆန်နှင့်မတူဘဲ ခွက်ထဲသို့အတိအကျဝင်အောင် မထည့်နိုင်သောကြောင့် ဖြစ်သည်။ လင်းယွဲ့က တစ်ရှစ်ဟုပြောရာတွင် အလေးချိန်ကိုရည်ညွှန်းခြင်း ဖြစ်သည်။

အဒေါ်ကုမျက်လုံးများ အရောင်လက်သွားသည်။ ဤဈေးနှုန်းကို သူမ တစ်ခါမှမမျှော်လင့်ထားခဲ့ပေ။ တကယ်ကို တန်လွန်းလှသည်။ သူမမိသားစုတွင် အလယ်အလတ်တန်းစားလယ်မြေရှိပြီး တစ်မူလျှင် စပါးနှစ်ရှစ်ခန့်သာထွက်ရှိသည်။ လက်ရှိ ကောင်းကင်ထိရောက်နေသော ဈေးနှုန်းများအရဆိုလျှင်ပင် ငွေနှစ်တေးခန့်သာရမည် ဖြစ်သည်။

သို့သော် လယ်တစ်မူမှ ကန်စွန်းဥ သို့မဟုတ် အာလူး ၂၅ရှစ်ထွက်ရှိနိုင်သည်။ ကန်စွန်းဥတစ်ရှစ်လျှင် ၆၀၀ ပြားရသည်ဆိုပါက လယ်တစ်မူမှ ငွေ ၁၅ တေးရရှိမည်ဖြစ်သည်။ ဤသည်က ကြီးမားသော အမြတ်အစွန်းဖြစ်သည်။ သို့သော် အဒေါ်ကုက သူမအပေါ် အခွင့်အရေးမယူလိုပေ။

"တူမလေး၊ တူမလေးက သဘောကောင်းတယ်ဆိုတာ အဒေါ် သိပါတယ်၊ ဒါပေမဲ့ အဲဒီလိုတွက်လို့မရဘူးလေ၊ ဆန်ဈေးနဲ့ပဲ တွက်ပါ၊ အဒေါ်ကို တစ်ရှစ် ၈၀ပြားပဲပေး"

လင်းယွဲ့ ရယ်မောပြီးပြောလိုက်သည်။

"နွေဦးတုန်းက ဒုတိယအဒေါ်စိုက်ခဲ့တဲ့ နှမ်းက ဆန်ထက်အများကြီးပိုတန်ဖိုးရှိတာပဲ၊ အစေ့တစ်စေ့စီရဲ့ ဈေးနှုန်းကမတူဘူးလေ"

လင်းယွဲ့ဆက်ပြောသည်။

"ပြီးတော့ ကျွန်မက တခြားမိသားစုတွေဆီကလည်း ဝယ်ရဦးမှာ၊ မျက်နှာလိုက်လို့ မရဘူးလေ၊ ဒုတိယအဒေါ်က ကျွန်မရဲ့မိသားစုဖြစ်နေတော့ ဒုတိယအဒေါ်ကို ဈေးနှိမ်ပေးပြီး တခြားမိသားစုတွေကိုကျတော့ပိုပေးတာမျိုး လုပ်လို့မဖြစ်ဘူးလေ"

အဒေါ်ကုက စိတ်သက်သာရာရသွားကာ ပြောလိုက်သည်။

"ဒါဆိုရင် တစ်ရှစ်ကို ၂၀၀ပြားပဲထား၊ အဲဒီထက် ပိုမယူဘူး၊ မနေ့က အဒေါ် သူတို့သဘောထားတွေကို စုံစမ်းကြည့်တော့ လူတိုင်းက တစ်ရှစ်ကို ၂၀၀ပြား လက်ခံနိုင်တယ်တဲ့၊ ပြောရရင် ဒီကန်စွန်းဥနဲ့ အာလူးတွေက တူမလေးရဲ့ ကျေးဇူးကြောင့်ရတာလေ၊ ပြီးတော့ အထွက်နှုန်းကို ကြည့်မယ်ဆိုရင်လည်း အရမ်းကြီးဈေးမကြီးသင့်ဘူး"

အဒေါ်ကုက အပြင်းအထန်အကြံပြုလာသဖြင့် လင်းယွဲ့ထပ်မငြင်းတော့ပေ။ မည်သို့ပင်ဆိုစေ သူမတွင်လည်း ပိုက်ဆံသိပ်မရှိတော့ပေ။ လင်းယွဲ့သည် ကန်စွန်းဥ ၁၀ရှစ်ဝယ်ယူခဲ့ပြီး ဦးလေးကုက လားလှည်းပေါ်သို့ ကူတင်ပေးခဲ့သည်။ ငွေနှစ်တေးပေးလိုက်ရသဖြင့် လင်းယွဲ့ထံတွင် ငွေနှစ်တေးသာကျန်တော့သည်။

သို့သော် သူမသည် ကန်စွန်းဥကိတ်မုန့်များ လုပ်ချင်နေသေးပြီး ၎င်းအတွက် ကုန်ကျစရိတ်အချို့ လိုအပ်ပေသည်။ လင်းယွဲ့အိမ်ပြန်ရောက်သောအခါ သူမအိမ်ရှေ့တွင် ကန်စွန်းဥပုံကြီးတစ်ပုံကို တွေ့လိုက်ရ၏။ ဝမ်တာ့ကျန်းက သူ့မျက်နှာပေါ်ရှိချွေးများကို လက်ကိုင်ပဝါဖြင့်သုတ်ကာ သူမကို ပြုံးပြလိုက်သည်။

"ညီမလေးယွဲ့၊ ညီမလေးက ကန်စွန်းဥနဲ့ အာလူးတွေ သိပ်များများစားစားမစိုက်ထားတော့ အစ်ကိုထပ်ယူလာပေးတာ"

လင်းယွဲ့ကြည့်လိုက်ရာ လားလှည်းပေါ်မှပမာဏနှင့် သိပ်မကွာကြောင်းတွေ့လိုက်ရသည်။

"ဒါက ၁၀ရှစ်လောက်ရှိမယ်မလား၊ ဒီကန်စွန်းဥတွေကို တစ်ရှစ်ကို ၂၀၀ပြားနဲ့ ဝယ်မယ်၊ ပြီးတော့ အစ်ကို့ရဲ့အကြွေးထဲကနေ ငွေနှစ်တေးနှုတ်လိုက်မယ်"

"ဟေး ဒါတွေက အဲဒီလောက်မတန်ပါဘူး၊ ဒါက ရှောင်လျန်နဲ့ ငါ ညီမလေးကို လက်ဆောင်ပေးတာပါ"

"ရင်းနှီးတဲ့ညီအစ်ကိုတွေတောင် စာရင်းရှင်းရှင်းလင်းလင်း ထားသင့်တယ်လေ၊ အစ်မရှောင်လျန်နဲ့ ကျွန်မဆက်ဆံရေး ကောင်းတယ်၊ အဲဒီလိုပဲဆက်ရှိနေစေချင်တယ်၊ စာရင်းမထားရင် ကျွန်မ စိတ်မသန့်ဘူး"

လင်းယွဲ့က ထပ်မပြောတော့ဘဲ ငွေနှစ်တေးပြန်ဆပ်ပြီးကြောင်း အကြွေးစာချုပ်တွင် ရေးမှတ်လိုက်သည်။ ဝမ်တာ့ကျန်းက မူလက လင်းယွဲ့ကို တိုက်ရိုက်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် သူမလုပ်ရပ်က သူ့ကိုအကြောင်းပြချက်မရှိ ကျေနပ်သွားစေ၏။

"ကျေးဇူးပဲ ညီမလေး"

လင်းယွဲ့က ဝမ်တာ့ကျန်းကို ကန်စွန်းဥများခြံထဲသို့ ကူရွှေ့ပေးရန် အကူအညီတောင်းလိုက်သည်။ ကန်စွန်းဥပုံကြီးကို ကြည့်ရင်း လင်းယွဲ့ အလွန်တရာစိတ်ကြည်နူးနေလေ၏။ သို့သော် ကန်စွန်းဥ ကိတ်မုန့်များလုပ်ရန် သူမတွင် နောက်ထပ်တစ်ခု လိုအပ်နေသေးသည်။

‘ထည့်စရာ ခွက်’

အချဉ်ဖောက်ထားသော ကန်စွန်းဥ အနှစ်များကို ထည့်ရန်ဖြစ်သည်။ အရင်က ရေစည်ပိုင်းများကို ပြန်တွေးကြည့်ရာ တစ်လုံးကို ကြေးပြား ၅၀၀တောင် ပေးရသည်။

‘ပိုက်ဆံ ငါ့ရဲ့ပိုက်ဆံ‌တွေ ငါရှာထားသမျှက ရေလိုပဲစီးထွက်သွားသလို ခံစားနေရတယ်’

All Chapters