အခန်း ၁၁၀
Vol. 11 Ch. 110
Ch-110
လင်းယွဲ့သည် ပိုသေးသော စည်ပိုင်း ငါးလုံးကိုတစ်လုံးလျှင် ကြေးပြား ၂၀၀ဖြင့် ဝယ်ယူခဲ့သည်။ ရေသန့်ဖြင့် နှစ်ကြိမ် ဆေးကြောပြီးနောက် လင်းယွဲ့သည် ၎င်းတို့ကို အရက်ဖြူဖြင့် ပိုးသတ်လိုက်၏။ သူမ တည်ဆောက်ထားသော အုတ်တံတိုင်းခတ်ထားသည့် ခြံဝင်းကြောင့် လင်းယွဲ့သည် ကျန်ရှိသော အုတ်များကို အသုံးပြုကာ အပြင်ဘက်တွင် မီးဖိုတစ်ခုတည်ဆောက်လိုက်ပြီး ၎င်းပေါ်တွင် သံဒယ်အိုးကိုတင်ထားလိုက်သည်။
လင်းယွဲ့သည် ကန်စွန်းဥ ၈၀ ကျင်းကို အရင်ယူကာ သစ်သားစည်ပိုင်းထဲသို့ ထည့်လိုက်သည်။ ထို့နောက် ရေသန့်များလောင်းထည့်ကာ ပေါက်ပြားဖြင့် အထက်အောက်လှန်ပေးပြီး ခပ်ကြမ်းကြမ်းဆေးကြောလိုက်၏။ ရေလဲပြီးနောက် သူမထပ်မံ၍ သေချာဆေးကြောလိုက်သည်။
အခွံနွှာရန် မလိုအပ်ပေ။ လင်းယွဲ့သည် အပိုင်းပိုင်းမဖြတ်မီ ဓားကိုအသုံးပြု၍ အမည်းစက်များကို ဖယ်ရှားလိုက်သည်။ ခွေးခြေခုံပေါ်တွင်ထိုင်ကာ ၁၀ ကျင်းတောင် မလုပ်ရသေးမီ သူမခါးမှာ ကျိုးတော့မတတ် နာကျင်လာပြီး သူမခန္ဓာကိုယ်ပင်မဟုတ်တော့သလို ခံစားလာရ၏။
"နင့်လက်တွေမှာ အဖုတွေအပြည့်ပဲ၊ အပြင်ထွက်သွားဆော့ချည် သွား"
တာ့ယာလက်များမှာ နီရဲရောင်ရမ်းနေပြီး ပြည်တည်နေသောအနာအချို့မှ ပြည်များပင် ယိုစီးနေလေသည်။ ရေများက ရေခဲလိုအေးစက်နေဆဲဖြစ်သဖြင့် လင်းယွဲ့က တာ့ယာကိုအမြန် မောင်းလွှတ်လိုက်သည်။
"ဟင့်အင်း ညီမကူလုပ်ပေးချင်တာ"
တာ့ယာက နှုတ်ခမ်းဆူကာ ကန်စွန်းဥကို လှမ်းကိုင်လိုက်ပြီး အရမ်းအေးလွန်းသဖြင့် အသက်ရှူပင်မှားသွားလေသည်။
"ငါ့စကားနားထောင်စမ်းပါ၊ ခဏနေရင် မီးမွှေးတဲ့အခါကျမှ လာကူပေး၊ အဲဒါက ငါတို့ကိုနွေးသွားစေလိမ့်မယ်"
ကန်စွန်းဥများမှာ လတ်ဆတ်ပြီး အမည်းစက်များသိပ်မပါသဖြင့် လင်းယွဲ့မှာ လျင်မြန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ သူမ တစ်ဝက်ခန့်သာပြီးသေးချိန်တွင် လင်းယွဲ့ခါးမှာ အကြောလွဲသွားသကဲ့သို့ နာကျင်လာ၏။
‘ခြံထဲရှိ ကန်စွန်းဥပုံကြီးကိုကြည့်ကာ ဘယ်တော့မှ အကုန်ပြီးအောင် ခုတ်ထစ်ရမလဲ’ ဟုသူမတွေးနေမိသည်။
*ဒေါက် ဒေါက် ဒေါက်*
ရုတ်တရက် ခြံတံခါးမှတံခါးခေါက်သံထွက်ပေါ်လာသည်။
“ဘယ်သူလဲ”
"အဒေါ်ပါ၊ ညီမလေးနဲ့စကားလာပြောတာ၊ ဒါပေမဲ့ ညီမလေး အရမ်း အလုပ်များနေတယ်လို့ တာ့ယာပြောလိုက်လို့"
ဒုတိယအဒေါ်ကု၏အသံဖြစ်သည်။ လင်းယွဲ့သည် ကန်စွန်းဥများကို ချထားခဲ့ပြီး တံခါးဖွင့်ရန် အပြေးသွားလိုက်၏။ ဒုတိယအဒေါ်ကုနှင့်အတူ လက်မောင်းချင်းချိတ်ထားသော လီရှောင်လျန်က သူမကိုပြုံးရွှင်စွာကြည့်နေသည်ကို တွေ့လိုက်ရသည်။ လီရှောင်လျန်က ပြောလိုက်သည်။
"တာ့ကျန်းက နောက်ဆုံးတော့ အားရက် ရသွားပြီလေ၊ အဲ့တော့ နည်းနည်း အပန်းဖြေရအောင် ကျူးကျူးကို သူ့ဆီမှာထားခဲ့ပြီး ညီမလေးနဲ့ စကားလာပြောတာ၊ ဆောင်းတွင်းတောင် ရောက်နေပြီ၊ ဘာလို့ ဒီလောက်အလုပ်များနေရတာလဲ"
"ဟင်း"
လင်းယွဲ့ ဘေးသို့ဖယ်ပေးလိုက်ရာ သူမ ကန်စွန်းဥများ ခုတ်ထစ်နေသည်ကို သူတို့မြင်သွားကြသည်။ လင်းယွဲ့သည် သူတို့ မြင်သွားမည်ကို မကြောက်ပေ။ မည်သို့ပင်ဆိုစေ ဤသည်မှာ အရက်ချက်သည့်လုပ်ငန်းစဉ်နှင့် မသက်ဆိုင်ပေ။
"ဒီကန်စွန်းဥတွေကို အကုန်ခုတ်ထစ်ပြီး အရက်စချက်မလို့လုပ်နေတာပါ"
ဒုတိယအဒေါ်ကုက အံ့ဩတကြီးမေးလိုက်သည်။
"ဒါတွေ အကုန်လုံးလား"
"မဟုတ်ပါဘူး၊ ကျင်း ၄၀၀လောက်ပဲ ရှိမယ်လို့ ခန့်မှန်းရတယ်"
သူမ ဝယ်လာသောစည်ပိုင်းများက မလုံလောက်ပေ။ ဤမျှသာဆံ့မည်ဟု သူမ ခန့်မှန်းထားသည်။
"အဲဒါဘာများ ခက်နေလို့လဲ၊ ငါတို့ကူလုပ်ပေးမှာပေါ့"
ထိုသို့ပြောပြီးနောက် ဒုတိယအဒေါ်ကုသည် လက်ရှည်ကိုခေါက်တင်ကာ ကန်စွန်းဥခုတ်ထစ်သည့် အလုပ်ကိုလွှဲယူလိုက်သည်။
"ညီမ အိမ်ပြန်ပြီး ဓားသွားယူလိုက်ဦးမယ်"
လီရှောင်လျန် ပြောလိုက်သည်။
"ညီမကို စောင့်ဦးနော်"
လင်းယွဲ့သည် ခုံတန်းလျားပေါ်တွင်ထိုင်ကာ သူတို့နှစ်ယောက်နှင့် စကားပြောရင်း ကန်စွန်းဥများကို ခုတ်ထစ်နေလေသည်။ ဒုတိယအဒေါ်ကုက ပတ်ဝန်းကျင်ရွာများမှ လူများသည် သူတို့ရွာတွင် စားစရာများအများအပြားရှိနေသဖြင့် မနာလိုဖြစ်နေကြပြီး လူအများအပြားက သူတို့ထံမှ သီးနှံလာဝယ်ချင်နေကြကြောင်း ပြောပြနေ၏။ ရွာသားများအားလုံးက ဒုတိယအဒေါ်ကုထံသို့ လာရောက်ကာ သူမသဘောထားကို တောင်းခံခဲ့ကြသော်လည်း သူမကရောင်း၍မရနိုင်ကြောင်း ပြောခဲ့သည်။
မည်သို့ပင်ဆိုစေ ထိုအရာများကို လင်းယွဲ့က သူမကိုပေးထားခြင်းဖြစ်ပြီး ဤကန်စွန်းဥနှင့် အာလူးများစိုက်ပျိုးနည်းမှာ အလွန်ရိုးရှင်းသဖြင့် အခြားသူများ လွယ်လွယ်ကူကူသင်ယူသွားနိုင်သည်ပင်။ ယင်းကိုကြားသောအခါ လင်းယွဲ့ စိတ်သက်သာရာရသွားလေသည်။ သူမမိသားစုတွင် ကန်စွန်းဥများလုံလောက်ပြီဖြစ်၍ ထပ်မဝယ်တော့ကြောင်း ကြေညာပြီးနောက် အခြားမိသားစုများက အခြားသူများကို ရိုးရိုးရှင်းရှင်းပင် ရောင်းချပစ်ကြလိမ့်မည်ဟု သူမထင်ထားခဲ့သည်။ သူတို့က သူမသဘောထားကို လာတောင်းခံလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ရောင်းလိုက်ကြပါ"
လင်းယွဲ့ပြောလိုက်သည်။
"လူတိုင်းက အခက်အခဲတွေ့နေကြတာပဲလေ၊ ဆောင်းတွင်းလည်းရောက်လာတော့မယ်ဆိုတော့ အားလုံး နည်းနည်းလေးဖြစ်ဖြစ် ပိုအဆင်ပြေပြေကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ပါတယ်"
သူမက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ရာ သဘာဝကျကျပင် သူမပတ်ဝန်းကျင်ရှိ လူများပိုချမ်းသာကြွယ်ဝလာလေလေ ပိုကောင်းလေလေ ဖြစ်သည်။ ထို့ပြင်ကန်စွန်းဥနှင့် အာလူးများမှာ စိုက်ပျိုးရလွယ်ကူသဖြင့် ၎င်းတို့ကြီးထွားလာမှုကို တားဆီး၍မရပေ။ ထို့အပြင် သူမသည် ကန်စွန်းဥများကို အသုံးပြု၍ အရက်ချက်ကာ ငွေရအောင် ရောင်းချလိုပြီး ၎င်းမှာ ဆန့်ကျင်ဘက်ဖြစ်မနေပေ။
"အိုး ကျေးဇူးပါပဲ တူမလေးရယ်"
ဒုတိယအဒေါ်ကုမျက်နှာမှာ ဝမ်းသာမှုများဖြင့် လင်းလက်သွားလေသည်။
"တကယ်တော့ တခြားရွာက လူအတော်များများ ငါတို့ရွာကလူတွေနဲ့ ဆွေမျိုးစပ်နေကြတာ၊ သူတို့တွေ အစားအသောက်ကြမ်းတွေတို့ တောဟင်းရွက်တွေစားနေရတာတို့ကို မြင်တော့ ရွာသားအများစုကသနားနေကြတာ၊ ဆောင်းတွင်းမှာ ဗိုက်ဝအောင်မစားရရင် အိမ်မှာတင် အအေးဒဏ်ကြောင့်သေသွားနိုင်တယ်လေ"
စကားပြောနေစဉ် အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ကန်စွန်းဥ ပေါင် ၈၀ခန့်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ခုတ်ထစ်ပြီးသား ဖြစ်သွားလေသည်။ လင်းယွဲ့သည် ဒယ်အိုးထဲသို့ ရေအများအပြားထည့်ကာ ကန်စွန်းဥများကိုထည့်ပြီး မီးပြင်းပြင်းဖြင့်ပြုတ်လိုက်၏။ ပြုတ်ရန် တစ်နာရီကျော် ကြာသည်။
ထိုအချိန်အတွင်း လင်းယွဲ့သည် နောက်ထပ် ကန်စွန်းဥ ၈၀ ကျင်းကို ထုတ်ယူကာ ဆေးကြောပြီး အပိုင်းပိုင်း ခုတ်ထစ်လိုက်သည်။ ခုတ်ထစ်၍ပြီးသွားချိန်တွင် ကန်စွန်းဥများမှာ ကျက်လုနီးပါးဖြစ်နေပြီဖြစ်ကြောင်း လင်းယွဲ့ တွေ့လိုက်ရသဖြင့် ဆန်ကျင်း ၄၀ကို ထည့်လိုက်၏။ မီးအပူရှိန်ကိုကြည့်ရင်း လင်းယွဲ့သည် ၎င်းတို့ကို မီးပြင်းပြင်းဖြင့် ၁၀ မိနစ်ခန့်အရင်ပြုတ်လိုက်ပြီးနောက် မီးအေးအေးဖြင့် နောက်ထပ် ၁၀ မိနစ်ခန့် ထပ်တည်ထားလိုက်သည်။
မီးအေးအေးဖြင့်တည်ထားစဉ် လင်းယွဲ့သည် ကန်စွန်းဥလေးလုံးကို မီးဖိုထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူမသည် နောက်ထပ်ကန်စွန်းဥ ၈၀ကျင်းကို ထုတ်ယူကာ ဆေးကြောပြီး အပိုင်းပိုင်း ခုတ်ထစ်လိုက်၏။ သူတို့လှုပ်ရှားမှုများမှာ တစ်စထက်တစ်စကျွမ်းကျင်လာပြီး ပြီးစီးရန်ကြာချိန်မှာလည်း လျော့နည်းလာလေသည်။
ချက်ပြုတ်ပြီးနောက် လင်းယွဲ့သည် ဒယ်အိုးအဖုံးကိုဖွင့်ကာ တဆေးများကို ချေပြီး အအေးခံထားလိုက်သည်။ အပူချိန် အနေတော်ဖြစ်သွားသောအခါ တဆေးများကို လောင်းထည့်ပြီး မွှေလိုက်၏။။ ထို့နောက် စည်ပိုင်းထဲသို့ခပ်ထည့်လိုက်သည်။
ပထမရက်တွင် အလောတကြီးလုပ်စရာမလိုပေ။ အထဲရှိပိုးမွှားလေးများ အပြည့်အဝအချဉ်ပေါက်သွားစေရန် အချိန်ပေးလိုသည်။ လင်းယွဲ့သည် ၎င်းကို အဝတ်ဖြင့်ဖုံးအုပ်ထားလိုက်ပြီး နောက်နေ့မှသာ လေလုံအောင်ပိတ်လိုက်မည်ပင်။
အဒေါ်ကုနှင့် လီရှောင်လျန်တို့ ကန်စွန်းဥ ၄၀၀ကျင်း ခုတ်ထစ်ပြီးသွားသောအခါ အိမ်ပြန်၍ထမင်းစားရန် အကြောင်းပြချက်ပေးလိုက်ကြသည်။ သူတို့က သံသယကင်းရှင်းစေရန် ရှောင်ဖယ်ပေးခြင်းဖြစ်ကြောင်း လင်းယွဲ့သိသည်။ မည်သို့ပင်ဆိုစေ ဤခေတ်မှာ တိုဟူးလုပ်ခြင်းပင်လျှင် ယောကျ်ားများကိုသာ လက်ဆင့်ကမ်းသင်ပေးသော ရှေးခေတ်ကာလဖြစ်သည်။
လင်းယွဲ့သည် အားလုံးကိုတစ်သုတ်ပြီးတစ်သုတ် ချက်ပြုတ်လိုက်ရာ ပြီးစီးသွားချိန်တွင် နေဝင်ရီတရောအချိန်ပင် ရောက်နေလေ၏။ ကန်စွန်းဥများကို စည်ပိုင်းထဲတွင်ထည့်ထားပြီး နောက်နေ့တွင် လေလုံအောင်ပိတ်ကာ နောက်ထပ် တစ်လခန့် အချဉ်ဖောက်ထားပြီးမှသာ အရက်ချက်ရန် အသုံးပြုနိုင်သည်။ သို့သော် အရက်ချက်ရန် အထူးစည်ပိုင်းများလိုအပ်ပြီး ၎င်းတို့ကို သီးသန့် အော်ဒါမှာရန် လိုအပ်၏။
ထို့ပြင် မနက်ဖြန် ဆိုင်ပြင်ဆင်ရန်အတွက် ဦးလေးကု၏အကူအညီ လိုအပ်သေးသည်။ ထိုအချိန်ကျမှ ကူညီပေးရန် သူ့ကိုအကူအညီတောင်းရမည်။ နောက်တစ်နေ့တွင် လင်းယွဲ့သည် ဆိုင်သို့သွားခဲ့ပြီး အနောက်ဘက်လမ်းကိုဖြတ်သွားစဉ် မေဝေ့ကျွီဆိုင်ရှင် အော်ဟစ်နေသည်ကို ကြားလိုက်ရသည်။
"ကျုံးဟွာဆော့စ်တွေ ရောက်ပြီဟေ့၊ လိုချင်ရင် အခုလာဝယ်ကြ"
လင်းယွဲ့အံ့ဩသွားပြီး လှမ်းကြည့်လိုက်သည်။ မေဝေ့ကျွီတွင် လူအများအပြား စုရုံးကာ ဆော့စ်များဝယ်ယူနေသည်ကို တွေ့လိုက်ရ၏။ လင်းယွဲ့အနီးသို့ ရောက်သွားသောအခါ စည်ပိုင်းများမှာ တစ်ပုံစံတည်းဖြစ်နေပြီး "ကျုံးဟွာ" ဟူသောစာလုံးများပါသည့် စက္ကူနီစတစ်ကာများကပ်ထားသည်ကို တွေ့လိုက်ရသည်။
‘အတုအပတွေပဲ’
သေချာကြည့်လိုက်တော့ ထိုစာလုံးများမှာ ‘ကျုံးဟွာ’မဟုတ်ဘဲ ‘ကျုံးဟွား’ဖြစ်နေကြောင်း လင်းယွဲ့သတိထားမိသွားသည်။ ဒါကတော့ လွန်သွားပြီပင်။ ဆိုင်ရှင်က ခနဲ့တဲ့တဲ့ပြောလိုက်သည်။
"အိုး မောက်မာတဲ့ မိန်းကလေးလင်း မဟုတ်လား တောင်းပန်ပါတယ်၊ လောလောဆယ် ဒီမှာမင်းရဲ့ဆော့စ်တွေ မလိုဘူး"
ထိုသို့ပြောပြီးနောက် သူက တံမြက်စည်းတစ်ချောင်းကိုယူကာ လင်းယွဲ့ခြေထောက်နားသို့ လှဲကျင်းပြီး သူမကို မောင်းထုတ်ရန်ကြိုးစားလေသည်။
"မင်း ဘာလုပ်နေတာလဲ"
ဒုတိယဦးလေးကုက ဆိုင်ရှင်၏တံမြက်စည်းကို ဆွဲယူလိုက်ပြီး မျက်လုံးများပြူးကျယ်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"နောက်တစ်ခါ ထပ်ရွှေ့ကြည့်လိုက်လေ"
ဤသည်က မေဝေ့ကျွီဆိုင်ရှင်၏လှည့်ကွက်လား သို့မဟုတ် ယုံအန်းကုန်ပစ္စည်းပို့ဆောင်ရေးဌာန ကြီးကြပ်ရေးမှူး၏ညစ်ပတ်သော လှည့်ကွက်လားဆိုသည်ကို လင်းယွဲ့ လုံးဝမသိပေ။ ဆိုင်ရှင်မှာ ဒုတိယဦးလေးကုနှင့် ရန်ဖြစ်ရန်ပြင်နေလေသည်။
"ဘယ်လောက်တောင် ရဲတင်းနေတာလဲ၊ ဒီမှာ အတုအပတွေရောင်းနေတာလား၊ ကျွန်မ အာဏာပိုင်တွေဆီတိုင်ပြီး ရှင့်ကို ဖမ်းခိုင်းမယ်"
လင်းယွဲ့ အတည်ပေါက်ကြီးခြိမ်းခြောက်လိုက်သည်။ ဆိုင်ရှင်မှာ အပြစ်ရှိသလိုခံစားသွားရပြီး ဒုတိယဦးလေးကု၏အင်္ကျီကော်လာကို ကိုင်ထားသော သူ့လက်ကိုလွှတ်လိုက်သည်။ သူက ချက်ချင်းပင်ပြောလိုက်၏။
"ငါ တံမြက်စည်းလှဲနေတာကို သူက ပြဿနာလာရှာနေတာ၊ ပြီးတော့ ဒါက ကျုံးဟွာလေ၊ ဘယ်မှာအတုအပရှိလို့လဲ၊ ငါ့ဆိုင်ကပဲရောင်းနေတာ မဟုတ်ဘူး၊ တခြားဆိုင်တွေလည်း ရောင်းနေတာပဲ၊ မင်းသာ တကယ်စွမ်းရင် သူတို့အကုန်လုံးကိုဖမ်းခိုင်းလိုက်လေ"
"ကျွန်မတို့ရဲ့အလုပ်တွေကို မနှောင့်နှေးစေနဲ့တော့"
လင်းယွဲ့က ဦးလေးကုကိုလှမ်းခေါ်လိုက်ပြီး ဆိုင်၏အတိုင်းအတာများကို အရင်တိုင်းရန်ပြောလိုက်သည်။ လင်းယွဲ့သည် ဆိုင်အပြင်ဘက်ရှိ ဆိုင်းဘုတ်လေးခုကို စိုက်ကြည့်ကာပြောလိုက်သည်။
"နောက်မှ အဲဒါတွေကို ဖြုတ်၊ အတိုင်းအတာတွေ တိုင်း၊ ပြီးတော့မှ လုပ်မယ့်လူ ရှာလိုက်"
ဆိုင်းဘုတ်လေးခုမှာ - အပေါ်ဆုံးတစ်ခုတွင် ‘ချန် မိသားစု အထည်ဆိုင်’ ဟု ရေးထားပြီး၊ ဘယ်ဘက်ရှိ ဆိုင်းဘုတ်မှာ ရှည်လျားသောဒေါင်လိုက် ဆိုင်းဘုတ်ဖြစ်ကာ ‘ပေါများသော ဝါဂွမ်းအထည်၊ သက်တောင့်သက်သာနှင့် နွေးထွေးမှု’ ဟုရေးထားပြီး လမ်း၏အနောက်ဘက်အဝင်ဝသို့ မျက်နှာမူထားသည်။ ညာဘက်တွင် ဆိုင်းဘုတ်နှစ်ခုရှိပြီး ‘ကျွန်ုပ်တို့ဆိုင်၏ သေသပ်သော ရက်ကန်း၊ ကျက်သရေရှိပြီး သပ်ရပ်မှု’ နှင့် ‘ပိုးထည်များ၊ သေသပ်သော အဝတ်အထည်များ၊ တစ်အိမ်တက်ဆင်း ဝန်ဆောင်မှုရနိုင်သည်’ ဟု ရေးထားသည်။ ညာဘက် ဆိုင်းဘုတ်များမှာ လမ်းအရှေ့ဘက် အဝင်ဝသို့ မျက်နှာမူထားသည်။
အမှန်က အတုအပ ပစ္စည်းများမှာ ယခင်မင်းဆက်ကတည်းက အလွန် ခေတ်စားခဲ့ခြင်းဖြစ်သည်။ ဥပမာအားဖြင့် ပြီးခဲ့သည့်အကြိမ်က ရွာသူကြီး သူမကိုခေါ်သွားမည့်မြင်းသားဆိုင်ဆိုလျှင် အတုအပ ပစ္စည်းများ ရောင်းချနေခြင်းဖြစ်သည်။ ထို့ကြောင့် ဆိုင်အများအပြားမှာ သူတို့အဝင်ဝတွင် ဆိုင်းဘုတ်များ အများအပြားကို ချိတ်ဆွဲပြသထားလေ့ရှိသည်။
လင်းယွဲ့မှာ သူမကိုယ်တိုင်အတုအပ ပစ္စည်းများနှင့် ကြုံတွေ့ရလိမ့်မည်ဟု တစ်ခါမှမမျှော်လင့်ထားခဲ့မိပေ။ လင်းယွဲ့သည် ဆော့စ်တစ်ပုလင်းကို အရင်ဝယ်ကာအရသာ ဘယ်လိုနေလဲဆိုသည်အားမြည်းကြည့်ရန် စီစဉ်လိုက်သည်။