အခန်း ၁၁၂
Vol. 12 Ch. 112
Ch-112
မီးဖိုချောင်မှာ အလယ်အလတ်အဆင့်ရှိ ဘုန်းကြီးများ၏အခန်းညာဘက်တွင် ရှိသည်။ အဝိုင်းပုံတံခါးတစ်ပေါက်ကို ဖြတ်သွားရပြီး ထောင့်တစ်နေရာတွင် သစ်ကိုင်းများ ရှုပ်ထွေးနေသော မိုးမခပင်အိုကြီး တစ်ပင်ရှိသည်။ အရွက်များ အားလုံးကြွေကျနေပြီ ဖြစ်သော်လည်း မြင်ကွင်းက လှပနေဆဲပင်။
စင်္ကြံရှည်တစ်လျှောက် လျှောက်သွားပြီး အဝိုင်းပုံ တံခါးတစ်ပေါက်ကို ဖြတ်ကျော်ပြီးနောက် တောက်ပပြီး ကျယ်ဝန်းသော နေရာတစ်ခုက သူမရှေ့တွင် ရုတ်တရက်ပေါ်လာသည်။ မြစိမ်းရောင်ရေကန်ထဲတွင် အနီရောင် ကိုအီငါးများ ကူးခတ်ကာ ကစားနေကြ၏။ ရေကန်အလယ်တွင် ကျောက်စားပွဲနှင့် ကျောက်ထိုင်ခုံများပါရှိသော ရှစ်ထောင့်ပုံနားနေဆောင်တစ်ခုရှိသည်။
ထိုအရှေ့ဘက်တွင် မီးဖိုချောင်ရှိသည်။ လင်းယွဲ့သည် မီးဖိုချောင်အထက်ရှိ အလွန်အဆင့်မြင့်သော သက်တော်ကြီး ဘုန်းကြီးများ၏နေရာသို့သွားရာ နောက်ထပ်စင်္ကြံရှည်ကြီးတစ်ခုကို မြင်လိုက်ရ၏။ လျိုယုက ပြောလိုက်သည်။
"ဒီကျီဝေ့လန်က တော်တော်လေး ရက်ရောတယ်၊ ဗောဓိသတ်ရဲ့မွေးနေ့ရောက်တိုင်း သူက တေးတစ်ရာကို တစ်ခါတည်းလှူတာ"
သူမက လင်းယွဲ့နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"သူက အိမ်ထောင်ဦးစီးကို ပိုယုံကြည်ပြီး ဖိုရှီးကိုတော့ အထင်သေးတယ်၊ ဒါကြောင့်လည်း အိမ်ထောင်ဦးစီးက ဖိုရှီးနဲ့ယှဉ်နိုင်တာပေါ့"
"ကယ်ကြပါဦး ကယ်ကြပါဦး၊ ဆိုးဆိုးရွားရွားတွေဖြစ်ကုန်ပြီ"
အမျိုးသမီးတစ်ဦးက စိုးရိမ်တကြီး ပြေးထွက်လာကာ လျောင်ဟွေ့ကို ဆွဲကိုင်ပြီး ပြောလိုက်သည်။
"မြန်မြန်သွားပြီး သမားတော်ခေါ်ပေးပါ"
"ဘာဖြစ်လို့လဲ"
ကြမ်းတမ်းသော ဝါဂွမ်းအထည် ဝတ်ဆင်ထားသည့် ထိုအမျိုးသမီးမှာ လူဝတ်ကြောင် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ဆံပင်မရိတ်ဘဲ တရားအားထုတ်နေသူဖြစ်သည်။ သူမသည် လစဉ်လစာ အနည်းငယ်သာရရှိပြီး ချက်ပြုတ်ခြင်းကဲ့သို့သော အလုပ်များကို ကူညီလုပ်ကိုင်ပေးသည်။ သူမလက်များမှာ စိုးရိမ်စိတ်ကြောင့် တုန်ယင်နေ၏။
"သခင်လေး၊ သခင်လေး တစ်ခုခုဖြစ်နေပြီ"
"ဘာဖြစ်တာလဲ"
ကျီဝေ့လန်၏သားဖြစ်ကြောင်း ကြားလိုက်ရသောအခါ လျောင်ဟွေ့မှာ အလွန်တရာစိုးရိမ်သွားလေသည်။ ဤသည်က ချမ်းသာသောမိသားစုမှ သားတစ်ယောက်ဖြစ်သည်။ သူ့ကို ဧည့်ခံရန် သူ့ဆရာကညွှန်ကြားထားသဖြင့် သူ အနည်းငယ်မျှပင်ပေါ့ဆ၍ မဖြစ်ပေ။
သို့သော် အမျိုးသမီးမှာ အလွန်အမင်း ကြောက်လန့်နေသဖြင့် အသံများ တုန်ယင်နေကာ ဘာမှထပ်မပြောနိုင်တော့ပေ။ လျောင်ဟွေ့သည် အမျိုးသမီး ဆွဲကိုင်ထားသော သူ့အဝတ်ကို အမြန်ဆွဲဖယ်လိုက်ပြီး မီးဖိုချောင်ခန်းမဆောင်ဘက်သို့ ပြေးသွားလေသည်။
"အခြေအနေ သွားကြည့်ရအောင်"
တစ်ခုခုမှားယွင်းနေပြီကို သိလိုက်သဖြင့် လျိုယု ချက်ချင်းပင်အထဲသို့ ပြေးဝင်သွားလေသည်။ ကျီဝေ့လန်သည် အသက်ကြီးမှသားရထားသဖြင့် သားဖြစ်သူကို အင်မတန်အလိုလိုက်ကာ နေရာတိုင်းသို့ခေါ်သွားတတ်သည်။ အကယ်၍ ကလေးသာ တစ်ခုခုဖြစ်သွားပါက ကျောင်းထိုင်ဘုန်းကြီးမှာ ပြဿနာကြီးကြီးမားမားတက်ပေလိမ့်မည်။
မီးဖိုချောင် ခန်းမဆောင်ထဲသို့ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် လင်းယွဲ့သည် ၎င်း၏အထက်တန်းဆန်မှုကြောင့် နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်သည်။ စတုရန်းမီတာ ၁၀၀ခန့် ကျယ်ဝန်းသော ခန်းမဆောင်ကို ပန်းပုရုပ်များပါသော ထုပ်တန်းများနှင့်ဆေးခြယ်ထားသော အမိုးတန်းများဖြင့် အလှဆင်ထားပြီး ကျက်သရေရှိကာ သပ်ရပ်လှသည်။ ခန်းမထဲတွင် စားပွဲဝိုင်း ဆယ်လုံးချထားပြီး အားလုံးမှာ အညစ်အကြေးကင်းစင်နေ၏။
ပင်မခန်းမ၏ညာဘက်နံရံအလယ်တည့်တည့်ရှိ အနီရောင် အဝတ်ဖုံးထားသော စားပွဲတစ်လုံးပေါ်တွင် ရွှေချထားသော အမိတာဘဘုရားဆင်းတုတော်တစ်ဆူရှိသည်။ တောက်ပနေသော ရွှေရောင်ဆင်းတုတော်၊ ကရုဏာတော်ကို ဖော်ညွှန်းနေသည့် မျက်လွှာချကာ မှိတ်ထားသော မျက်လုံးတော်များ စသည်တို့မှာ အလွန်သေသပ်လှပစွာ ဖန်တီးထားခြင်း ဖြစ်သည်။
လင်းယွဲ့သည် ပတ်ပတ်လည်ကိုလှည့်ကြည့်လိုက်ရာ ကြီးကျယ်ခမ်းနားလှသော ခန်းမဆောင်ကြီးကြောင့် ချက်ချင်းပင် အံ့ဩမှင်တက်သွားရသည်။ သို့သော် သူမ သေချာမကြည့်လိုက်ရပေ။ သူမအာရုံများက မြေပြင်ပေါ်တွင် လဲကျနေသော ကလေးဆီသို့ တိုက်ရိုက်ရောက်သွားလေသည်။
ထိုကလေးမှာ သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အဆက်မပြတ် လူးလှိမ့်နေလေသည်။ ကိုရင်လေးသုံးလေးပါးက ဘေးတွင်ရပ်နေကြပြီး ဘာလုပ်ရမှန်း မသိဖြစ်နေကြသည်။
"ဘာဖြစ်တာလဲ"
လျောင်ဟွေ့သည် ဒေါသထွက်သွားပြီး ကျီလင်ရှင်းကို အမြန်ထူပေးလိုက်သည်။ ကလေး၏မျက်လုံးများမှာ သွေးကြောများနီရဲနေပြီး မျက်နှာမှာ ဖြူဖျော့နေလေ၏။ လျောင်ဟွေ့ကြောက်လန့်သွားလေသည်။
"ကျွန်တော်တို့လည်း မသိဘူး၊ ကလေးက နို့ဆာလို့ငိုနေတာ၊ အဲဒါနဲ့ အဘွားက သူ့ကိုချော့ဖို့ ဆန်မုန့်နည်းနည်း ပေးလိုက်တာ၊ ကလေးက အငိုတိတ်သွားပြီး ဆန်မုန့်ကို ပျော်ပျော်ကြီးစားနေရင်း ရုတ်တရက် မြေကြီးပေါ်လဲကျသွားတာပဲ"
"သခင်လေး ဖျားနေတာများလား၊ အတက်ရောဂါရှိလို့လား"
လျောင်ဟွေ့က ဆေးပညာတတ်ကျွမ်းသော ဘုရားကျောင်းမှ ဘုန်းကြီးများကို သွားခေါ်ရန် ပြင်လိုက်စဉ်မှာပင် တစ်ခုခုမှားယွင်းနေကြောင်း လင်းယွဲ့ သတိထားမိလိုက်သည်။ သူမ အရင်က အတက်ရောဂါကို မြင်ဖူးသော်လည်း ဤကဲ့သို့ မဟုတ်ပေ။ ကျီလင်ရှင်းသည် သူ့ပါးစပ်ကို လက်ဖြင့်အုပ်ထားပြီး မျက်လုံးများလန်နေကာ အသက်ရှူမဝဘဲ နင်နေကြောင်းသိသာလှပေသည်။
လင်းယွဲ့က စားပွဲကိုထပ်ကြည့်လိုက်ရာ ပျော့အိပြီး စေးကပ်နေသော ဆန်မုန့်များကို တွေ့လိုက်ရသည်။
“ဒုက္ခပါပဲ၊ သူ နင်သွားတာ”
သူမက အရှေ့သို့အပြေးအလွှားသွားကာ ကျီလင်ရှင်းကို တင်းကြပ်စွာဖက်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် ဖိုးဝူက လွန်ခဲ့သည့်ရက်အနည်းငယ်က ကျီဝေ့လန် လှူဒါန်းခဲ့သောစပါးများအတွက် ကျေးဇူးတင်စကားပြောကြားနေလေသည်။
"ဒီအခက်အခဲကနေ လွတ်မြောက်ဖို့ ရက်ရက်ရောရောကူညီပေးခဲ့တဲ့ ဒကာကျီကို အများကြီးကျေးဇူးတင်ပါတယ်"
"အိုး ဒါကဘာများ အရေးကြီးလို့လဲ၊ ကျွန်တော်နဲ့ သားလေး အနောက်ဘက် သုခဝတီဘုံဆီရောက်နိုင်ပြီး ဒုက္ခအပေါင်းမှ ကင်းဝေးစေရန်အတွက် ကျွန်တော့်နာမည်ကို မဟာဝီရခန်းမဆောင်ရဲ့ အပြင်ဘက်နံရံမှာ ထွင်းထုပေးဖို့လောက်ပဲမျှော်လင့်တာပါ"
"ဒါပေါ့"
တာ့ကွမ်ဘုန်းကြီးကျောင်းကို စတင်တည်ဆောက်စဉ်က အလှူငွေများ ကောက်ခံခဲ့ပြီး အလှူရှင်များ၏အမည်များကို ကုသိုလ်ဖြစ်ကျောက်စာတိုင် သို့မဟုတ် နံရံပေါ်ရှိအုတ်ချပ်များပေါ်တွင် ထွင်းထုပေးခဲ့၏။ ပိုလှူလေလေ ဘုရားနှင့် ပိုနီးလေလေဖြစ်သည်။ ယခုတစ်ကြိမ်တွင် ကျီဝေ့လန်က စပါး ၅၀၀ရှစ်လှူဒါန်းခဲ့သည်။
ထို့ပြင် သူသည် ပုံမှန်အားဖြင့်လည်း ငွေအများအပြား လှူဒါန်းလေ့ရှိ၏။ သူ့မိသားစုဝင်များ၏ အမည်များကိုလည်း ၎င်းပေါ်တွင် ထွင်းထုပေးမည် ဖြစ်သည်။ တာ့ကွမ်ဘုန်းကြီးကျောင်းက စပါးလိုအပ်နေရသည့် အကြောင်းရင်းမှာ ဆောင်းဦးပေါက် အခွန်အတွက် မဟုတ်ပေ။
ဘုန်းကြီးများအနေဖြင့် စာမေးပွဲ အောင်မြင်ပြီး ရဟန်းခံလက်မှတ်ရရှိပြီးပါက အခွန်ပေးဆောင်ရန် မလိုအပ်ပေ။ သို့သော် သူတို့ကိုသုံးနှစ်တစ်ကြိမ် စစ်ဆေးလေ့ရှိပြီး ကျရှုံးသူများကို ရဟန်းခံ လက်မှတ်ပြန်လည်ရုပ်သိမ်းသည်။ စာမေးပွဲမှာ အတော်လေး ခက်ခဲ၏။
သို့သော် ဖြတ်လမ်းတစ်ခုရှိသည်။ ၎င်းမှာ စပါး ၅ရှစ်လှူဒါန်းပါက ရဟန်းခံ လက်မှတ်ကို တိုက်ရိုက်ရရှိနိုင်၏။ ယခုတစ်ကြိမ် သူတို့တောင်းခံသော အစားအစာမှာ ရဟန်းခံလက်မှတ်ရယူရန်အတွက် ဖြစ်သည်။
ကျီဝေ့လန်အပြင် အခြားယုံကြည်သူများကိုလည်း စပါးများလှူဒါန်းရန် သူတို့ဖိတ်ခေါ်ခဲ့ရာ ၎င်းက ဘုန်းကြီးများအားလုံး၏ ရဟန်းခံလက်မှတ်များကို ဝယ်ယူနိုင်ရုံသာမက အပိုစပါး အများအပြားကိုလည်း ရရှိစေမည် ဖြစ်သည်။ သို့သော် ကျီဝေ့လန်သည် စပါးနှင့် ငွေကြေးများစွာ လှူဒါန်းသော အဓိကအလှူရှင်ဖြစ်ရာ ဖိုးဝူမှာ သဘာဝကျကျပင် သူ့ကိုဂရုတစိုက် အဖော်ပြုပေးနေရခြင်းဖြစ်သည်။
"ကျွန်တော် စကားဆက်မပြောတော့ဘူး၊ ကလေးက ကျွန်တော့်ကို တစ်ခဏလောက်မတွေ့ရတာနဲ့ သေချာပေါက် ပြဿနာရှာတော့မှာ"
ကျီဝေ့လန်က ညည်းညူသလိုပြောလိုက်သော်လည်း သူ့အသံတွင် ချစ်ခင်ယုယမှုများနှင့် အလိုလိုက်မှုများပါဝင်နေလေသည်။
"အမိတာဘ"
ဖိုးဝူပြုံးလိုက်ရာ ဝိုင်းစက်နေသော သူ့မျက်နှာမှာ ဘုရားတစ်ဆူနှင့် ဆင်တူနေလေ၏။ သူက ပြောလိုက်သည်။
"သခင်လေးက လိမ္မာပြီး ဉာဏ်ကောင်းပါတယ်၊ သူ တွယ်ကပ်နေတာလေးက တော်တော် ချစ်စရာကောင်းတာပါ"
ကျီဝေ့လန် ကျယ်လောင်စွာရယ်မောလိုက်သည်။ ဖိုးဝူက သူ့သားကို ချီးကျူးလိုက်သဖြင့် သူတကယ် ဝမ်းသာသွားကြောင်း သိသာလှပေသည်။ သူ သဘောတကျရယ်မောရင်း ပြောလိုက်၏။
"သူက တကယ်ပဲလိမ္မာပြီး ချစ်စရာကောင်းတာ"
"ဒကာကြီး အခန်းထဲမှာ ခဏလောက် နားနေပါလား၊ လျောင်ဖန်ကို သခင်လေးကို သွားခေါ်ခိုင်းလိုက်မယ်"
"မလိုပါဘူး မလိုပါဘူး၊ အတူတူသွားကြတာပေါ့၊ နေ့လယ်စာ စားချိန်တောင် နီးနေပြီ၊ ကျွန်တော် သွားစားလိုက်ဦးမယ်"
ကျီဝေ့လန်က သူ့ဗိုက်ရွှဲကြီးကို ပွတ်သပ်ရင်း ပြုံးကာပြောလိုက်သည်။ ကျီဝေ့လန်သည် ပုံမှန်အားဖြင့် သူ့သီးသန့်အခန်းသို့ အစားအသောက်များလာပို့ခိုင်းလေ့ရှိသော်လည်း ယခုလေးတင် သူ ရုတ်တရက် စိုးရိမ်စိတ်တစ်ခုဝင်လာကာ သားဖြစ်သူကို အမြန်ဆုံးတွေ့ချင်နေမိသည်။ ဖိုးဝူသည် ကျီဝေ့လန်နောက်မှလိုက်ကာ မီးဖိုချောင်ဘက်သို့ အမြန်သွားလေ၏။
စင်္ကြံရှည်ကြီးကို ဖြတ်လျှောက်ပြီး နောက်ထပ်တံခါးတစ်ပေါက်မှတစ်ဆင့် စင်္ကြံထဲသို့ ဝင်လိုက်သည်နှင့် လူလေးငါးယောက်စုရုံးကာ ဆူညံနေကြသည်ကို တွေ့လိုက်ရသည်။
"ဘာတွေ လုပ်နေကြတာလဲ၊ ဖယ်ကြစမ်း"
ဖိုးဝူသည် လျိုယုရောက်နေသည်ကို မြင်သောအခါ တည်ငြိမ်စွာနေလိုက်သည်။ ဝိုင်းအုံနေသောကိုရင်လေးများကို ဖယ်ပေးရန်သာ သူပြောလိုက်၏။ ကိုရင်လေးများ ဘေးသို့ဖယ်လိုက်သည်နှင့်တစ်ပြိုင်နက် လျောင်ဟွေ့ရင်ခွင်ထဲတွင် အဆက်မပြတ်ရုန်းကန်နေသော ကျီလင်ရှင်းကိုတွေ့လိုက်ရသည်။
ကလေးမျက်လုံးများ လန်နေပြီး သွားရည်များကျကာ မျက်နှာမှာပြာနှမ်းနေလေသည်။ ကျီဝေ့လန်၏ မျက်လုံးများပြူးကျယ်သွားကာ တစ်ခဏတာ ကြောင်အမ်းသွားလေသည်။ ထိုအချိန်တွင် လင်းယွဲ့က အရှေ့သို့တိုးလာပြီး ကျီလင်ရှင်းကို သူမရင်ခွင်ထဲသို့ ဆွဲယူလိုက်၏။
သူမသည် ခေတ်သစ်ကာလရှိတွင် ရှေးဦးသူနာပြုအသက်ကယ်နည်းဖြင့် အသက်ကယ်သည့် ဗီဒီယိုများကိုအကြိမ်ပေါင်းများစွာကြည့်ဖူးသည်။ သူမက ကလေးကို မ,လိုက်၏။ ကလေးမှာ သေးငယ်သဖြင့် သူမအားအများကြီး သုံးစရာမလိုပေ။ သူမလက်နှစ်ဖက်ကို လက်သီးဆုပ်ကာ ကလေး၏ဝမ်းဗိုက်ကို အကြိမ်ကြိမ် ဖိနှိပ်ပေးလိုက်သည်။
"အဟွတ် အဟွတ် အဟွတ်"
ကျီလင်ရှင်း ချောင်းဆိုးလိုက်ရာ သူ့နှာခေါင်းမှ နှာရည်များမျက်နှာပေါ်သို့ စီးကျလာလေသည်။ သားဖြစ်သူ ဤမျှ သနားစရာအခြေအနေ ဖြစ်နေသည်ကို မြင်သောအခါ ကျီဝေ့လန်မှာ စိုးရိမ်တကြီးဖြင့် အရှေ့သို့ပြေးထွက်လာကာ ဆူပူလိုက်၏။
"မင်း ဘာလုပ်နေတာလဲ၊ ငါ့သားကို လွှတ်စမ်း မဟုတ်ရင် မင်းကို အာဏာပိုင်တွေဆီ ခေါ်သွားမယ်"
"ဖူး"
လင်းယွဲ့ အားကုန်သုံး၍ ကလေး၏ရင်ဘတ်ကို တင်းကြပ်စွာဖိညှစ်လိုက်ရာ ကလေး၏ရင်ဘတ်မှာ လေပူဖောင်းကဲ့သို့ ဖောင်းကားလာလေသည်။ အစာရေမျိုပြွန်ထဲတွင် တစ်နေသော ဆန်မုန့်မှာ ပန်းထွက်လာသော ရှန်ပိန် ဖော့ဆို့ကဲ့သို့ ပြူးထွက်လာလေသည်။ ကျီလင်ရှင်း သူ့လည်ပင်းကို မော့လိုက်စဉ်မှာပင် ထိုဆန်မုန့်ကလွင့်ထွက်သွားလေ၏။
"ရွှတ်"
၎င်းက ဒေါသထွက်နေပြီဖြစ်သော ကျီဝေ့လန်မျက်လုံးထံသို့ တည့်တည့်မတ်မတ် အထုခဲလိုက်ရလေသည်။ သူအလိုအလျောက် ပွတ်သုတ်လိုက်ရာ သွားရည်များနှင့် ရောနှောနေသော ဆန်မုန့်မှာ သူ့မျက်လုံးများမှတစ်ဆင့် လက်ပေါ်သို့ ရောက်သွားလေသည်။ အလွန်အမင်း ကြောက်လန့်နေခဲ့သော ကျီလင်ရှင်းမှာ နောက်ဆုံးတွင် သူ အသက်ရှင်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အော်ဟစ်ငိုယိုကာပြောလိုက်၏။
"ကျွန်တော် အရမ်းကြောက်သွားတာပဲ၊ သေတော့မယ်လို့တောင် ထင်နေတာ"
သားဖြစ်သူ ဤမျှသနားစရာကောင်းနေသည်ကိုမြင်သောအခါ ကျီဝေ့လန်နှလုံးသားမှာ နူးညံ့သွားပြီး အမြန်ဖက်ရန် ကြိုးစားလိုက်သည်။ ထိုအခါ လင်းယွဲ့က နို့သကြားလုံးတစ်လုံးကို ထုတ်ယူကာ ကလေး၏ခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်၏။
"လင်ရှင်းက သိပ်တော်ပြီးရဲရင့်တာပဲ၊ သူက ယောကျ်ားပီသတဲ့ကောင်လေးပဲ၊ ရော့ ဒါက လင်ရှင်းအတွက်ဆု”
ကျီလင်ရှင်းသည် မသိမသာအငိုတိတ်သွားပြီး ရယ်မောလိုက်သည်။
"ဒီသခင်လေးက တကယ်ကိုရဲရင့်ပြီး ယောကျ်ားပီသတာပေါ့၊ မင်း ငါ့ကို ပြောစရာမလိုပါဘူး ဟီးဟီးဟီး"
သူက လေကိုပြင်းပြင်းရှူသွင်းလိုက်ရာ အပေါ်နှုတ်ခမ်းအထိ ကျလုနီးပါးဖြစ်နေသော နှာရည်များအားလုံး တစ်ဟုန်ထိုး ဝင်သွားလေသည်။ ကြည့်ရသည်မှာ တကယ်ကိုရွံစရာကောင်းလှပေသည်။ ယုတ္တိတန်တန်တွေးကြည့်မည်ဆိုလျှင် ဤကလေးမှာ အတော်လေး ချောမောနေ၏။
၎င်းနှင့် ဆန့်ကျင်ဘက်အားဖြင့် ကျေးလက်နေကလေးအများစုမှာ လယ်အလုပ်များဖြင့် အလုပ်များကြသဖြင့် သူတို့မျက်နှာများမှာ မီးသွေးကဲ့သို့ မည်းနက်နေလေ့ရှိသည်။ သို့သော် သူကတော့ အသားဖြူပြီး မျက်နှာအမူအရာသေသပ်ကာ အတော်လေး ချစ်စရာကောင်းသည်။
‘အခုလေးတင် အဲဒီအဝါရောင် နှာရည်တွေကို ရှူသွင်းလိုက်တာလား၊ သူ အဲဒါတွေကို စားလိုက်တာလား ဒါမှမဟုတ် ရွံစရာကောင်းလိုက်တာ’
လင်းယွဲ့သည် တိတ်တဆိတ်အခြားတစ်ဖက်သို့ မျက်နှာလွှဲလိုက်သည်။ ကျီလင်ရှင်းက သကြားလုံးကိုယူကာ မောက်မာစွာဖြင့် ပြောလိုက်၏။
"ဘာလဲဆိုတာ ကြည့်ရအောင်"
သူက အနံ့ခံကြည့်လိုက်ပြီး အံ့ဩတကြီးပြောလိုက်သည်။
"နို့နံ့ရတယ်"
ကျီလင်ရှင်းမျက်လုံးများ အရောင်လက်သွားပြီး သကြားလုံးကိုပါးစပ်ထဲသို့ အမြန်ထိုးထည့်လိုက်သည်။ ကြွယ်ဝပြီး ချိုမြိန်သော နို့သကြားလုံးမှာ သူ့ပါးစပ်ထဲတွင် ချက်ချင်းအရည်ပျော်သွားလေသည်။ သူက ပျော်ရွှင်နေကာ မျက်လုံးများကိုမှိတ်၍ ရွှင်လန်းစွာ ပြောလိုက်၏။
"သိပ်အရသာရှိတာပဲ ရှူး"
‘နှာရည်တွေပြန်ဝင်သွားပြန်ပြီ၊ ကျီဝေ့လန်က ဂရုမစိုက်ဘူးလား၊ ကလေးကို သတိရအောင် လက်ကိုင်ပဝါလေးတောင် မပေးနိုင်ဘူးလား’
လင်းယွဲ့သည် ရင်ထဲတွင်မျက်နှာရှုံ့မဲ့သွားသော်လည်း အပြင်ဘက်တွင်ပြုံးကာ ပြောလိုက်သည်။
"ဖြည်းဖြည်းစားနော်"
ကျီလင်ရှင်းထံသို့ လှမ်းနေသော ကျီဝေ့လန်လက်မှာ လေထဲတွင် ရပ်တန့်သွားပြီးနောက် အနေခက်စွာဖြင့် ခဏရပ်ကာ ပြန်ရုပ်သိမ်းလိုက်သည်။
"မင်း သောက်ကလေး အစားအသောက် ရတော့ အဖေ့ကိုတောင် မေ့သွားပြီပေါ့"
သို့သော် သူ သားဖြစ်သူကို သနားနေဆဲပင်။ အကယ်၍ ဤမိန်းကလေးကသာ မကူညီခဲ့ပါက သူ့သားမှာ အစာနင်ပြီး သေလုနီးပါးဖြစ်သွားနိုင်ကြောင်း သူ သဘောပေါက်သွားသည်။
"ကျေးဇူးအများကြီး တင်ပါတယ် ကောင်မလေး၊ ငါက လုံရှီးခရိုင် ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌကျီဝေ့လန်ပါ၊ မင်း တစ်ခုခုလိုအပ်ရင် ငါ့ကို ပြောပါ"