← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

Ch-113

"တိုက်ဆိုင်လိုက်တာ၊ ကျွန်မညီမလေးက လုံရှီးခရိုင်မှာ သူ့ဆော့စ်တွေကို ကြော်ငြာပေးဖို့ ရှင်တို့ကိုအကူအညီတောင်းမလို့ စဉ်းစားနေတာ"

လျိုယုက ပွင့်ပွင့်လင်းလင်းပင်ပြောချလိုက်သည်။ ကျီဝေ့လန်မျက်နှာပေါ်တွင် မနှစ်မြို့သည့် အရိပ်အယောင်တစ်ခုဖြတ်ပြေးသွားသည်ကို လင်းယွဲ့ သတိထားမိလိုက်သော်လည်း သူက ချက်ချင်းပင် ဟန်ချက်ကိုပြန်လုပ်လိုက်သည်။ တကယ့်ကို ပါးနပ်သော စီးပွားရေးသမားပီပီ သူ့ခံစားချက်များကို မည်သည့်အခါမျှထုတ်မပြခဲ့ပေ။

ကျီလင်ရှင်း တစ်ခုခုဖြစ်သွား၍ သူ ပြာယာခတ်သွားရခြင်းသာမရှိခဲ့လျှင် ဤမျှသေးငယ်သော အားနည်းချက်လေးကိုပင် သူထုတ်ပြမည်မဟုတ်ပေ။ လင်းယွဲ့ ချက်ချင်းပြောလိုက်သည်။

"သခင်လေးက သိပ်လိမ္မာပြီး ချစ်စရာကောင်းလွန်းလို့ သူဒုက္ခရောက်နေတာကို ကျွန်မ မကြည့်ရက်လို့ပါ၊ ဘယ်သူပဲဖြစ်ဖြစ် ကျွန်မကယ်မှာပါ"

ကျီဝေ့လန်၏မျက်မှောင်ကြုတ်ထားမှုများ ပြေလျော့သွားပြီး ရုတ်တရက်ပြုံးလိုက်သည်။

"ငါ့သားက တကယ်ချစ်စရာကောင်းတာ"

ကျီလင်ရှင်းက ပါးစပ်ထဲရှိသကြားလုံးကို မျိုချလိုက်ပြီး ခါးထောက်ကာ မောက်မာသောမျက်နှာထားဖြင့် ပြောလာသည်။

"ချစ်စရာကောင်းတယ် ဟီးဟီးဟီး ငါက တကယ်ချစ်စရာကောင်းတာ၊ အန်တီကြီး ငါ့ကိုကြွေမသွားနဲ့နော်"

လင်းယွဲ့သည် သူ နှာရည်ထပ်ရှုံ့လိုက်သည်ကိုမြင်သောအခါ စိတ်ထဲမှတွေးလိုက်မိသည်။

‘ခံစားချက်တွေကို ဘယ်တော့မှထုတ်မပြတဲ့ ကျီဝေ့လန်ရယ် ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့ သောက်ကလေး ကျီလင်ရှင်းရယ်’

"ဘာရောင်းချင်တာလဲ ငါရောင်းပေးမယ်၊ လုံရှီးခရိုင်မှာ အစည်ကားဆုံးဖြစ်တဲ့ အနောက်ဘက်လမ်းကို မင်းသိလား၊ အဲဒီလမ်းတစ်လမ်းလုံးက ငါတို့ မိသားစုပိုင်တာ၊ ငါ အမိန့်ပေးလိုက်ရင် သူတို့တင်ရောင်းပေးလိမ့်မယ်"

ကျီလင်ရှင်းက ခါးထောက်ကာ ပေါတောတောဟန်ဖြင့်ရယ်မောလိုက်သည်။

"ပေါက်ကရတွေ"

ကျီဝေ့လန်က ဆူပူသလိုပြောလိုက်သော်လည်း အပြုံးရိပ်တစ်ခုစွန်းထင်းနေလေသည်။

"ငါ မင်းကို စီမံခန့်ခွဲမှုတွေသင်ခိုင်းနေတာကို မင်းက အမြဲတမ်းငြင်းနေတာလေ၊ ဒါက မင်း တာဝန်တစ်စိတ်တစ်ပိုင်းယူဖို့ အခွင့်အရေးကောင်းပဲ"

"မလုပ်ပါဘူး၊ သားက ငယ်သေးတယ်လေ၊ ကလေးဘဝကို အပြည့်အဝခံစားချင်သေးတယ်"

လင်းယွဲ့မှာ စိုးရိမ်စိတ်နှင့် စိတ်လှုပ်ရှားမှုများဖြစ်နေသော်လည်း သူတို့နှစ်ယောက်ကို ကြားဖြတ်မပြောဘဲ ဘေးတွင်သာ ရပ်နေလိုက်သည်။ ထိုအချိန်တွင် မီးဖိုချောင်ရှိကိုရင်လေးက ပထမဆုံးထမင်းတစ်ဇွန်းကို ခပ်ယူကာ ပင်မခန်းမဆောင်ရှိ အမိတာဘဘုရားဆင်းတုတော်ရှေ့တွင် ကပ်လှူလိုက်သည်။ သူက ငါးရုပ်ကိုခေါက်ကာ ဆွမ်းကပ်လှူရန်အတွက် ဂါထာများ ရွတ်ဆိုလိုက်၏။

တစ်ချိန်တည်းမှာပင် ဘုန်းကြီးများက မီးဖိုချောင်ထဲမှထွက်လာကြပြီး စားပွဲဆယ်လုံးပေါ်တွင် ဟင်းလျာများ ချထားလိုက်ရာ စုစုပေါင်း ဟင်းခြောက်မျိုး ဖြစ်သည်။ ကိုရင်လေး ခေါင်းလောင်းထိုးလိုက်သောအခါ ဖိုးဝူက ပြုံး၍ပြောလိုက်သည်။

"နေ့လယ်စာ သုံးဆောင်လို့ရပါပြီ"

ဘုန်းကြီးများ တစ်ပါးပြီးတစ်ပါးဝင်လာကြသည်။ စားပွဲဆယ်လုံးအနက် အလယ်တည့်တည့်ရှိ စားပွဲမှာ အထူးဖြစ်သည်။ ၎င်းကို အနီရောင်စားပွဲခင်း ခင်းထားသဖြင့် အလွန်ကျက်သရေရှိလှ၏။ စားပွဲထိပ်ရှိ ထိုင်ခုံပေါ်တွင် ကြာပန်းများထိုးထားသော အနီရောင် တရားထိုင် ကူရှင်တစ်ခုရှိသည်။ သေသပ်လှပသော ပန်းထိုးလက်ရာနှင့် နူးညံ့သောအထည်ကို ကြည့်ရုံဖြင့် ၎င်းမှာ အတော်လေးတန်ဖိုးကြီးကြောင်း သိသာနိုင်သည်။

"ထိုင်ကြပါ"

ဖိုးဝူက ကျီဝေ့လန်နှင့် ကျီလင်ရှင်းတို့ကို သူတို့နေရာများသို့ ခေါ်ဆောင်သွားရင်း ပြောလိုက်သည်။ သူက ကျီဝေ့လန်၏ဘေး၊ စားပွဲဝိုင်း၏ ထိပ်ပိုင်းအောက်တွင် ဝင်ထိုင်လိုက်သည်။

"ငါတို့လည်း ထိုင်ရအောင်"

လျိုယုက လင်းယွဲ့ကိုဆွဲကာ စားပွဲ၏ အောက်ဘက်အစွန်းတွင် ဝင်ထိုင်လိုက်သည်။ ပင်မခန်းမဆောင်တွင် ဘုန်းကြီးများဖြင့်ပြည့်နေပြီး ဘုရားဖူးများမရှိသည်ကို လင်းယွဲ့တွေ့လိုက်ရ၏။ ဘုရားကျောင်းအရှေ့ဘက်ခြံဝင်းတွင် ဘုရားဖူးများစားသောက်နိုင်သော သက်သတ်လွတ်စားသောက်ဆောင်တစ်ခုရှိကြောင်း သူမသတိရလိုက်သည်။

သက်သတ်လွတ်ခေါက်ဆွဲ တစ်ပန်းကန်လျှင် ငါးပြားကျသင့်သည်။ သူမက စားပွဲပေါ်ရှိ ဟင်းခြောက်မျိုးနှင့် သက်သတ်လွတ်အသားအဖြစ် ဟန်ဆောင်ထားသောတိုဟူးတို့ကို စိုက်ကြည့်ရင်း

‘ဒီဘုန်းကြီးတွေ တော်တော်လေးဇိမ်ကျနေတာပဲ’

သူမတွေးလိုက်မိသည်။

‘ဒါပေမဲ့ သူတို့က ဒါတွေကိုစားရတာ ငြီးငွေ့နေပြီတဲ့လေ'

လင်းယွဲ့သည် ကျီဝေ့လန်ကိုစိုက်ကြည့်ရင်း သူတည်တည်ငြိမ်ငြိမ် စားသောက်နေသည်ကို ကြည့်နေလိုက်သည်။ သူမသည် စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ထားကာ ဖြည်းဖြည်းနှင့် သေချာစားသောက်နေလိုက်ရ၏။ ကျီဝေ့လန်သည် မျက်လုံးထောင့်မှနေ၍ လင်းယွဲ့ကို လှမ်းကြည့်လိုက်ရာ သူမ၏တည်ငြိမ်သောအမူအရာကိုမြင်ပြီး ကျေနပ်သွားလေသည်။

သူမလို တည်ငြိမ်သူမျိုးမှသာ အစားအစာကောင်းကောင်း ဖန်တီးနိုင်သည်။ သိသည့်အတိုင်း အစားအသောက်ပြုလုပ်သူ အများအပြားသည် ငွေရလာပြီးနောက် လိုတာထက် ပိုလျှော့ချလာခြင်း သို့မဟုတ် အတုအပပစ္စည်းများ ရောင်းချခြင်းတို့ စတင်လုပ်ဆောင်လာတတ်ကြသည်။ ထိုကဲ့သို့သောလူမျိုးများကို သူ အမုန်းဆုံးဖြစ်ပြီး သူ့တွင်လည်း လူကဲခတ်သည့် ကိုယ်ပိုင်နည်းလမ်းရှိလေသည်။

လင်းယွဲ့မှာ တကယ်ပင်အတော်လေး ကောင်းမွန်ကြောင်းမြင်သောအခါ ထမင်းစားပြီးနောက် ကျီဝေ့လန်သည် လက်ကိုင်ပဝါကိုထုတ်ကာ သူ့ပါးစပ်ကို သုတ်လိုက်သည်။

"သခင်မလေးတို့ နှစ်ယောက် ကျွန်တော်နဲ့ သီးသန့်အခန်းကိုလိုက်ခဲ့ပေးပါ၊ အသေးစိတ် စကားပြောရအောင်လို့ မင်းတို့ရဲ့ဆော့စ်တွေကိုလည်း ယူခဲ့ပါ"

ထို့နောက် သူ ကျီလင်ရှင်းကိုကြည့်ကာ ပြောလိုက်သည်။

"မင်းလည်း လိုက်ခဲ့"

"ဟင်း မိသားစုစီးပွားရေးကို မစီမံချင်ပါဘူး"

ကျီလင်ရှင်းက အော်ဟစ်ညည်းညူလိုက်သော်လည်း ဖခင်ကိုမလွန်ဆန်နိုင်သဖြင့် စိတ်ပျက်လက်ပျက်ဖြင့် နောက်မှလိုက်သွားလေသည်။ လင်းယွဲ့သည် ယနေ့လုံရှီးခရိုင်သို့သွားရန် မူလက စီစဉ်ထားသဖြင့် သဘာဝကျကျပင် ဆော့စ်အချို့ကို ယူလာခဲ့သည်။ သူမသည် အပြင်ဘက်ရှိ လားလှည်းဆီသို့ အပြေးအလွှားသွားကာ မတူညီသော အရသာရှိသည့် ဆော့စ်လေးမျိုးကို ထုတ်ယူပြီး ဘေးခန်းသို့သွားပို့လိုက်၏။

ကျီဝေ့လန်မှာ လက်ဖက်ရည်ဖျော်ပြီးကာစဖြစ်သည်။ ယင်းကို မြင်သောအခါ သူက လေးခွက်ငှဲ့ကာ သူတို့ရှေ့တွင်ချပေးလိုက်သည်။ ကျီဝေ့လန်က လက်ဖက်ရည်ကိုကမ်းပေးသောအခါ လင်းယွဲ့က အမြန် မတ်တတ်ရပ်ကာ လက်နှစ်ဖက်ဖြင့် လှမ်းယူပြီး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ကျီဝေ့လန်က အသာပြုံးကာ ကျီလင်ရှင်းအားပြောလိုက်သည်။

"ဘုန်းကြီးတွေကို ပန်းကန်လုံးတွေနဲ့ ပန်းကန်ပြားတွေ ယူလာပေးဖို့သွားပြောလိုက်"

"ကျွန်မ သွားလိုက်ပါ့မယ်"

လင်းယွဲ့ပြုံးရင်းပြောကာ အပြင်သို့ ထွက်သွားပြီး မီးဖိုချောင်ဘက်သို့ တန်းတန်းမတ်မတ်ပြေးသွားကာ ပန်းကန်ခွက်ယောက်လေးစုံကို ယူလာခဲ့သည်။ သူမ တံခါးဝသို့အမောတကော ရောက်လာသောအခါ စိတ်အေးသွားစေရန် အသက်ပြင်းပြင်းအကြိမ်အနည်းငယ် အမြန်ရှူသွင်းလိုက်သည်။ သူမ အထဲသို့ဝင်သွားပြီးနောက် ပန်းကန်လုံးများနှင့် ပန်းကန်ပြားများကို ချထားလိုက်ပြီး အမဲသား ငရုတ်သီးဆော့စ်ကိုဖွင့်ကာ လူတိုင်း၏ပန်းကန်လုံးထဲသို့ အနည်းငယ်စီထည့်ပေးရင်း မိတ်ဆက်လိုက်၏။

"ဒါက ငရုတ်သီးဆော့စ်ပါ"

"အဲဒီစည်ပိုင်းပေါ်မှာ ဘာရေးထားတာလဲ"

အနက်ရောင်စည်ပိုင်းပေါ်တွင် ရေးထားသည်ကို ကျီဝေ့လန် သေချာမမြင်ရပေ။ သူ အနီးသို့ယူကြည့်လိုက်သောအခါ 'ကျုံးဟွာ' ဟူသော စာလုံးများကို တွေ့လိုက်ရသည်။

"ဒါဆော့စ်ကို ကျွန်မပေးထားတဲ့ နာမည်ပါ"

"အိုး"

ကျီဝေ့လန်က အနည်းငယ်အံ့ဩသွားကာ မျက်ခုံးပင့်လိုက်သည်။ ဤအမျိုးသမီးမှာ တောသူလေးတစ်ယောက်ဟု သူ ထင်ထားခဲ့သော်လည်း သူမက ဆိုင်နာမည်ပေးခြင်းကိုသိနေ၏။ ကျီဝေ့လန်သည် ဆော့စ် အနည်းငယ်ကိုယူကာ မြည်းကြည့်လိုက်သည်။

စပ်ရှရှအနံ့က သူ့နှာခေါင်းထဲသို့ ချက်ချင်းပြည့်နှက်သွားလေသည်။ ၎င်းမှာ သူ တစ်ခါမှမကြုံဖူးသော အနံ့တစ်မျိုး ဖြစ်သည်။ ပထမဆုံးအကိုက်မှာ ငန်ပြီး အရသာရှိသောခံစားမှုက သူ့အရသာခံဖုများကို လွှမ်းမိုးသွားကာ သွားရည်ယိုစေ၏။

ထို့နောက် အစပ်ဓာတ်က သူ့လျှာကို လှုံ့ဆော်ပေးနေသည်ကို ခံစားလိုက်ရသည်။ ဤသည်မှာ သူ တစ်ခါမှမကြုံဖူးသော အရသာတစ်မျိုးဖြစ်သည်။

‘တကယ်ကို စိတ်လှုပ်ရှားစရာကောင်းလိုက်တာ၊ သူ အဲဒါကို လွှင့်ပစ်သင့်ပေမဲ့ ဆက်မစားဘဲ မနေနိုင်အောင်ဖြစ်နေရတယ်’

သူက ဆန်ပြုတ်အဖြူလေး တစ်ပန်းကန်နဲ့ တွဲစားချင်နေမိသည်။ ဒုတိယ အကိုက်တွင် အထဲမှအသားခြောက်ကို တွေ့လိုက်ရပြီး သူ့ထက်မြက်သော အရသာခံဖုများက ၎င်းကို ချက်ချင်း သိရှိသွားလေသည်။

"ဒါက အမဲသားပဲ"

လင်းယွဲ့ခေါင်းညိတ်လိုက်သည်။ မည်သို့ပင်ဆိုစေ ဤခေတ်တွင်ဖျားနာနေသော သို့မဟုတ် အိုမင်းနေသော နွားများကို အရောင်းအဝယ်လုပ်ခြင်းမှာ တရားဝင်ပြီး ဆော့စ်ထဲတွင် အမဲသား ပါခြင်းက ဥပဒေနှင့်မဆန့်ကျင်ပေ။ ဤအချိန်တွင် ကျီဝေ့လန်သည် လင်းယွဲ့ကို နောက်ဆုံးတော့ လေးစားမှုဖြင့်ကြည့်လိုက်၏။

၎င်းမှာ သာမန်ဆော့စ်သာဖြစ်မည်ဟု သူ ကနဦးကထင်ထားခဲ့ပြီး လင်းယွဲ့က ကျီလင်ရှင်းကို ကယ်တင်ခဲ့သောကြောင့် ဆိုင်တစ်ဆိုင်တွင် ရောင်းချခွင့်ပြုရန် တွေးထားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူက ၎င်းကိုသိပ်ပြီး ဂရုစိုက်မည်မဟုတ်ပေ။

‘ဘာပဲဖြစ်ဖြစ် ဆော့စ်တွေက တကယ်တမ်းကျတော့ အမြတ် ဘယ်လောက်များများရနိုင်မှာမို့လို့လဲ’

သို့ပေမဲ့ သူက နိုင်ငံအနှံ့ခရီးသွားလာခဲ့ဖူးသော်လည်း ဤအရသာမျိုးကို တစ်ခါမှမမြည်းစမ်းဖူးခဲ့ပေ။ ၎င်းက ဆက်စားချင်အောင် သွေးဆောင်နိုင်ရုံသာမက အလွန်အမင်းလည်းခံတွင်းမြိန်စေသည်။

‘ဒါက ပိုက်ဆံရနိုင်တယ်’

ကျီဝေ့လန်၏ငွေရှာချင်သော ဗီဇများက ချက်ချင်းပင် နိုးကြားလာလေသည်။ လင်းယွဲ့ကို ထပ်ကြည့်လိုက်သောအခါ သူက အရင်ကထက် ပိုမို အလေးအနက်ထားလာကာ ပြောလိုက်၏။

"နောက်တစ်ခု"

ဤအချိန်တွင် ကျီလင်ရှင်းကလည်း ဆော့စ်ကို မြည်းကြည့်လိုက်သည်။ သူက သွားရည်ကျကာပြောလိုက်၏။

"ဒါ ဘာကြီးလဲ၊ ငါ့ပါးစပ်က သွားရည်တွေ ထိန်းမရအောင်ထွက်နေပြီ"

နောက်ပိုင်းတွင် သူမတ်တတ်ရပ်ကာ ပါးစပ်ကိုဟထားပြီး သူ့သွားရည်များကို ပန်းကန်လုံးထဲသို့ စီးကျစေလိုက်၏။ လင်းယွဲ့ပြုံးကာ ကျီလင်ရှင်းထံသို့ နို့သကြားလုံးတစ်လုံး ကမ်းပေးလိုက်သည်။

"အစပ်ပြေသွားအောင်လို့ပါ"

ထို့နောက် သူမသည် ဝက်သားဆော့စ်ကိုယူကာ ကျီဝေ့လန်ပန်းကန်လုံးထဲသို့ ခပ်ထည့်ပေးလိုက်သည်။

All Chapters