အခန်း ၁၁၄
Vol. 12 Ch. 114
Ch-114
ကျီဝေ့လန်သည် ဆော့စ်လေးမျိုးစလုံးကို ဆက်တိုက်မြည်းကြည့်လိုက်ရာ သူ့မျက်လုံးများမှာ ပို၍ပို၍တောက်ပလာလေသည်။
‘ဒါက ပိုက်ဆံရနိုင်တဲ့စီးပွားရေးပဲ’
ထူးခြားမှုက အခြားအစားအစာ အများစုထက် သာလွန်နေပြီဖြစ်သည်။ ထို့ပြင် လူသားများမှာ မွေးရာပါစွန့်စားရခြင်းနှင့် အသစ်အဆန်းများကို စမ်းသပ်ရခြင်းကိုနှစ်သက်ကြ၏။ ပြောစရာတောင်မလိုအောင်ပင် ဤဆော့စ်လေးမျိုးမှာလည်း မယုံနိုင်လောက်အောင် အရသာရှိလှပေသည်။ တာ့ယုံဒေသ တစ်ခွင်လုံးတွင် ဤဆော့စ်များကို ရောင်းချကာ လူကြိုက်များလာစေပြီး ကြီးမားသော အကျိုးအမြတ်များရယူနိုင်မည့်မြင်ကွင်းကို ကျီဝေ့လန် ကြိုတင်မြင်ယောင်နေမိပြီ ဖြစ်၏။
"မင်း အဲဒါတွေကို အရင်ကရောင်းဖူးလား"
ကျီဝေ့လန်က စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်သည်။
"ဟုတ်ကဲ့"
လင်းယွဲ့က ရှီထိုင်ခရိုင်တွင် သူမပစ္စည်းများ တင်ရောင်းခဲ့ကြောင်းပြောပြကာ၊ သူမကို စုဟိုင်ဖိနှိပ်ထားပုံကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ သူမက နှုတ်ပိတ်နေ၍ရသော်လည်း ရေရှည် ပူးပေါင်းဆောင်ရွက်ရမည့် သဘောသဘာဝနှင့် ကျီဝေ့လန်က ၎င်းကို အခြားသူတစ်ဦးထံမှကြားသိသွားပါက သူမဂုဏ်သတင်းနှင့် ပုံရိပ်ကို ထိခိုက်စေမည်ကို သူမထည့်သွင်း စဉ်းစားခဲ့၏။ ထို့ပြင် သူမသည် စုဟိုင်အပေါ်ထားရှိသော ကျီဝေ့လန်၏သဘောထားကိုလည်း စမ်းသပ်ကြည့်ချင်သေးသည်။
"စုဟိုင်က ကြောက်စရာမလိုပါဘူး"
ကျီဝေ့လန် ပြောလိုက်သည်။
"လုံရှီးခရိုင်က ငါ့နယ်မြေပဲ၊ သူ ဝင်စွက်ဖက်ခွင့်မရှိဘူး၊ ဒါပေမဲ့ သူ့နောက်ကွယ်က ယုံအန်းကုန်သွယ်ရေးလုပ်ငန်းကများ မင်းရဲ့ဆော့စ်တွေကို မျက်စိကျလာရင်တော့ တော်တော်လေးပြဿနာ တက်လိမ့်မယ်"
"ဖြစ်နိုင်ချေမရှိပါဘူး၊ ဒါက ဆော့စ်တစ်ခုတည်းလေ၊ ယုံအန်းကုန်သွယ်ရေး လုပ်ငန်းက တာ့ယုံတစ်ခွင်လုံးမှာရှိတဲ့ ကုန်သွယ်ရေးလုပ်ငန်းကြီး တစ်ခုပဲ၊ သူတို့က စီရင်စုတွေမှာပဲ ဆိုင်တွေရှိတာ၊ အဲဒီလောက်ကြီးမားတဲ့ အတိုင်းအတာနဲ့ သူတို့ကဘာလို့ ကျွန်မဆော့စ်ကိုခိုးယူရမှာလဲ"
"အင်း ဒါလည်းယုတ္တိရှိတာပဲ"
ကျီဝေ့လန် ပြောလိုက်သည်။
"ဒါနဲ့ မင်းဒီဆော့စ်တွေကို တစ်ပုလင်း ဘယ်လောက်နဲ့ရောင်းလဲ"
"ငရုတ်သီးဆော့စ်က နည်းနည်းပိုဈေးကြီးလို့ ၁၅ ပြားနဲ့ ရောင်းတယ်၊ ဝက်သားဆော့စ်နဲ့ ကြက်ဆီပဲငပိဆော့စ်ကတော့ တစ်ပုလင်းကို ၁၀ ပြားစီပဲ၊ အသားမပါဘဲ ဝက်ဆီပဲပါတဲ့ ပဲငပိဆော့စ်ကတော့ ၇ပြားတည်းပါ၊ ဒါပေမဲ့ ငရုတ်သီးဆော့စ်က အရမ်းထူးခြားတဲ့ ပါဝင်ပစ္စည်းပါတော့ တစ်လကို အပုလင်း ၂၀ လောက်ပဲလုပ်နိုင်တယ်၊ ဒါကြောင့် တခြားဆော့စ်သုံးမျိုးကိုပဲ အဓိက ရောင်းပါတယ်"
ကျီဝေ့လန်က ခေါင်းကိုအကြိမ်ကြိမ်ခါရမ်းလိုက်သည်။
"ဒီလိုလုပ်လို့ မရဘူး၊ ဈေးနှုန်းတွေက အရမ်းနီးစပ်နေရင် ခွဲခြားလို့မရဘူးလေ၊ မင်းရဲ့ငရုတ်သီးဆော့စ်က ပိုထူးခြားမှန်း သိသာနေတာပဲ၊ ဒါကြောင့် ဈေးပိုတင်ပြီး အထက်တန်းလွှာအရာရှိတွေနဲ့ မင်းဆွေမင်းမျိုးတွေကိုရောင်းလို့ ရတယ်၊ ကျန်တဲ့ ဝက်သားဆော့စ်နဲ့ ကြက်ဆီ ပဲငပိဆော့စ်ကိုတော့ ၁၅ပြားအထိ ဈေးတင်မယ်၊ ပဲငပိဆော့စ်ကိုတော့ ဒီဈေးအတိုင်းပဲထားမယ်"
လင်းယွဲ့ မေးလိုက်သည်။
"ငရုတ်သီးဆော့စ်အတွက်ဆိုရင် ဈေးနှုန်းဘယ်လောက်လောက်ဆို သင့်တော်မလဲ"
"ငွေနှစ်တေး"
"ဟင်"
လင်းယွဲ့မျက်လုံးများ ပြူးကျယ်သွားသည်။ ဤသည်က လယ်သမားတစ်ဦး တစ်နှစ် သို့မဟုတ် နှစ်နှစ်စာစားရန် လုံလောက်ပေ၏။ အရမ်း ဈေးကြီးလွန်းသည်။
"အံ့ဩမသွားပါနဲ့"
ကျီဝေ့လန်ပြုံး၍ ပြောလိုက်သည်။
"အထက်တန်းလွှာတွေအတွက် အထူး ထုတ်လုပ်တာဆိုတော့ သဘာဝကျကျပဲ ပိုဈေးကြီးရမှာပေါ့၊ ငါ့မှာအဆင့်မြင့် ရောင်းချနိုင်တဲ့ လမ်းကြောင်းတွေရှိတယ်၊ ဒါပေမဲ့ နာမည်ကောင်းအရင်တည်ဆောက်ဖို့လိုတယ်၊ အဲဒီအတွက် ကနဦးအဆင့်မှာ ကြော်ငြာစရိတ်တွေ လိုအပ်တယ်"
"ကျွန်မဆီမှာ အဆင့်မြင့်ဖန်ပုလင်း တစ်လုံးရှိတယ်၊ အဲဒါက ရှင် ငရုတ်သီးဆော့စ်ကို နာမည်ကြီးအောင်လုပ်တဲ့နေရာမှာ ကူညီပေးနိုင်မလားမသိဘူး"
လင်းယွဲ့သည် ငရုတ်သီးဆော့စ်နှင့်အတူ ပါလာသော ဖန်ပုလင်းကို အသုံးပြုရန် စီစဉ်ထားသည်။ ဤကမ္ဘာနှင့် ပတ်သက်၍မကြာသေးမီက ပိုမိုလေ့လာထားခဲ့သဖြင့် တာ့ယုံမင်းဆက်တွင် ဖန်ထည်များကြာမြင့်စွာကတည်းကရှိနေခဲ့ပြီး သူတို့၏ထုတ်လုပ်မှု နည်းပညာများမှာ များစွာတိုးတက်လာခဲ့ကြောင်း လင်းယွဲ့ သိထား၏။ ၎င်းကကြွေထည်များထက် ပိုတန်ဖိုးရှိရုံမျှသာ ဖြစ်သည်။
သို့ပေမဲ့ လင်းယွဲ့ပေးမည့်ပုလင်းမှာ လုံးဝပွင့်လင်းမြင်သာနေပြီး ၎င်းက သေချာပေါက် ပို၍ထူးခြားပေသည်။
"ပစ္စည်းတွေက အနောက်ဘက်ဒေသတွေကနေလာတယ်လို့ ပြောလို့ရတာပေါ့၊ အဲဒါက လျှို့ဝှက်ဆန်းကြယ်မှုကို ပိုတိုးလာစေလိမ့်မယ်"
"အဲဒါဆို ပိုကောင်းတာပေါ့"
ကျီဝေ့လန် ပြောလိုက်သည်။
"ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မယ့်နည်းလမ်းနဲ့ပတ်သက်ပြီး ဘယ်လိုထင်လဲ"
"အကျိုးအမြတ်ကို ခွဲဝေချင်ပါတယ်"
လင်းယွဲ့ ပြောလိုက်သည်။
"ရှင့်ကိုလှည့်ပတ်ပြီး မပြောတော့ပါဘူး၊ ၅၀/၅၀ ခွဲရင်ရော ဘယ်လိုလဲ"
ကျီဝေ့လန် တစ်ခဏမျှစဉ်းစားလိုက်သည်။ ကျီလင်ရှင်းက သူ့အင်္ကျီလက်ကို ဆွဲကာပြောလိုက်သည်။
"အဖေ၊ အရမ်းကြီးခက်ခဲပြမနေပါနဲ့၊ သူက သားရဲ့အသက်ကို ကယ်ခဲ့တာလေ၊ သားရဲ့အသက်တစ်ခုတည်းကတင် အနည်းဆုံး ရွှေတေးတစ်သောင်းတန်တယ်"
ကျီဝေ့လန် ဈေးလျှော့ရန်ပြင်နေစဉ်မှာပင် ကျီလင်ရှင်းမှ ကြားဖြတ်ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် ဆော့စ်မှာ ထူးခြားသည်ဟု သူထင်မြင်ထားပြီး အကယ်၍ သူတို့သာဆက်ဆံရေးကောင်း တည်ဆောက်နိုင်ပါက သူမကို သူ့ထိန်းချုပ်မှုအောက်တွင် ရေရှည်ထားရှိနိုင်မည်ဖြစ်၏။ ပုံမှန်ဝင်ငွေစီးဆင်းမှုတစ်ခုက သိသာထင်ရှားသော ပမာဏကို ရရှိစေမည်ဖြစ်သည်။
"မင်း ဘာတွေပြောနေတာလဲ"
ကျီဝေ့လန်က ကျီလင်ရှင်းနှာခေါင်းကို နောက်ပြောင်ကာ ဆွဲလိမ်ရင်းပြောလိုက်သည်။
"မင်းအဖေက ရိုးသားတဲ့လူတစ်ယောက်ပါကွ၊ ဘယ်တော့မှ ဈေးမဆစ်ဘူး၊ ဒါပေမဲ့ အားလုံးကို အညီအမျှခွဲမယ်ဆိုရင်တော့ သခင်မလေးလင်းအတွက် အရမ်းမတရားရာကျလိမ့်မယ်"
လင်းယွဲ့ရင်ခုန်သံများ မြန်ဆန်လာသည်။
ကျီဝေ့လန်ပြောလိုက်သည်။
"ငရုတ်သီးဆော့စ်က နှစ်တေးနဲ့ရောင်းမှာဆိုတော့ အမြတ်အစွန်းများတယ်၊ ဒါကြောင့် အဲဒါကို ၅၀/၅၀ခွဲကြမယ်"
"ဝက်သားဆော့စ်နဲ့ ကြက်ဆီပဲငပိဆော့စ်က မူလက ၁၅ပြားလေ၊ အဲဒါကို ၅၀/၅၀ ခွဲလိုက်ရင် ငါကမတရားလုပ်သလို ဖြစ်သွားလိမ့်မယ်"
"ဒါပေမဲ့ ဒီပစ္စည်းနှစ်ခုက ဈေးသက်သာပေမဲ့ သူတို့ရဲ့အရောင်းပမာဏက တော်တော်လေး များသင့်တယ်၊ ၈၀/၂၀ခွဲရင်ရော ဘယ်လိုလဲ၊ သခင်မလေးလင်းက ၈၀ ရာခိုင်နှုန်းယူပြီး ငါက ၂၀ ရာခိုင်နှုန်းယူမယ်"
"ပဲငပိဆော့စ်အတွက်ကတော့၊ ငါ အရင်းဈေးနဲ့ပဲ ရောင်းပေးမယ်၊ ဒါကြောင့် တစ်ပုလင်းရောင်းရတိုင်း ကော်မရှင်ခတစ်ပြားပဲ ယူမယ်"
"သူဌေးကျီက တကယ်သဘောကောင်းတာပဲ"
ကျီလင်ရှင်း၏ကြားဝင်စွက်ဖက်မှုကြောင့် အရာအားလုံး အထူးချောမွေ့သွားလေသည်။ ကျီဝေ့လန်က လင်းယွဲ့အား မနက်ဖြန်တွင် လုံရှီးသို့ဆော့စ်ပုလင်း ၁,၀၀၀ယူလာရန်နှင့် ထိုနေရာသို့ ရောက်စဉ် စာချုပ်ချုပ်ဆိုရန်မျှော်လင့်ထားသည်။ လင်းယွဲ့ကျောက်ကပ်များ အနည်းငယ် နာကျင်သွားသလိုခံစားလိုက်ရ၏။
"နောက်ဆယ်ရက်လောက်နေမှ ရမယ်၊ ဒီဆော့စ်ကလည်း အချိန်လိုတယ်လေ"
"မင်းကိုကြည့်ရတာ သဘောကောင်းပြီး ဖော်ရွေတယ်၊ ညီမငယ်လေးတစ်ယောက်လိုပဲ အခုကစပြီး ငါမင်းကို ညီမလေးလင်းလို့ပဲခေါ်တော့မယ် ဟားဟားဟား"
ကျီဝေ့လန်က သူ့ဗိုက်ကိုပုတ်ကာပြုံး၍ ပြောလိုက်သည်။
"ရာသီဥတုက ပိုပိုအေးလာပြီ၊ ဒါပေမဲ့ ဆော့စ်တွေနဲ့ ပိုက်ဆံရှာဖို့တော့ အချိန်ကောင်းပဲ၊ ကောင်မလေး မြန်မြန်လုပ်ပြီး အခွင့်အရေးကို အမိအရယူလိုက်"
ကျီဝေ့လန်သည် ကျွမ်းကျင်သော စီးပွားရေးသမားပီပီ လူများကိုသက်တောင့်သက်သာဖြစ်စေသော ဖော်ရွေသည့် အမူအရာရှိလေ၏။လင်းယွဲ့မှာ ခုနစ်ရက်နေမှ လုံရှီးခရိုင်သို့ပို့ပေးမည်ဟုပြောရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ စကားပြောဆိုမှု အဆုံးသတ်ခါနီးတွင် ကျီလင်ရှင်းက ရုတ်တရက် ခါးထောက်ကာပြောလိုက်သည်။
"ငါလည်း မင်းနဲ့စီးပွားရေးလုပ်ချင်တယ်၊ မင်းရဲ့နို့သကြားလုံးတွေကို ငါ ရောင်းချင်တယ်"
"အိုး"
ကျီဝေ့လန်၏မျက်လုံးများ အရောင်လက်သွားပြီး စိတ်လှုပ်ရှားမှုကြောင့် သူ့မျက်နှာမှာ နီရဲသွားလေသည်။
"ငါ့သားက နောက်ဆုံးတော့ စီးပွားရေးကို စိတ်ဝင်စားသွားပြီပဲ"
ကျီဝေ့လန်သည် ကျီလင်ရှင်းကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ၊ သား ဘယ်စီးပွားရေးပဲ လုပ်ချင်လုပ်ချင် အဖေ သဘောတူတယ်၊ အဖေ အပြည့်အဝထောက်ခံတယ်"
ကျီဝေ့လန် သဘောတူလိုက်သည်ကို မြင်သောအခါ လင်းယွဲ့ပြုံး၍ ပြောလိုက်သည်။
"သေချာတာပေါ့၊ နို့သကြားလုံးတွေ ရောင်းလို့ရပါတယ်၊ အိမ်ရောက်ရင် ထပ်လုပ်ထားလိုက်ပါ့မယ်"
"ကောင်းပြီ၊ အဲဒါတွေအားလုံးကို နောက်မှ စာချုပ်ထဲမှာရေးထည့်လိုက်မယ်"
သူမတာဝန် ပြီးမြောက်သွားသဖြင့် ကျေနပ်သွားသော လင်းယွဲ့သည် ဘုရားကျောင်းမှအထွက် ကျီဝေ့လန်ကို လိုက်ပို့ပေးလိုက်သည်။ ဘုရားကျောင်း တံခါးမှအထွက်တွင် လျိုယုက သူမလက်မောင်းကို ရုတ်တရက် ဆွဲကိုင်ကာ ပြောလိုက်သည်။
"ဘုန်းကြီးကျောင်းအတွက် ဆော့စ်သွင်းဖို့ မမေ့နဲ့ဦး၊ အခုပဲသွားပြီး ဆွေးနွေးရအောင်"
ပျော်ရွှင်မှုများသည် အမြဲတမ်းအစုံလိုက်လာတတ်ပြီး ၎င်းက အရမ်းများလွန်းလျှင်လည်း ပြဿနာ၏ အရင်းအမြစ်ဖြစ်လာနိုင်ပေသည်။ လင်းယွဲ့သည် အိပ်ချင်စိတ်ကို အတင်းအကျပ်ဖြေဖျောက်ကာ လျိုယု နောက်မှလိုက်၍ ဖိုးခုန်းအဆောင်သို့ သွားခဲ့သည်။ ဖိုးခုန်းမှာ ဝဝဖြိုးဖြိုးနှင့် အသားဖြူကာ၊ ပြုံးရွှင်နေသော မျက်နှာနှင့် အလွန်ကြင်နာတတ်ပုံပေါ်သည့် အသွင်အပြင်ရှိလေသည်။
သို့သော် နောက်ဆုံးမိနစ်တွင် သူက စိတ်ပြောင်းသွားကာ ၄၀/၆၀ခွဲရန် အတင်းအကျပ်တောင်းဆိုလာ၏။ လင်းယွဲ့က ၄၀ ရာခိုင်နှုန်းရပြီး သူက ၆၀ ရာခိုင်နှုန်းရမည်ဖြစ်သည်။ ဤလူဝလာရခြင်းမှာ မတော်တဆမဟုတ်ကြောင်း လင်းယွဲ့ကိုပြသလိုဟန် ရှိသည်။
အကယ်၍ တစ်ပုလင်းကို လေးပြားဆိုပါက လင်းယွဲ့ငွေများများစားစားရမည်မဟုတ်ဘဲ သူမခါးလည်း နာကျင်ရပေမည်။ ထို့ပြင် လင်းယွဲ့သည် ကျီဝေ့လန်နှင့် စကားပြောပြီးကာစဖြစ်ပြီး တောက်ပသော အနာဂတ်တစ်ခုကို ပိုင်ဆိုင်တော့မည်ဖြစ်ရာ တစ်ပုလင်း လေးပြားအတွက် သေမတတ်အလုပ်လုပ်ရခြင်းမှာ တကယ်ကိုမတန်ပေ။
"တောင်းပန်ပါတယ်၊ ကျွန်မက အသက်မွေးဝမ်းကျောင်းအတွက် ရုန်းကန်နေရတာပါ၊ အကျိုးအမြတ်ကို အဲဒီလိုခွဲမယ်ဆိုရင်တော့ ကျွန်မ မလုပ်နိုင်ဘူးလို့ ထင်တယ်"
လင်းယွဲ့က တိုက်ရိုက်ပင်ငြင်းဆန်လိုက်သည်။ ကျီဝေ့လန်နှင့် စေ့စပ်ညှိနှိုင်းရာတွင် မအောင်မြင်ခဲ့လျှင်ပင် ဤအခြေအနေကို သူမလက်ခံမည် မဟုတ်ပေ။ လျိုယုကလည်း မျက်မှောင်ကြုတ်လိုက်သည်။
"ဖိုးခုန်း ကျွန်မတို့ရှင်းရှင်းလင်းလင်း....."
ဖိုးဝူက လျိုယုလက်ကို ရုတ်တရက် ဆုပ်ကိုင်ကာ ညင်သာစွာညှစ်လိုက်ပြီး ဘာမှထပ်မပြောရန် တားမြစ်လိုက်သည်။
"ဟားဟားဟား"
ဖိုးဝူက သူ့လက်ဖက်ရည်ကိုမှုတ်ကာ တစ်ငုံသောက်လိုက်ပြီး ပြောလိုက်သည်။
"သခင်မလေးလင်းက တော်တော်လေး ပြတ်သားတာပဲ၊ သခင်မလေးလင်းက ဘုရားကျောင်းကို ဆော့စ်အသစ်တွေ သွင်းပေးမယ်လို့ ကြားတယ်"
"ဟုတ်တယ် ဘုရားကျောင်းက အထူးဆော့စ်လိုအပ်တယ်ဆိုပေမဲ့ ဆော့စ်က အရသာရှိဖို့ ကျွန်မသေချာလုပ်ရဦးမှာမို့ အရသာကိုပြောင်းရမှာပါ"
မည်သို့သော ဆော့စ်မျိုးလုပ်ရမည်ကို လင်းယွဲ့ ဆုံးဖြတ်ပြီးပြီဖြစ်သည်။ သူမရေခဲသေတ္တာထဲတွင် ကြွက်နားရွက်မှိုနှင့် နျိုကန်ကျွင်းမှိုများရှိပြီး မှိုဆော့စ် ပြုလုပ်ရန်အတွက် ဈေးမှရှီတာကဲမှိုနှင့် ငွေနှင်းမှိုအချို့ကို ပဲငပိနှင့်အတူထပ်မံဝယ်ယူရန် စီစဉ်ထားသည်။ ရှီတာကဲမှိုများမှာ လတ်ဆတ်သောအရသာရှိပြီး ဝါးရသည်မှာ စေးပိုင်ပိုင်ဖြစ်သဖြင့် ဆော့စ်ပြုလုပ်ရန်အထူးသင့်လျော်ပေသည်။
"ဒါဆို သခင်မလေးလင်းက ကျွန်တော်တို့ ဘုရားကျောင်းအတွက် သေချာ စဉ်းစားပေးပြီး မယုံနိုင်လောက်အောင် အရသာရှိတဲ့ အထူးဆော့စ်ကိုဖန်တီးပေးမယ်ဆိုပါတော့၊ ဒီဆော့စ်အတွက် ဆယ်ပြားဆိုရင် အရမ်းနှမြောစရာ ကောင်းသွားမှာပေါ့၊ ၂၀ပြားလောက်တော့ ဖြစ်သင့်တယ်"
ဖိုးခုန်းက နှုတ်ခမ်းမဲ့ကာဝင်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဒီပါဝင်ပစ္စည်းက တန်ဖိုးကြီးပြီး ရှားပါးတော့ ပိုဈေးကြီးသင့်တာပေါ့"
လင်းယွဲ့ရင်ခုန်သံများ ရပ်တန့်သွားမတတ်ဖြစ်သွားသည်။ သူတို့က အမြတ်အစွန်းမလုံလောက်ဟု ခံစားရသဖြင့် ဈေးတင်လိုက်ခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ ဤနည်းဖြင့် လင်းယွဲ့သည် လေးပုံတစ်ပုံသာရမည်ဆိုလျှင်ပင် တစ်ပုလင်းလျှင် ၈ ပြားရနိုင်သေးသည်။ မူလ ၆ပြားထက် ၂ ပြား ပိုများသည်။
‘ဒီစီးပွားရေးကဖြစ်နိုင်ချေရှိတယ်’