အခန်း ၁၁၆
Vol. 12 Ch. 116
Ch-116
"ဦးလေးလီ စိတ်မရှိရင် ဒီတစ်ခုကိုရော ထွင်းလို့ရမလားဆိုတာ ကူကြည့်ပေးပါဦး"
လင်းယွဲ့က နောက်ထပ်တစ်ရွက်ကို ထုတ်ယူရင်း ပြောလိုက်သည်။ ၎င်းမှာ လင်းယွဲ့ စဉ်းစားထားသောကြော်ငြာလက်ကမ်းစာစောင်ဖြစ်သည်။ လူအများသိရှိလာစေရန် သူမအနေဖြင့် ကြော်ငြာရန်လိုအပ်၏။ လက်ကမ်းစာစောင်များမှာ သူမစဉ်းစားထားသော နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။
သို့သော် ခေတ်သစ်လူအများစုက သူတို့ရရှိသော လက်ကမ်းစာစောင်များကို လွှင့်ပစ်တတ်ကြ၏။ ရှေးခေတ်ကာလတွင် စက္ကူက သစ်ရွက်များထက်ပိုနူးညံ့သောကြောင့် လူများကယင်းတို့ကို ဖင်သုတ်ရန် သိမ်းဆည်းထားတတ်ကြသဖြင့် အခြေအနေပိုကောင်းသည်ဟု ဆိုရမည်။
ဤပြဿနာကို ဖြေရှင်းရန် လက်ကမ်းစာစောင်တွင် အသုံးဝင်သောအရာ တစ်ခုခု သေချာပေါက်ပါဝင်ရန် လိုအပ်သည်။ တစ်ခဏမျှစဉ်းစားပြီးနောက် လင်းယွဲ့သည် လက်ကမ်းစာစောင်၏အောက်ဘက်တစ်ဝက်တွင် ပြက္ခဒိန်တစ်ခုထွင်းရန် ဆုံးဖြတ်လိုက်၏။
"မင်း ငါ့ကိုအခက်တွေ့အောင်လုပ်နေတာပဲ"
ဦးလေးလီက သူ့ဆေးတံကို နောက်တစ်ခါဖွာလိုက်ပြီး မျက်လုံးမှေးကာ ပြောလိုက်သည်။
"ဒီဟာတွေကို ငါ သေချာတောင်မမြင်ရဘူး"
"ထွင်းလို့ရနိုင်မလားဟင်"
"ဒီဟာတွေကို ငါ ဘယ်လိုလုပ်ထွင်းလို့ရမှာလဲ၊ အရမ်း ခက်လွန်းတယ်"
ဦးလေးလီက သူ့ဆေးတံကို မြေပြင်ပေါ်ချလိုက်ပြီး စက္ကူကိုကောက်ယူကာ နေရောင်တွင် ထောင်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ထိုအကြံကို ထပ်မံငြင်းပယ်လိုက်သည်။
"ငါ မထွင်းနိုင်ဘူး၊ ငါ မထွင်းနိုင်ဘူး"
လက်သမားတစ်ဦးဖြစ်သော ဦးလေးလီမှာ စာလုံးများထွင်းထုရာတွင်လည်း ကျွမ်းကျင်ပြီး ပတ်ဝန်းကျင်ရွာများတွင် နာမည်ကြီးသည်။ သူက မထွင်းနိုင်ဟုပြောသောအခါ ဖုံးကွယ်ရန်အတွက် စကားလုံးအနည်းငယ်ကို အမြန် ထပ်ဖြည့်လိုက်သည်။
"ငါ ထွင်းနိုင်ရင်တောင်မှ မင်းရဲ့စာလုံးတွေက အရမ်းသေးလွန်းတော့ ပုံနှိပ်လို့ ရမှာမဟုတ်ဘူး"
"ဟုတ်ကဲ့ပါ"
နောက်နှစ်၏လများအားလုံးကို စာရင်းပြုစုထားသောပြက္ခဒိန်မှာ အမှန်တကယ်ပင် အနည်းငယ်သေးငယ်နေသည်။ ထို့ကြောင့် လင်းယွဲ့က အခြား အစီအစဉ်တစ်ခုကို ပြင်ဆင်လိုက်သည်။ သူမက ၎င်းကိုထုတ်ယူကာ ဦးလေးလီအား ကမ်းပေးလိုက်၏။
ဦးလေးလီက သူမကိုစွေကြည့်လိုက်သည်။
"မင်းက ဘယ်တော့မှမရပ်တော့ဘူးလား၊ ပြီးတော့ အကုန်လုံးက အရမ်း ခက်တာချည်းပဲ၊ ဒါပေမဲ့ ဒီတစ်ခုကတော့ ပိုလွယ်တယ်၊ ဂဏန်းတွေ အကုန်လုံးထဲက တစ်စိတ်တစ်ပိုင်းပဲပါတော့တာကိုး"
သို့သော်
"နဂါးခေါင်းမော့ချိန်၊ အင်းဆက်များ နိုးထချိန်၊ နွေဦး နေ့ညညီချိန်ဟုတ်လား"
ဦးလေးလီက ပြောလိုက်သည်။
"ဘာလို့ ဒီလောက်ဝေးတဲ့ရက်စွဲတွေကို ရေးနေတာလဲ"
ဦးလေးလီက သူ့ခေါင်းကို ထပ်ကုတ်လိုက်သည်။
"နေ၊ လ၊ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ ဒါက ပြက္ခဒိန်လား၊ မင်း ဒါကိုဘာလုပ်မလို့လဲ၊ ဒါက နောက်နှစ် ဖေဖော်ဝါရီလအတွက်ပဲ ရှိတာလေ"
"ဟီးဟီး တစ်ကယ်လို့ ဦးလေးသာ ဒီလို ပြက္ခဒိန်မျိုးရမယ်ဆိုရင် အိမ်သာသုံးစက္ကူအဖြစ်သုံးမလား ဒါမှမဟုတ် အိမ်မှာကြည့်ဖို့သိမ်းထားမလား"
"ဒါကိုတော့ ဖင်သုတ်ဖို့သုံးလို့မရဘူး"
ဦးလေးလီက စက္ကူကို သေချာကြည့်၍ ပြောလိုက်သည်။ 'ကျုံးဟွာ'ဟူသော စာလုံးများပေါ်တွင် ပန်ဒါဝက်ဝံကြီး တစ်ကောင်ထိုင်နေပြီး အောက်တွင် စစ်မှန်သော ကျုံးဟွာ၊ ထူးခြားသောဆော့စ်များ၊ အရသာရှိပြီး ဈေးနှုန်းချိုသာသည်။ ဖွင့်ပွဲအထူးအစီအစဉ်များ ဟူသော ရိုးရှင်းသည့်ဆိုင်းဘုတ်ပါရှိရာ ပုံစံမှာ အတော်လေးလှပကြောင်း သူ တွေ့ရှိလိုက်ရ၏။ လက်ကမ်းစာစောင်၏ အောက်ခြေဆုံးတွင် "ဒါပါရင် ဆော့စ်အားလုံးတစ်ပြား လျှော့ပေးသည်၊ တစ်ကြိမ်သာ သုံးနိုင်မည်" ဟုရေးထားပြီး ဘေးတွင် ကြေးပြားတစ်ပြားပုံဆွဲထား၏။ ဦးလေးလီက စိတ်ထဲမှ တွေးလိုက်သည်။
"ဒီလူက ပါရမီရှင်များဖြစ်နေမလား"
အကယ်၍ သူသာဤလက်ကမ်းစာစောင်ကိုရရှိခဲ့ပါက သေချာပေါက် လွှင့်ပစ်မည် မဟုတ်ပေ။ သူ့အိမ်တွင် ချိတ်ဆွဲထားမည် ဖြစ်သည်။ ၎င်းက ကြည့်ကောင်းပြီး အလှဆင်စရာဖြစ်ရုံသာမက နောက်နှစ်ဖေဖော်ဝါရီလအတွက် ပြက္ခဒိန်အဖြစ်လည်း အသုံးပြုနိုင်ပေ၏။
ထို့ပြင် အောက်ဘက်ရှိမှတ်ချက်မှာ တစ်ပြားတန်ဖိုးရှိရာ ဆော့စ်ကို ဘယ်အချိန်ဝယ်ချင်လာမည်ကို မသိနိုင်သဖြင့် သေချာပေါက် လွှင့်ပစ်၍မရပေ။ ဦးလေးလီမှာ ပုံမှန်အားဖြင့် ကျောက်စာတိုင်များပေါ်တွင်သာ ထွင်းထုသည့် အလုပ်များရလေ့ရှိရာ ယခုတစ်ကြိမ်တွင် ဤမျှဆန်းသစ်သော အလုပ်ဖြစ်သဖြင့် သူပြောလိုက်သည်။
"ဒါက ထွင်းရတာတော်တော်လေး ခက်တယ်၊ ဆယ်ရက်လောက်တော့ စောင့်ရမယ်၊ ၅၀၀ ပြား ပြီးတော့"
လင်းယွဲ့ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အခြားတစ်ခုခု ရှိသေးလို့လား"
"ဒီလောက်ရှုပ်ထွေးတဲ့ အလုပ်တစ်ခုအတွက် ၅၀၀ပြားဆိုတာက ဈေးလျှော့ပေးပြီးသား၊ ဒါကြောင့် ငါ့ကိုလည်း ဆော့စ်တစ်ပုလင်းလောက်ပေး ငါ မြည်းကြည့်ချင်လို့"
"အာ ရတာပေါ့"
လက်ကမ်းစာစောင်မထွင်းရသေးမီမှာပင် ဖောက်သည်တစ်ယောက်ကိုဆွဲဆောင်နိုင်လိမ့်မည်ဟု လင်းယွဲ့မမျှော်လင့်ထားခဲ့ပေ။ သူမသည် ဒုတိယအဒေါ်ကုနှင့် လီရှောင်လျန်တို့ကို တစ်နေ့လျှင် ပြား ၂၀ စီပေးကာ သူမ၏ဝက်များနှင့် ကြက်များကို ကူညီစောင့်ရှောက်ရန် ငှားရမ်းခဲ့သည်။ သူမသည် လုံရှီးခရိုင်မှဆော့စ်များ၊ တာ့ကွမ်ဘုန်းကြီးကျောင်း သို့မဟုတ် သူမ၏စီးပွားရေးအသစ်အတွက်ဖြစ်စေ ကုန်ပစ္စည်းများ သိုလှောင်ရန် အာရုံစိုက်ဖို့ လိုအပ်သည်။
အရာအားလုံးကို ပြင်ဆင်ထားရန် လိုအပ်သည်။ မီးဖိုမှ မီးရောင်က နံရံများပေါ်တွင် အနီရောင်အရိပ်များကို ကျရောက်စေသည်။ ဆောင်းရာသီဖြစ်လျှင် မီးအဆက်မပြတ်ဖိုထားသဖြင့် မီးဖိုချောင်တစ်ခုလုံးမှာ နွေးထွေးပြီး အငွေ့များ ထွက်နေ၏။ မီးဖိုရှေ့တွင် ထိုင်နေသော ဒုတိယအဒေါ်ကုက သူမ၏ဂွမ်းထည်အင်္ကျီကိုချွတ်ကာ ပြောလိုက်သည်။
"ဆောင်းတွင်းက အရင်ကတော့အေးတယ်၊ အခုတော့ မအေးတော့ဘူး၊ ဒါပေမဲ့ ဒီထင်းကဈေးကြီးလွန်းတယ်"
"အစ်ကိုတာ့ကျန်းရဲ့ ကျေးဇူးကြောင့်ပါ"
လင်းယွဲ့ပြုံး၍ ပြောလိုက်သည်။
"မဟုတ်ရင် ဘယ်သူ့ဆီက ထင်းဝယ်ရမလဲဆိုတာ ကျွန်မတကယ် မသိဘူး"
ကျောတွင် ကလေးပိုးထားသော လီရှောင်လျန်က ဆော့စ်များကို သူမလက်များဖြင့် အမြန်ခပ်ယူရင်း ပြောလိုက်သည်။
"ညီမလေးရဲ့ကျေးဇူးကြောင့်ပါ ကြွယ်ဝချမ်းသာခြင်း နတ်သမီးလေးရယ်၊ အစ်မတောင် ဒီနှစ်မှာ ဂွမ်းထည်အင်္ကျီ အသစ်တစ်ထည် ရလိုက်သေးတယ်"
"အိုး ဒါနဲ့ အစ်မ ညီမလေးအတွက် ဖိနပ်တစ်ရံလုပ်ပေးထားတယ်၊ နောက်မှ အစ်မအိမ်လာပြီး ကွက်တိဖြစ်မဖြစ် စမ်းစီးကြည့်ပါဦး"
လီရှောင်လျန် ပြောလိုက်သည်။
"ဆိုင်ကနေ ဂွမ်းအကြွင်းအကျန်တချို့ ရလာလို့လေ၊ အဲဒီဆိုင်တွေမှာ ရောင်းတဲ့ဖိနပ်တွေက မခိုင်တဲ့အပြင် ဈေးလည်းကြီးတယ်၊ အိမ်မှာချုပ်တာလောက် ဘာမှမကောင်းပါဘူး"
"ဒါဆို အစ်မရှောင်လျန်ကို အများကြီး ကျေးဇူးတင်ပါတယ်"
"ဟေး ညီမလေးက အစ်မကို ဘာလို့ဒီလောက် အားနာနေရတာလဲ"
"ဒုတိယအဒေါ် မီးနည်းနည်းလျှော့လိုက်ပါ"
လင်းယွဲ့က အချိန်ကိုက်မြင်သောအခါ မီးကိုအေးသွားအောင် လျှော့ချရန် ပြောလိုက်၏။ ယခင်မီးပြင်းပြင်းမှာ မွှေကြော်ရန်အတွက် အသုံးပြုခြင်းဖြစ်ပြီး ယခုအခါ မီးအေးအေးဖြင့် တည်ထားခြင်းက ဆော့စ်များကိုစိမ့်ဝင်သွားစေမည်ဖြစ်သည်။ ဆော့စ်များစွာ ရှိသော်လည်း လင်းယွဲ့က အမြန်ချက်ရန် မရည်ရွယ်ပေ။
ယင်းအစား တစ်သုတ်ချင်းစီကို ဂရုတစိုက်ပြင်ဆင်၏။ မည်သို့ပင်ဆိုစေ အရသာကောင်းမွန်ခြင်းမှာ သူမဆော့စ်များအတွက် အခြေခံအုတ်မြစ် ဖြစ်သည်။ မီးအေးအေးဖြင့် တည်ထားစဉ်အတွင်း သူမအနည်းငယ် အနားယူနိုင်ခဲ့သည်။ ဒုတိယအဒေါ်ကုမှ စိုးရိမ်နေပုံရသည်ကိုမြင်သောအခါ သူမမေးလိုက်၏။
"ဒုတိယအဒေါ် စိတ်ထဲမှာ တစ်ခုခုရှိနေလို့လား"
"ဟူး"
ဒုတိယအဒေါ်ကုက သက်ပြင်းချလိုက်သည်။
"အကုန်လုံးပိုက်ဆံကြောင့်ပါပဲ၊ အရင်တုန်းက အဒေါ်လျံဖန်ရောင်းပြီး ပိုက်ဆံရှာနေတုန်းက လူတိုင်းက အဒေါ့်ကိုပြုံးပြကြတယ်၊ အဒေါ်က မိသားစုကို အစားအသောက်တချို့ပေးရင်တောင် ချွေးမက ညည်းညူပေမဲ့ စကားတစ်ခွန်းတည်းနဲ့ သူ့ကိုပိတ်ပစ်လို့ရတယ်၊ အဒေါ့်မိဘတွေဆို အဒေါ့်ကိုမြင်တာနဲ့ ပိုတောင်ပျော်ပြီး ကြိုဆိုကြသေးတယ်"
"နောက်ပိုင်း လျံဖန်မရောင်းရတော့ပေမဲ့ အဒေါ်က အဝတ်လျှော်၊ ထမင်းချက်၊ မြက်ရိတ်၊ ကြက်စာကျွေး၊ လယ်ထဲအလုပ်လုပ်၊ အဝတ်ချုပ် စတဲ့ အလုပ်အကုန်လုံးကို အပြစ်ပြောစရာမရှိအောင် အလုပ်များနေခဲ့တာပဲ၊ ဒါပေမဲ့ သူတို့က ဂရုမစိုက်ကြဘူး၊ အဒေါ့်ရဲ့ ကြင်နာမှုကို နည်းနည်းလေးမှကျေးဇူးမတင်ကြဘူး"
"ပြီးတော့ ချွေးမကလည်း အဒေါ့်မိဘအိမ်ကို ကန်စွန်းဥနည်းနည်း ပြန်ယူသွားတာကို ခနဲ့တဲ့တဲ့နဲ့ ဆူပူသေးတယ်၊ ပြောရရင် ရွာတစ်ရွာလုံးကလူတိုင်းက အဒေါ် ချွေးမအပေါ်ကောင်းတယ်လို့ ပြောကြတာပဲ၊ ဒါပေမဲ့ သူတို့ကဘာတစ်ခုမှ မမှတ်မိကြဘူး"
"အခု အဒေါ် ပိုက်ဆံပြန်ရှာနေတယ်ဆိုတာ သူတို့သိသွားတော့ အကုန်လုံးက အဒေါ့်ကို မျက်နှာချိုသွေးဖို့ကြိုးစားနေကြပြန်ရော၊ သားအကြီးဆုံး မိသားစု၊ ဒုတိယသား မိသားစု၊ သားအငယ်ဆုံး၊ အမြဲတမ်း ဇာတ်လမ်းဟောင်းတွေချည်းပါပဲ၊ အနွေးထည်မလုံလောက်ဘူးလို့ ညည်းကြတယ်၊ အဝတ်အစားတွေ ဖာထေးဖို့ လိုတယ်တဲ့၊ ဒါမှမဟုတ် အသားစားချင်တယ်တဲ့၊ သူတို့ အကုန်လုံး အဒေါ့်ဆီကနေ ပိုက်ဆံ ညှစ်ထုတ်ဖို့ ကြိုးစားနေကြတာ"
"ပိုက်ဆံက ခွေးမသားပဲ မဟုတ်ဘူး၊ သူတို့က ခွေးမသားတွေ"
ဒုတိယအဒေါ်ကု၏မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာပြီး ထိုကိစ္စအတွက် တကယ်ဝမ်းနည်းနေပုံရသည်။ ဒုတိယအဒေါ်ကုနှင့် ဆက်ဆံခဲ့ရမှုများအရ သူမမှာနူးညံ့ပြီး ကြင်နာတတ်သူ တစ်ဦးဖြစ်ကြောင်း လင်းယွဲ့သိသည်။ မဟုတ်ပါက သူမကိုပေါင်မုန့်တစ်ချပ်ပေးပြီး ကူညီဖေးမပေးမည့်သူမှာ ဒုတိယအဒေါ်ကုတစ်ယောက်တည်း ဖြစ်မည်မဟုတ်ပေ။ သို့သော် နူးညံ့သိမ်မွေ့သူများသည် မကြာခဏဆိုသလို နစ်နာတတ်ကြသည်။ လီရှောင်လျန်က သက်ပြင်းချလိုက်၏။
"အစ်မဟုန်ရှို့၊ အစ်မက အရမ်းသဘောကောင်းလွန်းတာကိုး၊ တစ်ကယ်လို့ အစ်မသာ တခြားသူတွေလို ကိုယ့်ချွေးမကိုဆက်ဆံပြီး ပိုက်ဆံအကုန်လုံးကို လက်ထဲမှာသိမ်းထားပြီး သူ့ကိုအလုပ်တွေအကုန်လုံး လုပ်ခိုင်းမယ်ဆိုရင် သူတို့ဘာပြောနိုင်မှာလဲ"
"ရွာထိပ်က စွန်းမိသားစုကို ညီမသိတယ်မလား၊ သူတို့က ချမ်းသာတယ်၊ ဒါပေမဲ့ ယောက္ခမက ပိုက်ဆံအကုန်လုံးကို သိမ်းထားတာ၊ သူတို့ရဲ့ဒုတိယချွေးမကိုယ်ဝန်ရှိနေတုန်းကတောင် နေ့တိုင်း အစားအသောက်ကြမ်းတွေနဲ့ တောဟင်းရွက်တွေကိုပဲ စားရတာ၊ ငါတို့လိုဆင်းရဲတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ စားတာထက်တောင် ပိုဆိုးသေးတယ်"
"သူမက ဆောင်းတွင်းကြီးကို အဝတ်သွားလျှော်ရတယ်၊ အဲဒါနဲ့ ချော်ပြီးမြစ်ထဲကျသွားတော့ သူရော ဗိုက်ထဲက ကလေးရော သေသွားတယ်၊ ကိုယ်ဝန် ခြောက်လတောင် ရှိနေပြီ၊ မွေးဖို့တောင် နီးနေပြီလေ၊ ဒါကို ကြည့်စမ်း"
"ဟင်"
လင်းယွဲ့ အံ့ဩတကြီးဖြင့်ပြောလိုက်သည်။
"ဒုတိယချွေးမရဲ့မိသားစုကရော ဘယ်လိုနေလဲ၊ သူတို့လာပြီး ပြဿနာမရှာကြဘူးလား"
"ငါတို့ စောင့်ကြည့်ခဲ့ပါတယ်၊ ဒါပေမဲ့ အလကားပါပဲ"
လီရှောင်လျန် ပြောလိုက်သည်။
"အဲဒီမိဘတွေက သူမကို အကြီးအကျယ်ကျိန်ဆဲကြမှာ၊ သူမက ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားပြီး ဘာပျော်ရွှင်မှုကိုမှ မခံစားရဘူးလို့ပြောကြမှာပေါ့၊ ပြီးတော့ သူတို့ရဲ့ဒုတိယချွေးမက သားယောကျ်ားလေးမမွေးပေးဘူး၊ သူမကို အလကားယူခဲ့ရတာလို့လည်း ပြောကြဦးမှာ၊ သူမရဲ့မိသားစုကို တင်တောင်းငွေပြန်ပေးဖို့တောင် တောင်းဆိုကြဦးမှာ"
လီရှောင်လျန် ခေါင်းခါလိုက်သည်။
"ဒါပေမဲ့ ဒီမိဘတွေက ဘယ်လောက် ယုတ်မာလဲဆိုတာ ကြည့်ကြည့်ပါဦး၊ သူတို့ရဲ့ချွေးမက လိမ္မာပြီး နာခံတတ်တယ်၊ ဘာမှမညည်းညူရဲဘဲ အိမ်မှုကိစ္စတွေကို လုပ်ခဲ့တာပဲ"
"ငါက သူ့လိုမလုပ်နိုင်ဘူး"
ဒုတိယအဒေါ်ကု သက်ပြင်းချလိုက်သည်။
"ငါ့ကိုအခံစားရဆုံးက ငါ့သားတွေပဲ၊ ငါနဲ့ ငါ့ချွေးမက သွေးမတော်သားမစပ်တာက တစ်ပိုင်းပေါ့၊ ဒါပေမဲ့ ငါ့သားကို ငါမွေးပြီး ငါကိုယ်တိုင်ကျွေးမွေးပြုစုလာတာလေ၊ သူတို့က ငါ့ကိုဘယ်လိုလုပ် အကြံအစည်တွေလုပ်ရက်ကြတာလဲ"
လီရှောင်လျန်ပြောလိုက်သည်။
"သားနဲ့ ချွေးမအကြောင်းတော့ မပြောပါနဲ့တော့၊ ငါ့ရဲ့တာ့ကျန်းက ငါ့အပေါ် ဘယ်လောက်ကောင်းလဲဆိုတာ ကြည့်ပါဦး၊ အခုရက်ပိုင်း ငါအိမ်ကို ပိုက်ဆံယူလာတိုင်း သူကအပြုံးတွေ တဝေဝေနဲ့ပဲ၊ ငါ့ပခုံးတွေကို နှိပ်နယ်ပေးတယ်၊ ငါ့ခြေထောက်တွေကို ရေစိမ်ပေးတယ်၊ သူက အရမ်းဂရုစိုက်တာပဲ၊ အဲဒီပိုက်ဆံတွေနဲ့ ဘာဝယ်မယ်ဆိုတာကိုတောင် ငါနဲ့ အတူတူစီစဉ်သေးတယ်"
"စဉ်းစားကြည့်၊ မင်း ပိုက်ဆံတွေရှာပြီး လူကြီးတစ်ယောက်လိုနေတာထက် သူတို့က မင်းကိုမျက်နှာချိုသွေးတာက ပိုကောင်းပါတယ်"
"ဟူး လူတွေက ဘာလို့ဒီလောက်တောင် ပြောင်းလဲသွားနိုင်ရတာလဲဆိုတာကို ငါ တကယ် နားမလည်နိုင်ဘူး၊ တစ်ကယ်လို့ သူတို့သာ အရင်ကသဘောထားအတိုင်းဆက်ရှိနေရင် ငါ ပိုပြီးစိတ်အေးရမှာပဲ"