အခန်း ၁၁၇
Vol. 12 Ch. 117
Ch-117
လင်းယွဲ့ ရယ်မောလိုက်ပြီး
"ဒုတိယအဒေါ်ကုက ပိုက်ဆံတွေ အိမ်ယူသွားပြီးတော့ ဒုတိယဦးလေးနဲ့ အစ်ကိုတွေက ခုံပေါ်မှာထိုင်ပြီး မင်းရှာလာတဲ့ပိုက်ဆံတွေ ဘယ်မှာလဲ ပေးစမ်းလို့ အေးတိအေးစက်ပြောတာကို လိုချင်တာလား၊ အဲဒီလိုဆိုရင်ရော အဒေါ်ပိုခံစားရသက်သာမှာမလို့လား"
"ငါက အဲဒီလောက်အနှိမ်ခံရမယ့်သူမှ မဟုတ်တာ"
"ဟားဟားဟား"
လီရှောင်လျန်ရယ်မောလိုက်သည်။
"တစ်ကယ်လို့ ဝမ်တာ့ကျန်းသာ ငါ့ကို အဲဒီလိုဆက်ဆံရဲရင် သူ့မျက်နှာကို ဖိနပ်နဲ့ ကောက်ပေါက်ပစ်မှာ"
"ဒါကြောင့် သူတို့ကအဒေါ့်ကို မျက်နှာချိုသွေးတာ မကောင်းဘူးလား၊ အဲဒါက အဒေါ့်မှာအာဏာရှိတယ်ဆိုတာ ပြနေတာပဲ၊ စဉ်းစားကြည့်လေ တာ့ယုံမင်းဆက်မှာ ဘယ်သူတွေက မျက်နှာချိုသွေးခံရတာလဲ၊ အရာရှိတွေ ဒါမှမဟုတ် ချမ်းသာတဲ့သူတွေချည်းပဲ မဟုတ်လား၊ ဒုတိယအဒေါ် အဒေါ်က တစ်နေ့ကို ပြား ၂၀ရှာနိုင်ပြီး အရာရှိတွေ၊ သူဌေးတွေလို ဆက်ဆံခံနေရတာပဲ၊ ဒါက အမြတ်ထွက်တာမဟုတ်ဘူးလား"
လင်းယွဲ့ဆက်ပြောသည်။
"ဒါ့အပြင် အဒေါ့်ကိုမျက်နှာချိုသွေးချင်ရင် သူတို့ကိုလက်တွေ့လုပ်ရပ်တွေ လုပ်ပြခိုင်းရမယ်၊ ဥပမာ အိမ်ရောက်တဲ့အခါ အဒေါ့်ကို ပခုံးနှိပ်ပေးတာတို့၊ ခြေထောက်ဆုပ်နယ်ပေးတာတို့လုပ်ခိုင်းရမယ်၊ အဒေါ်က ရေသောက်ချင်တယ်လို့ ပြောလိုက်တာနဲ့ တစ်ယောက်ယောက်က ချက်ချင်း ယူလာပေးရမယ်၊ စားချင်တယ်ပြောရင် ခွံ့ကျွေးရမယ်၊ သူတို့ ဘာလို့ဒီလိုလုပ်နေလဲဆိုတာကို တွေးမနေနဲ့၊ အဲဒီအရသာကို ခံစားလိုက်ရုံပဲ"
လင်းယွဲ့က ဆက်ပြောလိုက်သည်။
"အဒေါ်က သဘောထားကိုဂရုစိုက်ဖို့ လိုတယ်၊ တာ့ယုံမင်းဆက်မှာ ဂုဏ်နဲ့ငွေကို ဂရုမစိုက်ဘဲနေနိုင်တဲ့သူ ဘယ်နှစ်ယောက်များရှိလို့လဲ၊ စဉ်းစားကြည့်ပါလား ဒုတိယဦးလေးက ရုတ်တရက်အဒေါ့်ကို ငွေတစ်တေးပေးလာရင် အဒေါ် မပျော်ဘူးလား"
"ပျော်တာပေါ့"
ဒုတိယအဒေါ်ကုက မျက်မှောင်ကြုတ်လိုက်သည်။
"သူသာ နှစ်လနေလို့ ငွေတစ်တေးရှာနိုင်ရင်တောင် အဒေါ် အရမ်းဝမ်းသာမိမှာပဲ၊ ဒါပေမဲ့ နှစ်လတစ်ကြိမ် ငွေတစ်တေးရှာနိုင်ရင်တောင် ကျေးဇူးတင်ရမှာ"
"ကြည့် အဒေါ့်ရဲ့ သဘောထားတောင် ပြောင်းသွားပြီလေ"
လီရှောင်လျန်လည်း ပွဲကျကာရယ်မောလိုက်လေသည်။
"အင်း ဟုတ်သားပဲ"
ဒုတိယအဒေါ်ကုက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်ပြီး အနေခက်မှုကို ဖြေဖျောက်ရန် မီးညှပ်ဖြင့်ထင်းများကို ကောက်ယူလိုက်သည်။
"ဒီမှာ အလုပ်လုပ်ရတာ ပင်ပန်းသည်ဖြစ်စေ မပင်ပန်းသည်ဖြစ်စေ အိမ်ရောက်ရင် ဘာအလုပ်မှမလုပ်ဘဲ ဒီတိုင်းလှဲနေလိုက်ရုံပဲ၊ သူတို့ကမေးလာရင် အဖြေက အမြဲတမ်းတစ်ခုတည်းဖြစ်ရမယ်၊ အဒေါ်က ပိုက်ဆံရှာထားလို့ အပြင်မှာ အရမ်းပင်ပန်းလာတယ်ပေါ့၊ တစ်ကယ်လို့ သူတို့ကမကျေနပ်ရင် သူတို့ကိုပိုက်ဆံရှာခိုင်းလိုက်လေ၊ ပြီးတော့မှ မြည်းရှေ့မှာ မုန်လာဥနီချိတ်ဆွဲထားသလို သူတို့ကိုကြေးပြားနည်းနည်းပေးပြီး အိမ်မှုကိစ္စတွေ အကုန်လုပ်ခိုင်းလိုက်မယ်၊ အဲဒါ ပိုမကောင်းဘူးလား"
ဒုတိယအဒေါ်ကု နားထောင်နေရင်း သူမမျက်လုံးများထဲရှိ မျက်ရည်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စတင်စဉ်းစားလာလေ၏။ ဤအရာက ကုအာကွေ့ဘဝနှင့် ပိုပိုတူလာသည်ဟု ထင်ရသည်။
"ဒုတိယအဒေါ်၊ အဒေါ်က ဒီလောက်တောင် ဒုက္ခခံခဲ့ပြီးပြီပဲ၊ ဘာလို့ ကံကောင်းမှုတွေကို ဘယ်လိုခံစားရမလဲဆိုတာ မသိရတာလဲ"
"ဘာလုပ်ရမလဲဆိုတာ အဒေါ်သိပြီ"
လင်းယွဲ့သည် သူမကိုအောင်မြင်စွာ ဖျောင်းဖျနိုင်ခဲ့ပြီဖြစ်ကြောင်း သိလိုက်သည်။
"ဒါပေမဲ့ အဒေါ်က နေ့တိုင်းပိုက်ဆံမရှာနိုင်ဘူးလေ၊ ပိုက်ဆံမရှာနိုင်တဲ့နေ့ကျရင်ရော"
"အဲဒီအခါကျရင်တော့ ဒုတိယအဒေါ်က ကျွန်မရဲ့စီးပွားရေး ပိုကောင်းလာဖို့ ကောင်းကင်ဘုံကို ဆုတောင်းပေးပေါ့၊ ကျွန်မက ဒုတိယအဒေါ်ရဲ့အကူအညီ သေချာပေါက် လိုအပ်ပါတယ်"
"အဒေါ် နံ့သာတိုင်ထွန်းတိုင်း တူမလေး အရမ်းချမ်းသာလာပါစေလို့ ဆုတောင်းပေးနေမှာပါ"
လင်းယွဲ့သည် မှိုဆော့စ်ကိုအရင်လုပ်ကာ တာ့ကွမ်ဘုန်းကြီးကျောင်းသို့ သွားပို့လိုက်ရာ ဖိုခုန်းမှာ အလွန်ရက်ရောလှသည်။ အရသာမြည်းစမ်းကြည့်ပြီးနောက် အရသာရှိသည်ဟုဆိုကာ ထိုနေရာတွင်ပင် ငွေအပြည့်ချေလိုက်၏။
သူက ဆော့စ်ပုလင်း ၁၀၀အတွက် ပြား ၈၀၀ပေးခဲ့ပြီး တစ်ပြားမှပင်မလျှော့ခဲ့ပေ။ ဖိုခုန်းက ရယ်မောရင်းပြောလိုက်သည်။
"ဒါက အရသာကောင်းတယ်၊ တစ်လကို ပုလင်း ၁၀၀ပို့တာက နည်းလွန်းမယ်လို့ ခန့်မှန်းရတယ်၊ ငါတို့နှစ်ပတ်တစ်ကြိမ်လောက် ပို့ခိုင်းရနိုင်တယ်"
"ဟုတ်ကဲ့ပါ၊ ဒါဆိုရင် ဒီသတင်းကောင်းကို ကျွန်မစောင့်နေပါ့မယ်"
လင်းယွဲ့က ရွှင်လန်းစွာပြုံး၍ ပြောလိုက်သည်။ လေးရက်အကြာတွင် လင်းယွဲ့သည် လုံရှီးခရိုင်သို့ နောက်ထပ် ဆော့စ်ပုလင်း ၁,၀၀၀ကို အမြန်သွားပို့ရလေသည်။ လင်းယွဲ့သည် ဆိုင်သစ်ကိုပါ အခွင့်ကောင်းယူကာ ဝင်ကြည့်ရန် ရည်ရွယ်ထားသော်လည်း အချိန်မလုံလောက်ခဲ့ပေ။
သူမအိမ်မှ လုံရှီးခရိုင်သို့ မည်မျှဝေးကြောင်းမသိသဖြင့် သူမက ဝမ်တာ့ကျန်းကို လားလှည်းမောင်းပို့ပေးရန် အကူအညီတောင်းကာ စောစောစီးစီး ထွက်ခွာလာခဲ့သည်။ သူတို့သည် နံနက် လေးနာရီတွင် ထွက်ခွာလာခဲ့ကြပြီး ရှစ်နာရီခန့်တွင် လုံရှီးခရိုင်သို့ရောက်ရှိခဲ့သည်။ ရှီထိုင်ခရိုင်သို့သွားရသည့် အချိန်နှင့် အတူတူလောက်နီးပါး ကြာမြင့်သည်ကိုတွေ့ရသဖြင့် လင်းယွဲ့ အံ့ဩသွားလေ၏။
လုံရှီးခရိုင်မှာ ရှီထိုင်ခရိုင်ထက်ပိုကြီးသည်။ လုံရှီးခရိုင်ကို လွင်ပြင်များဖြင့် ဝန်းရံထားပြီး လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော နေရာတစ်ခု ဖြစ်သောကြောင့် လူဦးရေမှာလည်း များစွာ ပိုများပြားလေသည်။
"အဲဒါ ဘယ်သူလဲ"
လမ်းပေါ်တွင် ကီမိုနိုဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက် လမ်းလျှောက်သွားသည်ကိုမြင်သောအခါ လင်းယွဲ့ အံ့ဩသွား၏။ ထိုလူမှာ အရပ်ပုလေသည်။
"အဲဒါ ဂျပန်ရိုနင်တစ်ယောက်ပဲ"
ဝမ်တာ့ကျန်း ပြောလိုက်သည်။
"ငါက ပုံပြင်စာအုပ်တွေထဲမှာပဲ သူတို့အကြောင်းကြားဖူးတာ၊ ဂျပန်ဓားပြတွေက ဒီလောက်အရပ်ပုလိမ့်မယ်လို့ တစ်ခါမှမထင်ထားဘူး၊ ဝိုဆိုတဲ့ စာလုံးနဲ့ တကယ်လိုက်ဖက်တာပဲ"
ဝမ်တာ့ကျန်းစကားပြော၍ပင် မပြီးသေးမီ ဂျပန်ရိုနင်၏စူးရှသော အကြည့်က သူတို့အပေါ်ကျရောက်လာပြီး မှိုင်းညို့နေသောအမူအရာဖြင့် သူတို့ကို စိုက်ကြည့်နေလေသည်။
"ဘာလာကြည့်နေတာလဲ လူပုလေး"
ဝမ်တာ့ကျန်းက ရေရွတ်လိုက်သော်လည်း ပြဿနာထပ်မရှာချင်သဖြင့် သူ့လားလှည်းကို ဆက်မောင်းသွားလေသည်။
"ဒီမှာ ဂျပန်တွေက ဘယ်လိုလုပ်ရောက်နေတာလဲ"
"ဂျပန်ရိုနင်တွေက အုပ်စုနှစ်စုကွဲတယ်လို့ ပုံပြင်ပြောသူတွေဆီကကြားဖူးတယ်၊ တစ်အုပ်စုက တာ့ယုံ ကမ်းရိုးတန်းတစ်လျှောက် လှေတွေပေါ်မှာနေပြီး လယ်သမားတွေကို ရံဖန်ရံခါ ဒုက္ခပေးတယ်၊ သူတို့ရဲ့စပါးတွေ၊ ပိုက်ဆံတွေကိုလုယက်ပြီး လှေတွေဆီ ပြန်ပြေးကြတယ်၊ နောက်တစ်အုပ်စုကတော့ သိုင်းပညာတတ်ပြီး သူတို့ပညာကိုသုံးပြီး တာ့ယုံမှာပိုက်ဆံရှာကြတယ်၊ ဒါပေမဲ့ သူတို့ရှာသမျှပိုက်ဆံ အကုန်လုံးကို ဂျပန်ကိုပြန်ပို့ကြတယ်၊ ဘာပဲဖြစ်ဖြစ် သူတို့ကလူကောင်းတွေတော့ မဟုတ်ဘူး"
ဝမ်တာ့ကျန်း ဆက်ပြောသည်။
"လုံရှီးခရိုင်က ပင်လယ်နဲ့နီးတော့ အဲဒီ ဂျပန်လူမျိုးက ဒီမှာအလုပ်ကြမ်းတွေ လာလုပ်တာဖြစ်နိုင်တယ်"
လုံရှီးခရိုင်မှာ ရှီထိုင်ခရိုင်ထက် များစွာ ပိုစည်ကားလေသည်။ ၎င်းတွင် ဂျပန်ရိုနင်များသာမက ပြည့်တန်ဆာအိမ်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ဖျော်ဖြေရေးနေရာများလည်းရှိပြီး ရှီထိုင်ခရိုင်ထက် အပန်းဖြေစရာနေရာပိုများပေ၏။ လမ်းစုံစမ်းပြီးနောက် လင်းယွဲ့သည် အနောက်ဘက်လမ်းဆီသို့ ဦးတည်သွားလေသည်။
ထိုအချိန်တွင် သူတို့သည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်သွားရာ ပုံပြင်ပြောသူ၏အသံက လွင့်ပျံလာသည်။
"သခင်ကြီးကျီ ဂျပန်ကိုရွက်လွှင့်သွားတုန်းကဆိုရင် သင်္ဘောကြီးဆယ်စင်းကျော်ပင်လယ်ပြင်မှာ ရွက်လွှင့်သွားခဲ့တယ်လို့ ဆိုကြတယ်၊ လူတိုင်းမုန်းတီးကြတဲ့ ဂျပန်ဓားပြတွေက အဲဒီသင်္ဘောကြီးတွေရှေ့မှာ ပုစွန်ဆိတ်လေးတွေလိုပါပဲ"
"ဒါပေမဲ့ ပင်လယ်ကြီးက ကျယ်ပြောလွန်းတော့ သင်္ဘောဆယ်စင်းကျော်ဆိုတာ သမုဒ္ဒရာထဲက ရေတစ်စက်လိုလုံးဝ သေးငယ်သွားတယ်၊ ပြီးတော့ တစ်နေကုန် ကုန်းမြေကိုလည်းမမြင်ရဘူးလေ၊ သခင်ကြီးကျီက ဒီပိုးထည်တွေကနေ ရွှေဘယ်လောက်ရနိုင်မလဲလို့ စဉ်းစားနေတုန်း ရုတ်တရက် သင်္ဘောကြီး လှုပ်ခါသွားတယ်၊ သင်္ဘောသားတွေက 'မိစ္ဆာကြီးဟေ့'လို့ အော်ဟစ်လိုက်ကြတယ်"
"ဘာပဲဖြစ်ဖြစ် လောစရာမရှိသေးပါဘူး၊ ခဏလောက် အရင်နားထောင်ရအောင်"
လင်းယွဲ့က ဝမ်တာ့ကျန်းကို ပုတ်လိုက်ပြီး ပြောလိုက်သည်။ ကျီဝေ့လန်အကြောင်း ပုံပြင်ရှိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူမလားလှည်းပေါ်မှဆင်းလိုက်ရာ စားပွဲထိုးက လှည်းကို နောက်ဖေးခြံသို့ အမြန်ခေါ်သွားလေသည်။ လက်ဖက်ရည်သောက်ရန်နှင့် ပုံပြင်နားထောင်ရန်အတွက် တစ်ယောက်လျှင် ကြေးပြားသုံးပြားကျသင့်သည်။
လင်းယွဲ့က လူနှစ်ယောက်စာပေးဆောင်ပြီးနောက် စတုရန်းပုံစားပွဲတစ်လုံးတွင် နေရာချပေးခြင်းခံရသည်။ အသက်သာဆုံး ဈေးနှုန်းကိုပေးခဲ့ရသဖြင့် သူမနေရာမှာ နောက်ဆုံးတွင်ရှိလေသည်။ သို့သော် ပုံပြင်ပြောသူ၏အသံမှာ ကျယ်လောင်ပြီး ရှင်းလင်းပြတ်သားသဖြင့် သူမကောင်းကောင်းကြားရ၏။
မကြာမီ လက်ဖက်ရည်ရောက်လာသည်။ လင်းယွဲ့ တစ်ငုံသောက်ကြည့်လိုက်ရာ သူမလက်ဖက်ရည်ဆိုင်မှ လက်ဖက်ရည်ထက်ပင် အရသာပိုဆိုးနေသည်ကို တွေ့ရ၏။ သို့သော် ပုံပြင်ပြောသူ၏ဇာတ်လမ်းမှာ ဆွဲဆောင်မှုရှိလှသည်။
သူက ကျီဝေ့လန်ပင်လယ်ထဲသို့ သွားရောက်ကာ မိစ္ဆာကြီးနှင့်တွေ့ဆုံပြီး ၎င်းကိုအနိုင်ယူ၍ အဖိုးတန် ကျောက်မျက်ရတနာတစ်ခုရရှိခဲ့သည့် ဇာတ်လမ်းကို ပြောပြနေလေသည်။ သတင်းအချက်အလက်အမျိုးမျိုးကို စုစည်းပြီးနောက် လင်းယွဲ့သည် ကျီဝေ့လန်၏ဘဝအကြောင်းကို ယေဘုယျအားဖြင့် နားလည်သွားခဲ့သည်။
သူသည် သားသတ်သမားနှင့် အလုပ်ကြမ်းသမားအဖြစ်မှ စတင်ကာ သူ့ညီငယ်များ၏ပညာရေးကို ထောက်ပံ့ပေးခဲ့သည်။ ပါးနပ်သော သူ့စီးပွားရေးအမြော်အမြင်ရှိမှုကြောင့် အရောင်းအဝယ်လုပ်ခြင်းဖြင့် ချမ်းသာလာခဲ့ပြီး သူ့ကြွယ်ဝမှုမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ထို့ပြင် သူ့ညီငယ်နှစ်ဦးစလုံးမှာ နန်းတွင်းစာမေးပွဲများကို အောင်မြင်ကာ အရာရှိများဖြစ်လာခဲ့ပြီး မိသားစုအတွက် ဂုဏ်ကျက်သရေကို ဆောင်ကြဉ်းပေးခဲ့ကြ၏။ သဘာဝကျကျပင် သူတို့ပညာရေးကို ထောက်ပံ့ပေးခဲ့သော ကျီဝေ့လန်သည်လည်း အကောင်းဆုံးစောင့်ရှောက်မှုကိုရရှိခဲ့သည်။
ထိုအချိန်မှစ၍ ကျီဝေ့လန်မှာကြီးပွားလာခဲ့ပြီး ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက် သီးသန့်သင်္ဘောကြီးတစ်စင်းကိုပင် ငှားရမ်းခဲ့သည်။ နောက်ပိုင်းတွင် သူကလုံရှီးခရိုင်ရှိ အစည်ကားဆုံးဖြစ်သော အနောက်ဘက်လမ်းကို ဝယ်ယူခဲ့ပြီး ဆိုင်အမျိုးမျိုးကို ဖွင့်လှစ် လုပ်ကိုင်ခဲ့၏။ နှစ်နှစ်တစ်ကြိမ် သူသည် ကုန်သွယ်ရန်အတွက် သင်္ဘောဖြင့် နေရာအနှံ့အပြားသို့ ခရီးသွားလေ့ရှိသည်။
‘သူက တကယ်ကိုလျှော့တွက်လို့မရတဲ့ လူတစ်ယောက်ပဲ’
လင်းယွဲ့ တွေးလိုက်သည်။
"သူက စုဟိုင်ကိုအလေးမထားတာမဆန်းပါဘူး"
‘ဆော့စ်သာရောင်းကောင်းပြီး သူက ဒါကို အလေးအနက်ထားလာရင် တစ်နိုင်ငံလုံးအနှံ့ ရောင်းလို့ရနိုင်မှာမဟုတ်ဘူးလား၊ အပြင်ဘက်တံဆိပ်ကိုခွာလိုက်ရင် လုံးဝပွင့်လင်းမြင်သာတဲ့ အနီရောင်အဖုံးပါ ငရုတ်သီးဆော့စ်ဖန်ပုလင်းကို ကျီဝေ့လန် သတိထားမိလာနိုင်မလား’
လင်းယွဲ့ တွေးနေမိသည်။