အခန်း ၁၁၉
Vol. 12 Ch. 119
Ch-119
"ကုလင် ဟုတ်လား၊ လင်းယွဲ့ရဲ့ ယောက်ျားလေ"
ဝမ်အာ့မေက လင်းယွဲ့ကိုကြည့်ကာ ပခုံးတွန့်လိုက်သည်။
"ဟမ် ကျွန်မ သတိမထားမိလိုက်ဘူး"
လင်းယွဲ့ ပြောလိုက်သည်။
"ပြီးတော့ ကျွန်မယောက်ျားက စစ်မြေပြင်မှာ ကျဆုံးသွားတာကြာလှပြီလေ"
"သူ့မျက်နှာပေါက်က ကုလင်ငယ်ငယ်တုန်းကအတိုင်းပဲ၊ ငါ လုံးဝမမှားနိုင်ဘူး၊ အဲဒါ ကုလင်ပဲ"
ဝမ်တာ့ကျန်း ဇဝေဇဝါဖြင့်မေးလိုက်သည်။
"သူက ဘယ်လိုလုပ်ပြန်ရောက်လာတာလဲ၊ ပြီးတော့ ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့၊ သူက စစ်ပြေးများဖြစ်နေမလား"
သူတို့နှစ်ယောက်လုံးအခြေအနေကို သဘောမပေါက်သေးသည်ကိုမြင်သောအခါ လင်းယွဲ့မှာ သူတို့ကို သတိပေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
"တစ်ကယ်လို့ သူက စစ်ပြေးဆိုရင် လူလုံးရှေ့မှာကြိမ်ဒဏ်ပေးခံရလိမ့်မယ်၊ မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေက သူ့ကိုဖုံးကွယ်ပေးရင်လည်း ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာပဲ"
"ဟင်"
ဝမ်အာ့မေမှာ ဓားပြများအကြောင်း ကြားလိုက်ရသည်ထက်ပင် ပိုကြောက်လန့်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားလေသည်။
"ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ"
ဝမ်တာ့ကျန်းကလည်း ပြောလိုက်သည်။
"လင်းယွဲ့၊ သူ သေဆုံးသွားပြီဆိုတဲ့ သတင်းက အိမ်ကိုရောက်လာတယ်လို့ ညီမလေး ပြောခဲ့တယ်မဟုတ်လား လျော်ကြေးငွေတောင် ရခဲ့တယ်ဆို၊ သူက ဘယ်လိုလုပ် စစ်ပြေးဖြစ်နိုင်မှာလဲ"
"တစ်ကယ်လို့ သူတို့ကစစ်ပြေးတွေ မဟုတ်ရင်တောင်မှ တခြားရွာသားတွေ မြင်သွားပြီး သွားတိုင်လိုက်ရင် အခုခေတ်မှာ စစ်ပြေးတစ်ယောက်က ငွေတစ်တေးလောက် တန်တယ်လေ"
"ဒါက"
လင်းယွဲ့သည် ကုလင်ကိုအပြင်သို့ လွှင့်ပစ်လိုက်မည်ဟု ရိုးရိုးလေးပြောလိုက်နိုင်သော်လည်း ယခုအခါ ကုလင်၏မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားပြီဖြစ်ရာ ဇနီးတစ်ယောက်အနေဖြင့် သူ့ကိုလွှင့်ပစ်မည်ဟု သေချာပေါက် ပြော၍မရတော့ပေ။ မဟုတ်ပါက သူတို့နှစ်ယောက်ထဲမှ တစ်ယောက်ယောက်က သူမကို ရန်ငြိုးထားကာ တိုင်တောလိုက်လျှင် ဇနီးဖြစ်သူက ခင်ပွန်းကိုသတ်ရန် ကြိုးစားမှုမှာ ကြီးလေးသော ရာဇဝတ်မှုဖြစ်သွားပေမည်။ လင်းယွဲ့ ပြောလိုက်သည်။
"အာဏာပိုင်တွေဆီ သွားတိုင်လိုက်ရင်ရော ဘယ်လိုလဲ၊ သူတို့ကစစ်ပြေးတွေ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အစိုးရကကိုင်တွယ်ဖြေရှင်းလိမ့်မယ်"
"အဟွတ် အဟွတ် အဟွတ်"
လင်းယွဲ့စကားပင် မဆုံးလိုက်သေးမီ ချောင်းဆိုးသံများကြောင့် သူမစကားများ ရပ်တန့်သွားလေသည်။ ကုလင် ချွေးစေးများပြန်လာ၏။ သူမကို ဆက်ပြောခွင့်ပေးလို့ မဖြစ်တော့ပေ။ သူမသာဆက်ပြောလိုက်ပါက သူအသက်ဆက်ရှင်နိုင်တော့မည် မဟုတ်ပေ။ ကုလင်သည် အားနည်းဟန်ဖြင့် မျက်လုံးဖွင့်လာပြီး သွေးတစ်ပွက်အန်ချလိုက်သည်။
"အဟွတ် အဟွတ် အဟွတ် ငါ ဘယ်ရောက်နေတာလဲ"
"မင်း သူ့ကိုမမှတ်မိဘူးလား"
ဝမ်တာ့ကျန်း မယုံနိုင်စွာဖြင့်မေးလိုက်သည်။
"မင်းက ကုလင်မဟုတ်ဘူးလား"
"ကုလင် ဟုတ်လား"
ကုလင် ခေါင်းခါလိုက်သည်။
"ငါ သူ့ကိုမသိဘူး၊ ငါ့နာမည်က ကျီမင်ပါ၊ ငါက ဆွေမျိုးတွေဆီလာရှာတာ၊ ဒါပေမဲ့ လမ်းမှာဓားပြတွေနဲ့တွေ့လို့ အဟွတ် အဟွတ် ငါ့အစေခံက ကံမကောင်းစွာနဲ့ အသတ်ခံလိုက်ရပြီး ငါလဲမြားမှန်သွားတာ၊ ဒါပေမဲ့ ဒီကိုလွတ်အောင်ပြေးလာနိုင်ခဲ့တယ်"
"မင်းက တကယ် ကုလင်မဟုတ်တဲ့ပုံပဲ၊ မင်းရဲ့လေယူလေသိမ်းက ငါတို့နဲ့လုံးဝ မတူဘူး"
ဝမ်တာ့ကျန်း ပြောလိုက်သည်။
"မင်းက တော်တော်လေးယဉ်ကျေးပြီး စာပေဆန်ဆန်တောင် ပြောနေသေးတယ်"
လင်းယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။
‘ဒီလူက ဘာလို့မန်ဒရင်းတရုတ်စကားကို ပြောနေတာလဲ၊ မြို့တော်က လေယူလေသိမ်းများလား’
ဝမ်တာ့ကျန်း ပြောလိုက်သည်။
"မင်းက ကုလင်နဲ့တစ်ပုံစံတည်းပဲ၊ ငါ အမြင်မှားတယ်လို့တောင် ထင်နေတာ"
"အိုး"
ကုလင်မျက်လုံးများ အရောင်လက်သွားသည်။
"ဒါဆိုရင် ကုလင်က ငါ့ဆွေမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်၊ သူ ဘယ်မှာလဲ၊ ငါ သူ့ကို တွေ့ချင်တယ်"
"အဟွတ် အဟွတ်"
ဝမ်တာ့ကျန်း သူ့ခေါင်းကိုကုတ်ရင်း ပြောလိုက်သည်။
"ဒါက နည်းနည်းခက်လောက်တယ်၊ သူက စစ်မြေပြင်မှာကျဆုံးသွားပြီလေ"
"ငါ့မိဘတွေကရော"
ကုလင်က ဝမ်တာ့ကျန်းကို အသေအချာစိုက်ကြည့်လိုက်ရာ သူကသာ တစ်ခုတည်းသော သူ့အကူအညီဖြစ်နေသကဲ့သို့ပင်။
"မင်းရဲ့......"
ဝမ်တာ့ကျန်း ဆက်ပြောလိုက်သည်။
"မင်းရဲ့မိဘတွေလည်း သေသွားကြပြီ၊ ဒါပေမဲ့ မင်းမှာညီလေးတစ်ယောက်၊ ညီမလေးတစ်ယောက်နဲ့ ခယ်မတစ်ယောက်ရှိသေးတယ်၊ ဒါပေမဲ့ ကုစီအန်း မှာ တခြားကလေးတွေကျန်ခဲ့တယ်လို့တော့ ငါ တစ်ခါမှမကြားဖူးပါဘူး"
"အဟွတ် အဟွတ် ကျွန်တော် ငယ်ငယ်လေးတုန်းကခိုးခံရပြီး သူတို့မိသားစုဆီ ရောင်းစားခံခဲ့ရတယ်လို့ မိဘတွေဆီက ကြားဖူးတယ်၊ ဒါ ဝမ်းနည်းစရာကိစ္စဖြစ်နေလို့ သူတို့ထုတ်မပြောတာနေမှာပါ"
ကုလင်က အခြေအနေကို သဘောပေါက်လေသည်။ ထိုအချိန်မှ လက်သည်အဖွားမှာ ကွယ်လွန်သွားသည်မှာကြာပြီဖြစ်ရာ သူပေါ်လာမည်ကို မကြောက်ပေ။ ဝမ်တာ့ကျန်းက လင်းယွဲ့ကိုကြင်နာစွာ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"တိုက်ဆိုင်လိုက်တာ ဒီမှာမင်းရဲ့ ဆွေမျိုးတစ်ယောက် ရှိနေတယ်လေ၊ မင်းရဲ့ခယ်မပဲ"
လင်းယွဲ့ အတင်းအကျပ်ပြုံးပြလိုက်ရသည်။
သူမက သူ့ကိုရှင်းထုတ်ပစ်ချင်သေးပြီး သူမဘဝကို ဖျက်ဆီးမည့်အရေးမှ တားဆီးချင်နေဆဲပင်။ သို့သော် အာဏာပိုင်များထံ တိုင်တောရန်ပြင်နေခဲ့သော ဝမ်တာ့ကျန်းနှင့် ဝမ်အာ့မေတို့မှာ ယခုအခါယုံကြည်သွားကြလေသည်။
"မင်္ဂလာပါ ခယ်မလေး"
ကုလင် အားနည်းစွာပြုံးပြလိုက်သည်။
"ငါက ငါ့ညီနဲ့အရမ်းမတူဘူးလား၊ ငါ့ကိုတွေ့တာကို ဘာလို့မပြုံးပြတာလဲ"
'ဘာလို့လဲဆိုတော့ သူက ငါ့ကိုတစ်ခွန်းမှမပြောဘဲ ပြဿနာတွေအများကြီး ထားခဲ့တာလေ၊ ငါ ဘယ်လိုလုပ်ရယ်နိုင်မှာလဲ'
လင်းယွဲ့ စိတ်ထဲမှတွေးလိုက်သည်။ ယခုမှပြန်လာသည်မှာ အသံတိတ်ဗုံးတစ်လုံးကို ဖိတ်ခေါ်နေသလိုခံစားရသည်။ သို့သော် အကယ်၍ သူကလူတိုင်းကိုလှည့်စားနိုင်မည်ဆိုပါက သူမ သူ့ကိုလက်ခံထားနိုင်၏။
မည်သို့ပင်ဆိုစေ လင်းယွဲ့မှာသေမင်း မဟုတ်ပေ။ သူမအသက်အန္တရာယ် ကြုံလာချိန်တွင် ကိုယ့်ကိုကိုယ်ကာကွယ်ရန်ကိုသာ ဦးစားပေးခြင်းဖြစ်သည်။ ကုလင်မှာ အလွန်အားနည်းနေပြီး ခရီးဆက်သွားမည်ဆိုပါက ပို၍မြန်မြန် သေဆုံးသွားနိုင်၏။
သို့သော် ဤအိမ်ငယ်လေးထဲတွင် ပိတ်လှောင်ထားပါက ဝမ်အာ့မေနှင့် ဝမ်ယင်းတို့ အိပ်စရာနေရာမရှိဖြစ်မည့်အပြင် ကျဉ်းမြောင်းသောနေရာက သူ့ပြန်လည်ကောင်းမွန်လာမှုကိုလည်း ထိခိုက်စေနိုင်သည်။ လင်းယွဲ့က ဝမ်တာ့ကျန်းကို လားလှည်းဖြင့်အရင်ပြန်သွားကာ ဂွမ်းစောင်နှစ်ထည်ယူလာရန် ပြောလိုက်၏။ လားလှည်းပေါ်တွင် ဂွမ်းစောင်တစ်ထည်ခင်းလိုက်ပြီး ကုလင်ကို ပိုးအိမ်ကဲ့သို့စောင်ဖြင့် ပတ်ထားလိုက်သည်။
"ဒီကရှုခင်းတွေက သိပ်လှတာပဲ၊ ရေတွေက ကြည်လင်ပြီး တောင်တွေကလည်း စိမ်းလန်းနေတာပဲ"
ကုလင်က အားနည်းစွာပြောပြီးနောက် နောက်ထပ် အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်သည်။
"လေကအေးတယ်၊ ဘာမှမပြောဘဲ အိမ်ကိုသာ အရင်ပြန်ကြမယ်"
လင်းယွဲ့က ကုလင်ကိုစိုက်ကြည့်ရင်း ပြောလိုက်သည်။ မူလပိုင်ရှင်၏မှတ်ဉာဏ်များထဲမှလူနှင့် သူက တကယ်ပင်ကွာခြားနေကြောင်း သူမ ခံစားလိုက်ရ၏။ သူက မှတ်ဉာဏ်ထဲကလောက် ရိုးသားဖြူစင်မှုမရှိတော့ဘဲ ပါးနပ်ကောက်ကျစ်သည့် အငွေ့အသက်များထွက်ပေါ်နေလေသည်။
"ခယ်မလေးက ငါ့မျက်နှာကိုမြင်ပြီး တစ်ယောက်ယောက်ကို သတိရနေလို့လား အဟွတ် အဟွတ် အဟွတ်"
ကုလင်ပြောလိုက်သည်။
"ခယ်မလေးနဲ့ ငါ့ညီကဆက်ဆံရေး အရမ်းကောင်းမှာပဲနော်"
လင်းယွဲ့က စောင်ကိုဆွဲယူကာ သူ့ပါးစပ်ထဲသို့ တမင်ထိုးသိပ်ထည့်ပြီး ပြောလိုက်သည်။
"နားလိုက်တော့"
ကုလင်က လိမ္မာစွာပင် မျက်လုံးများ မှိတ်ထားလိုက်၏။ သို့သော် သူ့စိတ်ထဲတွင်တော့ မတွေးမိဘဲမနေနိုင်ခဲ့ပေ။ သူမက သူသည် ကုလင်၏အစ်ကိုဖြစ်ကြောင်းယုံကြည်ပုံမရဘဲ သူမအကြည့်များမှာ အလွန်ထူးဆန်းနေလေသည်။
ယခုတစ်ကြိမ် ကုလင်ပြန်လာရခြင်းမှာ ရန်သူ့အနေအထားများကို ထောက်လှမ်းရန်ဖြစ်သည်။ ဤဒေသသည် မြင့်မားသောတောင်တန်းများနှင့် ကြမ်းတမ်းသောမြေမျက်နှာသွင်ပြင်များရှိပြီး နေရာကောင်းတွင်ရှိရုံသာမက စစ်ရေးအရ အရေးပါသောခံတပ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်သောဒေသတစ်ခုလည်း ဖြစ်သည်။
ယခုအခါ နေရာအနှံ့အပြားတွင် သူရဲကောင်းများထွက်ပေါ်လာနေပြီး ကျန်းရှစီရင်စုတွင် တစ်စုံတစ်ယောက်က မိမိကိုယ်ကိုဘုရင်အဖြစ်ကြေညာထားပြီးဖြစ်သည်။ သူတို့သိမ်းပိုက်ထားသော ဆွေ့ကျိုးမှာ ဆင်းရဲမွဲတေနေပြီး သူ့စစ်သားအများစုမှာ လျန်ကျိုးမှဖြစ်ကြသည်။ သူတို့က ဤဒေသကို အရင်ဆုံးအောင်နိုင်ချင်ကြ၏။ နောက်ထပ် အကြောင်းရင်းတစ်ခုမှာ ကုလင်၏မိသားစုကို ရှာဖွေရန်ဖြစ်သည်။
သူဟွမ်ရှစ်ရွာသို့သွားခဲ့ပြီး ရေကြီးမှုကြောင့် ပျက်စီးသွားသောနေရာကို တွေ့ခဲ့ရသည်။ တာ့ယာနှင့် ကုတန်တို့ သေဆုံးသွားပြီဆိုသည်ကို သူမယုံကြည်ချင်သဖြင့် သူတို့ကိုရှာဖွေရန် မာယန်ရွာသို့သွားချင်ခဲ့၏။ မမျှော်လင့်ဘဲ လမ်းတွင် ဆွေ့ကျိုးတပ်အကြွင်းအကျန်များ၏လုပ်ကြံခံရမှုနှင့် ကြုံတွေ့ခဲ့ရပြီး သူတို့အသက်များမှာ ချည်တစ်မျှင်ပေါ်တွင်တွဲလွဲခိုနေခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ဝမ်အာ့မေရှာပေးသော သမားတော်ကြောင့် သူတို့ အသက်ချမ်းသာရာရခဲ့သည်။ ကုလင်မှာ ဝမ်ကျုံးယွမ်၏စစ်သားများထဲမှ တစ်ဦးဖြစ်ပြီး မူလကနယ်စပ်ရှိ ဟန်လူမျိုးများ၏ဝင်ရောက်စီးနင်းမှုကို ကာကွယ်ရန် စေလွှတ်ခြင်းခံခဲ့ရသည်။ သို့သော် ရိက္ခာများအလွဲသုံးစားလုပ်ခံရမှုနှင့် စစ်တပ်အတွင်း တစ္ဆေလစာပြဿနာများကြောင့် သူတို့စစ်တပ်မှာ ပြိုကွဲလုနီးပါး ဖြစ်ခဲ့ရ၏။
(တစ္ဆေလစာ > လူမရှိဘဲ လစာတွေပေးနေတာ ပြောရရင် စာရင်းလိမ်တာ)
ကံကောင်းထောက်မစွာဖြင့် ဝမ်ကျုံးယွမ်၏စစ်ဗျူဟာများမှာ ပြောင်မြောက်လှပြီး မြို့နှစ်မြို့ဆုံးရှုံးပြီးနောက် သူ့လမ်းကြောင်းကို ဖြည်းဖြည်းချင်း ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်။ ဝမ်ကျုံးယွမ်သည် ထွက်ပြေးသွားသော ဟန်လူမျိုးများကို တိုက်ခိုက်ရန် အဖွဲ့ငယ်လေးတစ်ဖွဲ့ကို ဦးဆောင်ကာ မိုင်တစ်ရာခရီးကို ဝင်ရောက်စီးနင်းခဲ့သော်လည်း ထောင်ချောက်ထဲသို့ကျရောက်သွားခဲ့သည်။
အမှန်တကယ်က နန်းတွင်းရှိ တစ်စုံတစ်ယောက်က ဟန်လူမျိုးများနှင့် စီးပွားရေးလုပ်နေပြီး ထိုမြို့နှစ်မြို့ကို သူတို့ထံရောင်းစားခဲ့ခြင်း ဖြစ်သည်။ သူတို့တည်နေရာများကို စစ်တပ်အတွင်းရှိ သစ္စာဖောက်တစ်ဦးမှတစ်ဆင့်ဖော်ထုတ်ခံခဲ့ရ၏။
‘သူ့လို သာမန်စစ်သားတစ်ယောက်က ဘာလို့ ဒီလောက်အများကြီးသိနေရတာလဲ’
အကြောင်းမှာ သူတို့ဖောက်ထွက်လာပြီးနောက် တစ်လ သို့မဟုတ် နှစ်လခန့် သတိလစ်နေခဲ့သော ဝမ်ကျုံးယွမ်နိုးလာပြီး သူတို့နှင့်အတူရှိနေခဲ့သောကြောင့်ဖြစ်သည်။ သို့သော် ထိုအချိန်တွင် သူတို့စစ်မြေပြင်၌ကျဆုံးသွားပြီဆိုသည့်သတင်းက စစ်တပ်အတွင်း ပျံ့နှံ့နေပြီဖြစ်သည်။ ဝမ်ကျုံးယွမ်မှာ ယူကျုံးမရဖြစ်ခဲ့ရ၏။
မြို့နှစ်မြို့ဆုံးရှုံးခြင်းနှင့် သေချင်ယောင်ဆောင်ခြင်းက ဧကရာဇ်၏ သံသယကိုသာဖြစ်ပေါ်စေမည်ဖြစ်ကြောင်း သူသိသည်။ သူက စစ်တပ်အတွင်းရှိ အခြေအနေများနှင့် ပြန်သွားပါက သစ္စာဖောက်၏မညှာမတာ လိုက်လံဖမ်းဆီးမှုကို မည်သို့ ရင်ဆိုင်ရမည်အား သူတို့ကိုပြောပြခဲ့သည်။ တာ့ယုံမင်းဆက်၏အကျင့်ပျက်ခြစားမှုများကို သိရှိထားသဖြင့် သူက ရိုးရိုးရှင်းရှင်းပင်ပုန်ကန်လိုက်တော့သည်။
ကုလင်သေဆုံးသွားပြီဆိုသည့် သတင်းကို စစ်တပ်အတွင်းမှထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တစ်စုံတစ်ယောက်က စုံစမ်းစစ်ဆေးမည်ဆိုလျှင်ပင် ဘာမှတွေ့ရှိမည်မဟုတ်ပေ။ သို့သော် သူတို့သည် ကုလင်၏မည်သူမည်ဝါဖြစ်ကြောင်းကို အသုံးပြု၍မရသဖြင့် လင်းယွဲ့ မည်မျှ ထက်မြက်ကြောင်းကိုမြင်သောအခါ သူတို့က ကျီမင်ဖြစ်သည်ဟု လိမ်ညာချက် တစ်ခုကို ချက်ချင်းဖန်တီးလိုက်ခြင်း ဖြစ်သည်။ ကုလင်က သူ့စိတ်ထဲတွင် စဉ်းစားကြည့်လိုက်၏။
အကယ်၍ သူတို့က သူ့အိမ်ထောင်စုစာရင်းကိုမေးပါက ဓားပြများခိုးသွားသည်ဟု ပြောလိုက်မည်။ ထို့ပြင် သူသည် ယခင်က ကုလင်လည်းသေချာပေါက် မဟုတ်တော့သဖြင့် စမ်းသပ်ခံရမည်ကို မကြောက်ပေ။
‘ဘာမှလွတ်သွားတာမျိုးတော့ မရှိနိုင်ဘူး’
ကုလင် စိတ်အေးသွားပြီး အိပ်ပျော်သွားလေသည်။ သူ အလွန်နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီး နိုးလာသောအခါ မင်နံ့ကိုရလိုက်ရာ ကုလင်နှုတ်ခမ်းကိုသပ်ပြီး ပြောလိုက်သည်။
"အရသာက သိပ်မကောင်းဘူး"