အခန်း ၁၂၀
Vol. 12 Ch. 120
Ch-120
"အစ်ကိုကြီး"
"အစ်ကိုကြီး"
သူ ကုတင်ပေါ်မှမဆင်းနိုင်သေးမီမှာပင် တာ့ယာနှင့် ကုတန်တို့က မျက်ရည်များဝဲကာငိုသံပါကြီးဖြင့် ကုတင်ခေါင်းရင်းတွင် ရပ်နေသည်ကိုမြင်လိုက်ရသည်။
"အေးပါ အဟွတ် အဟွတ် အဟွတ်"
ကုလင်က သူတို့ကိုပြောင်းပြန်အနေအထားဖြင့်သာမြင်နေရပြီး သူ့ရင်ထဲတွင် မသိမသာဝမ်းနည်းမှုလှိုင်းလေးတစ်ခု တက်လာခဲ့သည်။ သို့သော် ထိုဝမ်းနည်းမှုမှာ တစ်ခဏသာဖြစ်သည်။ တာ့ယာက ရုတ်တရက် သူ့အပေါ်ကို လှမ်းဖက်လိုက်ရာ နာကျင်မှုကြောင့် သူ သွေးအန်မတတ်ဖြစ်သွားရ၏။
"အစ်ကိုကြီး၊ ညီမ အစ်ကိုကြီးကို အရမ်းလွမ်းနေခဲ့တာ အစ်ကိုကြီးရဲ့"
"ငါ သိပါတယ်"
‘ဒီကလေးက ဘယ်လိုလုပ် ဒီလောက်တောင် ခေါင်းမာရတာလဲ’
ကုလင်က သူမကိုဖယ်ခိုင်းချင်နေသည်။ မဟုတ်လျှင် သူမက သူ့ကို နောက်ထပ် လွမ်းဆွတ်လာနေဦးမည်ပင်။
"အစ်ကိုကြီး၊ ကျွန်တော် စားစရာ တစ်ခုခုသွားယူလိုက်ဦးမယ်"
ကုတန်က မီးဖိုချောင်ထဲသို့ ကမန်းကတန်းပြေးသွားပြီး ဆန်ပြုတ်တစ်ပန်းကန်ယူလာကာ ကုလင်၏ပါးစပ်ထဲသို့ ဂရုတစိုက်ခွံ့ကျွေးလိုက်သည်။
"အဟွတ် အဟွတ် အဟွတ်"
ပက်လက်လှန်နေရသော ကုလင်မှာ ဆန်ပြုတ်တစ်လုတ်ကြောင့် သီးပြီး သေလုမတတ်ဖြစ်သွားကာ သူ့အတွင်းကလီစာများပင် အပြင်သို့ထွက်ကျလာတော့မတတ် ချောင်းဆိုးနေမိသည်။
"အစ်ကိုကြီး၊ ကျွန်တော်တို့ အခုမှပြန်တွေ့ရတာလေ မသေပါနဲ့ဦး"
တာ့ယာက သူ့အပေါ်ထပ်ဖက်လိုက်ပြန်သည်။
"ဒဏ်ရာကို ဖိမိနေပြီ"
ကုလင်၏ချောင်းဆိုးသံ ပိုပြင်းထန်လာရာ ကုတန်က တာ့ယာကိုဆွဲဖယ်လိုက်ပြီး ပြောလိုက်၏။
"မင်းက အစ်ကိုကြီးရဲ့ဒဏ်ရာကိုဖိမိနေပြီလေ"
"ဆန်ပြုတ်သောက်ဖို့ ငါ့ကိုနည်းနည်းထူပေးကြပါဦး"
ကုလင်ပြောလိုက်သည်။ သူကသန်မာကြံ့ခိုင်သူဖြစ်လင့်ကစား ဘာကြောင့်များ ရုတ်တရက် ချမ်းစိမ့်စိမ့်ဖြစ်သွားရသနည်း။ လင်းယွဲ့သည် သဘက်ခါ ဆိုင်ဖွင့်ရန်အတွက် နောက်ဆုံးပြင်ဆင်မှုများအဖြစ် စက္ကူနီများကိုကပ်နေလေ၏။
မိသားစုပြန်လည်ဆုံစည်းသွားကြသည်ကို မြင်သောအခါ လင်းယွဲ့သည် ရင်ထဲတွင်ဆို့နင့်သွားသလို ခံစားလိုက်ရသည်။ သူမ၊ တာ့ယာနှင့် ကုတန်တို့သည် ရင်းနှီးသောမိသားစုတစ်ခု ဖြစ်သည်ဟု သူမထင်ထားခဲ့သည်။ သို့သော် ယခုအခါ ပိုရင်းနှီးသော ဆွေမျိုးအရင်းများပြန်ရောက်လာချိန်တွင် သူမအနေဖြင့် မလုံခြုံသလိုခံစားလာရ၏။
အထူးသဖြင့် သူမကအပြင်ဘက်တွင် အလုပ်များနေချိန် ထိုသုံးယောက်က အခန်းထဲတွင် အတူရှိနေကြသောအခါ သူမက သူစိမ်းတစ်ယောက်လိုပိုခံစားရလေသည်။
"ရပါတယ်လေ"
လင်းယွဲ့ အတင်းအကျပ်ပြုံးလိုက်သည်။ သူမက အထီးကျန်ခြင်းနှင့် ကျင့်သားရနေခဲ့ပြီပင်။ မမျှော်လင့်ဘဲ တာ့ယာက လင်းယွဲ့ဘေးတွင် ရုတ်တရက် ဝင်ထိုင်ကာ စက္ကူနီတစ်ရွက်ကိုယူပြီး စည်ပိုင်းပေါ်တွင်ကပ်လိုက်သည်။
"နင် ဘာလာလုပ်တာလဲ၊ နင့်အစ်ကိုကြီးကို သွားမပြုစုဘူးလား"
"အစ်ကိုကုတန်ရှိနေတာပဲလေ"
တာ့ယာ ရယ်မောလိုက်သည်။
"အစ်မတစ်ယောက်တည်း ပင်ပင်ပန်းပန်း အလုပ်လုပ်နေတာကိုမြင်တော့ ညီမ လာကူပေးရမှာပေါ့"
တကယ်တော့ နေရောင်ခြည်များကျရောက်နေသည့်အောက်တွင် တစ်ယောက်တည်းရှိနေသော အစ်မဖြစ်သူမှာ ဖော်ပြ၍မရအောင် အထီးကျန်ဆန်နေသည်ကို သူမမြင်ခဲ့ရခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဒုတိယအဒေါ်ကုသည် အိမ်တွင်ရှိသောတစ်ခုတည်းသော လွှဲကုလားထိုင်ပေါ်တွင်လှဲလျောင်းနေပြီး ဘယ်ဘက်လက်တွင် ရေခွက်တစ်ခွက်ကို ကိုင်ထားသည်။ ဖြည်းဖြည်းချင်း တစ်ငုံသောက်လိုက်ပြီး သူမပြောလိုက်၏။
"နည်းနည်း ပူတယ်"
"ရာသီဥတုကအေးနေတော့ ယောက္ခမကြီး နွေးသွားအောင်ရေနွေးလေး သောက်စေချင်လို့ပါ"
သားအကြီးဆုံး၏ဇနီးက ပန်းပွင့်လေးတစ်ပွင့်လို လှပစွာပြုံး၍ပြောလိုက်သည်။ ထို့နောက် သူမက မီးသွေးမီးဖိုကိုပြင်ပေးကာ အဒေါ်ကုခြေထောက်များကို မီးဖိုဘေးရှိ သစ်သားခုံပေါ်သို့ တင်ပေးလိုက်ပြီးမေးလိုက်သည်။
"ယောက္ခမကြီး၊ ရေအေးနည်းနည်း ထပ်ရောပေးရမလား"
"မလိုတော့ပါဘူး၊ ညည်းစေတနာကို နားလည်ပါတယ်"
ဒုတိယအဒေါ်ကုက ဒုတိယချွေးမ၏ လက်ထဲမှ ကန်စွန်းဥတစ်ဇွန်းကို ခပ်ယူရင်းပြောလိုက်သည်။
"ဒီကန်စွန်းဥက တကယ်အရသာရှိတာပဲ"
"ဒါပေါ့"
ဒုတိယချွေးမက သဘောတကျရယ်မောလိုက်သည်။
"ယောက္ခမကြီး၊ ချွမ်းအာလေးက ဒီနှစ်မှာ အရပ်ပိုရှည်လာတယ်၊ အဲဒါ ဒီနှစ် သူ့အတွက် ဂွမ်းထည်အင်္ကျီတစ်ထည်လောက် ချုပ်ပေးမလို့စဉ်းစားနေတာ"
"ဂွမ်းထည်အဟောင်းတွေကိုပဲ ပြင်ဝတ်လိုက်လို့ရပါတယ်"
ချွေးမကြီးက ဝင်ပြောလိုက်သည်။
"ယောက္ခမကြီး ဟို ကုတန်ကိုကြည့်ပါဦး၊ သူက ဒီနှစ်ကျောင်းတက်နေပြီဆိုတော့ တောက်ပတဲ့အနာဂတ်ရှိနေပြီလေ၊ ကျွန်မရဲ့တာ့ရှုန်လေးက ဘယ်လောက် ဉာဏ်ကောင်းလိုက်လဲ၊ ဒီနှစ် သူ့ကိုလည်း ကျောင်းထားပေးရင် မကောင်းဘူးလား၊ သူက ဘွဲ့တစ်ခုရလာပြီး မိသားစုအတွက် ဂုဏ်ကျက်သရေ ဆောင်ကြဉ်းပေးနိုင်မှာပါ"
"ညည်းရဲ့ကလေး ဟုတ်လား"
ဒုတိယအဒေါ်ကုက နှာရည်ယိုပြီး နေရာတကာ ခွေးဖင်လိုက်ထိုးတတ်သော တာ့ရှုန်ကိုတွေးလိုက်မိသည်။
‘ဒီချွေးမက ငါ့ကိုလူအ ထင်နေသလား’
သို့သော် သူမက လင်းယွဲ့ပြောခဲ့သည့် စကားများကို ချက်ချင်းသတိရပြီး ပြောလိုက်သည်။
"စာလုံးသုံးလုံးပါတဲ့ ဂန္ထဝင်စာအုပ်ကို အရင်သွားဝယ်လိုက်၊ တစ်ကယ်လို့ သူသာ တကယ်ဉာဏ်ကောင်းတယ်ဆိုရင် ဆရာမပါဘဲ သူသင်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရသေးတာပေါ့"
"စာသင်ရတာ ပိုက်ဆံအများကြီးကုန်တာကို"
ဒုတိယချွေးမက အမြန်ကြားဖြတ်ပြောလိုက်သည်။
"ကုလင်ပြန်ရောက်လာတယ်ဆို ပြီးတော့ သူက ဒဏ်ရာကြီးနဲ့လို့ကြားတယ်"
"မဟုတ်ပါဘူး"
ဒုတိယအဒေါ်ကုသည်လည်း ယနေ့ အလုပ်သွားကူညီခဲ့သဖြင့် အမှန်တရားကို သဘာဝကျကျပင်သိနေလေသည်။
"အဲဒါ ကုလင်ရဲ့အစ်ကိုလေ၊ သူ မွေးမွေးချင်း ချက်ချင်းခေါ်သွားခံခဲ့ရတာ"
ထိုသတင်းက တစ်ရက်ပင်မပြည့်မီ ရွာတစ်ရွာလုံးသို့ ပျံ့နှံ့သွားလေရာ လူအများအပြားက ကန်စွန်းဥများနှင့် အာလူးများယူဆောင်လာပြီး လင်းယွဲ့မိသားစုထံသို့ လာရောက်လည်ပတ်ကြသည်။
"အံ့ဩစရာပဲ၊ တကယ့်ကိုအံ့ဩစရာပဲ၊ ဒီကမ္ဘာပေါ်မှာ တထေရာတည်းတူတဲ့လူတွေ တကယ်ရှိတာပဲ"
ကုစန်းဖျင်က အံ့အားသင့်စွာပြောလိုက်သည်။
"မင်းက တကယ် ကုလင်မဟုတ်ဘူးလား"
ကုတာ့ဖူ မျက်မှောင်ကြုတ်လိုက်သည်။
"ငါတို့ကို ပြဿနာထဲဆွဲမသွင်းနဲ့နော်၊ စစ်ပြေးတာက ကြီးလေးတဲ့ရာဇဝတ်မှုဆိုတာ မင်းသိတယ်မလား"
"ကျွန်တော်တောင် ကုလင်ဘယ်လိုရုပ်လဲဆိုတာ မေ့နေပြီ၊ သူ ငယ်ငယ်တုန်းက အမြဲတမ်းမျက်နှာကြီးမှိုင်းညို့နေတာလေ"
ကုလင်ပြုံးကာ တုံ့ပြန်လိုက်ရာ ကျွမ်းကျင်ပိုင်နိုင်သော သူ့မန်ဒရင်းတရုတ်စကားလေယူလေသိမ်းက လူတိုင်းကို အံ့အားသင့်သွားစေသည်။
"တစ်ကယ်လို့ ကျွန်တော့်မိဘတွေကသာ ကျွန်တော့်ဇာစ်မြစ်အကြောင်း ပြောမပြခဲ့ဘူးဆိုရင် အခုထိအမှောင်ထဲမှာပဲကျန်နေခဲ့ပြီး ကျွန်တော့်သွေးသားရင်းချာတွေကို ရှာတွေ့နိုင်မှာမဟုတ်ဘူး"
"မင်းရဲ့မိဘတွေက ဘယ်မှာလဲ"
"အာ ကျွန်တော့်အိမ်က ဆွေ့ကျိုးမှာပါ၊ မနှစ်တုန်းက ဓားပြအတိုက်ခံရပြီး ကျွန်တော့်မိဘတွေ ဆုံးပါးသွားခဲ့တာကြာပါပြီ"
ကုလင် မျက်ရည်များကိုသုတ်လိုက်သည်။
"သူတို့မသေခင် ဒါတွေအကုန်လုံးပြောမပြခဲ့ရင် ကျွန်တော်....."
"ဘုရားရေ မင်းက တကယ်ကုလင်ရဲ့အစ်ကိုပဲ"
ကုစန်းဖျင် အံ့အားသင့်စွာအော်ဟစ်လိုက်သည်။ ဒုတိယအဒေါ်ကုက မေးလိုက်၏။
"ဘာလို့ အဲဒီလိုပြောတာလဲ"
"သူတို့ကမိသားစုကို ကံဆိုးစေတဲ့သူတွေဖြစ်နေလို့လေ"
ကုစန်းဖျင် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လူတိုင်းက အလိုအလျောက် နောက်သို့ခြေတစ်လှမ်းဆုတ်သွားကြလေသည်။
"အဟွတ် အဟွတ် အဟွတ်"
ကုလင်က ဆက်တိုက်ချောင်းဆိုးလိုက်ရာ သူ့မျက်နှာကို ဖုံးအုပ်ထားသော အဝတ်ပေါ်တွင် အနီရောင်သွေးစက်များ စွန်းထင်းသွားလေ၏။ သူ့မျက်လုံးများတွင် မျက်ရည်များထပ်မံဝဲတက်လာသည်။
"ဒါဆို အဲဒီလိုပေါ့၊ ငါက ငါ့မိဘတွေကို ဖျက်ဆီးခဲ့တဲ့သူပေါ့၊ သူတို့က ငါ့အပေါ် အရမ်းကောင်းခဲ့တာ၊ ငါ ဆက်မနေချင်တော့ဘူး"
ကုလင်မှာ နဂိုကတည်းက အလွန် ရုပ်ရည်ချောမောပြီး ယခုလိုငိုကြွေးနေသောအခါ ပို၍ပင်သနားစရာကောင်းနေလေသည်။ လူတိုင်းက ကုစန်းဖျင်ကို စိုက်ကြည့်လိုက်ကြပြီး ဒုတိယအဒေါ်ကုက ပြောလိုက်၏။
"ဓားပြတွေက လူသတ်သွားတာလေ၊ ရှင်ကဘာလို့ ရှောင်မင့်ကိုအပြစ်သွားတင်နေရတာလဲ"
ကုစန်းဖျင်၏သမီးအကြီးဆုံးက သူ့ကို မျက်စောင်းထိုးကာပြောလိုက်သည်။
"အဖေ၊ အစ်မယွဲ့က ဒီလိုကိစ္စတွေကိုယုံစရာမလိုဘူးလို့ ပြောထားတာကြာလှပြီကို အဖေက ဘာလို့ဒါတွေသုံးပြီး အစ်ကိုမင်ရဲ့ခံစားချက်တွေကို ထိခိုက်အောင်လုပ်နေရတာလဲ"
လူတိုင်းက ကုစန်းဖျင်နှင့်ခြေတစ်လှမ်းဝေးရာသို့ခွာလိုက်ပြီး ကုလင်နှင့်ခြေတစ်လှမ်းနီးကပ်စွာ တိုးသွားကာ နှစ်သိမ့်ပေးကြသည်။
"မငိုပါနဲ့၊ မင်းရဲ့တတိယဦးလေးပြောတဲ့ ပေါက်ကရတွေကို နားမထောင်နဲ့၊ အဲဒီလူက အရမ်းအယူသည်းတာ"
ကုလင်က အားနည်းစွာပြုံးပြလိုက်ရာ ၎င်းက သူ့ကို ပိုသနားစရာကောင်းသွားစေသည်။ သို့သော် ထိုလူများယူဆောင်လာသော ကန်စွန်းဥများနှင့် အာလူးများကိုမြင်သောအခါ သူ့မျက်လုံးများ ချက်ချင်းအရောင်လက်သွားလေသည်။ ဤခေတ်ကာလတွင် ကန်စွန်းဥနှင့် အာလူးများရှိနေသည်ဟု သူ တစ်ခါမှမကြားဖူးခဲ့ပေ။
နိုင်ငံခြားထုတ်ကုန်များမှာ ဒေသတစ်ခုသို့ရောက်ရှိပြီးနောက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာရန် ပုံမှန်အားဖြင့် နှစ်တစ်ရာ သို့မဟုတ် နှစ်ရာခန့်ကြာမြင့်လေ့ရှိသည်။
‘ဒီနေရာက ကန်စွန်းဥနှင့်အာလူးတွေကို ပထမဆုံး စတင်မိတ်ဆက်ခဲ့တဲ့နေရာများ ဖြစ်နေမလား’
ဤနေရာက ပင်လယ်နှင့်သိပ်မဝေးသဖြင့် သေချာပေါက်ဖြစ်နိုင်ချေရှိပေသည်။ ထို့ပြင် တာ့ယုံမင်းဆက်က နယ်စပ်များကိုမပိတ်ထားသဖြင့် ဤကန်စွန်းဥနှင့် အာလူးများကို ကုန်သည်များကယူဆောင်လာပြီး ဤနေရာတွင် ပျံ့နှံ့သွားခြင်းဖြစ်နိုင်သည်။ သူသည် ဤနေရာကိုသိမ်းပိုက်ရန် စစ်တပ်ကို ဦးဆောင်လာပြီးနောက် ရတနာများ ရှာဖွေရန် ရေတပ်တစ်ခုဖွဲ့စည်းဖို့ မူလက စီစဉ်ထားခဲ့သည်။ ရတနာများက ဤနေရာတွင်ရှိနေမည်ကို သူ အနည်းငယ်မျှမသိခဲ့ပေ။
၎င်းမှာ အနှံ့အပြားလိုက်လံရှာဖွေနေသော်လည်းမတွေ့ရဘဲ ကိုယ့်ဆီသို့ အားစိုက်စရာမလိုဘဲ ရောက်လာသကဲ့သို့ပင်။ အကယ်၍ သူတို့တွင် ကန်စွန်းဥများနှင့် အာလူးများရှိပါက သူတို့၏စားနပ်ရိက္ခာပြဿနာကို များစွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။ စစ်ပွဲဆိုသည်မှာ လူဦးရေနှင့် ရိက္ခာ ထောက်ပံ့မှုများအပေါ် အလုံးစုံမူတည်နေသည်။
ယခုအခါ နိုင်ငံမှာ မတည်မငြိမ်ဖြစ်နေပြီး ပြည်သူများ၏မကျေနပ်မှုများမှာ ဆူပွက်နေကာ နေရာအများအပြားတွင် ပုန်ကန်ထကြွမှုများစတင်နေပြီ ဖြစ်သည်။ ယခုနှစ်တွင် တိုးမြှင့်လိုက်သောအခွန်များနှင့် နောက်ဆက်တွဲ အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှုများမှာ ကုလားအုတ်၏ကျောကို ကျိုးစေမည့် နောက်ဆုံးကောက်ရိုးတစ်မျှင် ဖြစ်လာလိမ့်မည်ဟု သူခန့်မှန်းထားသည်။ ထိုအချိန်မှစ၍ ပုန်ကန်ထကြွမှုဒီရေကို တားဆီးနိုင်တော့မည် မဟုတ်ပေ။
ရှီထိုင်ခရိုင်နှင့်မတူညီသည်မှာ ယန်ပန်းသည် ထိုအချိန်က ချီးကျူးခံရပြီးနောက် တရားမျှတပြီး ဖြောင့်မတ်သော အရာရှိတစ်ဦးဖြစ်လာရန် ရိုးသားစွာ ရည်မှန်းချက်ထားရှိခဲ့သည်။ အခြေအနေကို အခွင့်ကောင်းယူ၍ ပြဿနာမရှာရန် စစ်ဆေးရေးမူးများကို သူက အထူးညွှန်ကြားထားခဲ့သည်။ အခြားခရိုင်များတွင် ငါးကြေးခွံ မှတ်ပုံတင်စာရင်းများကွဲပြားရုံသာမက မြေပိုင်ရှင်ငယ်များမှာ စစ်ဆေးရေးမူးများထံမှ ကြိုတင်အကြောင်းကြားချက်ရရှိကာ အခွန်အရာရှိများနှင့် ပူးပေါင်းကြံစည်တတ်ကြ၏။
သာမန်ပြည်သူများမှာ အာဏာပိုင်များ ကောက်ခံသည့် စပါးထက်တစ်ဆမှ နှစ်ဆအထိ ပိုမိုပေးဆောင်ရရုံသာမက စပါးကောက်ခံသည့်လုပ်ငန်းစဉ် အတွင်းတွင်လည်း စစ်ဆေးရေးမူးများ၏ကန်ကျောက်ရိုက်နှက်မှုများကို ခံကြရသည်။ ဆန်ဆယ်တင်းတွင် သုံးဆယ်ရာခိုင်နှုန်းခန့်မှာ ကန်ထုတ်ခံရပြီး မြေပြင်ပေါ်သို့ ဖိတ်စင်သွားလေ့ရှိ၏။ ယင်းကို အရာရှိများက စပါးသယ်ယူရာတွင်ဖြစ်ပေါ်သော လေလွင့်ဆုံးရှုံးမှုအဖြစ် သတ်မှတ်ကြသည်။ ကျန်ရှိသော သုံးဆယ်ရာခိုင်နှုန်းကို သူတို့က ပြန်လည်ပေးဆပ်ရမည်ဖြစ်၏။
ရလဒ်အနေဖြင့် ကုလင်၏ခရီးစဉ်တစ်လျှောက်တွင် လယ်သမားဆယ်ယောက်၌ရှစ်ယောက် သို့မဟုတ် ကိုးယောက်ခန့်မှာ အဝတ်အစားမလုံလောက်ခြင်း သို့မဟုတ် ငတ်မွတ်ခေါင်းပါးခြင်းများ ခံစားနေကြရ၏။ ယခုဆောင်းရာသီတွင် လယ်သမားမည်မျှ အအေးဒဏ် သို့မဟုတ် ငတ်မွတ်မှုကြောင့်သေဆုံးရမည်ကို မည်သူမျှမသိနိုင်ပေ။ သူတို့သည် တိတ်တဆိတ်သေဆုံးသွားမည် သို့မဟုတ် တိတ်ဆိတ်မှုထဲမှ ပေါက်ကွဲထွက်လာမည်ဖြစ်သည်။ ပေါက်ကွဲထွက်မည့်အချိန် နီးကပ်လာပြီဖြစ်ကြောင်း ကုလင်သိနေ၏။