အခန်း ၁၂၁
Vol. 13 Ch. 121
Ch-121
တခြားတစ်ဖက်တွင် ဖိုခုန်းက မီးဖိုချောင်တာဝန်ခံဘုန်းကြီးကို မေးလိုက်သည်။
"ဒီတလော အစားအသောက်တွေ ဘယ်လိုနေလဲ"
"အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ အကုန်လုံးက ကောင်းတယ်လို့ ပြောကြတယ်"
လျောင်ခုန်းက ပြောင်ရှင်းနေသော သူ့ခေါင်းကိုပွတ်သပ်ရင်း ပြောလိုက်သည်။
"အရေးကြီးတဲ့ပုဂ္ဂိုလ် တော်တော်များများက ငါတို့ရဲ့မှိုဆော့စ်ကို ဝယ်ချင်တယ်လို့ သီးသန့်တောင်းဆိုကြတာ"
"မင်း ဘယ်လိုပြောလိုက်လဲ"
"သေချာပေါက် သူတို့ကိုတစ်ပုလင်း ပေးလိုက်ရတာပေါ့"
လျောင်ခုန်းပြောလိုက်သည်။
"သီးသန့်ခန်းထဲကလူတွေ အကုန်လုံးက အဆင့်မြင့်အရာရှိတွေနဲ့ မျိုးရိုးမြင့်တွေလေ၊ သူတို့လှူဒါန်းထားတဲ့ ပိုက်ဆံတွေက ဆော့စ်လှည်းတစ်စီးစာလောက်တောင် ဝယ်လို့ရတာ ဘယ်လိုလုပ် သူတို့ကိုပိုက်ဆံပေးပြီး ဝယ်ခိုင်းလို့ရမှာလဲ"
"မဆိုးဘူး"
ဖိုခုန်းက အသာပြုံးရင်းပြောလိုက်သည်။
"မင်းက တော်တော်လေးပါးနပ်တာပဲ"
"ဆရာ ဒါပေမဲ့ ငါတို့ဆီမှာဆော့စ်တွေ ကုန်လုနီးပါးဖြစ်နေပြီ၊ သူ့ကို နောက်ထပ် နည်းနည်းလောက်ထပ်ပို့ခိုင်းဖို့လိုမယ်"
"ရက်နည်းနည်းပဲရှိသေးတာကို ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကုန်သွားရတာလဲ"
ဖိုခုန်းမှာ လာဘ်စားနေသူဖြစ်ရာ သဘာဝကျကျပင် တတ်နိုင်သမျှမြန်မြန်နှင့် များများရောင်းချင်သော်လည်း ဤသည်ကမြန်လွန်းနေပြီး သူ့စိတ်ကူးထက်ပင် ကျော်လွန်နေလေသည်။
"ငါ့တပည့်တွေက ပြောကြတယ်၊ ဒီဆော့စ်က ထမင်းနဲ့စားလို့ကောင်းရုံတင်မကပဲ သူတို့ကို နွေးထွေးသွားစေပြီး အလုပ်လုပ်ဖို့ ခွန်အားတွေပိုရစေတယ်တဲ့"
လျောင်ခုန်း ပြောလိုက်သည်။
"ပြီးတော့ အပြင်ဘက်က ဘုရားဖူးတွေကိုရောင်းတဲ့ သက်သတ်လွတ် အစားအစာတွေက အမြဲအရသာမရှိဘူးလို့ပြောခံရပြီး အရောင်းအဝယ်ကလည်း အရင်လိုမကောင်းတော့ဘူး၊ ဒါကြောင့် ငါကတစ်ပွဲကို ဆော့စ်တစ်ဇွန်းစီထည့်ပေးပြီး အပိုကြေးတစ်ပြား ကောက်လိုက်တယ်၊ ပြီးတော့ တစ်ယောက်ယောက်က ဆော့စ်ဝယ်ချင်တယ်ဆိုရင် သူတို့ကို ၂၅ပြားနဲ့ ရောင်းပေးလိုက်တယ်၊ ငါတို့ နောက်ထပ် ၅ပြား မြတ်တာပေါ့၊ အရောင်းအဝယ်က တော်တော်လေး ကောင်းလာတယ်"
ဖိုခုန်းက လျောင်ခုန်းကိုကျေနပ်အားရစွာ ကြည့်လိုက်သည်။
"မင်းကတော့ ငါမင်းကို လူကဲခတ်မမှားဘူးဆိုတာ သိသားပဲ"
ဖိုခုန်းက ထပ်ဖြည့်ပြောလိုက်သည်။
"ငါ ဒီဆော့စ်ကိုအထင်သေးမိသွားပုံရတယ်၊ နောက်တစ်ခါကျရင် ပိုများများ ဝယ်ရမယ်"
ကျီဝေ့လန်အိမ်တွင် သူကကျီလင်ရှင်းကို အိပ်ခန်းထဲမှဆွဲထုတ်လာကာ ပြောသည်။
"ဆရာက ပြောတယ်၊ မင်း ဒီရက်ပိုင်း အတန်းထဲမှာ စာကိုအာရုံမစိုက်ဘဲ တစ်ခုခုကို အမြဲဝါးနေတယ်တဲ့၊ အစကတော့ ငါမယုံဘူး၊ ဒါပေမဲ့ မင်းကဒီမနက်အစောကြီးထပြီး နို့သကြားလုံးတွေ စားနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ၊ ရက်နည်းနည်းပဲရှိသေးတယ်လေ မင်း ဒီနို့သကြားလုံးတွေကို အကုန်စားလို့ ကုန်တော့မယ်"
ကျီလင်ရှင်း ပြန်လည်ချေပလိုက်သည်။
"သားက အရသာမြည်းကြည့်နေတာပါ၊ အရင်ဆုံး သားဘာသာအရည်အသွေးကို အကဲဖြတ်ပြီးမှ ဈေးသတ်မှတ်ရမှာလေ"
"မင်း သောက်ကလေး ဒီနေ့အတွက် အကုန်လုံးကို ငါပြင်ဆင်ထားပြီးပြီ၊ ဒီနေ့က ကျုံးဟွာဆော့စ်အတွက် ပထမဆုံးစရောင်းတဲ့နေ့ပဲ ငါ့ဆီကနေ လာသင်ယူစမ်း"
လွန်ခဲ့သောနှစ်ရက်ကတည်းက ပုံပြင်စာအုပ်ကို ပုံပြင်ပြောသူအမျိုးမျိုးထံ သူ ဖြန့်ဝေခဲ့ပြီးဖြစ်သည်။ ၎င်းထဲတွင် ပင်လယ်ပြင်၌ ရေဘဝဲကြီးကို သူ ပါးနပ်စွာတိုက်ခိုက်ပုံ၊ ၎င်း၏ခေါင်းကို ဖြတ်ချကာ ၎င်းထံမှ သူတစ်ခါမှမမြင်ဖူးသော အရသာရှိသည့်ဆော့စ်ကိုရရှိခဲ့ပုံများ ပါဝင်လေသည်။ ထိုပုံပြင်မှာ အနယ်နယ်အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး အတော်လေး ဂယက်ရိုက်သွားစေခဲ့သည်။
အနည်းဆုံးတော့ ၎င်းက သူ့ကို တော်တော်လေး နာမည်ကြီးသွားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် လူအများအပြားသိထားပြီးဖြစ်သည့်အတိုင်း ဤအရသာရှိသောဆော့စ်ကို သူ့ကျွမ်ဝေ့ကဲနားနေဆောင်တွင် ယနေ့ရရှိနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဆော့စ်၏နာမည်ဂုဏ်သတင်းကို တည်ဆောက်မည့် ပထမဆုံးလှိုင်းလုံး ဖြစ်သည်။
ကျွမ်ဝေ့ကဲနားနေဆောင်မှာ အဆင့်မြင့် စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပြီး ၎င်း၏စားဖိုမှူးချုပ်ကို မြို့တော်မှ ငှားရမ်းထားခြင်းဖြစ်ကာ ထူးခြားပြောင်မြောက်သော ဟင်းချက်စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။ ကျွမ်ဝေ့ကဲ၏နာမည်ဂုဏ်သတင်းမှာ လုံရှီးခရိုင်ကိုကျော်လွန်၍ ပျံ့နှံ့နေပြီး အခြားခရိုင်များမှ လူများပင် အရသာရှိသော အစားအစာများအတွက် သီးသန့်လာရောက်ကြလေသည်။
ဝင်ရောက်ရန်အတွက် ပုံမှန်အားဖြင့် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်သည်။ ယနေ့တွင် ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်နေတတ်သော ကျွမ်ဝေ့ကဲ၏အပြင်ဘက်တွင် လူများအုံဖွဲ့စုရုံးနေကြသည်။ ကျီဝေ့လန်၏အစေခံများက သူတို့ကိုမောင်းမထုတ်ဘဲ စည်းကမ်းတကျရှိစေရန်သာ ထိန်းသိမ်းပေးနေ၏။ အထဲတွင်ထိုင်နေသော လူတစ်ယောက်က အောက်ရှိလူများကို ငုံ့ကြည့်ကာ ခနဲ့တဲ့တဲ့ပြောလိုက်သည်။
"သူတို့က ဘာပဲဖြစ်ဖြစ် ဝယ်နိုင်မှာမှ မဟုတ်တာ၊ ဘာလို့လာပြီး ရောယောင်ပျော်ပါးနေကြတာလဲ"
သို့သော် သီးသန့်ခန်းထဲ သူထိုင်နေစဉ် အောက်ရှိလူတိုင်းက သူရှိရာအရပ်မျက်နှာဆီသို့ မော့ကြည့်နေကြသည်ကို မြင်ရသောအခါ ဖော်ပြ၍မရသော ပျော်ရွှင်မှုတစ်ခု သူ့ရင်ထဲတွင်တက်လာသည်မှာ ငြင်းမရပေ။ စားသောက်ဆိုင်၏အတွင်းပိုင်းမှာ စက်ဝိုင်းပုံစံရှိပြီး အလယ်ရှိ စင်မြင့်တစ်ခုကို ဝန်းရံထားသည်။ သာမန်နေ့များတွင် တရုတ်ရိုးရာကြိုးတပ်တူရိယာများနှင့် လေမှုတ်တူရိယာများ၏အသံများ၊ နူးညံ့သိမ်မွေ့သော သီချင်းဆိုသံများနှင့် အကများဖြင့် ပြည့်နှက်နေကာ ဆွဲဆောင်မှုရှိသော လေထုကို ဖန်တီးပေးထားသည်။
သို့သော် သီးသန့်ခန်းများထဲမှလူများကတော့ အကများကို ပျင်းစရာကောင်းသည်ဟု ထင်နေကြသည်။ သူတို့က ဆော့စ်ကိုမြန်မြန် ပေါ်လာစေချင်စိတ်ဖြင့် စိတ်ထဲတွင်ပျာယာခတ်နေကြလေ၏။ လူတိုင်းစိတ်မရှည် ဖြစ်လာချိန်မှာပင် ယဉ်ကျေးပြီးကျက်သရေရှိဟန်ဖြင့် လူတစ်ယောက် စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။
လူတိုင်းအံ့ဩသွားကြသည်။ ဤလူမှာ ငယ်ရွယ်စဉ်ကတည်းက နာမည်ကြီးခဲ့ပြီး အတော်လေးအရည်အချင်းရှိသော လုံရှီးခရိုင်မှ ပညာတတ်တစ်ဦး ဖြစ်သည်။ ယနေ့တွင် သူကလေလံမှူးအဖြစ် ပါဝင်လာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ။ သူက စားပွဲခင်းကို မ,လိုက်ရာ ငရုတ်သီးဆော့စ်၏ အစစ်အမှန်မျက်နှာကို ဖော်ထုတ်လိုက်လေသည်။
သူက ၎င်းကိုညင်သာစွာမြှောက်ကိုင်လိုက်ပြီး လူတိုင်းကို ပွင့်လင်းမြင်သာသောဖန်သားကို ရှင်းလင်းစွာမြင်တွေ့ခွင့် ပေးလိုက်သည်။ သူက ဖန်၏မူလအစကို စကားလုံးအနည်းငယ်ဖြင့် အရင်ရှင်းပြလိုက်ပြီးနောက် ဤမျှ ပွင့်လင်းမြင်သာသောဖန်ကို အလွန် ရှားပါးပြီး တန်ဖိုးရှိသွားစေသည့် ဖန်ထည်ပြုလုပ်ခြင်း လက်မှုပညာအကြောင်းကို ပြောပြလေသည်။ စကားလုံးအနည်းငယ်ဖြင့်ပင် သူက တက်ရောက်လာသူအားလုံး၏ စိတ်အားထက်သန်မှုကို မီးမွှေးပေးလိုက်၏။
"စတင်လေလံဈေး၊ ငွေသုံးတေး”
"ကျွန်တော် ငွေလေးတေး"
"ငွေခြောက်တေး"
"ငွေဆယ်တေး"
လူတိုင်း အလုအယက်လေလံဆွဲနေကြသည်ကို စင်အောက်မှနေ၍ကြည့်နေသော ကျီဝေ့လန်မှာ ပြုံးစိစိဖြစ်နေလေ၏။ ဤသည်မှာ သူ့နာမည်ကို တည်ဆောက်ရန်အတွက် ပထမဆုံး ခြေလှမ်းသာဖြစ်သည်။ ပထမဦးစွာ ငွေအများကြီးရှာပြီး လူပြောသူပြောများလာအောင် လုပ်မည်။
အထက်တန်းလွှာများကြားမှ လေလံဆွဲသည့် ရူးသွပ်မှုများ ငြိမ်သက်သွားပြီးနောက် သာမန်ပြည်သူများ၏သိချင်စိတ်က တစ်နေ့ထက်တစ်နေ့ပိုတိုးလာမည်ဖြစ်ပြီး ထိုအခါမှသာ ဈေးနှုန်းချိုသာသောဆော့စ်များကို စတင်မိတ်ဆက်မည်ဖြစ်သည်။ ၎င်းက ချမ်းသာသူများကို ဈေးကြီးသောဖန်ပုလင်း ထုပ်ပိုးမှုနှင့် အစားအစာများမှတစ်ဆင့် သူတို့အဆင့်အတန်းကို ပြသခွင့်ပေးသလို တစ်ချိန်တည်းမှာပင် သာမန်ပြည်သူများအတွက်လည်း အရသာရှိသော အစားအစာများကို တတ်နိုင်သော ဈေးနှုန်းဖြင့် ရရှိစေကာ သူတို့အတွက်လည်း ငွေရှာနိုင်စေသည်။ ၎င်းမှာ ခဲတစ်လုံးတည်းဖြင့် ငှက်သုံးကောင်ကို ပစ်လိုက်ခြင်းဟုပင် ဆိုနိုင်သည်။
လင်းယွဲ့သည် မူလက တာ့ယာနှင့်အတူ ရှီထိုင်ခရိုင်သို့သွားရန် စီစဉ်ထားပြီး ကုတန်က နေရစ်ကာ ကျောင်းတက်မည် ဖြစ်သည်။ သူမသည် ဆော့စ်များနှင့် အရက်ချိုများပြုလုပ်ရန်အတွက် ရံဖန်ရံခါ ပြန်လာမည်ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ကျီမင်က မမျှော်လင့်ဘဲ ပေါ်လာခဲ့သည်။
လင်းယွဲ့မှာ တာ့ယာကို အိမ်တွင်ထားခဲ့ပြီး ရှီထိုင်ခရိုင်သို့ တစ်ယောက်တည်း သွားရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။ သူမ၏ဆုံးဖြတ်ချက်ကို ကြေညာလိုက်သောအခါ ကုလင်က ချောင်းဆိုးလိုက်ပြီး သူမထံ စိုးရိမ်တကြီးကြည့်ကာ ပြောလိုက်သည်။
"တစ်ယောက်တည်း အဆင်ပြေပါ့မလား သေချာလို့လား"
"ဒါဆို ရှင့်ကို ဒီမှာပဲတစ်ယောက်တည်း ထားခဲ့ရမှာလား"
"အဟွတ် အဟွတ် အဟွတ်"
ကုလင်က စိတ်ထဲမှတွေးလိုက်မိပြီး ဒီအမျိုးသမီးက ဘာလို့ဒီလောက်တောင် ခေါင်းမာရတာလဲဟု အံ့ဩနေမိသည်။ သူ ပြောလိုက်၏။
"ငါ မင်းကို ဒုက္ခမပေးချင်ပါဘူး၊ မင်းက ငါ့အသက်ကို ကယ်ခဲ့တာ၊ ဒီကျေးဇူးကြီးကို ငါ အမြဲမှတ်ထားမှာပါ"
"ရပါတယ်လေ၊ အသက်ကယ်ခဲ့တဲ့ ကျေးဇူးကို ကျန်တဲ့တစ်သက်လုံး ကျွန်တစ်ယောက်လို အလုပ်အကျွေးပြုပြီး ပြန်ဆပ်ပေါ့"
'နောက်ဘဝမှ မဟုတ်ဘူးလား'
ကုလင်က လင်းယွဲ့ကိုကြည့်ကာ သူမက အမြဲတမ်းကြိုတင်ခန့်မှန်း၍မရသော အရာများကို လုပ်လေ့ရှိသည်ဟုခံစားလိုက်ရသည်။ သူ့အိတ်ကပ်ထဲမှ ငွေတစ်တေးကိုထုတ်ကာ ပြောလိုက်သည်။
"ရင်းနှီးတဲ့ညီအစ်ကိုတွေတောင် စာရင်းရှင်းရှင်းလင်းလင်း ထားသင့်တယ်လေ၊ ငါ ဒုက္ခပေးမိတဲ့အတွက် ဒါကို...."
သူ စကားပြော၍ပင် မဆုံးလိုက်သေးမီ ငွေတုံးလေးမှာ လုယူခံလိုက်ရ၏။ လင်းယွဲ့မျက်လုံးများတွင် ကျေနပ်မှု အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။
"ရှောင်မင် ရှင့်ရဲ့စေတနာကို အခု နားလည်ပါပြီ"
အဲဒါက ဒီအထိရောက်ဖို့ သူသုံးခဲ့ရတဲ့ ပိုက်ဆံအကုန်လုံးပဲလေ။
ကုလင်၏ရင်ထဲတွင် စူးခနဲနာကျင်သွားပြီး အတင်းအကျပ်သာ ပြုံးပြလိုက်ရတော့သည်။ နောက်တစ်နေ့တွင် လင်းယွဲ့သည် ကုတန်ကို ကြေးပြား ၅၀၀ပေးကာ လဝက်စာ အစားအသောက်နှင့် အရက်ချိုများကိုထားခဲ့ပြီး ဝမ်အာ့မေကို နေ့စဉ်လိုအပ်တာသမျှယူဖို့ ပြောခဲ့သည်။ ထို့နောက် သူမသည် ရှီထိုင်ခရိုင်သို့ လှည်းမောင်း၍ ထွက်ခွာသွားလေသည်။
ရှီထိုင်ခရိုင်သို့ ရောက်ရှိသောအခါ နေမင်းကြီးမှာ ကောင်းကင်ထက်တွင် မြင့်တက်နေလေ၏။ သူမဆိုင်ထဲသို့ ဝင်လိုက်သောအခါ ဆိုင်မှာ အလုံးစုံ ပြင်ဆင်ပြီးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အသစ်ခုတ်ထားသော သစ်သားများမှ သစ်သားရနံ့သဲ့သဲ့ကို ထုတ်လွှတ်နေပြီး သစ်သားစင်များကို သပ်ရပ်စွာ စီစဉ်ထားလေသည်။
လင်းယွဲ့သည် လားလှည်းပေါ်မှ ဆော့စ်များကို သစ်သားစင်ပေါ်တွင် စီတင်လိုက်ပြီး ပိုနေသော ဆော့စ်များကို သိုလှောင်ခန်းထဲသို့ ထည့်သွင်းထားလိုက်သည်။ ရှင်းလင်း၍ပြီးသွားသောအခါ ဆိုင်မှာသေးငယ်ပြီး နောက်ဖေးခြံမရှိသဖြင့် လားလှည်းကို ဆိုင်တွင်သာ ထားခဲ့ရလေသည်။ ဆိုင်းဘုတ်ကို ချိတ်ဆွဲပြီးနောက် ဒုတိယဦးလေးကုက ၎င်းကိုအနီရောင် အဝတ်တစ်ခုဖြင့် ဖုံးအုပ်ထားခဲ့ပြီး သူမ ဆိုင်ဖွင့်သည့်အခါမှ ဖယ်ရှားရန်စောင့်နေခဲ့သည်။ လင်းယွဲ့သည် လက်ကမ်းစာစောင်အထပ်လိုက်ကိုကိုင်ကာ သူမဗိုက်ကို ပွတ်သပ်ရင်းတွေးလို၏။
"ဗိုက်ဆာလိုက်တာ၊ တစ်ခုခုအရင် ချက်စားမှပါ"
မူလသိုလှောင်ခန်းတွင် ပြတင်းပေါက်တစ်ခု ထပ်မံထည့်သွင်းထားသဖြင့် အလင်းရောင် ကောင်းစွာရရှိပြီး မီးဖိုမှာလည်း အတော်လေးကြီးမားသဖြင့် လင်းယွဲ့ကို ကျေနပ်သွားစေ၏။ သူတို့ ထင်းမဝယ်ရသေးသော်လည်း ဒုတိယဦးလေးကုက မီးမွှေးရန်ကျန်ရှိသော သစ်သားများကို အနီးအနားတွင် ပုံထားပေးခဲ့သည်။ လင်းယွဲ့သည် မီးဖိုနှစ်ခုကို အရင်မွှေးလိုက်ပြီး ဒယ်အိုးတစ်လုံးဖြင့် ထမင်းဟင်းချက်ကာ နောက်တစ်လုံးဖြင့် မနေ့ညက သူမချက်ထားသော ဝက်သားနီချက်ကို ပြန်နွှေးလိုက်၏။
လတ်တလော စားခဲ့သော ဝက်ခြေထောက်များမှ ဝက်လက်အားလုံးကို သူမ စုဆောင်းထားခဲ့ပြီး မနေ့ညက ဝက်သားနီချက်ချက်ထားခဲ့သည်။ ဝက်သားနီချက် ဟင်းလျာများအတွက် အမွှေးအကြိုင်အချိုးအစားက အရေးကြီးရုံသာမက မီးအပူရှိန် ထိန်းချုပ်ခြင်းက ပိုအရေးကြီးလှ၏။ မီးအပူရှိန်ပြင်းလွန်းပါက တူးသွားမည်။
မီးအပူရှိန် နည်းလွန်းပါကလည်း အသားအရောင်ပြောင်းလဲသည့် ဓာတ်ပြုမှု မဖြစ်ပေါ်ဘဲ အရသာရှိသော အနံ့ထွက်လာမည် မဟုတ်သဖြင့် စား၍ကောင်းမည်မဟုတ်ပေ။ မီးကို ဘယ်အချိန် တိုးရမည်၊ ဘယ်အချိန် လျှော့ရမည်ဆိုသည်ကို သိရှိခြင်းမှာ အတွေ့အကြုံများစွာ လိုအပ်လှသည်။
လင်းယွဲ့တွင် ဤစီးပွားရေးလုပ်ငန်း လုပ်ကိုင်သော ဆွေမျိုးများရှိပြီး အရိုးရှင်းဆုံးနှင့် အရသာအရှိဆုံးနည်းလမ်းကို ရှာဖွေနိုင်ရန်အတွက် သူမသည် ဆွေမျိုးများထံမှ သင်ယူရုံသာမက တခြားသော ဝက်သားနီချက် အစားအသောက်ဆိုင် အများအပြားသို့ သွားရောက်ကာ အလုပ်သင်အဖြစ် လုပ်ကိုင်ခဲ့သေးသည်။ တစ်ညလုံးစိမ်ထားပြီးနောက် ဝက်လက်များကို ပြန်နွှေးလိုက်ရာ ပွက်ပွက်ဆူလာပြီး ၎င်းတို့၏မွှေးရနံ့များက လမ်းများတစ်လျှောက် အားကောင်းစွာလွင့်ပျံသွားလေသည်။
"ဒီဆိုင်က ဖွင့်ပြီလား"
ပညာတတ်ပုံပေါက်သော အမျိုးသားတစ်ဦးဝင်လာခဲ့သည်။