← Chapters

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း ၁၂၄

Vol. 13 Ch. 124

Ch-124

"နေဦး"

လင်းယွဲ့က ထမင်းပန်းကန်ကိုယူတော့မည့် သူတောင်းစားလေးထံမှပြန်လုယူလိုက်ပြီး ပြောလိုက်သည်။ သူတောင်းစားလေး၏ မျက်လုံးများတွင် ကြမ်းကြုတ်သောအကြည့်တစ်ချက် ဖြတ်ပြေးသွားပြီး လင်းယွဲ့ကို စိုက်ကြည့်လိုက်၏။ လင်းယွဲ့က သူ့ကို ကျောပေးထားသဖြင့် မမြင်လိုက်ပေ။

"ရေနည်းနည်း သွားယူလိုက်ဦးမယ်၊ မင်း လက်ဆေးလို့ရတာပေါ့"

သူမက ပြောလိုက်သည်။ သူတောင်းစားလေး၏မျက်လုံးထဲမှ ရက်စက်သောအကြည့်မှာ ပျောက်ကွယ်သွားပြီး အနည်းငယ်တွေဝေသွားသည့်အမူအရာဖြင့် အစားထိုးသွားလေသည်။ မီးဖိုအလယ်တွင် အိုးငယ်လေးတစ်လုံးရှိပြီး ဘေးဖက်မီးဖိုနှစ်ခုမှ အပူရှိန်ဖြင့် ရေနွေးကျိုရန် အသုံးပြုလေသည်။ လင်းယွဲ့က ယောက်ချိုဖြင့် ရေနွေးအနည်းငယ်ခပ်ယူကာ ရေအေးအနည်းငယ်ရောပြီး အမြန်ထွက်လာခဲ့သည်။

"လာ လက်ဆန့်ထုတ်လိုက်"

လင်းယွဲ့က သူတောင်းစားလေးအနီးသို့ ချဉ်းကပ်ကာ ရေကိုဖြည်းဖြည်းချင်း လောင်းချပေးရင်းပြောလိုက်၏။ သူတောင်းစားလေး၏မျက်လုံးများမှာ မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။

ဘယ်လို ဘယ်လိုလုပ် ရေနွေးဖြစ်နေရတာလဲ။

ခရိုင်ထဲတွင် ထင်းမှာ ရွာများထက်နှစ်ဆပို၍ဈေးကြီးပြီး တန်ဖိုးရှိလှသည်။ မိသားစုများစွာက ထင်းတစ်ချောင်းတည်းဖြင့် အစားအသောက်များကို မီးအေးအေးဖြင့် ချက်ပြုတ်ကြသည်။

လူအများစုက ရေတွင်းများမှရေအေးကိုသာ တိုက်ရိုက်သုံးစွဲကြသည်။ ဆောင်းရာသီတွင် သူတောင်းစားလေးတစ်ယောက် ရေအေးဖြင့်လက်ဆေးရလျှင်အေးမည်ကို ဘယ်သူဂရုစိုက်မည်နည်း။

"လက်ကိုလှန်ပြီး လက်ခုံကိုပါပွတ်ဆေး"

သူတောင်းစားလေးက ခိုင်းသည့်အတိုင်းအမြန်လုပ်လိုက်၏။ သန့်ရှင်းသွားအောင် ဆေးကြောပြီးနောက် လင်းယွဲ့က သူ့ကိုအစားအသောက်များ ကမ်းပေးကာ "စားတော့" ဟုပြောလိုက်သည်။

သူတောင်းစားလေးက ဇွန်းကိုယူကာ ပါးစပ်ထဲသို့ ပလုတ်ပလောင်းသွင်းလိုက်၏။ အရသာခံစားမှုက နောက်ဆုံးမှ ရောက်လာခဲ့သည်။

“အရမ်းအရသာရှိတာပဲ”

"ဟေး ကြက်ဥကို အခွံခွာရဦးမယ်လေ"

လင်းယွဲ့ သတိပေးလိုက်ချိန်မှာပင် သူတောင်းစားလေးက ကြက်ဥကို ပါးစပ်ထဲ အလုံးလိုက်ထိုးသွင်းကာ အခွံပါမကျန် ဝါးစားလိုက်သည်ကိုမြင်လိုက်ရ၏။ လင်းယွဲ့ သက်ပြင်းချလိုက်ပြီး သူတောင်းစားလေးက သူ့အစားအသောက်များကို မျက်စိတစ်မှိတ်အတွင်း စားသောက်ပြီးသွားသည်ကိုမြင်သောအခါ မေးလိုက်သည်။

"မင်းက ဒီကပဲလား"

သူတောင်းစားလေးက ခေါင်းညိတ်လိုက်သည်။

"လူတွေက ဘယ်နေရာမှာစားရတာ သဘောကျပြီး ဆော့စ်တွေဝယ်နိုင်တဲ့သူတွေရှိလဲဆိုတာ မင်းသိလား"

"အရှေ့ဘက်လမ်းက ယုယီလမ်းကြားမှာ သူဌေးတွေအများကြီးရှိတယ်"

သူတောင်းစားလေးက ပြောလိုက်သည်။

"သူတို့စွန့်ပစ်တဲ့ အစားအကြွင်းအကျန်တွေက တစ်ခရိုင်လုံးမှာအကောင်းဆုံးပဲ၊ အဲဒီထဲမှာ ထမင်းဖြူတွေမကြာခဏ ပါတတ်တယ်"

ထိုနေရာကို လင်းယွဲ့ကြားဖူးသည်။

“ခရိုင်အရာရှိက အဲဒီလမ်းကြားထဲမှာ နေတာပဲ၊ ဒါပေမဲ့ ယုယီလမ်းကြားက ချမ်းသာပြီး အာဏာရှိတဲ့သူတွေအတွက်လေ၊ ပြီးတော့ သူတို့အကုန်လုံးမှာ အစေခံတွေရှိကြတယ်၊ သူတို့မှာ ပုံမှန် ဝယ်နေကျနေရာတွေ ရှိနိုင်တယ်၊ ပြီးတော့ ငါ့ဆီကဝယ်ချင်မှလည်းဝယ်မှာ"

သူတောင်းစားလေးက မျက်ခုံးပင့်ကာ စဉ်းစားလိုက်သည်။

"ဒါဆိုရင် အရှေ့ဘက်လမ်းမှာ အားတောက်လမ်းကြားနဲ့ လျိုလီလမ်းကြား ရှိတယ်၊ အဲဒီမှာ ဆိုင်ရှင်တွေ၊ စစ်ဆေးရေးမူးတွေ၊ သက်တော်စောင့်တွေတို့လိုလူတွေနေကြတယ်၊ တစ်ကယ်လို့ ပိုက်ဆံနည်းနည်းရှိတယ်ဆိုရင် အဲဒီကို သွားလို့ရတယ်၊ အနောက်ဘက်လမ်းမှာလည်း နင်လော့လမ်းကြားနဲ့ ချင်းထင်လမ်းကြားရှိတယ်၊ အဲဒီမှာ ဆိုင်အကူတွေနဲ့ ပညာရှင်တွေနေကြတယ်၊ အဲဒါလည်း မဆိုးဘူး"

"မင်း ဒီလောက်အများကြီးသိမယ်လို့ ငါ မထင်ထားဘူး"

လင်းယွဲ့သည် သူတောင်းစားလေးက နေရာအနှံ့ တောင်းရမ်းစားသောက်နေသဖြင့် ရှီထိုင်ခရိုင်အကြောင်း အများကြီးသိနိုင်မည်ဟုထင်ကာ သူ့ကို မေးလိုက်ခြင်း ဖြစ်သည်။ မမျှော်လင့်ဘဲ သူက သူမကိုအံ့အားသင့်သွားစေခဲ့၏။ သူက ဘယ်လမ်းကိုသွားရမည်ကို ပြောပြရုံသာမက ထိုလမ်းတွင် မည်သူတွေ နေထိုင်ကြောင်းကိုပါသိနေလေသည်။

"ဒါပေါ့ဗျ ကျွန်တော်ကအမြဲတမ်း သွားလာနေတာလေ၊ နောက်တစ်ခါ တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကိုသာ မေးလိုက်၊ ထမင်းတစ်ပန်းကန်ကျွေးရင် ရပြီ"

လင်းယွဲ့ပြုံးကာ သဘောတူလိုက်သည်။ ပန်းကန်များကိုပြန်သိမ်းပြီး ဆေးကြောပြီးနောက် ဆိုင်၏ ဆိုင်းဘုတ်ပေါ်တွင် တင်ထားလိုက်သည်။ သို့သော် အိပ်မည့်အစား သူမက ကြက်ဥများကိုခပ်ထုတ်ကာ အခွံကို အက်ကွဲသွားအောင်လုပ်ပြီးနောက် ဝက်သားနီချက်ဟင်းရည်ထဲတွင် ပြန်ပြုတ်လိုက်၏။ ဤသို့လုပ်ခြင်းက ၎င်းတို့ကို ပိုမိုအရသာရှိသွားစေသည်။ ထို့ပြင် ကြက်ဥခွံများက အလွယ်တကူ မပုပ်သိုးအောင် ကာကွယ်ပေးမည် ဖြစ်သည်။

မီးမငြိမ်းသွားစေရန် ထင်းတစ်ချောင်း ထပ်ထည့်လိုက်၏။ တစ်ချိန်တည်းမှာပင် သူတောင်းစားလေးသည်လည်း ထောင့်မှထလာပြီး နေ့အလင်းရောင်ကို စောင့်ဆိုင်းရန် အခြားနေရာတစ်ခုရှာလိုက်သည်။ မည်သို့ပင်ဆိုစေ သူက ကံဆိုးသူတစ်ဦးဟု ယူဆရသဖြင့် သူ့ကံဆိုးမှုများကို ဆိုင်ထဲသို့မယူဆောင်လာချင်ပေ။ နောက်တစ်နေ့တွင် လင်းယွဲ့စောစောထကာ ဝက်သားများကို အတုံးများတုံးပြီး ရေနွေးဖျောလိုက်ကာ ဟင်းရည်ထဲတွင်ပြုတ်လိုက်သည်။

မီးဖိုထဲသို့ထင်းအနည်းငယ် ထပ်ထည့်လိုက်ပြီး နီရဲလာသောအခါ ထုတ်ယူလိုက်သည်။ ထိုအချိန်တွင် ၎င်းမှာ မီးသွေးဖြစ်နေပြီဖြစ်ရာ မနေ့က သူတို့ဝယ်လာသောမီးဖိုထဲသို့ ထည့်လိုက်၏။ သစ်သားပြားများကိုချပြီးနောက် တံခါးဝတွင် မီးဖိုကို ချထားပြီး ကြက်ဥများ ပြုတ်ရန် အိုးငယ်တစ်လုံးတင်လိုက်သည်။

ဝက်သားနီချက်ဟင်းရည်မှာ အနည်းငယ်ပွက်ပွက်ဆူနေပြီး ကြက်ဥခွံများမှာ အညိုရောင်ပြောင်းသွားလေသည်။ မျက်နှာပြင်မှ ရေနွေးငွေ့များ လွင့်တက်နေလေသည်။ လင်းယွဲ့က လမ်းဆုံလမ်းခွတွင်ရှိနေသဖြင့် မွှေးရနံ့များမှာ ပိုလျင်မြန်စွာပျံ့နှံ့သွားလေ၏။ လင်းယွဲ့က မီးဖိုဘေးတွင် သစ်သားပြားတစ်ခုချထားပြီး ရေးထားလိုက်သည်။

"ကြက်ဥပြုတ် တစ်လုံးကိုနှစ်ပြား"

ထို့နောက် သူမကကြက်ဥပြုတ် တစ်လုံးကို ခပ်ယူကာ အခွံခွာပြီး အေးသွားစေရန်မှုတ်ကာ တစ်ကိုက်ကိုက်စားလိုက်၏။ ကြက်ဥအကာမှာ အိစက်ပြီး အရသာရှိကာ အတွင်းရှိအနှစ်မှာ အညိုရောင် အနည်းငယ်သန်းနေလေသည်။ လင်းယွဲ့က ကြက်ဥအနှစ်ကို ပန်းကန်လုံးထဲရှိ ဟင်းရည်အနည်းငယ်ဖြင့်တို့စားလိုက်ရာ အရမ်းအရသာရှိလေသည်။

"မြန်မြန် မြန်မြန်၊ မနေ့က ကဗျာကို မင်း ကျက်ပြီးပြီလား၊ အနံ့က အရမ်း မွှေးတာပဲ၊ အဲဒီအနံ့က ဘယ်ကလာတာလဲ"

"ငါလည်း ရတယ်"

"ဒီ ဝက်သားနီချက်ဆိုင်က လာတာ"

"ကြက်ဥကကြီးလိုက်တာ၊ ပြီးတော့ နှစ်ပြားတည်းပဲတဲ့၊ ငါ့ကိုတစ်လုံးပေးပါ"

"ငါလည်း တစ်လုံးလိုချင်တယ်၊ ငါလည်း တစ်လုံး လိုချင်တယ်"

"ငါ သုံးလုံးယူမယ်"

"ဝိုး မင်းက အများကြီး စားနိုင်တာပဲ၊ ငါကတော့ နှစ်လုံးယူမယ်"

တစ်ခဏအကြာတွင် ကျောင်းဆီသို့ အပြေးအလွှားသွားနေကြသူများက လင်းယွဲ့ဆိုင်ခန်းလေးဘက်သို့ လှည့်လာကြပြီး ကြေးပြားများကို လက်ထဲတွင် ဝှေ့ယမ်းကာ အစားအသောက်အတွက် စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းနေကြလေသည်။ လင်းယွဲ့သည် ဝက်ကလေးများကို အစာကျွေးရမည့်တာဝန်တစ်ရပ်ကို ရုတ်တရက် ခံစားလိုက်ရသည်။

"ရပါပြီရှင် ရပါပြီရှင်"

၎င်းမှာ သူမ အရင်ကဆော့ကစားခဲ့ဖူးသော နံနက်စာဆိုင်ဂိမ်းတစ်ခုနှင့်တူလေသည်။ နံနက်စာ ရွေးချယ်စရာနည်းပါးသော်လည်း လူများကတော့ပိုများပြားနေလေသည်။ လင်းယွဲ့မှာ မည်သူက စောစောရောက်ပြီး မည်သူက နောက်ကျမှ ရောက်သည်ကို ခွဲခြားခြင်း၊ တောင်းဆိုချက်များကို နားထောင်ခြင်း၊ ငွေကောက်ခံခြင်း၊ ကြက်ဥများကို ဆီစိမ်စက္ကူဖြင့် ထုပ်ခြင်းနှင့် ကမ်းပေးခြင်းတို့တွင် ပိုကျွမ်းကျင်လာ၏။

နောက်ဆုံးတော့ အသက်ရှူချောင်သွားပြီး ကျောင်းသားတစ်အုပ်ကို ရှင်းလင်းပေးနိုင်ခဲ့သည်။ ထို့နောက် အလုပ်သမား နောက်တစ်အုပ် ရောက်လာပြန်သည်။

"ဒီကြက်ဥတွေက တခြားဟာတွေထက် နှစ်ဆလောက်ကြီးတယ်၊ ဈေးတန်တဲ့ပုံပဲ"

"ဒီနေ့သဲအိတ်တွေ ထပ်သယ်ရဦးမှာဆိုတော့ ငါ့ကိုယ်ငါ ဆုချတဲ့အနေနဲ့ ကြက်ဥတစ်လုံးစားရမယ်"

"ငါလည်း တစ်လုံးယူမယ်"

သူတို့က အဝတ်အစားပါးပါးလေးများကိုသာ ဝတ်ဆင်ထားဆဲဖြစ်သည်ကို လင်းယွဲ့ သတိထားမိလိုက်ရာ သူတို့သည် ကာယအလုပ်သမားများ ဖြစ်ကြောင်း သိသာစေသည်။

သူမက ဟောင်ဝေ့တောက်ဆိုင်ကို ရုတ်တရက် သတိရလိုက်သည်။ ကာယအလုပ်သမားများက ထမင်းနှင့်တွဲစားရန် ဆီနှင့်ဆားပါဝင်မှုများသော ဆော့စ်များကို လိုအပ်သဖြင့် အများအပြား ဝယ်ယူကြသည်ဟု ဆိုင်ရှင်ပြောခဲ့သည်ပင်။ လင်းယွဲ့ပြုံး၍ ပြောလိုက်သည်။

"ခဏလေး စောင့်ပါဦး"

"ဘာဖြစ်လို့လဲ၊ ဈေးတင်တော့မလို့လား"

"ငါက သုံးပြားမတတ်နိုင်ဘူးနော်"

"မဟုတ်ပါဘူး မဟုတ်ပါဘူး"

လင်းယွဲ့ပြုံးရင်းပြောကာ မနေ့က သူမ ဖွင့်ထားခဲ့သော ကြက်ဆီပဲငပိဆော့စ်ကို အပြေးအလွှားသွားယူလိုက်သည်။

"ဒါက ကျွန်မတို့မိသားစုက အခုကစပြီး ရောင်းမယ့်ဆော့စ်ပါ၊ အကုန်လုံးကို မြည်းကြည့်စေချင်လို့ပါ"

လင်းယွဲ့က ဆီစိမ်စက္ကူတိုင်းတွင် ဆော့စ်ဇွန်းငယ်တစ်ဇွန်းစီ ခပ်ထည့်ပေးလိုက်သည်။

"ကျေးဇူးပါပဲ ညီမလေး"

လူတိုင်းက ဆော့စ်ကိုအလကားရသဖြင့် ပျော်ရွှင်သွားကြသည်။

"နေပါဦး၊ ဒီဆော့စ်က ဘာလို့ရင်းနှီးနေသလို ဖြစ်နေတာလဲ"

လီချုံက တစ်ကိုက်ကိုက်စားလိုက်သည်။

"ဟုတ်တယ်၊ ဒါ ဟိုကျုံးဟွာဆော့စ်ပဲ"

"ဟုတ်ပါတယ်"

လင်းယွဲ့ပြုံး၍ ပြောလိုက်သည်။

"အစ်ကိုကြီးက သိတာပဲ၊ ကျွန်မတို့ မိသားစုက ကျုံးဟွာဆော့စ်တွေရောင်းတာပါ"

ထိုစကားကိုကြားသောအခါ လီချုံ၏မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားသည်။

"မင်းက ဆော့စ်တွေလုပ်တာများလား"

လင်းယွဲ့ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ၊ နောက်ဆုံးတော့ မင်းကိုငါ ရှာတွေ့ပြီ၊ ငါ့ပိုက်ဆံတွေပြန်ပေးစမ်း"

လီချုံက လင်းယွဲ့ကိုခြိမ်းခြောက်သည့် အကြည့်ဖြင့် စိုက်ကြည့်ကာ သူ့လက်ထဲရှိ ကြက်ဥကိုပင် မေ့သွားပြီး လင်းယွဲ့ကော်လံကိုဆွဲရန် ကြိုးစားလေသည်။

"မင်းတို့မိသားစုက အရည်အသွေးညံ့တဲ့ပစ္စည်းတွေ ရောင်းနေတာပဲ၊ ပထမတော့ အရသာရှိတဲ့ဆော့စ်တွေနဲ့ ငါတို့ကို လှည့်စားတယ်၊ ပြီးတော့ ငါနဲ့ ငါ့ညီအစ်ကိုတွေက တခြားလူတွေကို ထောက်ခံပေးအောင် စောင့်နေတာ၊ ဒါပေမဲ့ ပိုပိုပြီးဆိုးလာတယ် အရမ်းကို ဆိုးရွားလာတာ၊ တစ်ပုလင်းကို ကိုးပြားတောင်ပေးရတာကို မင်းက အမှိုက်တွေနဲ့ လိမ်ရောင်းတယ်၊ ငါ့ပိုက်ဆံတွေ ပြန်ပေးစမ်း"

"မင်းပဲဖြစ်ရမယ်၊ အစ်ကိုချုံက သဘောကောင်းလို့ ထောက်ခံပေးခဲ့တာ၊ ဒါပေမဲ့ အဲဒါက အရမ်းဆိုးရွားတာပဲ၊ မင်းလိုခွေးမဆီကနေ ငါတို့အလိမ်မခံနိုင်ဘူး၊ ငါ့ပိုက်ဆံ ပြန်ပေး"

"ပြန်အမ်းပေး၊ ပြန်အမ်းပေး"

အလုပ်သမားခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်ခန့်က ဆိုင်အဝင်ဝတွင် ဝိုင်းရံထားကြပြီး သူတို့ငွေများကို ပြန်အမ်းပေးရန် တပြိုင်နက်တည်း အော်ဟစ်နေကြလေသည်။ အသံဆူညံမှုမှာ အတော်လေးကျယ်လောင်သဖြင့် လမ်းသွားလမ်းလာများ၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ ဆိုင်ရှင်အချို့ပင်မြင်ကွင်းကိုကြည့်ရန် ထွက်လာခဲ့ကြ၏။

"ဝိုး ဒါ ဘယ်လိုစီးပွားရေးမျိုးလဲ၊ ဆိုင်တောင်မဖွင့်ရသေးဘဲ ဘာလို့ တစ်ယောက်ယောက်က ငွေပြန်အမ်းခိုင်းနေတာလဲ"

"အဲဒါ အစားအသောက်ဆိုင်လို့ထင်တယ်၊ အဲဒီမှာစားပြီး ဘယ်သူမှ မဖျားပါစေနဲ့လို့ မျှော်လင့်ပါတယ်"

"ဘာ တစ်ယောက်ယောက်က သူတို့ဆိုင်မှာစားပြီး အန်တာတွေ၊ ဝမ်းပျက်တာတွေ ဖြစ်လို့လား၊ ပြီးတော့ သူတို့က ပိုက်ဆံပြန်မအမ်းပေးဘူးလား"

"ဘာ၊ တစ်ယောက်ယောက်က ဒီဆိုင်မှာ စားပြီး သေသွားလို့လား"

အချိန်တိုလေးအတွင်းမှာပင် ကောလာဟလများက တစ်စထက်တစ်စလွန်ကဲလာလေသည်။

"ဘာတွေလုပ်နေကြတာလဲ၊ ဘာတွေ လုပ်နေကြတာလဲ"

ဟွမ်ရှန်းက သူ့ကော်လံကိုဆွဲကာ သမ်းဝေလိုက်သည်။ သူအိပ်ရာမှ ထခါစဖြစ်ပြီး အိပ်ချင်မူးတူးဖြင့် လမ်းများကို ကင်းလှည့်ရန် ထွက်လာခဲ့ခြင်း ဖြစ်သည်။

‘လုပ်စရာဘာမှမရှိဘူး၊ လမ်းနည်းနည်း လျှောက်ပြီး အိမ်ပြန်လို့ရတယ်’

သူ တွေးထားခဲ့သည်။

"ဘာတွေလုပ်နေကြတာလဲ၊ မနက်အစောကြီး ဘာလို့ ဒီမှာစုရုံးနေကြတာလဲ"

"လူတစ်ယောက်က အဲဒါကိုစားပြီးသေသွားလို့တဲ့"

"အာ"

All Chapters