အခန်း ၁၂၆
Vol. 13 Ch. 126
Ch-126
ချိုးဇယ်က ဆိုင်းဘုတ်တင်ထားသော ဆိုင်ကိုသံသယဝင်စွာ စိုက်ကြည့်လိုက်ပြီးနောက် နေကိုမော့ကြည့်လိုက်သည်။
“အခု နေ့လယ်ရောက်နေပြီလေ၊ ဘာလို့ မဖွင့်သေးတာလဲ၊ မင်းက စီးပွားရေးကို ဘယ်လိုလုပ်နေတာလဲ၊ နေ့ခင်းကြောင်တောင်ကြီးတောင် မဖွင့်ဘူး၊ ဒီခေတ်က လူငယ်တွေတကယ်ကို လွန်တာပဲ”
ချိုးဇယ်က ဒေါသတကြီးဖြင့်နောက်လှည့်ကာ လျှောက်သွားပြီး နောက်ဘယ်တော့မှ ပြန်မလာတော့ဟု ကျိန်ဆိုလိုက်သည်။
'ဒီလောက်ပေါ့ဆတဲ့လူက ဘယ်လို အစားအကောင်းတွေများ ချက်နိုင်မှာမို့လို့လဲ’
"ဒီနေ့ရှင်းအာရဲ့အဖေက မုန်လာဥတွေ ယူလာလို့ ကျွန်မစွပ်ပြုတ်ချက်ထားတယ်၊ နည်းနည်းလောက် သောက်ပါလား"
ချိုးဇယ်၏ဇနီးက ပြောသည်။
"ငါ မဆာဘူး"
ချိုးဇယ်က ကျောင်းထဲသို့ဒေါသတကြီး လျှောက်ဝင်သွားလေ၏။ သူ လုံးဝမဆာလောင်နေဘဲ ဒေါသများဖြင့်သာ ပြည့်နှက်နေလေသည်။ သူ့အသက်အရွယ်အရ စားချင်သော အစားအစာတစ်ခုကို ရှာတွေ့ရန်မှာ ရှားပါးပြီး ယခု ၎င်းကိုသူဘယ်တော့မှ ရနိုင်တော့မည်မဟုတ်ပေ။
“ငါ ဆက်မစားတော့ဘူး၊ ငါ ဘယ်တော့မှ ထပ်မစားတော့ဘူး”
လင်းယွဲ့သည် နေ့လယ်ပိုင်းတွင် ကျောင်းသားများ အပြင်ထွက်ခွင့်မရှိကြောင်းသိထားသဖြင့် အခွင့်အရေးကို အရယူကာ မနေ့ကသူတောင်းစားလေး ပြောခဲ့သောနေရာများသို့ ပြေးသွားပြီး လက်ကမ်းစာစောင်များ ဝေလေသည်။
"လာကြည့်ကြပါဦး၊ စစ်မှန်တဲ့ ကျုံးဟွာဆော့စ်တွေ သဘက်ခါဖွင့်ပါပြီ"
လင်းယွဲ့က သူတို့ကိုလက်ကမ်းစာစောင်တစ်ရွက် ကမ်းပေးလိုက်သည်။
"ကျုံးဟွာဆော့စ်၊ အဲဒါ လိမ်စားတဲ့ဆော့စ် မဟုတ်ဘူးလား"
"ကျုံးဟွာလား ဒါမှမဟုတ် ကျုံးဟွားလား"
"ဒီပန်းချီကားက ဘာလဲ၊ တော်တော်လေး ပျော်စရာကောင်းတဲ့ပုံပဲ"
လူအများစုမှာ ကျုံးဟွားဆော့စ်၏လိမ်လည်မှုကို ခံခဲ့ရဖူးလေသည်။ လင်းယွဲ့က စကားလုံးအနည်းငယ်ဖြင့် ရှင်းပြလိုက်ရာ သူတို့တွေဝေစွာဖြင့် လက်ကမ်းစာစောင်ကိုလက်ခံလိုက်ကြ၏။
‘မနက်ဖြန်ကျ ကြော်ငြာမယ့်နည်းလမ်းကို ပြောင်းလဲရမယ်’
လင်းယွဲ့တွေးလိုက်သည်။
လက်ကမ်းစာစောင်များအားလုံးကို ဝေပြီးနောက် လင်းယွဲ့သည် ဆိုင်သို့ ပြန်သွားကာ ရိုးရိုးဆော့စ်သုံးပုလင်းနှင့် ဖန်ပုလင်းဆော့စ်တစ်ပုလင်းတို့ကို လက်ကမ်းစာစောင်တစ်ရွက်နှင့်အတူ ယူဆောင်လာပြီး ခရိုင်ဝန်အိမ်သို့သွားပို့လေသည်။ လင်းယွဲ့က တံခါးစောင့်ကို ပေးပြီး ထွက်သွားရန်ရည်ရွယ်ခဲ့သော်လည်း တံခါးစောင့်က လေးစားစွာဖြင့် ပြောလေသည်။
"သခင်မလေးလင်း ခဏလောက်စောင့်ပါဦး၊ ကျွန်တော်သွားပြီး အိမ်တော်ထိန်းကို ခေါ်လိုက်ပါ့မယ်"
လွန်ခဲ့သောအကြိမ် လင်းယွဲ့ဆော့စ်လာပို့စဉ်က နောက်တစ်ခါ လင်းယွဲ့လာလျှင် ပါးပါးနပ်နပ်ဖြင့် သူ့ကိုခေါ်ရန် အိမ်တော်ထိန်းက သူ့ဆီပြောထားခဲ့သည်။ အိမ်တော်ထိန်းက အပြေးအလွှားရောက်လာပြီး ရှင်းပြလေသည်။
"သခင်မလေးလင်း ခရိုင်ဝန်ကအခု ခရိုင်ရုံးမှာပါ၊ သူ ရုံးဆင်းတာနဲ့ ကျွန်တော် သူ့ကို သေချာပေါက်ပေးလိုက်ပါ့မယ်"
လင်းယွဲ့ပြုံး၍ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ၊ အိမ်တော်ထိန်းကို တစ်ကယ်ကျေးဇူးတင်ပါတယ်"
လင်းယွဲ့သည် သခင်လေးဝမ်ထံသို့လည်း စာပို့ခိုတစ်ကောင်ဖြင့် စာတစ်စောင်ပို့ကာ သဘက်ခါတွင် ဆိုင်ဖွင့်မည်ဖြစ်ကြောင်း အကြောင်းကြားခဲ့၏။ သခင်လေးဝမ်ကလည်း စာပို့ခိုတစ်ကောင်ဖြင့် သဘက်ခါတွင် သေချာပေါက်လာခဲ့မည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်။ လင်းယွဲ့ ပြန်လာသောအခါ အရာရှိကျိုးနှင့်ဆုံလေသည်။ အရာရှိကျိုးက လင်းယွဲ့ကို ကျေနပ်အားရစွာကြည့်ကာ ပြောလိုက်၏။
"ညီမလေး ဒီမနက်ဖြစ်သွားတဲ့ကိစ္စကို ငါ ကြားတယ်၊ မင်း တော်တော်လေး အလုပ်လုပ်နိုင်တာပဲ၊ ဒါပေမဲ့ စုဟိုင်က အငြိုးကြီးတဲ့သူမို့လို့ ဒီအချိန်အတောအတွင်း မင်းသတိထားနေဖို့လိုတယ်"
လင်းယွဲ့ မတတ်သာဟန်ဖြင့်ပြုံးလိုက်သည်။
"ကျွန်မက ရှင်းမပြရင် ပိုပြီးအနိုင်ကျင့် မခံရဘူးလား၊ တစ်ကယ်လို့ စုဟိုင်ကသာ တရားမဝင်တဲ့တစ်ခုခုလုပ်ရင် ကျွန်မကို စောင့်ရှောက်ပေးဖို့ အရာရှိကျိုးကိုပဲဒုက္ခပေးရတော့မှာ"
လင်းယွဲ့က ငွေငါးတေးကိုကမ်းပေးရင်း ပြောလိုက်သည်။
"ကျွန်မအတွက် ခြင်္သေ့အကစီစဉ်ပေးဖို့ ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရာရှိကျိုး”
ခရိုင်ဝန်က ဤမျှငွေအနည်းငယ်ကိုဂရုမစိုက်သော်လည်း စစ်ဆေးရေးမှူးများမှာ ပုံမှန်အားဖြင့် လွယ်ကူသော လမ်းကြောင်းများကို ရွေးချယ်တတ်ကြသည်။ အရာရှိကျိုးမှာ လူကောင်းတစ်ဦးဖြစ်ကြောင်း လင်းယွဲ့သိထားသဖြင့် သူမက သူ့ကိုငွေများလိုလိုလားလား ပေးလိုက်ခြင်းဖြစ်သည်။ လူတိုင်း အံ့ဩသွားအောင်ပင် အရာရှိကျိုးက သူ့ကိုစိုက်ကြည့်ကာ ပြောလိုက်၏။
"မင်း ငါ့ကိုဘယ်လိုလူလို့ ထင်နေတာလဲ ညီမလေး"
သူက အကြံအစည်များကြံစည်တတ်သူမျိုး မဟုတ်ပေ။ ကမ္ဘာကြီးမှာ တရားမျှတမှုမရှိဘဲ ဥပဒေကို အကောင်အထည်ဖော်ရန် ခက်ခဲသော်လည်း သူကတော့ ရှီထိုင်ခရိုင်၏ငြိမ်းချမ်းရေးကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားဆဲပင်ဖြစ်သည်။ သူက ဤရုပ်ဝတ္ထုပစ္စည်းများအတွက် မဟုတ်ဘဲ သူ့ယုံကြည်ချက်နှင့်အညီ ပြုမူနေထိုင်ခြင်းဖြစ်၏။
‘သူသာ တကယ်ငွေကို လိုချင်ခဲ့ရင် ဒီနှစ်များတစ်လျှောက် သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ခဲ့မှာ မဟုတ်ဘူး’
လင်းယွဲ့က သူ့ကိုမည်သို့မြင်နေသည်အားတွေးကာ သူ စိတ်ဓာတ်ကျသွားလေ၏။ အရာရှိကျိုးမျက်နှာမှာ အနည်းငယ် ကြောက်စရာကောင်းနေပြီး လင်းယွဲ့လည်းလန့်သွားလေသည်။
"အစ်ကိုကျိုး ကျွန်မသဘောက အဲဒီလို မဟုတ်ရပါဘူး၊ အစ်ကိုပင်ပန်းနေတာကိုတွေ့လို့ ကျွန်မဘက်က တတ်နိုင်တာလေး ကူညီပေးချင်ရုံပါ"
အရာရှိကျိုးက သက်ပြင်းချလိုက်ပြီး လင်းယွဲ့၏စေတနာနှင့် အကြပ်အတည်းကို နားလည်သွား၏။ အခြား နည်းလမ်းမရှိပေ။ ဤကမ္ဘာကြီးတွင် လူများက အာဏာရှိသူများကို မျက်နှာချိုသွေးရန် ဖိအားပေးခံနေကြရသည်။ သူ ခါးသက်သက်ပြုံးလိုက်၏။
"ညီမလေး မင်းက ငါ့ကိုအရက်ကောင်း မတိုက်ချင်လို့ ဒီပိုက်ဆံတွေနဲ့ ရှင်းထုတ်ဖို့ ကြိုးစားနေတာလား"
လင်းယွဲ့အမြန် ခေါင်းခါလိုက်သည်။
"ကျွန်မရဲ့အရက်ကချက်ဖို့ နောက်ထပ် ဆယ်ရက်လောက် ကြာဦးမယ်၊ အဆင်သင့်ဖြစ်တာနဲ့ အစ်ကိုကျိုးကို မြည်းကြည့်ဖို့ သေချာပေါက်ပို့ပေးပါ့မယ်"
"တစ်ကယ်လို့ မင်းကိုယ်တိုင်ချက်တာဆိုရင်တော့ ငါ သေချာပေါက်အရသာခံပြီး သောက်ရမှာပေါ့"
အရာရှိကျိုးပြုံး၍ ပြောလိုက်သည်။
"သဘက်ခါ ဘယ်အချိန် ဆိုင်ဖွင့်မှာလဲ၊ ခြင်္သေ့အကအဖွဲ့က ငါ့ရဲ့ဂုဏ်ပြုလက်ဆောင်ပဲ၊ အချိန်မီ သေချာပေါက် ရောက်လာအောင် ငါပို့ပေးမယ်"
"နေ့လည် ၁ နာရီ ၁၅မိနစ်ပါ"
"ကောင်းပြီ၊ ငါ သေချာပေါက် ရောက်လာခဲ့မယ်"
အရာရှိကျိုးက သူ့ဓားကို သေချာပြင်ဆင်လိုက်သည်။
"ဒါဆို ငါကင်းလှည့်တာ ဆက်လုပ်လိုက်ဦးမယ်"
လင်းယွဲ့သည် သူမလက်ထဲရှိ ငွေများကို ဆုပ်ကိုင်ထားရင်း စိတ်ထဲမှတွေးလိုက်မိသည်။
‘အရာရှိကျိုးက တကယ့်ကို အရာရှိကောင်းတစ်ဦးဘဲ’
သူက အရက်သောက်ရတာကို အလွန် နှစ်သက်သဖြင့် ယခုရာသီ၏ပထမဆုံးအရက်ကို သူ့ကို သေချာပေါက်တိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ လင်းယွဲ့ နေကိုတစ်ချက်ကြည့်လိုက်ရာ အနောက်ဘက်သို့ဝင်သွားပြီဖြစ်ကြောင်း သတိပြုမိသဖြင့် ဆိုင်သို့ အမြန်ပြန်သွားရန် လိုအပ်လေသည်။ ပညာရှင်များက မနေ့ကတော်တော်လေး ငွေရှာပေးခဲ့သည်ပင်။
အပြန်လမ်းတွင် အေးစက်သော လေပြင်းများအောက် မုန်လာဥပုံတစ်ပုံရှေ့၌ဆောင့်ကြောင့်ထိုင်ကာ မျက်ရည်များသုတ်နေသော အဘွားအိုတစ်ဦးကို ရုတ်တရက်မြင်လိုက်ရ၏။ မုန်လာဥများမှာ လတ်ဆတ်ပြီး အရည်ရွှမ်းကာ သေချာဂရုတစိုက် စိုက်ပျိုးထားကြောင်းသိသာလေသည်။ သို့သော် အဘွားအို၏အမူအရာမှာ ရင်ကွဲစရာ ကောင်းနေလေသည်။
"အဒေါ် ဒီမုန်လာဥတွေက ဘယ်လောက်လဲ"
လင်းယွဲ့၏ ဝက်သားနီချက်နှင့်ကြက်ဆီပဲငပိဆော့စ်နှစ်မျိုးစလုံးမှာ အရသာ ပြင်းသည်။ မုန်လာဥချဉ်ဖတ် အနည်းငယ်လုပ်ထားခြင်းက ပိုလိုက်ဖက်ပေမည်။ အဘွားအိုက သူမမျက်ရည်များကို အမြန်သုတ်လိုက်သော်လည်း သူမအသံမှာ အနည်းငယ် တုန်ရီနေဆဲဖြစ်ကာ ပြောလိုက်၏။
"ဒီဆောင်းတွင်းမှာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေက ရှားပါးတယ်၊ တစ်လုံးကို နှစ်ပြားပါ"
သူမက လင်းယွဲ့ကို မျက်နှာချိုသွေးကာ ကြည့်လိုက်သည်။
"တူမလေး ဒါဈေးမကြီးပါဘူး"
"ကြက်ဥတစ်လုံးတောင် နှစ်ပြားပဲ"
လင်းယွဲ့ ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ ဒီဆောင်းရာသီမှာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေစိုက်ဖို့က တကယ် ခက်ခဲပါတယ်၊ အထူးသဖြင့် ဒီလောက် အရည်အသွေးကောင်းတဲ့ဟာတွေ ဆိုရင်ပေါ့"
လင်းယွဲ့ ချိန်ဆကြည့်လိုက်ရာ ဤမုန်လာဥက နှစ်ပေါင် သို့မဟုတ် သုံးပေါင်ခန့်လေးပြီး အတော်လေး အရည်ရွှမ်းသဖြင့်ကောင်းလောက်သည်ဟု ခန့်မှန်းလိုက်သည်။ အဘွားအိုမှာပြုံးလိုက်ရင်း သူမစိုးရိမ်ပူပန်မှုများမှာ များစွာလျော့ကျသွားလေသည်
"တူမလေး အဒေါ်က ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့နေရာမှာ ကျွမ်းကျင်သူမလို့ စိတ်မပူပါနဲ့၊ ဘယ်အလုံးကိုပဲရွေးရွေး စားလိုက်ရင် ချိုနေမှာသေချာတယ်"
"ဒါဆို အကုန်ယူမယ်"
လင်းယွဲ့ရေတွက်ကြည့်လိုက်သည်။ ဆိုင်တွင် မုန်လာဥနှစ်ဆယ့်သုံးလုံးရှိလေသည်။ လင်းယွဲ့က သူမအိတ်ကပ်ထဲမှ၄၆ပြားကို ထုတ်ယူကာ ကမ်းပေးလိုက်၏။
"ရေတွက်ကြည့်ပါဦး"
"တူမလေး ဒီအစားအစာတွေ အကုန်လုံးကို စားနိုင်မှာလား"
အဘွားအိုက အစားအစာများကိုမပေးသေးဘဲ လင်းယွဲ့အတွက်စိုးရိမ်လာလေသည်။
"ရပါတယ်"
လင်းယွဲ့ပြုံး၍ ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ ဒါတွေကိုပြန်သယ်ဖို့ အဒေါ်ကူညီပေးဖို့တော့ ဒုက္ခပေးရလိမ့်မယ်"
"ရတာပေါ့ ရတာပေါ့"
အဘွားအိုက ကြေးပြားများကိုအမြန် လက်ခံလိုက်ပြီး သူမရင်ခွင်ထဲသို့ သေချာထည့်လိုက်သည်။
"ကျေးဇူးပဲနော် တူမလေး"
သူမစကားပြောနေစဉ် မျက်ရည်များကို ထပ်မံသုတ်လိုက်သည်။
"တစ်ကယ်လို့ တူမလေးသာမရှိရင် အဒေါ်တို့လင်မယားနှစ်ယောက် ဒီဆောင်းတွင်းကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး"
လမ်းတစ်လျှောက်တွင် အဘွားအိုနှင့် လင်းယွဲ့တို့ စကားစမြည်ပြောလာကြသည်။ အဘွားအိုမှာ ရှီထိုင်ခရိုင်အနီးရှိ ရွာတစ်ရွာမှ ရွာသူတစ်ဦးဖြစ်ကြောင်း သိလိုက်ရ၏။ သူမတို့မိသားစုတွင် မူလကမြေနှစ်မူရှိသော်လည်း သူမနှင့် သူမခင်ပွန်းက မည်မျှပင်ကြိုးစား၍ လယ်လုပ်စေကာ အစားအလုံအလောက် ဘယ်တော့မှမရခဲ့ဘဲ အမြဲတမ်း ဆင်းရဲဒုက္ခရောက်နေခဲ့ကြသည်။
သူမခင်ပွန်း ဖျားနာသွားသောအခါ မိသားစု၏ကံကြမ္မာမှာ ပိုဆိုးရွားသွားခဲ့သည်။ ဖျားနာမှုက နာတာရှည်ဖြစ်ပြီး အမြဲတမ်းဂရုစိုက်မှု လိုအပ်လေသည်။ သို့သော် အခွန်အခများနှင့် လုပ်အားပေးခိုင်းစေမှုများက ဤအရာများအတွက် ကင်းလွတ်ခွင့်မပြုပေ။
တဖြည်းဖြည်းနှင့် သူတို့သည် မြေများကို ရောင်းချရန်ဖိအားပေးခံရပြီး အကြွေးများတင်ကာ သူရင်းငှားလယ်သမားများဖြစ်လာခဲ့ကြသည်။ အကြွေးများကို ပြန်မဆပ်နိုင်သောအခါ သူတို့သမီးများကို ပြည့်တန်ဆာအိမ်များသို့ အတင်းအဓမ္မရောင်းချခံခဲ့ရသည်။
"သူမက ကံကောင်းပါတယ်၊ သူမအရွေးခံရပြီး ကိုယ်လုပ်တော်ဖြစ်သွားတယ်၊ ပြီးတော့ ငါတို့ကို မကြာခဏ ကူညီပေးခဲ့ပါတယ်"
အဘွားအိုက မျက်ရည်များကိုသုတ်ရင်း ပြောလိုက်သည်။
"ဒါပေမဲ့ ဒီရက်ပိုင်း သူမငါတို့ကိုရှောင်နေတယ်၊ ငါတို့က အရမ်းဝန်ထုပ်ဝန်ပိုး ဖြစ်နေလို့နေမှာပါ၊ ငါ သူမကိုအရမ်းအားနာမိပါတယ်၊ ငါတို့မိသားစုထဲမှာ သူမ တစ်ရက်လေးတောင် ကောင်းကောင်းမနေခဲ့ရဘူး"
လင်းယွဲ့နားထောင်ရင်း ရင်ထဲတွင်ဆို့နင့်သွားသလို ခံစားလိုက်ရသည်။
"ဒီခေတ်ကြီးမှာ ဘယ်သူမှလွယ်ကူတဲ့သူမရှိပါဘူး"
ဆိုင်သို့ရောက်သောအခါ လင်းယွဲ့က သစ်သားပြားကို ဖယ်ရှားလိုက်ပြီး ခဏလောက်စောင့်နေနိုင်ရန်နှင့် မုန်လာဥများကို ဆိုင်အဝင်ဝတွင်ထားပေးရန် အဘွားအိုအား တောင်းဆိုလိုက်သည်။ လင်းယွဲ့က အိုးထဲမှအသေးဆုံးအသား တစ်တုံးကိုခပ်ထုတ်ကာ ဆီစိမ်စက္ကူဖြင့်ထုပ်ပြီး အဘွားအိုအားကမ်းပေးလိုက်၏။
"ဒါလေးယူသွားပါဦး"
"မယူပါရစေနဲ့၊ အဒေါ်လက်မခံနိုင်ပါဘူး"
အဘွားအိုက အကြိမ်ကြိမ်ငြင်းဆန်လေသည်။ လင်းယွဲ့ ပြောလိုက်၏။
"ကျွန်မလည်း အများကြီးမကူညီနိုင်ပါဘူး၊ ဒီနေ့တော့ အဒေါ်တို့ ကောင်းကောင်းစားနိုင်ဖို့ မျှော်လင့်ပါတယ်"
အဘွားအို၏မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာလေသည်။
"ကျေးဇူးပါပဲ၊ ကျေးဇူးပါပဲကွယ်"
အဘွားအိုထွက်သွားပြီးနောက် လင်းယွဲ့က မုန်လာဥတစ်လုံးကိုထုတ်ကာ လှီးဖြတ်ပြီး တစ်ပိုင်းကိုမြည်းကြည့်လိုက်သည်။ အရသာမှာချိုပြီး ကြွပ်ရွနေကာ အနည်းငယ်မျှပင်မခါးပေ။ အဘွားအိုက သူမကိုယ်သူမ ဟင်းသီးဟင်းရွက်စိုက်ပျိုးရာတွင် ကျွမ်းကျင်သူဟုပြောခဲ့သည်မှာ လုံးဝ မှန်ကန်ပေသည်။