အခန်း ၁၂၇
Vol. 13 Ch. 127
Ch-127
လင်းယွဲ့သည် မုန်လာဥများကို အခွံမခွာဘဲ ပြင်ဆင်လေသည်။ သူမက ၎င်းတို့ကို ထက်ဝက်ပိုင်းကာ ပါးပါးလှီးလိုက်ရုံသာ ဖြစ်သည်။ ပထမဦးစွာ သကြားဖြင့် တစ်နာရီခန့် နှပ်ထားလိုက်၏။ ထို့နောက် ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးများကို စင်းလိုက်ပြီး၊ ပြင်ဆင်ထားသော ရှာလကာရည်၊ ပဲငံပြာရည်နှင့် သကြားတို့ကိုထည့်လိုက်သည်။
ရေစစ်ထားသော မုန်လာဥများကို နောက်ထပ်နာရီဝက်ခန့် ထပ်မံနှပ်ထားလိုက်သည်။ ဤအရာများ အားလုံးပြီးသွားသောအခါ တဒေါင်ဒေါင်ဒေါင်ဖြင့် အသံတစ်သံ ထွက်ပေါ်လာပြီး ၎င်းအသံမှာ အနီးအနားရှိစာသင်ကျောင်းမှ ကျောင်းဆင်းချိန်ကို အချက်ပြသည့် ခေါင်းလောင်းသံဖြစ်လေ၏။ လင်းယွဲ့က ဝက်သားနီချက်များကို ဆယ်ယူကြည့်လိုက်ရာ အနေတော်ကျက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
“ဒီနေ့ ဘာအစားအစာတွေရောင်းတာလဲ”
ဆိုင်ထဲသို့ဝင်လာသော ပထမဆုံး ဖောက်သည်ကို လင်းယွဲ့ကြည့်လိုက်ရာ သူက အသက်ပိုကြီးပြီး ဆံပင်တွေ အကုန်ဖြူနေပြီဖြစ်သည်။ သူ့မျက်နှာမှာ တည်ကြည်လေးနက်ပြီး နှစ်ပေါင်းများစွာ လူများကို သင်ကြားပဲ့ပြင်ပေးခဲ့ရမှုမှလာသော ဩဇာအာဏာရှိသည့် အငွေ့အသက်များ ထွက်ပေါ်နေ၏။
သူက အတတ်နိုင်ဆုံးဖုံးကွယ်ရန် ကြိုးစားနေသော်လည်း၊ အမောတကောဖြင့် အသက်ရှူပြင်းနေကြောင်းကို သိသာစွာမြင်တွေ့နေရသည်။ မနေ့က ဝက်သားနီချက်မရလိုက်သော ဖောက်သည်ဖြစ်ကြောင်း လင်းယွဲ့သတိရလိုက်သည်။
‘သူက စာသင်ကျောင်းကဆရာတွေထဲက တစ်ယောက်များဖြစ်နေမလား’
လင်းယွဲ့အမြန်ပြုံးကာ ပြောလိုက်သည်။
"ဝက်သားနီချက်တစ်ပွဲကို ကြေးပြား ဆယ်ပြားပါရှင့်"
"တစ်ပွဲ ပေးပါ"
"ဆိုင်ရှင် ကျွန်တော် ဒီနေ့လည်း ဝက်သားနီချက် နောက်ထပ်တစ်ပွဲစားချင်တယ်၊ ပြီးတော့ နောက်ထပ်တစ်ပွဲကိုလည်း ပါဆယ်ထုတ်ပေးပါ"
"မင်း ငါ့ကိုသေအောင်လုပ်နေတာလား၊ ဒီလောက် အများကြီးစားမယ်ပေါ့လေ၊ မြန်မြန် မြန်မြန် ငါ့ကိုလည်း တစ်ပွဲပေး မဟုတ်ရင် ကုန်သွားလိမ့်မယ်"
"ငါလည်း တစ်ပွဲလိုချင်တယ်၊ ငါလည်း တစ်ပွဲ လိုချင်တယ်"
"ဒီနေ့ ဆရာဘာဖြစ်နေလဲ မသိဘူး၊ ကျောင်းဆင်းခွင့်မပေးခင် ကဗျာနှစ်ပုဒ်တောင် ကူးရေးခိုင်းသေးတယ်၊ ကံကောင်းလို့ ဝက်သားနီချက်နည်းနည်းလောက် လုယူနိုင်ခဲ့တယ် မဟုတ်ရင် ငါ အန်ပြီးသေလောက်တယ်၊ ဆိုင်ရှင် ဝက်သားနီချက်သုံးပွဲပေးပါ"
"ရှူး"
တစ်ယောက်ယောက်က မျက်စိမှိတ်ပြကာ အမြန်သတိပေးလိုက်သည်။ သို့သော် ထိုသူမှာ သိမ်မွေ့သော သတိပေးချက်များကို သတိမထားမိဘဲ စိတ်လှုပ်ရှားစွာဖြင့် သူ့အင်္ကျီလက်ကိုဆွဲကာ ပြောလာလေသည်။
"ကြည့်စမ်း၊ ငါတို့က မင်းရဲ့အနောက်မှာ တန်းစီနေရပြီ"
"ဝမ်ရှင်းလား ကဗျာကူးရေးရတာနဲ့ ပတ်သက်ပြီး မင်းမှာ အမြင်တွေ အများကြီး ရှိနေပုံရတယ်နော်"
ချိုးဇယ်၏သေမတတ်အကြည့်က ဝေ့ဝဲသွားရာ တစ်ခန်းလုံးချက်ချင်း တိတ်ဆိတ်သွားလေသည်။
"ဆရာ ကျွန်တော်မှားသွားပါတယ်"
ဝမ်ရှင်းက အမြန်ဒူးထောက်ချလိုက်သည်။
"ရှင့်ရဲ့ ဝက်သားနီချက်ရပါပြီ"
လင်းယွဲ့က ဝက်သားနီချက်ကိုချပေးရင်း ပြောလိုက်သည်။ ချိုးဇယ်အာရုံများက သူအကြိမ်ကြိမ် လွဲချော်ခဲ့ရသော ဝက်သားနီချက်ထံသို့ ချက်ချင်း ရောက်ရှိသွားသည်။ ရှေးခေတ်ကမြက်မိုးအိမ်လေးသို့ သုံးကြိမ်တိုင်တိုင် သွားရောက်ပင့်ဖိတ်ခဲ့ရသည့် ဇာတ်လမ်းရှိခဲ့သကဲ့သို့ ယခုအခါ သူ့အတွက် ဝက်သားကို သုံးကြိမ်တိုင်တိုင် လာရောက်ခဲ့ရသည့် ဇာတ်လမ်းဖြစ်နေလေ၏။
ဒီဝက်သားက သူအမြဲတမ်း တောင့်တနေရလောက်အောင် တန်မတန်ဆိုတာကို သူသိချင်နေခဲ့သည်။ ချိုးဇယ်က အရောင်အဆင်းကြောင့် ပထမဆုံးဆွဲဆောင်ခံလိုက်ရ၏။ ဝက်သားနီချက်မှာ ဆီများဖြင့် တောက်ပနေပြီး ဆော့စ်များ ပြည့်နှက်နေကာ ဝက်လက်ပေါ်တွင် ရွှေရောင်အလင်းတန်းလေးများဖြန်းပက်ထားသကဲ့သို့ အင်မတန်စားချင်စရာကောင်းနေလေသည်။
၎င်းတို့ဘေးတွင်ကြက်ဆီပဲငပိဆော့စ် အနည်းငယ်ရှိပြီး ၎င်း၏ တောက်ပသော အနီရောင်ဆီက ပို၍ပင်ဆွဲဆောင်မှုရှိစေလေသည်။ ချိုးဇယ်၏တူက အထင်မပေါ်ဆုံးသော မုန်လာဥချဉ်ဖတ်ဆီသို့ ရောက်သွားသည်။
‘မုန်လာဥက ဘယ်လောက်တောင်များ အရသာရှိနိုင်မှာမို့လို့လဲ’
သူစိတ်ထဲမှ တွေးလိုက်၏။ ဒီနေ့ နေ့လယ်ကတောင် သူ ၎င်းကိုလှည့်တောင် မကြည့်ချင်ခဲ့ပေ။
‘ဟင် အရသာက အရမ်းကောင်းတာပဲ၊ ချိုချဉ်လေးနဲ့ အရမ်းခံတွင်းတွေ့စရာပဲ၊ ဘယ်လောက်တောင် ခံတွင်းတွေ့လဲဆိုရင် ဝက်လက်နီချက်တစ်ပန်းကန်လုံးကိုတောင် သူ အကုန်စားနိုင်တော့မယ်’
သူထိုသို့ ခံစားလိုက်ရသည်။ ချိုးဇယ်က အစားအသောက်များကို အကုန်စားပစ်လိုက်ပြီး နောက်တစ်ပန်းကန်ထပ်လိုချင်သေးသည့်ပုံဖြင့် ပန်းကန်ကို မကျေမနပ် စိုက်ကြည့်နေမိသည်။ သို့သော် သူက လူရွယ်တစ်ယောက် မဟုတ်တော့ပေ။ အထူးသဖြင့် ဆီများပြီး အီလွန်းသောအစားအစာများကို သူ အများကြီး အစာမကြေနိုင်တော့ပေ။လူငယ်ပညာတတ်လေးများ အသားများကို အငမ်းမရစားသောက်နေကြပြီး ဂရုမစိုက်ဘဲ နောက်ထပ်တစ်ပန်းကန် ထပ်ယူကာ အားရပါးရစားသောက်နေကြသည်ကို မနာလိုစိတ် အနည်းငယ်ဖြင့် သူကြည့်နေမိသည်။
"ဝမ်ရှင်း"
ချိုးဇယ်က ဝမ်ရှင်းအနားမှဖြတ်သွားစဉ် မဲ့ပြုံးပြုံးကာပြောလိုက်သည်။
"ဒီည အိမ်ပြန်ရောက်ရင် ဒီနေ့သင်ခဲ့တဲ့ ကဗျာကို ဆယ်ခေါက်ကူးရေးလိုက်၊ မနက်ဖြန် မနက်ကျရင် ငါစစ်မယ်"
ဝမ်ရှင်းက နောက်ထပ်ဆက်မစားနိုင်တော့သကဲ့သို့ အံ့ဩတကြီးဖြင့် အစားအသောက်များကို အောက်ချလိုက်သည်ကိုမြင်သောအခါ ချိုးဇယ် ကျေနပ်သွားလေသည်။
"စောစောက ငါ့အကြောင်းမကောင်းပြောခဲ့တဲ့အတွက် မင်းနဲ့တန်တယ်"
ချိုးဇယ် ထွက်သွားပြီးနောက် ဝမ်ရှင်းက အမြန်ပြန်စားလေသည်။
"မင်း နေမကောင်းဖြစ်နေတာမဟုတ်ဘူးလား"
ဘေးမှတစ်ယောက်ယောက်က သူ့လက်မောင်းကို တွတ်လိုက်သည်။
"ဒီည အိမ်ရောက်ရင် မင်းကူးရေးရဦးမယ်လေ"
"ဟေး ငါက ကျင့်သားရနေပါပြီကွာ၊ အခုအချိန်မှာ ကောင်းကောင်းစားရတာလောက် ဘာမှအရေးမကြီးဘူး"
ဝမ်ရှင်းက ပါးစပ်တစ်ခုလုံးဆီများ ပေကျံနေလျက် ဝက်သားတစ်တုံးကို ကိုက်စားလိုက်သည်။
"ပြီးတော့ ငါ မကူးလည်း ဆရာက ငါ့အကျင့်တွေကို သိနေလောက်ပြီ"
"သခင်ကြီး"
ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ပြုံးရွှင်စွာဖြင့် စုဟိုင်ကိုကြည့်ကာ ပြောလိုက်သည်။
"အဲဒီမိန်းမယုတ်လေးက ခရိုင်ထဲမှာ ဆိုင်လာဖွင့်ထားတယ်တဲ့"
"ဘယ်တစ်ယောက်လဲ"
စုဟိုင်က ပန်းချီကားများနှင့် လက်ရေးစာလုံးများကို ဖြန့်ခင်းထားရင်း ဟန်ဆောင်ပန်ဆောင်ခေါင်းညိတ်ပြလိုက်သည်။
"ဒီပန်းချီကားက တေးငါးဆယ်တန်တယ်၊ အဲဒီလောက် တန်မတန် ငါ့ကိုကူကြည့်ပေးပါဦး"
"သခင်ကြီး၊ သခင်ကြီးမှာ ဉာဏ်မျက်စိ ရှိတာပဲ၊ ဒီပန်းချီကားက တစ်နေ့ကျရင် အဖိုးဖြတ်လို့မရအောင် တန်ဖိုးရှိလာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"
အိမ်တော်ထိန်းက အချိန်အတော်ကြာအောင် မျက်နှာချိုသွေးပြီးမှ နောက်ဆုံးတွင်ပြောလိုက်သည်။
"ဟို ကျုံးဟွာဆော့စ်မိန်းမလေ"
စုဟိုင် မျက်မှောင်ကြုတ်လိုက်သည်။
"သူမက ဆိုင်ဖွင့်တယ်ဟုတ်လား"
အိမ်တော်ထိန်း အမြန်ခေါင်းညိတ်လိုက်သည်။
"ဒီမနက်တင် သူမက ရှီထိုင်ခရိုင်မှာ ကျုံးဟွာဆော့စ်ရောင်းတာ သူမ တစ်ယောက်တည်းပါ၊ တခြားဆိုင်တွေ အကုန်လုံးက အတုတွေရောင်းနေတာပါလို့ ရှင်းပြနေတာ၊ ငါတို့ရဲ့ကျုံးဟွာဆော့စ်တွေက အတုတွေပါလို့ သူမက တကယ်ပြောခဲ့တာနော်၊ အဲဒီရလဒ်အနေနဲ့ ဒီနေ့ ဘယ်သူမှသိပ်မဝယ်ကြတော့ဘူး"
အမှန်က ဆော့စ်၏အရည်အသွေးမှာ ပိုပိုပြီးဆိုးရွားလာသဖြင့် အရောင်းအဝယ် ကျဆင်းလာခြင်း ဖြစ်၏။ သို့သော် ယခုအခါ လင်းယွဲ့မှာ ဓားစာခံအဖြစ်ပေါ်လာသဖြင့် အိမ်တော်ထိန်းက အပြစ်အားလုံးကို သူမအပေါ်သို့ အလွယ်တကူလွှဲချလိုက်ခြင်း ဖြစ်သည်။
"သူမကို မီးရှို့ပစ်လိုက်"
စုဟိုင် လှောင်ပြုံးပြုံးလိုက်သည်။
"ကျေးဇူးကန်းတဲ့ မိန်းမ"
သူက မျက်စိလျင်ပြီး ငရုတ်သီးဆော့စ်၏ထူးကဲသော အရည်အသွေးကို ချက်ချင်းသိရှိခဲ့သည်။ သူက ၎င်းကို အသုံးပြု၍ ရာထူးပိုတက်ရန် မျှော်လင့်ထားခဲ့သည်။ လျန်ကျိုး၏ကြီးကြပ်ရေးမှူးဖြစ်လာခြင်းက သူ့လက်ရှိရာထူးနှင့် လုံးဝကွာခြားသော အဆင့်တစ်ခု ဖြစ်လာပေမည်။ ဆော့စ်များကိုရရှိပြီးနောက် သူက လျန်ကျိုးမှအကြီးအကဲ အိမ်တော်ထိန်းထံသို့ပေးအပ်ကာ ၎င်းမှာ အကျိုးအမြတ်များသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း ညွှန်ပြခဲ့သည်။
အကယ်၍ ယုံအန်းကုန်သွယ်ရေးလုပ်ငန်းကသာ ၎င်းတို့ကို ရောင်းချမည်ဆိုပါက သူတို့ သေချာပေါက်ကြီးပွားသွားပေမည်။ အကြီးအကဲအိမ်တော်ထိန်းသည်လည်း ငရုတ်သီးဆော့စ်၏ ထူးခြားသောအရသာကြောင့် အံ့ဩသွားခဲ့ပြီး အကယ်၍ သူသာ ၎င်းကို ထုတ်လုပ်နိုင်ပါက လျန်ကျိုးရှိ ယုံအန်း လက်ဝတ်ရတနာပြခန်း၏ကြီးကြပ်ရေးမှုးအဖြစ် ထောက်ခံပေးနိုင်ကြောင်း ပြောခဲ့သည်။
‘လက်ဝတ်ရတနာဆိုင်ဆိုတာ ငွေရှာဖို့ အရမ်းကောင်းတဲ့နေရာပဲ’
လင်းယွဲ့က သူမအတွက်ဘာကောင်းမလဲဆိုသည်ကိုသိလိမ့်မည်ဟု စုဟိုင်ထင်ထားခဲ့သည်။
'ရလဒ်ကတော့ သူမက သူ့ရဲ့အစီအစဉ်ကြီးကို ဖျက်ဆီးပစ်လိုက်တယ်၊ သူ ပြန်ပြီး လက်စားမချေရသေးခင်မှာပဲ သူမက သူ့ဆီကို ကိုယ်တိုင်လာရှာနေတာပဲ'
အိမ်တော်ထိန်းက အခက်တွေ့နေသည့်ပုံဖြင့်ကြည့်ကာ ပြောလိုက်သည်။
"သခင်ကြီး အဲဒီဆိုင်က ခရိုင်ဝန်ပိုင်တာလေ၊ ထိဖို့တော့ မလွယ်လောက်ဘူး ထင်တယ်"
"ယန်ပန်းလား"
စုဟိုင်၏စကားလုံးများတွင် ရွံရှာမှုများ ပြည့်နှက်နေသော်လည်း သူယုံကြည်ရသော လက်ထောက်ခရိုင်တရားသူကြီးကို ယန်ပန်းက မည်သို့ဖြုတ်ချခဲ့ကြောင်းတွေးမိပြီး သူ့သဘောထားကို အနည်းငယ် ပျော့ပြောင်းလိုက်သည်။
"ထားလိုက်ပါတော့၊ သူမ ဘယ်မှာနေတာလဲ၊ အဲဒီနေရာကို မီးရှို့ပစ်လိုက်"
"သခင်ကြီး ဒါကတော့ခက်မယ်ထင်တယ်၊ သူမက ဆိုင်မှာပဲနေတာ"
အိမ်တော်ထိန်းပြုံး၍ ပြောလိုက်သည်။
"ဒါပေမဲ့ သူမက သဘက်ခါဆိုင်ဖွင့်မှာလေ၊ အဲဒီနေ့ကျရင် ပြဿနာရှာဖို့ လူတချို့ရှာလိုက်ရင်ရော ဘယ်လိုလဲ"
"အရာရှိကျိုးက ခွေးတစ်ကောင်လို ပြုမူနေပြီး တွေ့သမျှလူတိုင်းကို လိုက်ကိုက်နေတာ၊ ဒီတလောငြိမ်ငြိမ်လေးနေဖို့ လူကြီးတွေက ငါ့ကိုပြောထားတယ်"
စုဟိုင် သက်ပြင်းချလိုက်သည်။
"သခင်ကြီး တစ်ကယ်လို့ ကျွန်တော်တို့က ပြဿနာရှာဖို့ လူမိုက်တွေမငှားဘဲ ပြဿနာရှာဖို့ လေးစားလောက်တဲ့ မိသားစုတွေကို ငှားမယ်ဆိုရင် သခင်ကြီးဆီကို လမ်းကြောင်းပြန်ရောက်လာမှာ မဟုတ်ဘူးလေ"
အိမ်တော်ထိန်း သဘောတကျရယ်မောလိုက်သည်။
"ကျွန်တော့်ရဲ့ကိုယ်လုပ်တော်မိသားစုဝင်တွေကိုသုံးပြီး အစားအသောက်နဲ့ ပြဿနာရှာလို့ရတယ်"
"မင်းကပါးနပ်တယ် ကောင်လေး"
အိမ်တော်ထိန်းအိမ်ပြန်ရောက်ပြီးနောက် မျက်နှာချိုသွေးတတ်သော အမျိုးသား၏အမူအရာမှာ လုံးဝပြောင်းလဲသွားပြီး သူ့ကိုယ်လုပ်တော်၏အခန်းတံခါးကို မောက်မာဟန်ဖြင့်ကန်ဖွင့်လိုက်၏။ ကိုယ်လုပ်တော်မှာ တုန်ရီစွာဖြင့် မတ်တတ်ရပ်လိုက်ရာ သူမမျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် ပွန်းပဲ့ဒဏ်ရာများ ပြည့်နှက်နေလေသည်။
"သခင်ကြီး ဒီကိုဘာလာလုပ်တာလဲ"
"ငါ လာလို့မရဘူးလား"
ကိုယ်လုပ်တော်မှာ တစ်ကိုယ်လုံးတုန်ရီနေပြီး သူမအသံပင် တုန်ရီနေလေသည်။
"မဟုတ်ပါဘူး သခင်ကြီးလာတာကို ကျွန်မ ဝမ်းသာလို့ပါ"
"လိမ္မာတယ်"
အိမ်တော်ထိန်းကပြုံး၍ ပြောလိုက်သည်။
"မနက်ဖြန် မင်းရဲ့မိဘတွေကို ခေါ်လိုက်၊ ငါ သူတို့ကို ခိုင်းစရာတစ်ခုရှိတယ်"
"သခင်ကြီး ကျွန်မအဖေက အသက်ကြီးပြီး အားနည်းနေသလို နေလည်းမကောင်းဘူး၊ သူတို့ကို ဘာအန္တရာယ်မှ မပေးပါနဲ့"
ကိုယ်လုပ်တော်က ငိုချလိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသည်းအသန် ဦးညွှတ်လေတော့သည်။
"သခင်ကြီး လူရိုက်ချင်ရင် ကျွန်မကိုပဲ ရိုက်ပါ၊ ကျွန်မ အကြွေးတွေကို အမြန်ဆုံးပြန်ဆပ်ပါ့မယ်"
အိမ်တော်ထိန်းက သူ့ကိုကန်ပြီး အော်ဟစ်လိုက်သည်။
"ပေါက်ကရတွေပြောတာ တော်တော့၊ မနက်ဖြန် မရောက်လာရင် မင်းကို ငါ ရောင်းစားပစ်မယ်"
ကိုယ်လုပ်တော်မှာ နဂိုကတည်းက အားနည်းနေပြီဖြစ်ရာ ဤအကန်ခံရမှုကြောင့် နံရံကိုသွားစောင့်မိပြီး သွေးတစ်ပွက်အန်ချလိုက်ရလေသည်။ ထို့နောက် အိမ်တော်ထိန်းမှာ အေးအေးဆေးဆေးပင် လမ်းလျှောက် ထွက်သွားလေ၏။ တစ်ချိန်တည်းမှာပင် လင်းယွဲ့တံခါးပိတ်လိုက်စဉ် သူတောင်းစားလေးက အပြေးရောက်လာပြီး သူမကိုမျှော်လင့်တကြီးဖြင့် စိုက်ကြည့်နေလေသည်။
"အစ်မ ဒီနေ့ ကျွန်တော့်ကိုမေးစရာ တစ်ခုခုရှိသေးလား"