အခန်း ၁၂၈
Vol. 13 Ch. 128
Ch-128
သူတောင်းစားလေး ဗိုက်ဆာနေမှန်း လင်းယွဲ့သိသည်။ ကံကောင်းထောက်မစွာဖြင့် မနေ့ကထမင်းနှင့် ဝက်လက်များအနည်းငယ် ကျန်နေသေးရာ သူမမေးလိုက်၏။
"မင်း စုဟိုင်ကိုသိလား"
"သိတာပေါ့ဗျာ"
သူတောင်းစားလေး၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ရုတ်တရက် ဖြတ်ပြေးသွားပြီး အချိန်အတော်ကြာမှ ပြန်လည်ငြိမ်သက်သွားလေသည်။
"အစ်မက ဘာလို့သူ့အကြောင်းမေးရတာလဲ"
"ငါ သူ့ကိုပြစ်မှားမိလို့လေ"
လင်းယွဲ့ပြောလိုက်သည်။
"သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးအကြောင်း လူတွေပြောတာ ငါ ကြားဖူးတယ်၊ သူက ပြဿနာရှာလို့ရတဲ့လူမျိုးမဟုတ်ဘူးလို့ ထင်တယ်၊ သဘက်ခါဆိုင်ဖွင့်ရင် သူ ပြဿနာလာရှာမှာ စိုးရိမ်လို့ပါ၊ ဒါကြောင့် သူဘယ်လိုနည်းလမ်းတွေ အသုံးပြုလေ့ရှိလဲဆိုတာကို မေးကြည့်တာ"
"လူသတ်တာ၊ မီးရှို့တာ၊ မုဒိမ်းကျင့်တာ၊ ပြန်ပေးဆွဲတာနဲ့ တခြားယုတ်မာတဲ့ လုပ်ရပ်မျိုးစုံပဲ"
"အဲဒါက နည်းနည်းလွန်မနေဘူးလား"
လင်းယွဲ့မျက်မှောင်ကြုတ်လိုက်သည်။
"ဒီကအရာရှိတွေအကုန်လုံးက အရာရှိကောင်းတွေလို့ ငါထင်တယ်၊ တစ်ကယ်လို့ သူတို့က အဲဒီလိုမျိုးတကယ်လုပ်ခဲ့တယ်ဆိုရင် ဒီလောက်နှစ်တွေအများကြီး ဘယ်လိုလုပ် အေးအေးချမ်းချမ်း နေနိုင်မှာလဲ"
"သူတို့က လက်ထောက်ခရိုင်တရားသူကြီးနဲ့ ဆက်ဆံရေးကောင်းတယ်လေ"
သူတောင်းစားလေးက ရှင်းပြသည်။
"ပြီးတော့ သူတို့အနားမှာ လူမိုက်အဖွဲ့တစ်ဖွဲ့ထားထားတယ်၊ အစိုးရက စုံစမ်းစစ်ဆေးတဲ့အခါတိုင်း အပြစ်
ခံယူဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်တာပဲ"
သူတောင်းစားလေးက ရုတ်တရက် လင်းယွဲ့အနားသို့ တိုးကပ်လာပြီးပြောသည်။
"ကျွန်တော် လျှို့ဝှက်ချက်တစ်ခုပြောပြမယ်၊ တစ်ခါကဆို တစ်ယောက်ယောက်က သူတို့မိသားစုရဲ့အစားအကြွင်းအကျန်တွေပစ်တဲ့ပုံးထဲမှာ လူအရိုးတွေကိုတွေ့ခဲ့ပြီး အရမ်းလန့်ပြီး သေသွားခဲ့တယ်တဲ့"
"ဒါပေမဲ့ အဲဒါနည်းနည်းတော့ ချဲ့ကားလွန်းတယ်လို့ ငါထင်တယ်၊ Luသားကိုစားပြီး အလောင်းကိုမြှုပ်ဖို့မေ့သွားလောက်အောင် ဘယ်သူတုံးမှာလဲ"
(နည်းနည်းဖြည့်တွေးလိုက်နော် Luကို ကိုယ်တော့လှည့်ပတ်ရေးလိုက်ပြီ)
"ဒါပေမဲ့ သူတောင်းစားအိုကြီးတစ်ယောက် တောင်းစားနေရင်း သူ့ကို မတော်တဆဝင်တိုက်မိတော့ စုဟိုင်က သူ့ဗိုက်ကိုကန်လိုက်တာ အဲဒီနေရာမှာတင် သေသွားတယ်၊ ဒါပေမဲ့ သူတောင်းစားဆိုတာက တကယ့်လူမှ မဟုတ်တာလေ"
သူ့မျက်လုံးများ မှိုင်းညို့သွားသည်ကို လင်းယွဲ့သတိထားမိလိုက်သည်။
"အဲဒီသူတောင်းစားအိုကြီးက မင်းနဲ့သိလို့လား"
"အစ်မ တခြားမေးစရာတစ်ခုခုရှိသေးလား"
သူတောင်းစားလေးက စကားလမ်းကြောင်းကို ရုတ်တရက်ပြောင်းလိုက်သော်လည်း လင်းယွဲ့က သူ့မျက်လုံးများတွင် မျက်ရည်များကိုမြင်လိုက်ရသည်။
"မရှိတော့ပါဘူး"
"မင်းရဲ့လက်တွေက ဒီနေ့တော်တော် သန့်နေပါလား"
လင်းယွဲ့က အခန်းထဲသို့ဝင်ကာ ဗီရိုအောက်မှ မနေ့ကသူအသုံးပြုခဲ့သော ပန်းကန်ကိုထုတ်ယူပြီး ထမင်းနှင့် ဝက်သားကို သူ့ဘက်သို့တွန်းပေးရင်း ပြောလိုက်သည်။
"စားလိုက်ဦး"
"အသား"
သူတောင်းစားလေး၏မျက်လုံးများ အရောင်လက်သွားပြီး အမြန်ကိုက်စားလိုက်လေသည်။ သူကဝက်သားကို အငမ်းမရ ကိုက်စားနေလေ၏။ သူ့တစ်သက်တွင် ဤမျှအရသာရှိသော အစားအစာကို တစ်ခါမှမစားဖူးခဲ့ပေ။
ထိုအချိန်တွင် လင်းယွဲ့ကိုတိတ်တဆိတ် စောင့်ကြည့်နေခဲ့သောလူမိုက်က စုဟိုင်ထံသို့ သတင်းပို့ရန်ပြေးသွားလေသည်။ တစ်ချိန်တည်းမှာပင် ခရိုင်ဝန်ယန်ပန်းမှာ ရုံးတော်တွင်ရှိနေဆဲဖြစ်ပြီး အထပ်လိုက်ပုံနေသော စာရွက်စာတမ်းများကိုကြည့်ကာ မျက်မှောင်ကြုတ်နေလေသည်။
"ဆိုလိုတာက ဒီပျောက်ဆုံးနေတဲ့လူတွေအကုန်လုံးက သူတို့မိသားစုတွေမှာ အကြွေးတွေရှိနေပြီး မင်ယင်ပြည့်တန်ဆာအိမ်ကို အပို့ခံလိုက်ရတာလား"
"ဟုတ်ပါတယ်"
အရာရှိကျိုး၏အမူအရာမှာလည်း မကောင်းပေ။
"မင်ယင်ပြည့်တန်ဆာအိမ်က စုဟိုင်ရဲ့ နောက်ခံနဲ့ပါ၊ ကျွန်တော် အကြိမ်ကြိမ် စုံစမ်းစစ်ဆေးခဲ့ပေမဲ့ အဲဒီအချိန်တုန်းက လက်ထောက်တရားသူကြီးဖြစ်တဲ့ ကျောက်အန်းက ပိတ်ပင်ခဲ့ပါတယ်၊ ပြီးတော့ ဒီလူတွေကငွေကြွေးတင်နေကြတာပါ၊ အဲဒီနှစ်က သူတို့စပါးရိတ်သိမ်းမှုက မီးလောင်ပြီး ပျက်စီးသွားတာကြောင့်လို့ စုံစမ်းသိရှိရပါတယ်"
အခြားရွေးချယ်စရာမရှိတော့သဖြင့် အခွန်ဆောင်ရန်အတွက် သူတို့က ငွေချေးခဲ့ရခြင်းဖြစ်၏။ မီးလောင်မှုက ထူးဆန်းစွာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယန်ပန်းက သူ့နားထင်များကိုပွတ်သပ်လိုက်၏။
"ဒီလူက ကိုင်တွယ်ဖို့မလွယ်ဘူး"
"ဟုတ်ပါတယ်၊ သူက ပါးနပ်လွန်းတယ်၊ တရားစွဲဆိုမှုအတော်များများက သူ့ကို ရည်ညွှန်းနေတာသိသာပေမဲ့ ဘာသက်သေမှမတွေ့ခဲ့ရဘဲ တခြားလူတွေကပဲ ဝန်ခံသွားကြတာပါ"
ယန်ပန်း သက်ပြင်းချပြီးပြောလိုက်သည်။
"သူ့အနောက်မှာက အငြိမ်းစားယူသွားတဲ့ကွေ့ကျိုးစီရင်စုဘဏ္ဍာရေးမှူးနဲ့ အဆက်အသွယ်ကွန်ရက်ကျယ်ပြန့်တဲ့ ယုံအန်းကုန်သွယ်ရေးလုပ်ငန်းတို့ ရှိနေတယ်၊ သက်သေအထောက်အထား ဘာမှမတွေ့ရဘူးဆိုမှတော့ ဒီကိစ္စကိုဆက်မစုံစမ်းပါနဲ့တော့"
ကန်စွန်းဥများတင်ပြခဲ့ခြင်းအတွက် သူ ချီးကျူးခံရမည်ဟု ယန်ပန်းမျှော်လင့်ထားခဲ့သည်။ သို့သော် သူ့လုပ်ရပ်များကြောင့် နိုင်ငံတစ်ဝန်းရှိ လယ်သမားများအားလုံး အစားအလုံအလောက် စားရမည်ဆိုသည့်ဖြစ်နိုင်ချေက သူ့ကို ပို၍စိတ်လှုပ်ရှားစေခဲ့သည်။ သူ့နာမည်က သမိုင်းတွင်ကျန်ရစ်မည်ဖြစ်ကြောင်း သူ သေချာပေါက် ယုံကြည်ထားခဲ့သည်။
တင်ပြလွှာကိုတင်သွင်းခဲ့သော လျန်ကျိုးစီရင်စုမှခရိုင်ဝန်မှာမူ ကံမကောင်းခဲ့ပေ။ ဧကရာဇ်က ထိုတင်ပြလွှာကိုမြင်ပြီးနောက် ဒေါသထွက်ကာ ထိုခရိုင်ဝန်မှာ ကောလာဟလများဖြန့်ဝေပြီး ဧကရာဇ်ကိုလှည့်စားသည်ဟုဆိုကာ ဟွမ်ကျိုးရှိခရိုင်ငယ်လေးတစ်ခု၏ခရိုင်ဝန်ရာထူးသို့ လျှော့ချလိုက်ကြောင်းသိရသည်။
ထိုသတင်းကိုကြားသောအခါ ယန်ပန်းမှာ ကျောရိုးတစ်လျှောက်စိမ့်တက်သွားသလို ခံစားလိုက်ရပြီး ရက်အတော်ကြာသည်အထိ ကြောက်လန့်နေခဲ့သည်။
သူ နားလည်သွားပြီ။ အပြည့်အဝ နားလည်သွားလေ၏။
‘နန်းတွင်းထဲမှာ အကောင်းက အကောင်းဖြစ်ချင်မှ ဖြစ်မယ်၊ အဖြူက အဖြူဖြစ်ချင်မှ ဖြစ်မယ်၊ အမည်းက အမည်းဖြစ်ချင်မှ ဖြစ်မယ်၊ တကယ် အရေးကြီးတာက အဖွဲ့အားလုံးကြားက အာဏာပြိုင်ဆိုင်မှုတွေအပေါ်မှာပဲ မူတည်နေတာပဲ’
လျန်ကျိုးခရိုင်ဝန်၏ကျရှုံးမှုက ဝမ်ယွင်ချောင်းသည် ဧကရာဇ်၏အားကိုးယုံကြည်မှု လုံးဝဆုံးရှုံးသွားပြီဆိုသည်ကို သိသာစွာညွှန်ပြနေ၏။ ယန်ပန်း စိတ်ဓာတ်ကျသွားလေသည်။
‘အရာရှိတစ်ယောက်ဖြစ်ဖို့က ခက်ခဲတယ်’
သူ တွေးလိုက်သည်။
"ဒါပေမဲ့ အရာရှိကောင်းတစ်ယောက် ဖြစ်ဖို့က ပိုတောင်ခက်ခဲသေးတယ်"
ဝမ်ယွင်ချောင်းနှင့် ဝမ်စုန်းရှင်းတို့နှင့် ဝေးဝေးနေရန် သူဆုံးဖြတ်လိုက်သည်။ သူ အိမ်ပြန်ရောက်သောအခါ အိမ်တော်ထိန်းက ဝမ်းသာအားရလျှောက်လာသည်ကို တွေ့လိုက်ရသည်။
"သခင်မလေးလင်းယွဲ့ ဒီနေ့ရောက်လာပြီး ဆော့စ်လေးပုလင်းယူလာပါတယ်"
ယန်ပန်းမှာ စိတ်ဓာတ်ကျနေချိန်တွင် အိမ်တော်ထိန်းက ငရုတ်သီးဆော့စ်တစ်ပုလင်းကို ထုတ်ပြလေသည်။
"သခင်ကြီး ကြည့်ပါဦး၊ ဒါက လုံရှီးခရိုင်မှာ တစ်ပုလင်းကို၁၅တေးနဲ့ ဈေးကြီးကြီးပေးရတယ်လို့ ကြားတယ်"
"၁၅တေး ဟုတ်လား"
ယန်ပန်းက ငရုတ်သီးဆော့စ်ကိုစိုက်ကြည့်လိုက်ပြီး လျှို့ဝှက်ချက်ကို ချက်ချင်းမြင်သွားလေသည်။
"ဒီဖန်က တော်တော်လေးထူးခြားတာပဲ"
"သခင်ကြီး သခင်မလေးလင်းယွဲ့ရဲ့ ဆိုင်ကသဘက်ခါ နံနက် ၁ နာရီ ၁၅ မိနစ်မှာ ဖွင့်မှာပါတဲ့၊ သခင်ကြီးကိုလည်း တက်ရောက်ဖို့ဖိတ်ကြားသွားပါတယ်"
"မဖြစ်ဘူး၊ မဖြစ်ဘူး"
ယန်ပန်း လက်ကာပြလိုက်သည်။
"ငါက ဘယ်ဆိုင်ဖွင့်ပွဲကိုမှမတက်နိုင်လောက်အောင် အလုပ်ရှုပ်တယ်၊ ဆိုင်ဖွင့်ပွဲတိုင်းကိုသာ တက်နေရမယ်ဆိုရင် ငါဒုက္ခရောက်မှာပေါ့"
"ဟုတ်ကဲ့ပါ"
ယန်ပန်း သက်ပြင်းချလိုက်သည်။
"နောက်တစ်ခါ သူမလာရင် ငါ့ကိုမပြောနဲ့၊ ပြီးတော့ သူမလိုချင်တာ အကုန်လုံးကိုလည်း ငြင်းလိုက်"
"ဟုတ်ကဲ့ပါ"
နောက်တစ်နေ့တွင် လင်းယွဲ့သည် ကြက်ဥနီချက်တစ်သုတ်ကို အရင်ရောင်းချလိုက်သည်။ အကုန်ရောင်းပြီးသွားသောအခါ သူမက လားလှည်းကို အမြန်ယူလာပြီး စားပွဲတစ်လုံးနှင့် ဆော့စ်သုံးပုလင်းကို အထဲတွင်ထည့်ထားလိုက်၏။ သူမက ကြော်ငြာနည်းလမ်းကို ပြောင်းလဲလိုက်သည်။
‘အစားအသောက် မြည်းစမ်းခြင်း’
မည်သို့ပင်ဆိုစေ မနေ့ကကျုံးဟွာနှင့် ကျုံးဟွားတို့အကြောင်း ရှင်းပြခဲ့ရသည်မှာ အတော်လေးပင်ပန်းခဲ့သည်။ ယနေ့တွင် ဆော့စ်များကိုမြည်းစမ်းရန် ယူလာခြင်းက တိုက်ရိုက်မြင်တွေ့ခံစားရစေပြီး ရှင်းပြရသည်မှာ ပိုမိုလွယ်ကူကာ ထိရောက်မှုပိုရှိစေသည်။ လင်းယွဲ့သည် စားပွဲကိုပြင်ဆင်လိုက်ပြီး မနေ့ညက ဖုတ်ထားသော ထမင်းဂျိုးများကို တြိဂံပုံစံအသေးလေးများဖြတ်ကာ ပန်းကန်ပြားပေါ်တွင် တစ်ခုချင်းစီတင်လိုက်၏။
ထို့နောက် တြိဂံ၏ချွန်နေသော အစွန်းများတွင် ဆော့စ်များကို တင်ပေးလိုက်ရာ စုစုပေါင်း ပန်းကန်ပြားလေးချပ်ရရှိပြီး တစ်ချပ်စီတွင် မတူညီသောဆော့စ်လေးမျိုးထဲမှ တစ်မျိုးစီပါဝင်လေသည်။
"ကျုံးဟွားဆော့စ် မနက်ဖြန်ဖွင့်ပါပြီ၊ ဒီလက်ကမ်းစာစောင်ကိုယူလာရင် ဈေးလျှော့ပေးမှာပါ၊ အလကားမြည်းစမ်းကြည့်လို့ ရပါတယ်ရှင့်"
လင်းယွဲ့ အော်ပြောလိုက်သည်။
ယနေ့ ထိုဧရိယာတွင် ကင်းလှည့်နေသော ဟွမ်ရှန်းက လင်းယွဲ့အော်ခေါ်နေသည်ကိုမြင်သောအခါ သိချင်စိတ်ဖြင့် အနားသို့လျှောက်သွားကာ မေးလိုက်သည်။
"ဒါက ဘာလဲ"
"ထမင်းဂျိုးနဲ့ ဆော့စ်ကိုမြည်းကြည့်ပါဦး"
လင်းယွဲ့က ပန်းကန်ပြားကို အမြန်ကမ်းပေးလိုက်သည်။ ဟွမ်ရှန်းက တစ်ခုယူကာ ပါးစပ်ထဲထည့်ပြီး ဝါးစားလိုက်၏။ ပထမဆုံး အရသာမှာငန်ပြီး မွှေးကာ ထို့နောက် စပ်သောအရသာနှင့် နောက်ဆုံးတွင် ထမင်း၏အချိုဓာတ်ကို ခံစားလိုက်ရသည်။
“ဒီလိုစားလို့ရတဲ့ နည်းလမ်းလည်းရှိတာလား၊ ပြီးတော့ အရမ်းအရသာရှိတာပဲ”
ဟွမ်ရှန်း ရယ်မောလိုက်သည်။
"မနက်ဖြန်တော့ ငါ တစ်ပုလင်းဝယ်ရမယ့်ပုံပဲ"
"အရာရှိဟွမ် မနက်ဖြန်လာအားပေးရင် အရမ်းဝမ်းသာမိမှာပါ၊ ဝယ်တာ မဝယ်တာ အသာထား ကြိုက်တဲ့ ပုလင်းယူသွားလို့ ရပါတယ်ရှင့်"
အရာရှိကျိုး၏လက်အောက်တွင် အလုပ်လုပ်ခဲ့ရသဖြင့် ဟွမ်ရှန်းသည်လည်း သန့်ရှင်းပြီးရိုးသားသောအလုပ်ပုံစံကို မွေးမြူနိုင်ခဲ့သည်။ သို့သော် လင်းယွဲ့စကားများကို ကြားရသောအခါ သူအလွန် သက်သောင့်သက်သာဖြစ်သွားပြီး ခေါင်းညိတ်လိုက်၏။
"ငါ သေချာပေါက်လာခဲ့မယ်"
ဟွမ်ရှန်းဖြတ်သွားပြီးနောက် အခမဲ့ မြည်းစမ်းခွင့်က လူအများအပြားကို စုရုံးလာစေရန် ဆွဲဆောင်နိုင်ခဲ့သည်။
"ဆိုင်ရှင်ချန်"
လင်းယွဲ့ပြုံး၍ နှုတ်ဆက်လိုက်သည်။ စုဟိုင်၏ဖိအားပေးမှုကြောင့် ချန်ဖူကွေ့ မှာ ကောင်တာကိုဖယ်ရှားခဲ့ရပြီးကတည်းက လင်းယွဲ့မှာ သူ့အပေါ်မည်သည့် မကျေနပ်မှုမျှမရှိတော့ပေ။ ထို့ပြင် သူမအခွန်ဆောင်စဉ်ကလည်း သူက အများကြီးကူညီပေးခဲ့သေးသည်။
ချန်ဖူကွေ့ပြုံးရင်း လက်ကမ်းစာစောင်ကိုယူကာ လင်းယွဲ့ကို လက်မထောင်ပြလိုက်သည်။
"ကောင်မလေး မင်းကတော်တော်မိုက်တာပဲ"
သူသည် ယခင်ကဈေးသည်တစ်ဦးဖြစ်ပြီး နှစ်ပေါင်းများစွာ အလုပ်ကြိုးစားပြီးနောက် မေဝေ့ကျိုက်ကိုဖွင့်လှစ်ရန် ငွေအလုံအလောက် စုဆောင်းနိုင်ခဲ့ကာ ဆိုင်ငယ်လေးမှ ဆိုင်ကြီးတစ်ခုအထိ တဖြည်းဖြည်းတိုးချဲ့နိုင်ခဲ့၏။ သူက အနောက်ဘက်လမ်းမှ အရှေ့ဘက်လမ်းဘေးအထိပင် တိုးချဲ့နိုင်ခဲ့သေးသည်။
မမျှော်လင့်ဘဲ လင်းယွဲ့က လအနည်းငယ်အတွင်း ရှီထိုင်ခရိုင်တွင် ဆိုင်တစ်ဆိုင် ဖွင့်နိုင်ခဲ့သည်။ ထူးခြားသော ကျွမ်းကျင်မှုတစ်ခုရှိခြင်းက သေချာပေါက်အားသာချက်တစ်ခု ဖြစ်ပေသည်။ ချန်ဖူကွေ့လည်း စုဟိုင်ကို ဒေါသထွက်နေ၏။ သူ့ကြောင့်သာ မဟုတ်ပါက သူ့ဆိုင်သည် ဆော့စ်တစ်ပုလင်းလျှင် ငွေတစ်တေးထက်မကပိုရနိုင်မည် ဖြစ်သည်။
"မင်းရဲ့ဆော့စ်တွေက လုံရှီးခရိုင်မှာ နာမည်ကြီးတယ်လို့ ကြားတယ်"
ချန်ဖူကွေ့က မနာလိုစွာဖြင့်ပြောလိုက်သည်။ သူသည် စီးပွားရေးညီလာခံတစ်ခုတွင် ကျီဝေ့လန်ကိုတွေ့ဆုံခဲ့ဖူးပြီး သူ့အပြုအမူကြောင့် ချက်ချင်းပင် အထင်ကြီးသွားခဲ့သည်။ လင်းယွဲ့၏ဆော့စ်များကို ကျီဝေ့လန်က တန်ဖိုးထားလိမ့်မည်ဟု သူ ဘယ်တော့မှ မမျှော်လင့်ထားခဲ့ပေ။
လင်းယွဲ့မှာ လုံရှီးခရိုင်သို့မရောက်ဖူးသေးသဖြင့် မည်သည့်အရာကိုမျှမသိသေးပေ။ ထို့ကြောင့် သူမပြုံးရင်း မေးလိုက်သည်။
"ဘယ်လောက်တောင် နာမည်ကြီးတာလဲ"
"ကျီဝေ့လန်ရဲ့နည်းလမ်းတွေက တကယ်ကို အထင်ကြီးစရာပဲ၊ သူက ပွင့်လင်းမြင်သာတဲ့ဖန်ပုလင်းထဲက ငရုတ်သီးဆော့စ်တစ်ပုလင်းကို ငါးရက်ဆက်တိုက် လေလံတင်ခဲ့တယ်၊ ပြီးတော့ အဲဒါပင်လယ်ထဲကနေ သူဖမ်းမိလာတဲ့ ရှားပါးတဲ့အရသာဖြစ်ပြီး တစ်နိုင်ငံလုံးမှာ ဘယ်သူမှမရှိဘူးလို့ ပြောခဲ့တယ်၊ သူက အာရုံစိုက်မှုအများကြီးကို သေချာပေါက် ဆွဲဆောင်နိုင်ခဲ့တာပဲ"
“တစ်လကို ငါးပုလင်းပဲလေလံတင်တယ်လို့ ဆိုတယ်၊ အဲဒါလည်း အမြင့်ဆုံးဈေးပေးတဲ့သူကိုပဲတဲ့၊ အခုဆို မိသားစုတော်တော်များများက ကဗျာရွတ်ဆိုပွဲတွေ ကျင်းပကြပြီး ချမ်းသာကြွယ်ဝမှုနဲ့ အဆင့်အတန်းရဲ့ပြယုဂ်အဖြစ် ဖန်ပုလင်းငရုတ်သီးဆော့စ်တစ်ပုလင်းကို အလယ်မှာထားကြတယ်”
ချန်ဖူကွေ့က အထင်ကြီးလေးစားစွာ ခေါင်းခါရင်း ပြောလိုက်သည်။
"ငါတို့က ယှဉ်လို့တောင်မရဘူး၊ ယှဉ်လို့တောင် မရဘူး"
"ဒါဆို ဖန်ပုလင်းငရုတ်သီးဆော့စ်အပြင် တခြားဘာဆော့စ်တွေရှိသေးလဲ"