← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

Ch-129

ချန်ဖူကွေ့ကက ခေါင်းခါရင်းပြောလိုက်သည်။

"ငါ မသိဘူး၊ အဲဒီအကြောင်း ဘာသတင်းမှ မကြားမိသေးဘူး"

"ဒါနဲ့ ဒီတလောအခြေအနေတွေက သိပ်မငြိမ်းချမ်းဘူး၊ ဒီကနေ လုံရှီးခရိုင်ကိုသွားတဲ့လမ်းမှာ အလောင်းဆယ်လောင်းကျော်တွေ့တယ်လို့ ကြားတယ်၊ မင်း လုံရှီးခရိုင်ကို သွားမယ်ဆိုရင်တော့ သတိထားတာပိုကောင်းမယ်"

"အလောင်းဆယ်လောင်းကျော် ဟုတ်လား"

လင်းယွဲ့ မေးလိုက်သည်။

"ဒုက္ခသည်တွေလား ဒါမှမဟုတ် ဓားပြတွေသတ်သွားတဲ့ သာမန်ပြည်သူတွေလား"

ချန်ဖူကွေ့အနားသို့ တိုးကပ်လာပြီး ပြောလိုက်သည်။

"သေသွားတဲ့လူတွေက ဓားပြတွေဖြစ်နိုင်တယ်လို့ကြားတယ်၊ ပြီးတော့ သေဆုံးမှုက တော်တော်လေးသံသယဖြစ်စရာကောင်းနေတယ်၊ အဲဒီနေရာက လုံရှီးခရိုင်နဲ့ ရှီထိုင်ခရိုင်ကြားက လူသူကင်းမဲ့တဲ့နယ်မြေလို့ သတ်မှတ်ထားတာလေ"

"အစိုးရက တာဝန်မယူဘူးလား"

"သူတို့ ထိန်းချုပ်ထားပါတယ်"

ချန်ဖူကွေ့ စုပ်သပ်လိုက်သည်။

"ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ လုံရှီးခရိုင်က အလောင်းတွေကို ကောက်ယူသွားပြီး ခေါင်းနဲ့ညာဘက်လက်ကိုဖြတ်သွားလောက်ပြီတဲ့၊ သူတို့က ဒါကိုဓားပြနှိမ်နင်းရာမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ဂုဏ်ပြုမှတ်တမ်းအဖြစ် မြို့တော်ကိုပို့ကြမလို့လေ၊ တစ်ကယ်လို့ အောင်မြင်ခဲ့ရင် လုံရှီးခရိုင်ဝန်က ဒီနှစ်မှာရာထူးတိုးလောက်တယ်"

နယ်စပ်တပ်များမှာ ဖရိုဖရဲဖြစ်နေချိန်နှင့် တိုက်ဆိုင်နေပြီး နေရာအနှံ့အပြားတွင်ပုန်ကန်မှုများ သို့မဟုတ် ဓားပြတိုက်မှုများ ထူပြောနေလေသည်။ ဤအချိန်မျိုးတွင် ၎င်းတို့ကိုမြို့တော်သို့ ပို့ဆောင်ခြင်းက ဧကရာဇ်အားများစွာ ကျေနပ်အားရစေမည်ဖြစ်သည်။ ရှီထိုင်ခရိုင်မှ လုံရှီးခရိုင်သို့ သွားရာလမ်းတွင် အကြောင်းရင်းမသိရဘဲ လင်းယွဲ့စိတ်ထဲတွင် ထိုအချိန်က ထိုနေရာတွင်ရှိနေခဲ့ပြီး ပြင်းထန်သောဒဏ်ရာရရှိခဲ့သည့် ကုလင်ကိုသတိရသွားမိသည်။

‘ဒါ သူ့နဲ့များသက်ဆိုင်နေမလား’

လင်းယွဲ့ ခေါင်းခါလိုက်သည်။ ဓားပြတစ်ယောက်အဖြစ် သတ်မှတ်ခံရရန်အတွက် လူကသန်မာတောင့်တင်းနေဖို့ လိုသည်။ ကုလင်၏ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ကြည့်ရသည်မှာ ထိုသို့ဖြစ်နိုင်ချေ မရှိပေ။ မာယန်ရွာတွင် ကုလင်မှာ ဂျင်ဂိုပင်ကြီးအောက်တွင်ထိုင်၍ မြက်ပင်တစ်ပင်ကိုဝါးရင်း လူများနှင့် စကားစမြည်ပြောကာ ရယ်မောနေလေသည်။

"ကောင်လေးကု မင်း ဒီလောက်မြန်မြန် သက်သာသွားပြီလား"

ကုတာ့တန် မေးလိုက်သည်။

"မင်း နည်းနည်းလောက်ဆက်ပြီး လှဲနေသင့်တယ်မဟုတ်ဘူးလား"

"ကိစ္စမရှိပါဘူး"

ကုလင် အသာချောင်းဆိုးလိုက်ရာ ဖြူဖျော့ပြီး အားနည်းနေပုံရသော သူ့မျက်နှာကြောင့် ဘေးနားရှိလူများ၏ စိုးရိမ်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ အမှန်က ကုလင်၏ဒဏ်ရာများမှာ အပြည့်အဝနီးပါး သက်သာပျောက်ကင်းနေပြီ ဖြစ်သည်။ သူသည် ကမ္ဘာပျက်ကပ်မှလာသူဖြစ်ပြီး သန်မာသောရှင်သန်နိုင်စွမ်းရှိကာ သဘာဝလွန်စွမ်းအင်များကို ပိုင်ဆိုင်ထားလေသည်။

'သူ့ဆီစားစရာအစားအစာနဲ့ စွမ်းအင်ရှိနေသရွေ့ သူ့ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာဖို့ အားကောင်းတဲ့စွမ်းရည်ရှိတယ်၊ ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ သူက နေ့တိုင်းအသားနဲ့ ထမင်းကိုစားခဲ့ရပြီး သူစားရတဲ့ အစားအသောက် အရည်အသွေးက သိသိသာသာ တိုးတက်လာခဲ့တာကြောင့် သဘာဝကျကျပဲ သူမြန်မြန် ပြန်ကောင်းလာခဲ့တာပေါ့’

သို့သော် ရှေးခေတ်လူများ၏သိုင်းပညာနှင့် လေးပစ်စွမ်းရည်များကို သူ လျှော့တွက်ခဲ့မိသဖြင့် လန့်နေမိဆဲပင်။ သူ့ကိုယ်ပိုင်သဘာဝလွန်စွမ်းအင်မှာ စက်မှုဆိုင်ရာဖြစ်ပြီး ဆိုလိုသည်မှာ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများကို သေနတ်များအဖြစ် ပြောင်းလဲနိုင်ပြီး သူ့ခန္ဓာကိုယ်စွမ်းအင်ကို ကျည်ဆန်များအဖြစ် ပြောင်းလဲနိုင်ခြင်းဖြစ်သည်။ သီအိုရီအရဆိုလျှင် သူ့တွင်အကန့်အသတ်မရှိသော ကျည်ဆန် ထောက်ပံ့မှုရှိနိုင်သည်။

သို့သော် မညှာမတာလိုက်လံဖမ်းဆီးခံရမှုကြောင့် သူ့ခမျာမည်သည့်အစားအစာမျှမရရှိခဲ့ရာ သူ့ခန္ဓာကိုယ်မှာစွမ်းအင်များခန်းခြောက်သွားပြီး သဘာဝကျကျပင် ကျည်ဆန်များကုန်ခမ်းသွားခဲ့သည်။ ထိုအခြေအနေအား သူတို့ကိုလိုက်လံဖမ်းဆီးသူများက ချက်ချင်း သိရှိသွားကြပြီး ပြင်းထန်သော တိုက်ခိုက်မှုကို စတင်ခဲ့ကြ၏။ သူ အစွမ်းကုန် တိုက်ခိုက်ကာ လိုက်လံဖမ်းဆီးသူအားလုံးကို သတ်ပစ်ခဲ့သော်လည်း သူကိုယ်တိုင်လည်း ရင်ဘတ်ကိုမြားဖြင့် အပစ်ခံခဲ့ရသည်။ လက်ဖက်ရည်ဆိုင်မှလူသာ သူ့ကိုမကယ်တင်ခဲ့ပါက သေသွားနိုင်ပေသည်။

ကုလင်က မြက်ပင်ကိုထွေးထုတ်လိုက်ပြီး နို့သကြားလုံး လက်တစ်ဆုပ်စာကို သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ မရေမတွက်နိုင်သော စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာရာ ကျေနပ်အားရစွာဖြင့်သက်ပြင်းချလိုက်၏။ လင်းယွဲ့ထားခဲ့သမျှ အရာအားလုံးက အရသာရှိလှသည်။ လင်းယွဲ့ပြန်လာပြီး သူမလက်ရာများကို မြည်းစမ်းခွင့်ရရန် သူတောင့်တနေမိသည်။

အစားအသောက်များ စားသောက်ပြီးနောက် ကုလင်က ရွာသားများနှင့် ပြုံးရွှင်စွာ စကားစမြည်ပြောကာ သူတို့ထံမှ ပတ်ဝန်းကျင်မြေမျက်နှာသွင်ပြင် အကြောင်းများကို ပေါ့ပေါ့ပါးပါး လေ့လာရင်း သူလိုချင်သောသတင်းအချက်အလက်များကိုရယူနေလေသည်။ ရှေ့ဆောင်လမ်းပြတစ်ဦးအနေဖြင့် နောင်တွင်တပ်စွဲရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်နေရာကို ဆုံးဖြတ်နိုင်ဖို့အတွက် လျန်ကျိုး၏စစ်ရေးဖြန့်ကျက်မှု၊ စီးပွားရေးနှင့် လူဦးရေဖွံ့ဖြိုးတိုးတက်မှုတို့ကို နားလည်ထားရန် လိုအပ်လေသည်။

"မင်းခယ်မက တကယ်တော်တာ၊ သူ ငယ်သေးတာကိုကြည့်ပြီး အထင်မသေးနဲ့၊ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ယောကျ်ားဆုံးသွားပေမဲ့ သူမရဲ့ကိုယ်ပိုင်အရည်အချင်းတွေနဲ့ စီးပွားရေးကို တည်ဆောက်နိုင်ခဲ့တာ၊ အခုဆို ရှီထိုင်ခရိုင်မှာ သူ့အတွက်ဆိုင်တစ်ဆိုင်တောင်ရှိနေပြီ"

ကုတာ့တန်က သူ့ကိုအတင်းပြောချင်သည့်အကြည့်ဖြင့်ကြည့်ကာ မေးလိုက်သည်။

"မင်းနဲ့ကုလင်က အရမ်းတူတာပဲ၊ မိသားစုရဲ့မျိုးဆက်နှစ်ဆက်ကို တာဝန်ယူပြီး မင်းအစ်ကိုအတွက် ကလေးတစ်ယောက်လောက်ချန်ထားပေးဖို့ မင်း စဉ်းစားဖူးလား"

ကုလင်ခေါင်းထဲတွင် မေးခွန်းများပြည့်နှက်သွားလေသည်။

'ခယ်မလေး အစ်ကိုပါ၊ မင်းရဲ့အခန်းတံခါးဖွင့်ပေးပါဦးလို့ပြောရမှာလား’

"မင်းကို မင်းပြန်ကြည့်စမ်း"

ကုတာ့တန် ပြောလိုက်သည်။

"မင်းရဲ့ခယ်မက ညီမလေးနဲ့ ညီလေး နှစ်ယောက်ကို စောင့်ရှောက်ပေးနေတဲ့ လူကောင်းတစ်ယောက်ပဲ၊ ဒါပေမဲ့ အခု မင်းပြန်ရောက်လာပြီဆိုတော့ သူမ တခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုသွားမှာမကြောက်ဘူးလား၊ ရွှေအသိုက်ကို ကိုယ့်အိမ်မှာပဲ သိမ်းထားသင့်တာပေါ့ကွ"

ကုတာ့တန်၏မိခင်က သူ့ခေါင်းကိုရိုက်လိုက်သည်။

"မင်း ဘယ်လိုလုပ် ဒီလောက်အရှက်မရှိရတာလဲ၊ လင်းယွဲ့က ကန်စွန်းဥတွေနဲ့ အာလူးတွေကို အပင်ပန်းခံရှာဖွေပြီး ငါတို့ဆောင်းတွင်းမှာ မငတ်ရအောင် ဘယ်လိုစိုက်ရမလဲဆိုတာကိုတောင် သင်ပေးခဲ့တာ၊ အဲဒီကနေ ငါတို့ပိုက်ဆံတောင်ရလိုက်သေးတယ်"

"ဒါကို မင်းက ဒီမှာသူမကို အကြံအစည် ထုတ်နေတယ်ပေါ့လေ"

"ကျွန်တော်က ဒီတိုင်းပြောကြည့်တာပါ၊ ဒီတိုင်းပြောကြည့်တာပါ"

ကုတာ့တန်၏ပုံစံကို မြင်သောအခါ ကုတာ့တန်၏မိခင်မှာ ပိုဒေါသထွက်လာသည်။

"စကားကြုံလို့ပြောတာလေးနဲ့တင် မင်းက ဒီလိုအကြံအစည်တွေ ထုတ်နေပြီ၊ ငါ ဘယ်လိုလုပ် ဒီလိုကောင်မျိုးကိုမွေးလာခဲ့ရတာလဲ"

ဆဲဆိုရုံဖြင့် အားမရဘဲ နျိုဖန်းက သူ့ခါးကိုကန်လိုက်လေသည်။ ဆောင့်ကြောင့်ထိုင်နေသော ကုတာ့တန်မှာ ကန်ခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး အော်ဟစ်လိုက်သည်။

"အား အမေ ကျွန်တော်က အမေ့သားလေဗျာ ဖြည်းဖြည်းလုပ်ပါ ဖြည်းဖြည်း၊ ဒါက အမေ့သားရဲ့ တစ်သက်တာပျော်ရွှင်မှုနဲ့ သက်ဆိုင်နေတာနော်"

နျိုဖန်းက လှောင်ပြုံးပြုံးကာ ကုလင်ဘက်သို့လှည့်ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ရှောင်မင် လင်းယွဲ့ကလူကောင်းတစ်ယောက်ပါ၊ မင်းရဲ့ညီကိုကြည့်စမ်း၊ သူ သေသွားပြီ၊ ဒီကမ္ဘာကြီးမှာ ယောက်ျားတွေတောင် အသက်ရှင်ဖို့မလွယ်တာ၊ ကလေးနှစ်ယောက်နဲ့ မုဆိုးမတစ်ယောက်ဆိုရင်ပိုဆိုးတာပေါ့၊ သူမက ဆွေမျိုး၊ သူငယ်ချင်း ဘယ်သူမှမရှိဘဲ ကလေးနှစ်ယောက်ကို စောင့်ရှောက်ပေးနေတဲ့ လူကောင်းတစ်ယောက်ပါ၊ မင်းက သူမကိုအခွင့်ကောင်းမယူဘဲ ကျေးဇူးတင်သင့်တယ်၊ ပြီးတော့ သူမက ငယ်သေးတယ်လေ၊ သူမကို ကုမိသားစုထဲမှာပဲ တစ်သက်လုံးချုပ်နှောင်ထားပြီး တခြားလူရှာခွင့်မပေးဘူးဆိုရင် ဒါ အဖြစ်ဆိုးတစ်ခုဖြစ်သွားမှာပဲ၊ ဒါကို မင်းနားလည်ဖို့လိုတယ်"

နျိုဖန်းက လေးနက်စွာပြောနေသော်လည်း ကုလင်၏အတွေးများက ဆက်လက်လွင့်မျောနေလေသည်။ အတိတ်က ကုလင်၊ သူ့မှတ်ဉာဏ်များထဲမှ လင်းယွဲ့မှာ အမြဲတမ်းအလိုလိုက်ခံထားရပြီး မပျော်မရွှင်ဖြစ်နေလေ့ရှိသည်။ ကုလင်က လင်းယွဲ့ကို နောက်ဆုံးအကြိမ်တွေ့ခဲ့ရသည်အား ပြန်လည်သတိရလိုက်၏။

သူမက သေးသွယ်ပြီး အေးစက်စက်အမူအရာရှိကာ သူ့အပေါ်အလွန် သတိထားနေခဲ့သည်။ သို့သော် သူမ၏အသားအရေမှာ အလွန်တရာဖြူဝင်းပြီး သူမမျက်လုံးများကပင် စကားပြောနိုင်ကာ လူများ၏စိတ်နှလုံးကို ထိုးဖောက်မြင်နိုင်စွမ်းရှိပုံရသည်။ ကုလင်က မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။

"ကန်စွန်းဥကို လင်းယွဲ့ရှာတွေ့ခဲ့တာလား၊ အဲဒါက ဒီဒေသမှာပဲသီးသန့်ရှိတာ မဟုတ်ဘူးလား"

ရွာသားများ၏စကားအနည်းငယ်အပြီးတွင် ကုလင်သည် အခြေအနေကို ယေဘုယျအားဖြင့် နားလည်သွားခဲ့သည်။ လင်းယွဲ့က ၎င်းမှာ သူမ၏ဇာတိရွာတွင် စိုက်ပျိုးသောအရာဖြစ်ပြီး ထို့ကြောင့် ဤနေရာတွင်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်ဟုပြောခဲ့ကြောင်း သိရသည်။ လင်းယွဲ့မှာ လုံးဝလိမ်ညာနေခြင်းဖြစ်သည်။

ကန်စွန်းဥမှာ ဤဒေသရင်းမျိုးစိတ်မဟုတ်ပေ။ ထို့ကြောင့် လင်းယွဲ့က နေရာနှစ်ခုစလုံးတွင် ဘယ်လိုလုပ်ရှာတွေ့နိုင်မည်နည်း။ ကန်စွန်းဥနှင့် အာလူးတို့က ဒေသရင်းမျိုးစိတ်များမဟုတ်သောကြောင့် လင်းယွဲ့တစ်ယောက် ၎င်းတို့ကို မည်သို့ရရှိခဲ့သနည်း။

‘သူမကလည်း ကမ္ဘာပျက်ကပ်ကနေလာပြီး သဘာဝလွန်စွမ်းအင်တွေရှိနေတာများလား’

ကုလင်ရင်ထဲတွင် ထူးဆန်းသော လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။

ရှီထိုင်ခရိုင်

လင်းယွဲ့၏ဝက်သားနီချက်များမှာ ယနေ့ အလွန် ရောင်းကောင်းနေပြီး စာသင်ကျောင်းမှ ဆရာများနှင့် ကျောင်းသားများသာမက အခြားလူများပါလာဝယ်ကြ၏။ လူအနည်းငယ်က ဝက်သားနီချက်ကို စားပြီးနောက် ဆော့စ်တစ်ပုလင်းကိုပင် ဝယ်သွားကြသေးသည်။ သူမအား မုန်လာဥချဉ်ဖတ် ရောင်းသလားဟုပင် လာမေးကြသေးသည်။

လင်းယွဲ့ကမရောင်းပဲ အချို့ကို ပါဆယ်ထုတ်ပြီး သူတို့ကိုလက်ဆောင်ပေးလိုက်လေသည်။ လင်းယွဲ့ပန်းကန်များ ဆေးကြောပြီး မနက်ဖြန်အတွက် အစားအသောက်များပြင်ဆင်ပြီးသွားသောအခါ အမှောင်ကျနေပြီဖြစ်သည်။ သူမ ဆိုင်အပြင်ဘက်သို့လှမ်းကြည့်လိုက်ရာ သူတောင်းစားလေးရောက်မလာသေးကြောင်း သတိပြုမိလိုက်၏။

မနေ့က သူမနေရာမှာ ရေတွင်းနှင့်ဝေးကြောင်း သူတောင်းစားလေးကိုပြောခဲ့သည်။ အကယ်၍ သူတောင်းစားလေးသာ သူမအတွက် ရေခပ်ပေးနိုင်ပါက သူ့အတွက် အစားအစာများကို အခမဲ့ ချန်ထားပေးမည်ဟုပြောခဲ့သည်။

‘သူ မနေ့က ချက်ချင်းသဘောတူခဲ့ပြီး ဒီနေ့ကျမှ ဘာလို့ပေါ်မလာရတာလဲ၊ သူ့ဆုံးဖြတ်ချက်ကို နောင်တရသွားတာများလား ဒါမှမဟုတ် ဘာမှမလုပ်ဘဲ အလကားရချင်နေတာများလား’

တစ်ချိန်တည်းမှာပင် လင်းယွဲ့တွေးနေသော သူတောင်းစားလေးမှာ စုဟိုင်၏ အိမ်တော်ထိန်းအိမ်တွင် ဒူးထောက်နေလေသည်။ စုရှန်းက သူ့နှာခေါင်းကို ပိတ်လိုက်သည်။

"ဒီအနံ့အသက်ဆိုးတဲ့ အမှိုက်ကောင်က ငါ့နေရာကို ညစ်ပတ်သွားစေတယ်"

လူမိုက်ကျောက်ရုံက ချက်ချင်းပင် သူတောင်းစားလေးကို ကန်လိုက်သည်။

"သခင်ကြီး ဒါဆို ကျွန်တော် သူ့ကိုမြစ်ဆီခေါ်သွားပြီး ဆေးကြောပေးပြီးမှ ပြန်ခေါ်လာခဲ့ပါ့မယ်"

ထိုစကားကိုကြားသောအခါ ဤရာသီဥတုတွင် ကိုယ်ကိုကိုယ်ဆေးကြောရန် မြစ်သို့သွားရမည်ဆိုပါက ပြန်တက်လာချိန်တွင် သူ့အသက် ဆုံးရှုံးသွားနိုင်ကြောင်း သူတောင်းစားလေး သဘောပေါက်သွားလေသည်။

"သခင်ကြီး"

သူတောင်းစားလေးက ချက်ချင်းဒူးထောက်ကာ အကြိမ်ကြိမ်ဦးညွှတ်ရင်း ပြောလိုက်သည်။

"သခင်ကြီး ဘာလိုအပ်လဲဆိုတာသာ ကျွန်တော့်ကို ပြောလိုက်ပါ"

All Chapters