အခန်း ၁၃၀
Vol. 13 Ch. 130
Ch-130
"သူက တော်တော်လေး အကင်းပါးတာပဲ"
စုရှန်းက သူတောင်းစားလေး၏ဗိုက်ကို ကန်၍ ပြောလိုက်သည်။
"အား"
သူတောင်းစားလေးမှာ နာကျင်မှုကြောင့် ခွေကျသွားပြီး ဗိုက်ကိုဖက်ထားကာ သူ့မျက်နှာပေါ်တွင် ချွေးစေးများ စီးကျလာလေသည်။ စုရှန်းမှာ ငယ်ရွယ်ပြီး သန်မာကာ သူတောင်းစားလေးမှာ အရိုးနှင့်အရေသာကျန်တော့သည်အထိ ပိန်လှီနေသဖြင့် ထိုကန်ချက်ကို ခံနိုင်ရည်မရှိပေ။ စုရှန်းက မဲ့ပြုံးပြုံးကာ သူတောင်းစားလေးဘေးတွင်ရပ်လျက် မျက်နှာရှုံ့မဲ့သွားသည်အထိ နောက်ထပ်သုံးကြိမ်တိုင်တိုင် ပြင်းပြင်းထန်ထန် ကန်လိုက်၏။
သူတောင်းစားလေးမှာ နာကျင်မှုကြောင့်သတိလစ်သွားလေသည်။ သူကမြေပြင်နှင့် မထိစေရန် ခြေထောက်ကို မြှောက်ထားလိုက်ရာ ဘေးတွင်ရှိသော ကျောက်ရုံက ချက်ချင်းဒူးထောက်၍ စုရှန်း၏ဖိနပ်များကို သူ့အဝတ်ဖြင့် သန့်ရှင်းအောင် သုတ်ပေးရင်း မျက်နှာချိုသွေးကာ မေးလိုက်၏။
"သခင်ကြီး ဘာများအမိန့်ရှိပါသလဲ"
"မနက်ဖြန်ကျရင် သူက အဲဒီမိန်းမရဲ့ အစားအသောက်တွေကိုစားပြီး ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်သွားတယ်ဆိုပြီး ကျောက်ချိုးနဲ့ ကောင်းချန်ရှန်းကို သူ့ကိုထမ်းပြီးပြဿနာသွားရှာခိုင်းလိုက်"
စုရှန်းက ပေါ့ပေါ့ပါးပါးပင်အမိန့်ပေးလိုက်သည်။ ကျောက်ရုံမျက်လုံးများကတောက်ပသွားသည်။
"ကျွန်တော်တို့ သူ့ကိုသတ်ပစ်လိုက်ရမလား၊ အဲဒါဆို ပိုပြီးဂယက်ရိုက်သွားစေမယ် မဟုတ်ဘူးလား"
"အရူးကောင်"
စုရှန်းက ကျောက်ရုံဗိုက်ကိုကန်လိုက်သည်။
"သေမှုသေခင်းသမားတော်ကို ခေါ်လိုက်တာက ကိစ္စတွေကိုပိုဆိုးသွားစေပြီး ပြဿနာတွေ ပိုများလာစေမှာပေါ့"
"ကျွန်တော်အတွေးတိမ်သွားပါတယ်"
ကျောက်ရုံပြုံးရင်း စုရှန်း၏ဖိနပ်ပေါ်မှ ဖုန်များကို သူ့အင်္ကျီလက်ဖြင့် ညင်သာစွာ ခါပေးလိုက်သည်။
"သခင်ကြီး သန့်ရှင်းသွားပါပြီ"
စုရှန်းက ခြေဆောင့်ကာ အပြင်သို့ လျှောက်သွားလေသည်။ မထွက်ခွာမီ သူက စိတ်မရှည်စွာဖြင့်အမိန့်ပေးခဲ့သည်။
"ပါးပါးနပ်နပ်လုပ်စမ်းပါ"
ကျောက်ရုံက အမြန်ခေါင်းညိတ်လိုက်သည်။ သူတောင်းစားလေးသတိရလာသည်ကိုမြင်သောအခါ သူက ကြမ်းတမ်းစွာ ပြောလိုက်သည်။
"ကြားတယ်မလား၊ မနက်ဖြန် မင်းဟိုနှစ်ယောက်နဲ့ အတူ ကျုံးဟွာဆော့စ်ဆိုင်မှာ သွားပြီးပြဿနာရှာရမယ်"
သူတောင်းစားလေးမှာ ကွေးကွေးလေးနေ၍ ဘာမှပြန်မဖြေသည်ကိုမြင်သောအခါ ကျောက်ရုံ၏ဒေါသများ ပေါက်ကွဲထွက်လာလေသည်။ သူက စုရှန်းထံမှရလာသော ဒေါသများ အားလုံးကို သူတောင်းစားလေးအပေါ်သို့ ပုံချလိုက်ပြီး သူ့လက်မောင်းကို နင်းကာ အကြိမ်ကြိမ်ပွတ်ချေလိုက်၏။
"မင်း နားပင်းနေတာလား"
"အား ကြားပါတယ်၊ ကြားပါတယ်"
သူတောင်းစားလေးမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ့လက်ကို အသည်းအသန်ပြန်ရုတ်ရန် ကြိုးစားလိုက်သော်လည်း ကျောက်ရုံက ပို၍ပင်ပြင်းပြင်းထန်ထန် နင်းချလိုက်လေသည်။ သူရယ်မောရင်း ပြောလိုက်၏။
"မနက်ဖြန်ကျရင် သူမရဲ့အစားအသောက်တွေကိုစားပြီး အပြင်းအထန် အန်တာတွေ၊ ဝမ်းပျက်တာတွေဖြစ်ပြီး သေလုမတတ်ဖြစ်သွားတယ်လို့ပဲပြော နားလည်လား၊ ငါ့အကြောင်း သွားပြီးသတင်းမပေးနဲ့နော်"
"နားလည်ပါတယ်၊ နားလည်ပါတယ်"
သူတောင်းစားလေးက နှိမ့်ချစွာပြောလိုက်သည်။
"မဟုတ်သေးဘူး၊ နားလည်ရုံလောက်နဲ့ကတော့ ငါတို့ကိုဖော်ကောင်မလုပ်ဘူးလို့ မသေချာဘူး၊ ဒီမှာ စောင့်နေ"
ကျောက်ရုံက နောက်ဖေးခြံဘက်သို့ လျှောက်သွားရင်း ဖြည်းညင်းစွာပြောလိုက်သည်။ သူတောင်းစားလေးမှာ ချွေးစေးများပြန်နေပြီး သူ့ခန္ဓာကိုယ်မှာ အလွန်နာကျင်နေသဖြင့် ထပင်မထနိုင်တော့ပေ။ နေရောင်ခြည်က သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသော်လည်း မည်သည့်နွေးထွေးမှုကိုမျှ သူ မခံစားရပေ။
နေရောင်ခြည်အောက်ရှိ သူ့လက်များမှာ ယခုအခါ သွေးသံရဲရဲဖြစ်နေပြီး ယခင်က သန့်ရှင်းနေသောအခြေအနေနှင့် လုံးဝကွာခြားနေလေသည်။
*ရှပ် ရှပ် ရှပ်*
ခြေသံများက ဖြည်းဖြည်းချင်း ပြန်လည်နီးကပ်လာသည်။ သူတောင်းစားလေး၏မျက်နှာမှာ ကြောင်ပေါက်လေးတစ်ကောင် ဂုတ်မှ အဆွဲခံရသကဲ့သို့ ရုတ်တရက် အညှစ်ခံလိုက်ရ၏။ သူတောင်းစားလေးမှာ သူသည်နဂိုကတည်းက ခွန်အားကြီးကြောင်းသိသော်လည်း မည်မျှပင် ခွန်အားကြီးစေကာမူ သူအသုံးမပြုရဲသလို ပြန်လည်ခုခံရန်လည်းမဝံ့ရဲပေ။
ကျောက်ရုံက သူ့ပါးစပ်ကို ဟခိုင်းကာ ဆေးမှုန့်တစ်လုတ်စာကို ပါးစပ်ထဲ လောင်းထည့်သည်ကို ခံလိုက်ရုံသာ တတ်နိုင်လေသည်။ သူ့ပါးစပ်တစ်ခုလုံး ခြောက်သွေ့သွားပြီး အစိုဓာတ်များ အားလုံးစုပ်ယူခံလိုက်ရကာ သီးသွားပြီး ထိန်းမရအောင်ချောင်းဆိုးလာလေသည်။ ဆေးမှုန့်များက အရှေ့သို့ လွင့်စဉ်သွားပြီး ကျောက်ရုံမျက်နှာပေါ်သို့ ကျရောက်သွားလေသည်။
‘ငါတော့ သွားပါပြီ’
သူတောင်းစားလေးက ဆေးမှုန့်များ ပေကျံနေပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသောအမူအရာဖြစ်နေသည့် ကျောက်ရုံကို မျက်လုံးမှေးကာကြည့်လိုက်သည်။
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်"
သူတောင်းစားလေးက ဒူးထောက်ကာ ခွင့်လွှတ်ရန် တောင်းပန်လေသည်။ ကျောက်ရုံက သူတောင်းစားလေးကို လှည့်ပင်မကြည့်ပေ။
"ကျက်သရေတုံးတဲ့ကောင်"
သူက မျက်နှာပေါ်မှဆေးမှုန့်များကို သုတ်ပစ်ရင်း ပြောလိုက်သည်။ သူ ဒေါသထွက်နေလေ၏။
"ငါက စေတနာနဲ့ဝမ်းနှုတ်ဆေး တိုက်တာကို မင်းကငါ့မျက်နှာပေါ် ပြန်အန်ချတယ်ပေါ့လေ"
စကားပြောရင်း သူက သူတောင်းစားလေး၏ဗိုက်ကို အားကုန်ကန်လိုက်သည်။
"ခွေးကောင် ဆေးအာနိသင်ပြမြန်အောင် ငါနည်းနည်းကူပေးလိုက်မယ်"
လင်းယွဲ့သည် သူတောင်းစားလေးကို တစ်ညလုံးမတွေ့ရသဖြင့် ရာသီဥတုအေးလွန်း၍ သူမထနိုင်ခြင်းများလားဟု စတင်စိုးရိမ်လာမိသည်။ မည်သို့ပင်ဆိုစေ လတ်တလောရာသီဥတုမှာ အေးစက်နေပြီး အထူးသဖြင့် ညဘက်များတွင် လေအေးက မျက်နှာကိုခဲသွားစေနိုင်လောက်လေသည်။ ထို့ပြင် သူတောင်းစားလေးမှာ အဝတ်အစား တစ်ထည်တည်းကိုသာ ဝတ်ဆင်ထားလေသည်။
သို့သော် ဆိုင်ဖွင့်ရန်အတွက် လုပ်စရာများလွန်းနေသဖြင့် လင်းယွဲ့အလုပ်များလာသောအခါ ထိုကိစ္စများကို မေ့လျော့သွားလေသည်။ ယနေ့သည် တရားဝင် ဆိုင်ဖွင့်သည့် ပထမဆုံးနေ့ဖြစ်သည်။ လင်းယွဲ့သည် ဆိုင်ခန်းကိုသန့်ရှင်း တောက်ပသွားစေရန် ပထမဆုံး ရှင်းလင်းလိုက်၏။
ထို့နောက် ကံကောင်းခြင်းနှင့် ကြီးပွားတိုးတက်ခြင်းကို ကိုယ်စားပြုသော မီးပုံးနီများကို ဆိုင်၏ တစ်ဖက်တစ်ချက်စီတွင် ချိတ်ဆွဲလိုက်သည်။ သူမသည် မနေ့ညကဖုတ်ထားသော ထမင်းဂျိုးများကို အပိုင်းငယ်လေးများချိုးကာ ဆော့စ်များဘေးရှိ မြည်းစမ်းသည့် စားပွဲပေါ်တွင်တင်ထားလိုက်၏။ ယနေ့ သူမသည် သခင်လေး ဝမ်စုန်ရှင်းနှင့် ဝမ်ယာဝေ့တို့ကို ဖိတ်ကြားထားပြီး ကုတန်နှင့် တာ့ယာတို့ကိုပါခေါ်လာပေးရန် တောင်းဆိုထားလေသည်။
ဤသည်မှာ သူမ၏ပထမဆုံးဆိုင်ဖွင့်ခြင်းဖြစ်ပြီး သူမမိသားစုကို လာရောက် ကြည့်ရှုစေချင်ခဲ့သည်။ အရာရှိကျိုး၊ ဟွမ်ရှန်းနှင့် ခရိုင်ဝန်ယန်ပန်းတို့လည်း ရောက်ရှိနေကြလေသည်။ ယခင်က အိမ်သစ်တက်ပွဲကဲ့သို့ပင် ဤဆိုင်သစ် ဖွင့်ပွဲကလည်း လင်းယွဲ့အား စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များပြည့်နှက်သွားစေခဲ့သည်။
"ရှင် ဘာလို့ရောက်လာတာလဲ၊ နေကောင်းသွားပြီလား"
ကုလင် လှည်းပေါ်မှဆင်းလာသည်ကို မြင်သောအခါ လင်းယွဲ့မေးလိုက်သည်။ ကြမ်းတမ်းသောလျှော်ထည်အဝတ်အစားများကို လျစ်လျူရှုကြည့်မည်ဆိုလျှင် သူ့မျက်နှာမှာ အလွန် ချောမောပြီး အရိုင်းဆန်ကာ လျှို့ဝှက်ဆန်းကြယ်မှုနှင့် အန္တရာယ်ရှိသော အငွေ့အသက်များ ထွက်ပေါ်နေလေသည်။ သူ့ဘေးရှိ မြင့်မြတ်သောသခင်လေးဝမ်စုန်ရှင်းနှင့် နှိုင်းယှဉ်လျှင်ပင် အနည်းငယ်မျှမနိမ့်ကျပေ။
သူက ရုတ်တရက်အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ရာ သူ့မျက်နှာမှာ အနည်းငယ် ဖြူရော်သွားလေသည်။ ထိုယဉ်ပါးမှုမရှိသော အရိုင်းဆန်မှုမှာ လင်းယွဲ့၏စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သွားပုံရလေသည်။
"ခယ်မလေးက ပထမဆုံးအကြိမ် ဆိုင်ဖွင့်တာဆိုတော့ ဘာပဲဖြစ်ဖြစ် လာကြည့်ရမှာပေါ့၊ စီးပွားလာဘ်လာဘတွေ တိုးတက်ပါစေလို့ ဆုတောင်းပေးပါတယ်"
ကုလင်ပြုံး၍ ပြောလိုက်ရာ နူးညံ့သိမ်မွေ့သော သူ့အမူအရာက အတော်လေးချစ်ခင်စရာကောင်းသွားစေသည်။ သို့သော် လင်းယွဲ့ကတော့ သူ့ကို သဘောကျသူများထဲတွင် မပါဝင်ပေ။ သူမ၏ကြီးပြင်းလာမှုကြောင့်ဖြစ်စေ ဤသို့လူကလူကိုပြန်စားသော ရှေးခေတ်ကမ္ဘာသို့ ရောက်ရှိလာခြင်းကြောင့်ဖြစ်စေ အားနည်းပြီးကြောက်တတ်ပုံရသောအမျိုးသားများကို သူမ မနှစ်သက်ပေ။ ထိုသူများသည် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းမရှိရုံသာမက တခြားလူများအတွက်ပါ ဝန်ထုပ်ဝန်ပိုး ဖြစ်လာတတ်သည်။
လင်းယွဲ့၏အပြုံးမှာ ဖျော့တော့ပြီး သူမမျက်လုံးများအထိ မရောက်ခဲ့ပေ။ သို့သော် ကုလင်၏အသွင်အပြင်မှာ မူလပိုင်ရှင်၏ အသွင်အပြင်နှင့် အမှန်တကယ်ပင် ကွာခြားနေသည်။ ချွေးထွက်ပြီး သွေးထွက်သော်လည်း မျက်ရည်မကျတတ်သော တကယ့် ယောက်ျားစစ်စစ်တစ်ဦးဖြစ်သည်။
သို့သော် အမြွှာများဖြစ်သည်ဆိုသော ဆိုလိုချက်မှာ လင်းယွဲ့အတွက် အတော်လေး ယုံရခက်နေလေသည်။
‘ဒါမှမဟုတ်’
"ဂုဏ်ယူပါတယ်"
ဝမ်စုန်းရှင်းပြုံး၍ ပြောလိုက်စဉ် သူ့အနောက်ရှိ အစေခံက အနီရောင် သန္တာကျောက်တစ်ခုကို လင်းယွဲ့ထံသို့ ကမ်းပေးလိုက်သည်။ ဤအနီရောင် သန္တာကျောက်မှာ ရှာဖွေရခက်ခဲသော အရာတစ်ခုဖြစ်ပြီး ငွေကြေးများစွာ တန်ဖိုးရှိကာ အလွန်လည်းလှပလေ၏။ လင်းယွဲ့ အလွန်တရာဝမ်းသာသွားလေသည်။
အချို့လူများ ဘာကြောင့် ဘွဲ့ယူပွဲ၊ မင်္ဂလာဆောင်၊ ကလေးမွေး အထိမ်းအမှတ်ပွဲစသည်တို့အား ကျင်းပရသည်ကို သူမနောက်ဆုံးတွင် နားလည်သွားခဲ့၏။ အကြောင်းမှာ လက်ဆောင်များရရှိခြင်းက သူတို့ကို အမှန်တကယ် ပျော်ရွှင်စေသောကြောင့်ဖြစ်သည်။
‘နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်လုပ်ရင်တောင် ပိုက်ဆံအများကြီးရနိုင်သေးတယ်’
သို့သော် ထိုသို့သောအတွေးများကြောင့်ပင် ခေတ်သစ်စာအိတ်နီလေးများ၏ အနောက်က စေတနာကောင်းများမှာ လက်ဆောင်များနှင့် ငွေများကို ပြန်လည်ပေးဆပ်ခြင်းများဖြင့် တဖြည်းဖြည်း အစားထိုးခံလာရသည်။ တွက်ချက်မှုအမျိုးမျိုးကြားတွင် လက်ဆောင်ပေးခြင်းမှာ မကြာခဏဆိုသလို ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာပြီး ၎င်း၏အဓိပ္ပာယ်များစွာကို ဆုံးရှုံးသွားစေခဲ့၏။
သန္တာကျောက်အနီမှာ လောကအတွေ့အကြုံများတဲ့ သခင်လေးဝမ်စုန်းရှင်းအဖို့တော့ ဘာမှမဟုတ်ဘဲ သာမန်လက်ဆောင်တစ်ခုသာဖြစ်သည်ဟု လင်းယွဲ့တွေးလိုက်၏။
သို့သော် သူမအတွက်တော့ ၎င်းမှာ အမှန်တကယ်ရှားပါးလှပေသည်။ လင်းယွဲ့ အမြန်ယူကာ ကောင်တာပေါ်တွင် တင်၍သဘောတကျ ကြည့်ရှုနေလေသည်။ အနီရောင်သန္တာကျောက်မှာ အရောင်တောက်ပပြီး နီရဲနေသော်လည်း အရိုင်းဆန်မနေဘဲ တောက်ပသော အရောင်အဝါထွက်ပေါ်နေသည်။ ၎င်းကို ကောင်တာအနောက်တွင်ထားရှိလိုက်ခြင်းက တစ်ခန်းလုံးကို များစွာ ပိုမိုခမ်းနားသွားစေသည်ဟု ခံစားရ၏။ သို့သော် ကုလင်က ခေါင်းခါလိုက်သည်။
"မကောင်းဘူး၊ မကောင်းဘူး"
လင်းယွဲ့က သူ့ကိုတစ်ချက်ကြည့်လိုက်သော်လည်း အာရုံစိုက်ရန် ပျင်းရိနေလေသည်။ လူတိုင်း အံ့ဩသွားအောင်ပင် သူဆက်ပြောလိုက်သည်။
"ဒါကိုဒီမှာထားရင် အမြင်ကွယ်သွားမှာ မဟုတ်ဘူးလား၊ တစ်ယောက်ယောက်က တစ်ခုခုခိုးသွားရင်တောင် မြင်ရဖို့ ခက်လိမ့်မယ်"
“အဲဒါ အဓိပ္ပာယ်ရှိသားပဲ”
လင်းယွဲ့ သူ့ကိုကြည့်လိုက်သည်။
"ဒါဆို ရှင်ဘယ်လိုထင်လဲ"
"ဒီသန္တာကျောက်နီက အရမ်းရှားပါးပြီး အဖိုးမဖြတ်နိုင်ဘူး၊ ဒါကို ဒီမှာထားဖို့မသင့်တော်ဘူးလို့ ကိုယ်ထင်တယ်၊ ဒီနေရာက ဆော့စ်အရောင်းအဝယ်လုပ်မယ့် နေရာဖြစ်ပြီး လူတွေအဝင်အထွက်များတဲ့နေရာလေ"
ကုလင်က ကုလားကာနောက်တွင်ကွယ်နေသောမီးဖိုချောင်ကို လက်ညှိုးထိုးပြလိုက်သည်။
"အဲဒီအထဲမှာ ထားလိုက်ရင်ရော"
လင်းယွဲ့ အနည်းငယ်သဘောကျသွားချိန်မှာပင် ကုလင်က သူ့အင်္ကျီလက်ထဲသို့နှိုက်ကာ ကျောက်တုံးတစ်တုံးကို ဆွဲထုတ်လိုက်ပြီး ကောင်တာပေါ်သို့ တင်လိုက်သည်ကို မြင်လိုက်ရသည်။
"ကိုယ် ဒါကိုမြစ်ကမ်းဘေးမှာလိုက်ရှာနေတာ တော်တော်ကြာပြီ"
ကုလင်ကလျှို့ဝှက်ဆန်းကြယ်သည့် အမူအရာဖြင့်ပြုံးရင်း ပြောလိုက်သည်။
"ကြည့်စမ်း၊ ဒီကျောက်တုံးက ဘာနဲ့တူလဲ"
လင်းယွဲ့ ၎င်းကိုအကြိမ်အနည်းငယ် ကြည့်လိုက်သည်။ အနီရောင် သန္တာကျောက်နှင့်နှိုင်းယှဉ်လျှင် ထိုကျောက်တုံးမှာ လေးငါးဆခန့်ပိုသေးငယ်ပြီး ဘာမှထူးခြားမှုမရှိပေ။ လင်းယွဲ့ ခံစားချက်ကင်းမဲ့ဟန်ဖြင့် ပြောလိုက်သည်။
"ကျောက်တုံးတစ်တုံးနဲ့ တူတာပေါ့"
"ကျစ် ကျစ်"
ကုလင် စိတ်ပျက်လက်ပျက်ဖြင့်ပြောလိုက်သည်။
"သေချာကြည့်စမ်းပါ၊ ကိုယ့်ရဲ့ဒီကျောက်တုံးထဲမှာ လှပတဲ့ဆုတောင်းစကားတွေ ပါဝင်နေတယ်နော်"