← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

Ch-132

သူ မပြေးခဲ့ပေ။ ယင်းအစား လူမိုက်များကို တိုက်ချကာ သူတောင်းစားအိုကြီးကို ကာကွယ်ပြီး ထွက်ပြေးခဲ့သည်။ သို့သော် သူတောင်းစားအိုကြီးမှာ သွေးများ ဆက်တိုက်အန်နေပြီး ပုစွန်တစ်ကောင်လို ကွေးကွေးလေးဖြစ်နေသဖြင့် သူ အလွန်ကြောက်လန့်သွားကာ သမားတော်ပင့်ရန် သူ့ငွေအားလုံးကို အသုံးပြုခဲ့သည်။ သို့သော် သမားတော်က ခေါင်းခါရုံသာခေါင်းခါပြပြီး ဈာပနအတွက် ပြင်ဆင်ထားရန်သာပြောခဲ့သည်။

"သူတောင်းစားအိုကြီး ခင်ဗျားသေသွားရင် ကျွန်တော်တောင်းရမ်းလို့ရလာတဲ့ဟာတွေကို ခင်ဗျားဆီပေးမှာမဟုတ်ဘူး၊ ခင်ဗျား ငတ်သေသွားလိမ့်မယ်"

"သူတောင်းစားအိုကြီး ခင်ဗျားသေသွားရင် ခင်ဗျားကိုမြှုပ်ဖို့ နေရာရှိမှာမဟုတ်ဘူး မြန်မြန်ထ၊ ကျွန်တော်တို့ အတူတူ သွားတောင်းစားကြမယ်လေ မဟုတ်ရင် ခင်ဗျား တောထဲတောင်ထဲမှာလွှင့်ပစ်ခံရလိမ့်မယ်"

"အနံ့အသက်ဆိုး၊ အနံ့အသက်ဆိုးတဲ့ ကောင်စုတ်လေး"

သူတောင်းစားအိုကြီး၏အသက်ရှူသံမှာ မီးခိုးငွေ့လေးတစ်မျှင်လို သဲ့သဲ့လေးသာရှိတော့ပြီး ဆန့်ထုတ်ထားသော သူ့လက်မှာ ကုတင်ပေါ်သို့ပြုတ်ကျတော့မည့်အလား လုံးဝအားနည်းနေလေသည်။ သူတောင်းစားအိုကြီး ဤမျှ အားနည်းနေသည်ကို သူ တစ်ခါမှမမြင်ဖူးခဲ့ပေ။ သူတောင်းစားအိုကြီး၏လက်များမှာ အမြဲတမ်းနွေးထွေးပြီးကြီးမားကာ သူ့တင်ပါးကိုကန်သောအခါ အားပါပြီး သူ့အစားအစာများကို လုယူသောအခါတွင်လည်း အထူးတလည်ပါးနပ်လှသည်။

သို့သော် ယခုအခါ ကုတင်ပေါ်ရှိ သူတောင်းစားအိုကြီး၏မျက်နှာမှာ မီးခိုးရောင်ဖျော့ဖျော့ အလွှာတစ်ခု ဖုံးလွှမ်းနေပုံရလေသည်။ သူအမြန် တိုးကပ်သွားလိုက်ရာ သူ့မျက်နှာကို ပွတ်သပ်လာသော သူတောင်းစားအိုကြီး၏လက်မှာလည်း အေးစက်နေကြောင်းခံစားလိုက်ရ၏။ သူ၏ပုံမှန် ကျယ်လောင်သောအသံပင် ပျောက်ကွယ်နေပြီဖြစ်ပြီး တိုးညင်းစွာပြောလေသည်။

"ဘာလို့ငိုနေတာလဲ၊ ဒီအဘိုးကြီးက ကောင်းကောင်းမွန်မွန်နေရဖို့ ကောင်းကင်ဘုံကို သွားတော့မှာကွ"

"ကျွန်တော်လည်း ခင်ဗျားနဲ့အတူ ကောင်းကင်ဘုံကိုလိုက်ပြီး ကောင်းကောင်းမွန်မွန် နေချင်တယ်"

"ကောင်စုတ်လေး"

သူတောင်းစားအိုကြီးက သူ့ကိုရိုက်ရန်ကြိုးစားနေမှန်း သူသိသော်လည်း ပုံမှန်လိုမရှောင်ပဲ အနားသို့သာတိုးကပ်သွားလေသည်။ သို့သော် သူတောင်းစားအိုကြီးတွင် ခွန်အားမရှိတော့ဘဲ သူ့လက်က သူ့မျက်နှာကို ယုယုယယပွတ်သပ်ပေးနေသကဲ့သို့ ခံစားရလေသည်။

"ကောင်စုတ်လေး၊ မင်းက အရမ်းလည်လွန်းတယ်၊ ဒီအဘိုးကြီးကို ကောင်းကင်ဘုံမှာ လမ်းအရင်ရှာခွင့်ပေးဦး၊ ပြီးမှ မင်းလာခဲ့"

သူတောင်းစားအိုကြီး၏လေသံမှာ အရင်က တစ်ခါမှမရှိဖူးလောက်အောင် နူးညံ့နေလေသည်။

"လက်စားချေဖို့ မကြိုးစားနဲ့၊ ကောင်းကင်ဘုံရဲ့တစ်ရက်က မြေကြီးပေါ်မှာဆို တစ်နှစ်ပဲ၊ မင်း အသက်ရှည်ရှည်နေရမယ်နော်"

ထိုသို့ပြောပြီးနောက် သူတောင်းစားအိုကြီး၏လက် ပြုတ်ကျသွားလေသည်။ သူအမြန်လှမ်းဆွဲလိုက်သော်လည်း ၎င်းကို ကိုင်ထားခြင်းကပင် အမှန်တရားကို မပြောင်းလဲနိုင်ခဲ့ပေ။ သူ့မျက်ရည်များကို ဆက်မထိန်းထားနိုင်တော့ပေ။

"သူတောင်းစားအိုကြီး၊ ကျွန်တော် ခင်ဗျားနာမည်ကို အခုထိမသိသေးဘူး၊ ခင်ဗျားရဲ့အုတ်ဂူမှာ ဘာရေးရမလဲ၊ သူတောင်းစားအိုကြီး၏အုတ်ဂူလို့တော့ တကယ်ကြီးရေးလို့ မရဘူးမလား၊ ထပါဦး ခင်ဗျားနာမည်ကို ပြောပြပါဦး"

ပြင်းထန်လှသော ဝမ်းဗိုက်နာကျင်မှု နောက်တစ်ကြိမ်ကြောင့် သူတောင်းစားလေးမှာ သတိပြန်ဝင်လာလေသည်။ အိမ်သာသို့သွားချင်သဖြင့် သူ အသည်းအသန် အောင့်ထားလိုက်၏။ လမ်းဘေးခွေးတစ်ကောင်လို နေထိုင်ရင်း သူ့ဂုဏ်သိက္ခာကို ဆုံးရှုံးခဲ့သည်မှာ ကြာပြီဟု သူမူလက ထင်ထားခဲ့သည်။ သို့သော် ယခုအခါတွင် သူက ယဉ်ကျေးသိမ်မွေ့မှုအနည်းငယ်မျှ လိုချင်နေသေးကြောင်း သဘောပေါက်သွားလေသည်။

*ဗျစ်*

သို့သော် သူ့ခန္ဓာကိုယ်မှာ အလွန် အားနည်းနေပြီဖြစ်သည်။ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်မဆိုထားနှင့် မတ်တတ်ပင်မရပ်နိုင်တော့ပေ။ သူ၏နဂိုကတည်းက အားနည်းနေသော ခန္ဓာကိုယ်မှာ ပြင်းထန်သော ဝမ်းနုတ်ဆေးကြောင့် ရေများစတင် ထွက်ကျလာ၏။ သူတောင်းစားလေးမှာ မူးဝေလာပြီး တစ်ကိုယ်လုံးအေးစက်လာလေသည်။ သူ မ,ချီခံလိုက်ရသောအခါ ပိုမူးဝေလာပြီး ဇဝေဇဝါ ဖြစ်လာကာ သတိလစ်လုနီးပါးပင်ဖြစ်သွားလေသည်။

"သနားစရာ ငါ့သားလေး၊ သူက မင်းတို့ မိသားစုရဲ့ အစားအစာတွေကိုစားပြီး သေလုမြောပါး ဖြစ်နေပြီ"

ကျောက်ချိုးက အရှေ့ဆုံးမှ လမ်းလျှောက်လာကာ သူမစိတ်ကို ဆန့်ကျင်ပြီး ငိုယိုအော်ဟစ်နေလေသည်။ သို့သော် သူမဆက်လျှောက်သွားလေလေ လမ်းမှာပိုရင်းနှီးနေသလို ခံစားရလေလေဖြစ်သည်။ သူမ ခရီးဆုံးသို့ရောက်၍ သူမရှေ့ရှိ ဆိုင်ကိုကြည့်လိုက်ရာ သူမငိုယိုသံများမှာ လည်ချောင်းထဲတွင် ချက်ချင်းတစ်ဆို့သွားလေ၏။

‘အဲဒီနေ့က သူမရဲ့မုန်လာဥတွေ အကုန်လုံးဝယ်ပြီး ဝက်သားနီချက်တစ်တုံးပေးခဲ့တဲ့ သဘောကောင်းတဲ့ ကောင်မလေးလေ’

ကျောက်ချိုးမှာ ချက်ချင်းပင်ဆွံ့အသွားပြီး သူမရင်ထဲတွင် ရှက်ရွံ့မှုတစ်ခု တက်လာလေသည်။

"မြန်မြန်အော်လေ"

သူမနောက်မှ သစ်သားစင်ကိုထမ်းလာသော လူမိုက်များက တီးတိုးဆူပူလိုက်ကြသည်။ ကျောက်ချိုးမှာ ပါးစပ်မဟနိုင်တော့ပေ။ ပတ်ဝန်းကျင်မှအကြည့်များက သူမထံသို့ စုပုံလာကြလေ၏။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ"

"ဒီဆိုင်မှာစားပြီး တစ်ယောက်ယောက် သေသွားလို့လား"

"ဟမ့် အရင်ရက်အနည်းငယ်က ပစ္စည်းတုကိစ္စ၊ အခုစားပြီး တစ်ယောက်ယောက် သေသွားပြန်ပြီ၊ ဒီဆိုင်က ဘာလို့ ဒီလောက်ပြဿနာများနေရတာလဲ"

"ဆိုင်က အခုမှဖွင့်တာ မဟုတ်ဘူးလား"

"သဘောထားမကောင်းတဲ့ဆိုင်လား၊ စားပြီးလူတွေ လဲကျသွားရအောင် ဘယ်လောက်တောင် ညစ်ပတ်နေလို့လဲ"

"ပြောရခက်တယ်၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က စုဟိုင်က သူမရဲ့ စီးပွားရေးကိုလုယူဖို့ ဆော့စ်လုပ်ခဲ့တယ်လို့ သူမပြောတာ မကြားလိုက်ဘူးလား၊ စုဟိုင် အဲဒီလူက...."

"ဒါပေမဲ့ ဒီလူတွေက စုဟိုင်လက်အောက်က လူမိုက်တွေမှမဟုတ်တာ"

ကျောက်ချိုးသည် ထင်ကြေးပေးမှု အမျိုးမျိုးကိုကြားလိုက်ရသဖြင့် ပို၍ပင် စိတ်မသက်မသာဖြစ်သွားလေသည်။

‘သူမ ဘယ်လိုလုပ် လူကောင်းတစ်ယောက်ကို ဒီလိုလုပ်ရက်မှာလဲ’

"မင်းရဲ့သမီးနေကောင်းလာတာကို မင်း မလိုချင်တော့ဘူးလား"

သူမနောက်မှလူမိုက်က တိုးတိုးလေး ခြိမ်းခြောက်လိုက်သည်။ ကျောက်ချိုးရင်ထဲတွင် ချက်ချင်းတင်းကြပ်သွားလေသည်။ မနေ့က ပွန်းပဲ့ဒဏ်ရာများဖြင့်ပြည့်နှက်နေပြီး အားနည်းကာ သူမကို မရပ်မနားတောင်းပန်နေခဲ့သော သူမသမီးကို သတိရသွားသည်။

ထို့ကြောင့် သူမတစ်သက်တွင် မကောင်းမှု တစ်ခါမှမလုပ်ခဲ့ဖူးသော်လည်း သူမစိတ်ကို ဆန့်ကျင်ပြီး လာခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ ဤကိစ္စကိုသာမကူညီပါက သူမသမီးမှာ စုရှန်း၏ရိုက်နှက်မှုကြောင့် သေဆုံးသွားနိုင်သောကြောင့် ဖြစ်သည်။

'ဒီခေတ်ကြီးမှာ ကိုယ်လုပ်တော်ဆိုတာ အစေခံတစ်ယောက်နဲ့တူတယ်၊ အရောင်းအဝယ်စာချုပ်က သခင်ကြီးရဲ့လက်ထဲမှာရှိပြီး အချိန်မရွေးပြန်ရောင်းစားခံရနိုင်တယ်၊ သူမသမီး အရိုက်ခံရပြီး သေသွားရင်တောင် စုရှန်းရဲ့အဆက်အသွယ်တွေနဲ့ဆို အရာရှိတွေကို စကားတစ်ခွန်းပြောလိုက်တာနဲ့ အဆင်ပြေသွားလောက်တယ်’

‘ငါ့ရဲ့သနားစရာ သမီးလေး၊ အကုန်လုံးက ငါ့အမှားပါပဲ၊ အကုန်လုံးက အရည်အချင်းမရှိတဲ့ ငါ့အမှားပါပဲ’

ကျောက်ချိုး မျက်ရည်များ အဆက်မပြတ် စီးကျလာလေသည်။ သူမက သူတောင်းစားလေးကို တစ်ချက်ကြည့်လိုက်၏။ သူတောင်းစားလေးမှာ သတိလစ်နေပြီး သူ့မျက်နှာမှာ ဖြူဖျော့ကာ အသက်ငွေ့မရှိတော့ပေ။ အကယ်၍ သူ့ကို အမြန်မကုသပါက သေချာပေါက် သေဆုံးသွားနိုင်ပေသည်။

ဒီသူတောင်းစားလေးက သူတို့စကားကို ရှင်းရှင်းလင်းလင်း နားထောင်ခဲ့ပေမဲ့ ဒီလောက်ထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသဖြင့် ကျောက်ချိုးရင်ထဲတွင် အဆက်မပြတ် တုန်လှုပ်သွားလေသည်။

"အဘွားကြီး မင်းရဲ့သမီးကို မတွေ့ချင်တော့ဘူးလား"

အံကြိတ်ကာ ခြိမ်းခြောက်နေသော အသံတစ်ခုက အနောက်မှထပ်မံထွက်ပေါ်လာပြန်သည်။ ကျောက်ချိုးမျက်ရည်များ စီးကျလာလေ၏။

"သနားစရာ ငါ့သားလေး၊ သူက ဒီဆိုင်က ဝက်သားနီချက်ကြောင့် သေသွားတာ၊ မင်းတို့က ဘယ်လိုအသားမျိုးသုံးထားတာလဲ၊ ဘယ်လို အသားမျိုးလဲ”

"ဘုရားရေ၊ အရင်က မြင်းသားဆိုင်တုန်းကလို ပုပ်သိုးနေတဲ့အသားတွေများလား"

"မနှစ်ကလည်း ကွေ့ကျိုးရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူးရဲ့မြေးဖြစ်သူက တစ်ခုခုစားပြီး သေသွားသေးတယ်၊ တောက် ငါ့အထင်တော့ ဒီလို သဘောထားမကောင်းတဲ့လူတွေ အကုန်လုံးကို ထောင်ထဲပစ်ထည့်သင့်တာ"

"ကံကောင်းလို့ ငါဘာမှမဝယ်လိုက်ဘူး"

သူက လက်ထဲရှိလက်ကမ်းစာစောင်ကို အမြန်လွှင့်ပစ်လိုက်သည်။ ဝယ်ထားသူများမှာလည်း သူတို့လက်ထဲရှိ ကျုံးဟွာဆော့စ်ကို ကံဆိုးစွာဖြင့်ကြည့်ကာ ပြောကြလေသည်။

"တောက် ငါ့ကိုငွေပြန်အမ်းလို့ရမလား၊ ဆက်ပြီး မစားရဲတော့ဘူး"

လူအုပ်ထဲတွင်ပုန်းနေသော ကျောက်ရုံမှာ ကျေနပ်သွားလေသည်။

‘ဒါပဲလေ၊ သူတို့လုပ်ရပ်က ကျုံးဟွာဆော့စ်ရဲ့နာမည်ဂုဏ်သတင်းကို ဖျက်ဆီးပစ်ဖို့ပဲ၊ သေဆုံးမှုတစ်ခုပါဝင်လာမှတော့ ဘယ်သူက ဝယ်ရဲတော့မှာလဲ’

‘ဘယ်သူမှ ဝယ်မှာမဟုတ်တော့လို့၊ ဆိုင်သစ်မှာ လင်းယွဲ့ရင်းနှီးမြှုပ်နှံထားတာတွေ လုံးဝဆုံးရှုံးသွားပြီး ရှီထိုင်ခရိုင်မှာ သူမ ခြေကုပ်ယူစရာနေရာမရှိတော့ဘူး၊ အဲ့လိုဆို သူမမျှော်လင့်ချက်မဲ့နေချိန်မှာ လျှို့ဝှက်လုပ်နည်းကို လိမ္မာပါးနပ်စွာ ဆက်သလာမှာ မဟုတ်ဘူးလား’

ကျောက်ရုံက လင်းယွဲ့မျက်နှာကို စိုက်ကြည့်ကာ ကာမရာဂစိတ်များဖြင့်တွေးလိုက်၏။ ဝမ်ယွင်ချောင်းက ဆောင်းဦးရာသီက နှံကောင်လိုပဲသိပ်ကြာကြာခုန်နိုင်တော့မှာမဟုတ်ဘူးလို့ သခင်ကြီး ပြောတာကို သူကြားခဲ့ရသည်။

‘အဲဒီအချိန်ကျရင် လင်းယွဲ့ကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်နိုင်ပြီး အဲဒီလျှို့ဝှက်လုပ်နည်းက သူ့အတွက် အလွယ်တကူရလာမှာ မဟုတ်ဘူးလား၊ ဒီလင်းယွဲ့က တကယ်လှပြီးဖြူစင်သန့်ရှင်းနေတာပဲ’

ကျောက်ရုံက ရိုင်းစိုင်းသော သူ့စိတ်ကူးယဉ်မှုများထဲတွင် နစ်မျောနေစဉ်မှာပင် အေးစက်ပြီး စူးရှသောအကြည့်တစ်ခုက သူ့ထံသို့ တိုက်ရိုက်ရောက်ရှိလာရာ သူ့တစ်ကိုယ်လုံး တုန်ယင်သွားစေခဲ့သည်။ ကျောက်ရုံ ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း ဘယ်သူမှန်းမမြင်ရပေ။

"ငါ့သားရဲ့အသက်အတွက် ပြန်ပေးဆပ်၊ ငါ့သားရဲ့ အသက်အတွက် ပြန်ပေးဆပ်"

ကျောက်ချိုး၏ငိုကြွေးသံများမှာ ရင်ကွဲစရာကောင်းနေပြီး စောင့်ကြည့်နေသူ အများအပြားကလည်း လင်းယွဲ့ကိုရုံးတော်သို့အပ်နှံရန် တောင်းဆိုလာကြလေသည်။ ဝမ်စုန်းရှင်းက လင်းယွဲ့ကို တားလိုက်သည်။

"အခု လူအုပ်က ဒေါသထွက်နေကြလို့ ထိန်းရခက်တယ်၊ မင်း လောလောဆယ် ဆိုင်ထဲမှာပဲနေ၊ အခြေအနေအမှန်က ဘာလဲဆိုတာကို သိရအောင် ခရိုင်ဝန်ကို သွားရှာလိုက်ဦးမယ်"

သို့သော် လင်းယွဲ့က သဘောမတူပေ။ ကောလာဟလများက အလျင်အမြန် ပျံ့နှံ့တတ်သော်လည်း ၎င်းတို့ကိုချေပရန်မှာ ခက်ခဲကြောင်း သူမသိလေသည်။ အကယ်၍ ချက်ချင်းမဖြေရှင်းပါက သူမ၏အသစ်ဖွင့်ထားသော ဆိုင်နာမည်ဂုဏ်သတင်းနှင့် ယုံကြည်ရမှုမှာ ထိုးကျသွားပေမည်။

လင်းယွဲ့ အပြင်သို့ထွက်လာကာ ဒေါသထွက်နေသော လူအုပ်ကြီးကို ရင်ဆိုင်လိုက်ပြီး ကျယ်လောင်စွာအရင် ကြေညာလိုက်သည်။

"ကျွန်မဆိုင်က လက်ဆတ်တဲ့ပါဝင်ပစ္စည်းတွေကိုပဲ သုံးပါတယ်၊ ပြဿနာရှိခဲ့ရင်တာဝန်ယူဖို့ ရှောင်ပြေးမှာမဟုတ်ပါဘူး၊ ဒါပေမဲ့ တစ်ယောက်ယောက်က တမင်သက်သက်လုပ်ကြံခဲ့တယ်ဆိုရင်တော့ သူတို့ကို ထောင်ထဲရောက်သွားအောင် သေချာပေါက်လုပ်ပစ်မယ်"

"ဖယ်ပေးကြ၊ လူနာကိုကြည့်ပါရစေ"

အန္တရာယ်ကိုမကြောက်ရွံ့သော လင်းယွဲ့က ကုတန်အားအမိန့်ပေးလိုက်သည်။

"သွားပြီး အနီးအနားက သမားတော်တစ်ယောက်ကို သွားပင့်လိုက်"

လင်းယွဲ့ ရှေ့သို့လျှောက်သွားလိုက်ရာ ပထမဦးစွာ မျက်နှာကိုအုပ်ပြီးငိုနေသော အမျိုးသမီးမှာ အလွန်ရင်းနှီးနေကြောင်း တွေ့လိုက်ရပြီးနောက် သူမအကြည့်များက သူတောင်းစားလေး၏မျက်နှာဆီသို့ ရောက်သွားလေသည်။

"ဒါက သူတောင်းစားလေးမဟုတ်ဘူးလား၊ သူ့မှာ အဖေနဲ့အမေမှမရှိတာ၊ ရှင်တို့တွေက ဘယ်သူတွေလဲ၊ ပြီးတော့ သူ့ကို ဘာလုပ်ထားကြတာလဲ"

လင်းယွဲ့ စူးစူးရဲရဲကြည့်ကာမေးလိုက်သည်။

"ငါတို့က သူ့ရဲ့မိဘတွေလေ"

ကောင်းချန်ရှန်း တုန်ရီစွာဖြင့်ပြောလိုက်သည်။

All Chapters