အခန်း ၁၃၄
Vol. 14 Ch. 134
Ch-134
ကံမကောင်းစွာဖြင့် ရုံးတော်ရှိလူများ၏ထွက်ဆိုချက်ထက် သက်သေအထောက်အထားများကို ပိုယုံကြည်ကြလေသည်။ ထို့ပြင် ယန်ယိုထျန်းနှင့် သူ့အပေါင်းအပါများတွင် စုဟိုင်က ဤကိစ္စကိုကြိုးကိုင်ခဲ့ကြောင်း သက်သေပြရန် မည်သည့် သက်သေအထောက်အထားမျှမရှိပေ။ အရာရှိက စုဟိုင်ကိုဆင့်ခေါ်ပြီးနောက် သူက ဤကိစ္စကိုမသိကြောင်း ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့သဖြင့် လွတ်မြောက်သွားလေသည်။
ကျောက်ရုံနှင့် လူမိုက်များသာ ထောင်ချခံခဲ့ရပြီး စုရှန်းပင်လျှင်ဘာမှမဖြစ်ခဲ့ပေ။ ယန်ယိုထျန်းကို ရုံးတော်မှ ထမ်းထုတ်လာပြီးနောက် မည်သူကမျှ သူ့ကိုဂရုမစိုက်တော့ရာ သူကသစ်သားစင်ပေါ်တွင် တစ်ယောက်တည်း လဲလျောင်းနေလေသည်။ လင်းယွဲ့က သူ အားယူ၍ထကာ အပြင်သို့တွားသွားနေသည်ကိုကြည့်နေလေသည်။ သူက နောက်သို့လှည့်ကြည့်ကာ လင်းယွဲ့ကို ပြုံးပြပြီးပြောလိုက်၏။
"အစ်မ နောက်ရက်အနည်းငယ်နေရင် ကျွန်တော် ရေလာခပ်ပေးမယ်နော်၊ ကျွန်တော့်ရဲ့အစားအသောက်တွေကို မမေ့နဲ့ဦး"
လင်းယွဲ့က သူခက်ခဲစွာတွားသွားနေသည်ကို ကြည့်နေမိသည်။ ပါးလွှာသော သူ့အဝတ်အစားများမှာ ပိုစုတ်ပြဲသွားပြီး ပတ်ဝန်းကျင်ရှိလူများက သူ့ကိုရွံရှာသည့်အကြည့်များဖြင့် ကြည့်နေကြ၏။ သို့သော် သူကဂရုမစိုက်ဘဲ နေရောင်ခြည်ရှိရာသို့သာတွားသွားနေလေသည်။
လင်းယွဲ့ရင်ထဲ ပျော့ပျောင်းသွားလေ၏။ ယနေ့ သူသေရမည့်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသော်လည်း သူမအတွက်အခိုင်အမာ ရှင်းပြပေးခဲ့ပုံကို ပြန်လည်သတိရမိသည်။
‘ဒါပေမဲ့ ဒီလိုဒုက္ခတွေကို ခံစားပြီးတဲ့နောက်မှာ သူနေကောင်းပါ့မလား’
သူမက ခရိုင်ဝန်၊ ဝမ်စုန်းရှင်း၊ အရာရှိကျိုးတို့နှင့်သိကျွမ်းကြောင်း စုဟိုင်က သိထားသော်လည်း သူမည်သည့် အကြောက်တရားမျှမပြသခဲ့ပေ။
‘သူတောင်းစားလေးကိုဆိုရင် ပြောစရာတောင်မလိုတော့ဘူး၊ လမ်းမပေါ်မှာ အေးခဲသေဆုံးနေတဲ့ သူတောင်းစားတွေကိုဆိုရင် နောက်တစ်ကြိမ်လှည့်ကြည့်ဖို့တောင် ဘယ်သူမှစိတ်ကူးမှာမဟုတ်ဘူး’
လင်းယွဲ့က သူတောင်းစားလေးကို စုဟိုင်လက်စားချေမည်အားစိုးရိမ်သဖြင့် ကျေးလက်သို့ ခေါ်သွားချင်ခဲ့သည်။ သို့သော် သူက ယခုအလွန်အားနည်းနေပြီး အရင်ဆုံး ကုသမှုခံယူရန်လိုအပ်လေသည်။ လင်းယွဲ့ သူ့သစ်သားစင်ကို မ,ကြည့်သော်လည်း မ,မနိုင်ပေ။
ထိုအချိန်တွင် ကုလင်လျှောက်လာခဲ့ပြီး သူက လင်းယွဲ့လက်ထဲမှ သစ်သားစင်ကို သဘာဝကျကျယူရင်းပြောလိုက်သည်။
"ကိုယ် လုပ်လိုက်မယ်"
သူက လင်းယွဲ့ဘေးတွင်ရပ်လိုက်ရာ သူ့အရိပ်က သူမကို ဖုံးလွှမ်းသွားလေ၏။ ထိုအခါမှသာ အရင်ကအားနည်းနေပုံရသော သူသည် တကယ်တော့ ဤမျှ အရပ်ရှည်ကြောင်း လင်းယွဲ့သတိပြုမိသွားသည်။ ဤမျှနီးကပ်စွာရှိနေမှုက လင်းယွဲ့ကို အနည်းငယ်မသက်မသာ ဖြစ်သွားစေသဖြင့် သူမနောက်သို့အမြန် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ သူမမေးလိုက်သည်။
"ရှင်အဆင်ပြေပါ့မလား"
"မပြေဘူး"
လင်းယွဲ့ ဘယ်လိုပြန်ဖြေရမည်ကို မသိတော့ပေ။
"ဒါဆို ကျွန်မပဲလုပ်လိုက်ရမလား"
"ဒါပေမဲ့ သူ့ကိုထမ်းဖို့က ပြဿနာမရှိပါဘူး"
ကုလင်ပြုံးရင်း ပြောလိုက်သည်။
"ဟေး အဲဒီစုဟိုင်က ဘာလို့ဒီလောက် မောက်မာနေတာလဲ၊ သူ့ကို ဖြေရှင်းမယ့်သူ ဘယ်သူမှမရှိဘူးလား"
ရုံးတော်ထဲတွင် လင်းယွဲ့အပေါ် စုဟိုင်၏အကွက်ဆင်မှု ဇာတ်လမ်းတစ်ခုလုံးကို ကုလင်နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူ စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ ရှေးခေတ်ကမ္ဘာ၏ အဓိကအားနည်းချက်တစ်ခုမှာ ခွန်အားကြမ်းကြမ်းဖြင့် အရာအားလုံးကို ဆုံးဖြတ်နိုင်သော ကမ္ဘာပျက်ကပ်ကဲ့သို့ မဟုတ်ခြင်းပင်ဖြစ်သည်။
ရှေးခေတ်အချိန်များတွင် အဆက်အသွယ်များ၊ အရင်းအမြစ်များနှင့် အခြားအရာများအပေါ် ပိုမိုမှီခိုအားထားကြရသည်။ အကယ်၍ သူက စုဟိုင်ကို တိုက်ရိုက်သတ်ပစ်လိုက်ပါက စုဟိုင်၏နောက်ခံလူက မည်သည့်အကြောင်းပြချက်မျှမလိုဘဲ လင်းယွဲ့ကို သတ်ပစ်နိုင်ပေသည်။ သိုင်းပညာဖြင့် သူထွက်ပြေးနိုင်သော်လည်း လင်းယွဲ့၊ ကုတန်နှင့် တာ့ယာအပါအဝင်မိသားစုတစ်ခုလုံးရှိနေသေးသည်။ ဤသည်မှာ သူ ပုန်ကန်ပြီး ပြောရေးဆိုခွင့်အာဏာကိုရယူလိုသည့် အကြောင်းရင်းလည်း ဖြစ်သည်။ လင်းယွဲ့ ခေါင်းခါလိုက်၏။
"တစ်ကယ်လို့ သူ့ကိုဖြေရှင်းနိုင်တဲ့လူရှိရင် သူ ဒီလောက်မောက်မာနေမှာ မဟုတ်ဘူး"
ကုလင်ခေါင်းညိတ်လိုက်သည်။
‘သူ သူ့ကိုမသတ်နိုင်ပေမဲ့ သွားပြီး သတိပေးလို့တော့ရတာပဲ’
ကုလင်၏နှာခေါင်းက အနံ့ခံကောင်းပြီး အနံ့အသက်ဆိုးတစ်ခုက သူ့ကို ရိုက်ခတ်လာလေသည်။ သူအသက်အောင့်ထားကာ ပြောလိုက်၏။
"သူ့ကို ဆေးခန်းအရင်ပို့ကြရအောင်"
"မလိုပါဘူး"
ဝမ်စုန်းရှင်း ကျက်သရေရှိစွာလျှောက်လာသည်။
"ငါ အခုလေးတင် သူ့ကိုအပ်စိုက်ကုသပေးပြီးပြီ၊ ဆေးနည်းနည်းသောက်လိုက်ရုံနဲ့ ရပါပြီ"
ဝမ်စုန်းရှင်း လက်ကာပြလိုက်ရာ သူ့နောက်ရှိ အစေခံများက သစ်သားစင်၏အခြားတစ်ဖက်ကို မ,လိုက်ကြသည်။ ဝမ်စုန်းရှင်းက လင်းယွဲ့အနားသို့ လျှောက်လာပြီးပြောလိုက်၏။
"မင်းလည်း ကျွန်တော်နဲ့အတူဆေးခန်းကို လိုက်ခဲ့သင့်တယ်၊ ဆေးဘယ်လို သောက်ရမလဲဆိုတာကို အဲဒီကျမှပြောပြမယ်"
"ဒါဆို ကိုယ်လဲလိုက်ခဲ့မယ်"
ကုလင်က ကိုယ့်ကိုကိုယ်လက်ညှိုးထိုးကာ လင်းယွဲ့ထံ အနည်းငယ်မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့်ကြည့်ရင်း ပြောလိုက်သည်။
"ကိုယ့်ဆေးလည်း ကုန်သွားပြီဆိုတော့ ထပ်သွားယူရဦးမယ်"
လင်းယွဲ့မျက်လုံးများ အရောင်လက်သွားလေသည်။
"ဒါဆို ရှင်တို့နှစ်ယောက်ဆေးခန်းကို သွားကြလေ ကွက်တိပဲ၊ ကျွန်မရယ် ကုတန်ရယ် တာ့ယာရယ် ဆိုင်ကိုပြန်သွားမယ်၊ ဒီနေ့က ဆိုင်ဖွင့်တဲ့ပထမဆုံးနေ့ဆိုတော့ ပစ္စည်းတွေပိုရောင်းရအောင်လို့"
ကုလင်နှင့် ဝမ်စုန်းရှင်းတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး နှစ်ယောက်စလုံး၏စိတ်ထဲတွင် ယုတ္တိမတန်သလို ခံစားလိုက်ရသည်။
‘ဟမ် ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ'
လင်းယွဲ့ဆိုင်သို့ ပြန်ရောက်သောအခါ ခရိုင်ရုံးတော်အပြင်ဘက်တွင် ဇာတ်လမ်းကြည့်ပြီးသွားကြသူများ အပါအဝင် လူအများအပြားအပြင်ဘက်တွင်စုရုံးနေကြဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။
"ဆိုင်ရှင် တံခါးမြန်မြန်ဖွင့်ပါ၊ ဒီဆော့စ်က ဘယ်လောက်တောင်အရသာရှိလဲဆိုတာကို ကျွန်တော်မြည်းကြည့်ချင်လို့"
"အရင်တုန်းက အရမ်းနာမည်ကြီးတာလေ၊ မင်း မမြည်းကြည့်ဖူးဘူးလား၊ အရသာက တကယ်ကောင်းတယ်၊ ဆန်ပြုတ် ဒါမှမဟုတ် ထမင်းနဲ့စားရင် အရသာရှိတယ်၊ ငါ့အထင်တော့ ဒီဟာကိုစားရင် ဆားဝယ်စရာမလိုတော့ဘူး၊ ကုန်ကျစရိတ်တစ်ခု သက်သာသွားတာပေါ့"
"စုဟိုင်တောင် အရှုံးပေးလိုက်ရတယ်ဆိုတော့ ငါ ဆိုင်ရှင်ကိုအားပေးရမယ်"
စုဟိုင်၏ပြဿနာရှာမှုက ဆိုင်ဖွင့်သည့် ပထမဆုံးနေ့မှာပင် ဆိုင်ကိုနာမည်ကြီးသွားစေမည်ဟု လင်းယွဲ့မမျှော်လင့်ထားခဲ့ပေ။ ဖောက်သည်များက တစ်သုတ်ပြီးတစ်သုတ်ဝင်လာကြရာ ကုတန်နှင့် တာ့ယာတို့ကူညီပေးနေသည့်တိုင်အောင် လက်မလည်ဖြစ်နေကြသည်။ လင်းယွဲ့ကလက်ကမ်းစာစောင်မှ ဈေးလျှော့ကူပွန်ကို ဆုတ်ခွာလိုက်၏။
“ကြေးပြားတစ်ပြား လျှော့ပေးပါတယ်၊ ဒီဆော့စ်နှစ်ပုလင်းကို စုစုပေါင်းကြေးပြား ၁၇ ပြားကျပါတယ်"
ထို့နောက် ဈေးလျှော့ပေးစေလိုသော နောက်ဖောက်သည်တစ်ဦးအား သူမက ပြုံးရင်း ရှင်းပြလိုက်သည်။
"တောင်းပန်ပါတယ်ရှင့်၊ ကျွန်မတို့ဆီမှာ လက်ကမ်းစာစောင်တွေကုန်သွားလို့ပါ"
လင်းယွဲ့မော့ကြည့်လိုက်ရာ ဆရာချိုးဇယ်ကိုတွေ့လိုက်ရသည်။ သူပြောလိုက်၏။
"ငါ ဒီနေ့အတန်းထဲမှာမို့လို့ ဒီမှာ လိမ်လည်တိုင်တန်းမှုဖြစ်နေတာကို မသိလိုက်ဘူး၊ တစ်ကယ်လို့ ငါသာသိခဲ့ရင် မင်းအတွက်လာရှင်းပြပေးမှာပဲ၊ ဒါနဲ့ မင်းဆီမှာ ဒီနေ့ဝက်သားနီချက် ရောင်းဖို့ရှိသေးလား"
လင်းယွဲ့က ပတ်ပတ်လည်ကိုကြည့်လိုက်သည်။ ဆိုင်ငယ်လေးထဲတွင် ဖောက်သည်များ ပြည့်နှက်နေပြီး ကောင်တာဘေးရှိ စားပွဲငယ်နှင့် ကုလားထိုင်များကိုပင် ဖောက်သည်များက အတွင်းသို့တွန်းသွင်းထားကြလေသည်။ လင်းယွဲ့ပြောလိုက်၏။
"တောင်းပန်ပါတယ်ရှင့်၊ မနက်ဖြန်မှပဲ လာခဲ့ရတော့မယ်ထင်တယ်"
"ကောင်းပြီလေ၊ ဒါဆို ငါ့ကိုဆော့စ်တစ်ပုလင်းပေး"
"ဘယ်အရသာလိုချင်တာလဲရှင့်"
"ရပါတယ်"
ဆရာချိုးဇယ်မှာ ကျန်းမာရေးကို ဂရုစိုက်သူဖြစ်ပြီး ရာသီပေါ် အစားအစာများကိုသာ စားလေ့ရှိကာ ချဉ်ဖတ်များကို စိတ်ဝင်စားလေ့မရှိပေ။ မနေ့က သူ ဝက်သားနီချက်စားစဉ်က ဆော့စ်မှလွဲ၍ အားလုံးကို သူစားခဲ့လေသည်။ သူက ကြက်ဆီပဲငပိဆော့စ်ကို ပေါ့ပေါ့ပါးပါးလက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ဒါဆို ဒီဟာတစ်ပုလင်းယူမယ်"
ဆရာချိုးဇယ်က ကြက်ဆီပဲငပိဆော့စ် တစ်ပုလင်းကို အိမ်သို့ယူလာပြီး စားပွဲပေါ်တင်လိုက်သည်။
"ရော့ မင်းလိုချင်တဲ့ဆော့စ်"
သူ့ဇနီးမှာ ဖိနပ်အောက်ခံများကို ညှပ်နေလေသည်။ သူမက ယခင်က အဝတ်အစအနများကိုခင်းကာ ကော်ဖြင့်တစ်ထပ်ပြီးတစ်ထပ်ကပ်ပြီးနောက် အခြောက်ခံထားခဲ့ခြင်းဖြစ်၏။ ဝူကွေ့ရုံက ပြောလိုက်သည်။
"ဒီကိုလာပြီး ခြေထောက်ကိုမြှောက်လိုက်၊ တော်မတော် ကြည့်မလို့"
သူမ ထပ်ပြောသည်။
"အဲဒါကိုလူတွေအများကြီးဝယ်နေတာ တွေ့ခဲ့တယ်၊ ကောင်းများကောင်းမလားလို့ တွေးနေတာ"
ဆရာချိုးဇယ် သက်ပြင်းချလိုက်ပြီး လေးနက်စွာပြောလိုက်သည်။
"ချဉ်ဖတ်တွေက ဘာလို့ထင်လဲ လျှော့စားစမ်းပါ"
စကားပြောရင်း ကုတင်ပေါ်တွင်ထိုင်ကာ သူ့ခြေထောက်ကိုမြှောက်ပြီး ဖိနပ်ပုံစံပြားနှင့် ချိန်ကြည့်လိုက်သည်။
"ဒါဆို ရှင်လည်း နောက်ကျရင်မစားနဲ့နော်"
ဝူကွေ့ရုံက သူ့ခြေထောက်ကို ပုတ်ချလိုက်သည်။
"ရပြီ လက်သွားဆေး၊ ထမင်းစားဖို့ အဆင်သင့်ဖြစ်တော့မယ်"
ဝူကွေ့ရုံက ဖိနပ်ပုံစံပြားကိုတောင်းထဲသို့ ထည့်လိုက်ပြီး ဟင်းများယူလာရန် မီးဖိုချောင်သို့ သွားလေသည်။ တစ်ခွက်မှာ မုန်လာဥဖြင့်ချက်ထားသော ဝက်နံရိုးဟင်းဖြစ်ပြီး နောက်တစ်ခွက်မှာ ဟင်းသီးဟင်းရွက်စိမ်းကြော်ဖြစ်သည်။ ဆရာချိုးဇယ်က စားပွဲပေါ်ရှိဟင်းလျာများကိုကြည့်ပြီး သူ့ပါးစပ်မှာ ပေါ့ပျက်ပျက်ဖြစ်နေကာ စားချင်စိတ်သိပ်မရှိကြောင်း ခံစားလိုက်ရ၏။ သူဝက်သားနီချက်ကို စတင်သတိရလာလေသည်။
ဝူကွေ့ရုံက သူမပန်းကန်လုံးထဲသို့ ဟင်းရည်တစ်ဇွန်းခပ်ထည့်ပြီး ထမင်းစားနေသည်ကို သူကြည့်နေမိသည်။ ခဏအကြာတွင် သူမက ကြက်ဆီပဲငပိဆော့စ်ကို တူဖြင့်အပြည့်ကော်ယူကာ ထည့်လိုက်လေသည်။ ဟင်းရည်နှင့် ထမင်းထဲတွင်အနီရောင်ဆီများပျံ့နှံ့သွားပြီး ဆရာချိုးဇယ်မှာ တံတွေးမမျိုချမိဘဲ မနေနိုင်တော့ပေ။
သူ့သားနှင့် မြေးဖြစ်သူတို့၏တူများက ပန်းကန်ပြားထဲရှိ ကြက်ဆီပဲငပိဆော့စ်ဆီသို့ အဆက်မပြတ်ရောက်ရှိသွားသည်ကိုမြင်ရပြီး မကြာမီပင်ကုန်သွားလေသည်။
“ဆော့စ်က ဘယ်လောက်တောင် အရသာရှိနိုင်မှာမို့လို့လဲ’
သူ စိတ်ထဲမှလှောင်ပြောင်လိုက်သော်လည်း တခြားလူများအားလုံးက အလွန်အရသာခံကာ စားသောက်နေကြလေသည်။ အထူးသဖြင့် သူ့ဇနီးက ပန်းကန်ပြားထဲသို့ ထပ်ထည့်လိုက်သောအခါ လူတိုင်းက ပန်းကန်ပြားကို ဆာလောင်နေသော ဝံပုလွေများကဲ့သို့ စိုက်ကြည့်နေကြလေသည်။ ဆော့စ်က ပန်းကန်ပြားထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် တူများအားလုံးက တပြိုင်နက်တည်း ရွေ့လျားသွားကြလေသည်။
"ဒါ ဘယ်လိုအမူအကျင့်လဲ"
ဆရာချိုးဇယ်က မျက်မှောင်ကြုတ်ကာ ဆူပူလိုက်သည်။ သူက အိမ်တွင်အလွန် ဩဇာအာဏာရှိလေသည်။ သူ့စကားကြောင့် လူတိုင်းက သူတို့၏မသင့်လျော်မှုကို ချက်ချင်းသတိပြုမိသွားပြီး တူများကိုရပ်တန့်လိုက်ကြ၏။ ထို့နောက် ဆရာချိုးဇယ်က သူ့တူကို ပန်းကန်ပြားထဲသို့ အသာလှမ်းလိုက်ပြီး ပဲငပိနှင့်ကြက်သားတုံးများကို ကော်ယူကာ ပါးစပ်ထဲသို့ထည့်လိုက်သည်။
‘အရမ်းလတ်ဆတ်တာပဲ’
ဆရာချိုးဇယ်သည် သူ့အရသာခံဖုများ အကြိမ်ကြိမ်လွှမ်းမိုးခံနေရကြောင်း ခံစားလိုက်ရသည်။ ထို့နောက် ပို၍ပင်လှုံ့ဆော်မှုရှိသော အရသာတစ်ခု ပေါ်ထွက်လာလေသည်။
"ရှူး"
သူ့တည်ငြိမ်မှုကို ထိန်းသိမ်းရန် လေအေးကို အသုံးပြု၍ အစပ်ဓာတ်ကို ပျောက်သွားစေရန် အသာရှူသွင်းလိုက်သည်။ သို့သော် သူ့တစ်ကိုယ်လုံး နွေးထွေးလာပြီး ကျောဘက်တွင်ပင် ချွေးများ စတင်ထွက်လာလေသည်။ ညစာ စားပြီးနောက် ဝူကွေ့ရုံကစားပွဲကို ရှင်းလင်းစဉ် ပုလင်းကိုလှုပ်ကာ သူ့ကို ကြည့်လိုက်၏။
"ဟမ် ဘယ်သူက မစားဘူးလို့ပြောပြီး အများကြီး စားပစ်လိုက်တာလဲ"
"အဟွတ် အဟွတ် အဟွတ်"
ဆရာချိုးဇယ်က အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်သည်။
"ဒီဆော့စ်က ဈေးမကြီးပါဘူး၊ နောက်တစ်ခါကျရင် ငါတို့ထပ်ဝယ်လို့ရပါတယ်"
တစ်ချိန်တည်းမှာပင် လုဟူ၏အိမ်တွင် သူ့ဇနီးဖြစ်သူက ဝက်သားဆော့စ်တစ်ပုလင်းကို ကိုင်ထားလေ၏။ သူမက ငရုတ်သီးဆော့စ်ကို ဆန်ပြုတ်ပေါ်တွင် တင်လိုက်စဉ် သူမမျက်နှာမှာ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေလေသည်။
"ယောကျ်ား နည်းနည်းလောက်စားလိုက်ပါ"
သို့သော် လုဟူကပြာနှမ်းနေသော မျက်နှာဖြင့် စကားတစ်ခွန်းမျှမပြောဘဲ ပြတင်းပေါက်အပြင်ဘက်ကိုသာ ငေးကြည့်နေလေသည်။ လီချင်းယွီက သူ့ကို ထူပေးလိုက်ပြီး ဆန်ပြုတ်တစ်ဇွန်းခပ်ကာ လုဟူပါးစပ်ထဲသို့ ခွံ့ပေးလိုက်၏။ သူက ဝိညာဉ်လွင့်သွားသူ တစ်ယောက်လိုပင် ဆန်ပြုတ်က နှုတ်ခမ်းနားရောက်နေသည့်တိုင်အောင် ဘာတုံ့ပြန်မှုမှမရှိပေ။
လီချင်းယွီ၏မျက်ရည်များ စီးကျလာလေသည်။ သူမက အမြန်ခေါင်းငုံ့လိုက်ရာ သူမမျက်ရည်များက ကုတင်ပေါ်သို့ ကျဆင်းသွားပြီး စိုစွတ်သောအကွက်တစ်ခုဖြစ်သွားလေ၏။ သူမပြန်မော့ကြည့်လိုက်သောအခါ ပြုံးလိုက်ပြီး ယနေ့ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလေသည်။
"ဒီဝက်သားဆော့စ်ကို ဟွမ်ရှန်းက ကျွန်မကိုပေးလိုက်တာ၊ ဟွမ်ရှန်းက တကယ်သဘောကောင်းတယ်၊ အရင်က ရှင့်အတွက်ဆေးဆရာတောင် ပင့်ပေးခဲ့သေးတယ်၊ သူ့ရဲ့ငွေပမာဏနဲ့ဆိုရင် ငါတို့ကို ငွေချေးတာ၊ ဆေးဆရာပင့်တာ၊ ဆေးဝယ်တာတွေလုပ်ပေးခဲ့တာတွေကြောင့် သူ့မှာရှိတဲ့ငွေတွေအကုန်လုံးကုန်သွားလောက်ပြီ"
သူမပြောလိုက်သော်လည်း လုဟူထံမှ မည်သည့် တုံ့ပြန်မှုမျှမရသောအခါ လီချင်းယွီမှာ ဝမ်းနည်းမှု၊ စိုးရိမ်ပူပန်မှုတို့နှင့်အတူ ဒေါသလည်းအနည်းငယ် ထွက်လာလေသည်။
"အစ်ကိုဟူ သူမကိုကြည့်ပါဦး၊ မုဆိုးမတစ်ယောက်ဖြစ်ပြီး စုဟိုင်ရဲ့ပစ်မှတ်ထားခံရတာတောင် ရှီထိုင်ခရိုင်မှာ ဆိုင်ဖွင့်နိုင်သေးတာပဲ၊ ရှင်ကလက်တစ်ဖက်ပဲ ဆုံးရှုံးသွားတာပါ၊ ကျွန်မလည်းရှိနေတာပဲ၊ ကျွန်မတို့ရှေ့ဆက်ပြီး သေချာပေါက် ကောင်းကောင်းနေနိုင်မှာပါ"
လုဟူ၏မျက်တောင်များ အသာလှုပ်ရှားသွားရာ လီချင်းယွီက ချက်ချင်းထပ်ပြောလိုက်သည်။
"ယောကျ်ား ရှင်ကလက်တစ်ဖက်ပဲ ဆုံးရှုံးသွားတာပါ၊ ရှင့်ရဲ့သိုင်းပညာတွေက ရှိနေသေးတာပဲ၊ သက်တော်စောင့်မလုပ်နိုင်ရင်တောင် ဆိုင်ဖွင့်လို့ရတယ် ဒါမှမဟုတ် အလုပ်သမားလုပ်လို့ရတယ်လေ၊ ထွက်ပေါက်တစ်ခုတော့ သေချာပေါက် ရှိမှာပါ"
လုဟူ၏မျက်ရည်များ စီးကျလာလေသည်။ သို့သော် ယခင်က အသက်မဲ့နေသော သူ့ပုံစံနှင့်နှိုင်းယှဉ်ပါက သူ့စိတ်ပိုင်းဆိုင်ရာကာကွယ်မှုများ အနည်းငယ် ပျက်စီးသွားပြီး နောက်ဆုံးတွင် သူမစကားများကို ကြားနိုင်သွားပြီဖြစ်ကြောင်း လီချင်းယွီခံစားလိုက်ရ၏။
လုဟူ၏မျက်ရည်များ အဆက်မပြတ် ကျဆင်းနေသည်ကိုမြင်သောအခါ လီချင်းယွီမှာ နောက်ဆုံးတွင်မထိန်းနိုင်တော့ဘဲ သူ့ကိုဖက်လိုက်လေသည်။
"အဆင်ပြေသွားမှာပါ၊ အရာအားလုံး အဆင်ပြေသွားမှာပါ"
သူတို့နှစ်ယောက်စလုံး ငိုလို့ဝသွားပြီးနောက် လီချင်းယွီက လုဟူကို ဆန်ပြုတ်ခွံ့ကျွေးလိုက်သည်။
"ဗိုက်ဝအောင်စားလိုက်၊ ကျွန်မတို့ တစ်ဆင့်ချင်းစီသွားကြတာပေါ့၊ ကျွန်မတို့ဘဝတွေ သေချာပေါက်ပိုကောင်းလာမှာပါ"