အခန်း ၁၃၆
Vol. 14 Ch. 136
Ch-136
သို့သော် ကုလင်က ထွက်သွားနှင့်ပြီဖြစ်ပြီး သူက ဂရုတစိုက်နှင့် သတိရှိစွာ လုပ်ဆောင်ခဲ့သဖြင့် စုဟိုင်ရှာတွေ့ရန် မည်သည့်ခြေရာလက်ရာမျှ ချန်မထားခဲ့ပေ။ စုဟိုင်တစ်ယောက် ဒေါသများကို စုရှန်း အပေါ်သို့သာ ပုံချနိုင်တော့သည်။
"ဖြန်း ဖြန်း ဖြန်း"
သူက စုရှန်းကို အကြိမ်ကြိမ်ရိုက်ချလိုက်ပြီး သူ့မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်နေလေသည်။
"မင်းက အိမ်တော်ထိန်းဆက်မလုပ်ချင်တော့ဘူး ထင်တယ်၊ အစောင့်တွေ ဘယ်မှာလဲ၊ ကင်းလှည့်တဲ့လူတွေ ဘယ်မှာလဲ၊ ဘာလို့ လူယုတ်မာတွေကို အထဲပေးဝင်ရတာလဲ၊ ပြီးတော့ ငါ့ကို ဒီလို အရှက်ခွဲခံရအောင်လို့"
စုရှန်းငုံးတစ်ကောင်လို ခေါင်းငုံ့ကာ သူ့အမှားကို အမြန်ဝန်ခံလိုက်သည်။
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ကင်းလှည့်တာတွေကို သေချာပေါက် တိုးမြှင့်ပြီး ဒီလိုကိစ္စမျိုး နောက်ဘယ်တော့မှ မဖြစ်စေရပါဘူး"
"ဒီလို ထပ်ဖြစ်ခွင့်ပေးရဲသေးတယ်ပေါ့၊ နောက်တစ်ခါထပ်ဖြစ်ရင် မင်းကို မစင်ကျင်းထဲမှာ ရေမွန်းသေအောင်လုပ်ပစ်မယ်"
စုဟိုင်က ဒေါသတကြီးဖြင့်ထွက်သွားပြီးအိပ်ရန် အိပ်ခန်းထဲသို့ အပြေးဝင်သွားလေသည်။ သူ့ဇနီးအေးချမ်းစွာ အိပ်ပျော်နေသည်ကို မြင်သောအခါ သူမကို တွန်းဖယ်လိုက်သည်။ သူ့ဇနီးမှာ နိုးလာပြီး နှာခေါင်းကိုအရင်ပိတ်လိုက်၏။
"ဒါ ဘာအနံ့ကြီးလဲ၊ အရမ်းနံတာပဲ၊ ရှင် အိမ်သာထဲ ပြုတ်ကျလာတာလား"
ဤစကားက စုဟိုင်၏အထိခိုက်မခံသောနေရာကို တည့်တည့်ထိသွားစေပြီး သူဟိန်းဟောက်လိုက်သည်။
"မင်းသာ အိမ်သာထဲပြုတ်ကျတာ၊ မင်းသာ ပြုတ်ကျတာ၊ ခုနက မင်း ဘာလုပ်နေတာလဲ၊ ဘာလို့ အိပ်နေရတာလဲ"
သူ့ဇနီးမှာ အိပ်ရာမှနိုးခါစဖြစ်ပြီး အနည်းငယ် ဇဝေဇဝါဖြစ်နေသေး၏။ သူအော်ဟစ်ပြီးနောက် သူမဒေါသများလည်း ပေါက်ကွဲလာလေသည်။
"သန်းခေါင်ယံကြီး ဘာတွေအရူးထနေတာလဲ"
စုဟိုင်သည် ကွေ့ကျိုးလက်ဝဲအုပ်ချုပ်ရေးမှူး၏အကြီးအကဲ အိမ်တော်ထိန်းသားဖြစ်သော်လည်း သူမသည်လည်း ကွေ့ကျိုးလက်ဝဲအုပ်ချုပ်ရေးမှူးအိမ်မှ တရားဝင်သားတော်၏နို့ထိန်းအမေ၏ သမီး ဖြစ်ပေသည်။ သူမနောက်ခံမှာ စုဟိုင်ထက် မနိမ့်ကျပေ။ ထို့ပြင် စုဟိုင်က ကိစ္စရပ်များကို သူမနှင့်မကြာခဏ တိုင်ပင်လေ့ရှိသည်။
"ထွက်သွားစမ်း၊ ဒီအမျိုးသမီး အိပ်နေတာကို လာမနှောင့်ယှက်နဲ့"
သူ့ဇနီး ဒေါသထွက်သွားသောအခါ စုဟိုင်မှာ မာနကိုမြိုသိပ်ထားရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ဘဲ သူ့ကိုယ်လုပ်တော် အခန်းသို့အိပ်ရန်ပြေးသွားလေသည်။ သူ အခန်းထဲသို့ဝင်ဝင်ချင်းပင် ညကင်းစောင့်နေသောအစေခံမလေးက သူ့ကို အံ့အားသင့်စွာကြည့်ကာ ဖယောင်းတိုင်ကို အမြန်ထွန်းလိုက်သည်ကို တွေ့လိုက်ရ၏။ သန်းခေါင်ယံတွင် သူ မည်မျှဒုက္ခရောက်ခဲ့ရပြီး သူ့ ဇနီး၏အော်ဟစ်ခြင်းကိုပင်ခံခဲ့ရကြောင်း သူ တွေးလိုက်မိသည်။
သို့သော် ကိုယ်လုပ်တော်မှာ အလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။ မတရားဘူးဟူသော ခံစားချက်တစ်ခုက စုဟိုင်ရင်ထဲတွင် ပျံ့နှံ့သွားပြီး သူက ကိုယ်လုပ်တော်ကို မကျေမနပ်ဖြင့် တွန်းလိုက်၏။ ကိုယ်လုပ်တော် နိုးလာသောအခါ ပထမတော့ဇဝေဇဝါဖြစ်သွားပြီးနောက် အံ့ဩသွားလေသည်။
"သခင်ကြီး ဘာလို့လာတာလဲဟင်"
စကားပြောရင်း သူမက အရိုးမပါသူတစ်ယောက်ကဲ့သို့ စုဟိုင်အပေါ်သို့ မှီချင်နေလေသည်။ စုဟိုင်မှာ အတော်လေးကျေနပ်သွားလေ၏။ သို့သော် ကိုယ်လုပ်တော်မှာ မှီချလာရင်း လမ်းတစ်ဝက်တွင် ရပ်တန့်သွားလေသည်။ သူမ မျက်မှောင်ကြုတ်လိုက်၏။
"ဒီအနံ့အသက်ဆိုးက ဘယ်ကလာတာလဲ"
သူမက စုဟိုင်၏ရှက်ရွံ့နေသော အမူအရာကို လုံးဝသတိမထားမိဘဲ အနံ့ခံလိုက်ပြီး စုဟိုင်အနားသို့ရောက်သည်အထိ အနံ့ခံကြည့်ကာ အံ့အားသင့်စွာဖြင့် အော်လိုက်၏။
"သခင်ကြီး ဘောင်းဘီထဲစွန့်မိသွားတာလား"
စုဟိုင်၏မျက်နှာမှာ ပြာနှမ်းသွားကာ ကိုယ်လုပ်တော်၏ပါးကို ရိုက်ချလိုက်၏။
"မင်း ကောင်းကောင်းမပြောတတ်ဘူးလား၊ ငါက အသက်ကြီးပြီး အိုမင်းမစွမ်းဖြစ်နေပြီလို့ ထင်နေတာလား၊ ငါ့ဘောင်းဘီထဲ ပါသွားတာကိုတောင် ငါမသိဘူးလို့ ထင်နေတာလား"
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်"
စုဟိုင်၏ဒေါသကို မြင်သောအခါ ကိုယ်လုပ်တော်မှာ အလွန်တရာကြောက်လန့်သွားပြီး ကုတင်ပေါ်မှအမြန်ဆင်းကာ ဒူးထောက်တောင်းပန်လေတော့သည်။ သူမပုံစံကိုမြင်သောအခါ စုဟိုင်မှာ စိတ်ဝင်စားမှုအားလုံးပျောက်ကွယ်သွားလေ၏။ သူသည် အခန်းထဲမှ ဒေါသတကြီးထွက်သွားပြီး ဧည့်ခန်းတစ်ခန်းကိုရှာကာ လဲလျောင်းနေလိုက်သည်။
သို့သော် ကုတင်ပေါ်လဲလျောင်းလိုက်သည်နှင့် အရိုးတွင်တွယ်ကပ်နေသော လောက်ကောင်များကဲ့သို့ အနံ့အသက်ဆိုးများက သူ့နှာခေါင်းထဲသို့ အခါအားလျော်စွာ ဝင်ရောက်လာလေသည်။
‘သစ်ခွပန်းအခန်းမှာ အချိန်ကြာကြာနေရင် အမွှေးနံ့ကိုမရတော့ဘူး၊ ငါးစိမ်းသည်ဈေးမှာ အချိန်ကြာကြာနေရင် အနံ့အသက်ဆိုးကိုမရတော့ဘူးလို့ သူတို့ပြောကြတယ် မဟုတ်ဘူးလား၊ ဘာလို့ သူဒီအနံ့ဆိုးကို ရနေသေးတာလဲ၊ အဲဒီစာအုပ်တွေထဲက စကားတွေက တကယ်ကို ယုံကြည်ရခက်တာပဲ’
စုဟိုင်အတွက် ဤညသည် တကယ့်ကို အိပ်မက်ဆိုးတစ်ခုပင် ဖြစ်လေသည်။ ကုတင်ပေါ်တွင် လဲလျောင်းရင်း ဟိုဘက်ဒီဘက် လူးလွန့်နေကာ အိပ်မပျော်နိုင်ဖြစ်နေလေ၏။ သူ မျက်လုံးမှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရွံရှာဖွယ်ကောင်းသောမြင်ကွင်းက ဒီရေလှိုင်းကဲ့သို့ သူ့စိတ်ထဲသို့ဝင်ရောက်လာလေသည်။
‘အားလုံးက မစင်တွေချည်းပဲ’
သူ့ဗိုက်ထဲတွင် မွှေနှောက်နေပြီး အော့အန်ချင်စိတ်လှိုင်းလုံးများက စိတ်ထဲတွင် အဆက်မပြတ်တက်လာလေသည်။ နောက်ဆုံးတွင် မနက်မိုးလင်းလာသော်လည်း တစ်ညလုံးနှိပ်စက်ခံထားရသဖြင့် ပင်ပန်းနွမ်းနယ်နေသော စုဟိုင်က ဒေါသတကြီးဖြင့်ကုတင်ပေါ်မှ ခုန်ဆင်းလိုက်၏။
သူ့မျက်နှာမှာ ပြာနှမ်းနေပြီး ထိုကျိန်စာသင့်နေသော အိမ်သာကို ချက်ချင်း ပိတ်ပစ်ရန် ဒေါသတကြီးအမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် စုဟိုင်ခြံဝင်းဘက်သို့ ပြေးသွားစဉ် ကုလင်သည် သွက်လက်သောကြောင်တစ်ကောင်ကဲ့သို့ စုဟိုင်အိမ်ထဲမှ တိတ်တဆိတ် ထွက်ခွာသွားလေသည်။ သို့သော် မာယန်ရွာသို့ သူပြန်တော့မည့်ဆဲဆဲတွင် ကြီးမားသောပြဿနာတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်၏။
သူမနေ့ညကယူလာသော ဝက်သားများ အားလုံးကို စားပစ်လိုက်ပြီဖြစ်သည်။ ယခုအချိန်တွင် သူ့ဗိုက်ထဲမှာ လုံးဝ ဟာလာဟင်းလင်းဖြစ်နေသည်။ အကယ်၍ သူသာ ဒီအတိုင်းအဆင်အခြင်မဲ့ပြေးသွားမည်ဆိုပါက သူ အဝေးကြီးမရောက်ခင် လမ်းမှာတင် ငတ်ပြီးသတိလစ်သွားနိုင်ပေသည်။
ကုလင် မတတ်သာစွာဖြင့် သူ့ရင်ဘတ်ကိုကိုင်ကာ သက်ပြင်းချလိုက်သည်။ ထို့နောက် ကောင်းကင်ယံရှိ လရောင်ကို မော့ကြည့်ကာ အချိန်ကိုခန့်မှန်းလိုက်၏။
‘အချိန်က ည ၁၂နာရီလောက်ရှိလောက်ပြီ၊ ဒီအချိန်ဆို လင်းယွဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလောက်ပြီမလား’
ထို့ကြောင့် ကုလင်သည် ကင်းလှည့်နေသောအစောင့်များကို ဂရုတစိုက် ရှောင်ရှားကာ လင်းယွဲ့ဆိုင်ဆီသို့ ခြေဖျားထောက်ကာ သွားလေသည်။ သွက်လက်သော လှုပ်ရှားမှုများဖြင့် ကုလင်သည် ပေါ့ပါးသောခုန်လွှားမှု အနည်းငယ်ဖြင့် ခေါင်မိုးပေါ်သို့ရောက်ရှိသွားလေသည်။ သူအတော်လေး သက်သောင့်သက်သာရှိသောနေရာတစ်ခုကိုရှာတွေ့ပြီး အဝတ်အစားများဖြင့်ပင် လဲလျောင်းကာ ခဏတစ်ဖြုတ် အိပ်စက်ရန် ပြင်ဆင်လိုက်၏။
တဖြည်းဖြည်းနှင့် အရှေ့ဘက် ကောင်းကင်ယံမှာ အရုဏ်ဦး၏ဖြူဖျော့ဖျော့အလင်းရောင်ဖြင့် လင်းထိန်လာလေသည်။ မိုးလင်းတော့မည် ဖြစ်သည်။ ထိုအချိန်တွင် အေးချမ်းစွာ အိပ်ပျော်နေသော ကုလင်က သူ့နားရွက်များကို ရုတ်တရက်လှုပ်ရှားလိုက်ပြီး လင်းယွဲ့အခန်းထဲမှ ထွက်ပေါ်လာသော သဲ့သဲ့လှုပ်ရှားမှုများကို ထက်မြိစွာဖမ်းယူမိလိုက်၏။ အနည်းငယ်မျှ ကြန့်ကြာခြင်းမရှိဘဲ သူအမြန်လှိမ့်ထကာ မတ်တတ်ရပ်လိုက်ပြီး အမိုးစွန်းမှ တိတ်တဆိတ် ဆင်းလာလေသည်။ ထို့နောက် တံခါးဆီသို့ အမြန်သွားကာ အသာခေါက်လိုက်သည်။
"ဘယ်သူလဲ"
လင်းယွဲ့၏ အနည်းငယ်သတိထားနေသောအသံက အခန်းထဲမှ ထွက်ပေါ်လာလေ၏။ သူမ၏အိပ်ခန်းအား ပိုင်းခြားထားမှုက အသံလုံခြင်းမရှိသဖြင့် တံခါးအပြင်ဘက်မှ ညင်သာသောခေါက်သံမှာ သူမနားထဲသို့ ချက်ချင်းရောက်ရှိလာခြင်း ဖြစ်သည်။
"ကိုယ်ပါ"
လင်းယွဲ့က
“အဲဒီလို 'ကိုယ်ပါ'ဆိုတဲ့ အဖြေမျိုးကို အမုန်းဆုံးပဲ၊ ရှင်က ဘယ်သူလဲ၊ ရှင့်နာမည်ကို တိုက်ရိုက်ပြောလိုက်လို့မရဘူးလား၊ ဘယ်သူလဲဆိုတာ အတိအကျပြော"
"ခယ်မလေး ကိုယ်ပါ တံခါးဖွင့်ပါဦး"
အသံက အနည်းငယ်ရင်းနှီးနေလေသည်။ လင်းယွဲ့ သစ်သားပြားတစ်ချပ်ကို ဖယ်ရှားလိုက်ရာ ကုလင်၏မျက်နှာကို မြင်လိုက်ရ၏။ သူ့မျက်နှာမှာ အတန်ငယ်နီရဲနေပြီး အထူးသဖြင့် နှာခေါင်းထိပ်လေးမှာ နီမြန်းနေလေသည်။ သူ့မျက်လုံးများမှာလည်း စိုစွတ်နေလေသည်။ သူက ချမ်းအေးနေသည့်အလား ရင်ဘတ်ကိုဖက်ထားပြီး လက်မောင်းများကို ပွတ်သပ်နေလေသည်။
ဘာကြောင့်မှန်းမသိဘဲ လင်းယွဲ့တစ်ယောက် မိုးရေထဲတွင် စိုရွှဲနေသောခွေးပေါက်လေးတစ်ကောင်ကို တွေးလိုက်မိသည်။ လင်းယွဲ့က သူမအတွေးများကို အမြန်ဖြတ်တောက်လိုက်၏။
"ရှင် ဘာလို့ ဒီကိုရောက်နေတာလဲ"
ကုလင်က သစ်သားပြားတစ်ချပ်တည်းသာ ဖယ်ရှားထားသည်ကို ဂရုမစိုက်ဘဲ ဘေးတိုက်ဖြင့် အမြန်တိုးဝင်လာလေသည်။ ကုလင်လက်က သစ်သားပြားပေါ်တွင်ရှိနေဆဲဖြစ်ရာ လင်းယွဲ့ရင်ခွင်ထဲသို့ တိုးဝင်လာသကဲ့သို့ဖြစ်နေလေ၏။ အကွာအဝေးမှာ ရုတ်တရက် နီးကပ်သွားလေသည်။ ကုလင်က သတိမထားမိသည့်အလား လင်းယွဲ့ထံ ငုံ့ကြည့်ကာပြုံးရင်း ပြောလိုက်၏။
"အထဲမှာက နွေးနေသေးတာပဲ"
လင်းယွဲ့က သူမလက်ကို ချက်ချင်း လွှတ်လိုက်ပြီး နောက်သို့တစ်လှမ်းဆုတ်ကာ သူ့ကို ဇဝေဇဝါဖြင့်ကြည့်လိုက်၏။ ကုလင်က သစ်သားပြားကို ကျွမ်းကျင်စွာယူကာ နေရာပြန်ချထားလိုက်သည်။ ထိုသစ်သားပြားမှတဆင့် တောက်ပနေသောအလင်းရောင်မှာ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ အခန်းတစ်ခုလုံး မှောင်မိုက်သွားလေသည်။ သူတို့အသက်ရှူသံများကိုသာ ကြားနိုင်တော့သည်။ ထိုသည်မှာ လင်းယွဲ့ ဖယောင်းတိုင်ထွန်းလိုက်သည့် အချိန်အထိပင်။
ဖျော့တော့သော အဝါရောင် ဖယောင်းတိုင်အလင်းက ဧရိယာငယ်လေးတစ်ခုကို လင်းထိန်သွားစေပြီး လင်းယွဲ့မျက်နှာကို ထင်ဟပ်နေလေသည်။ မှိန်ပျပျအဝါရောင် ဖယောင်းတိုင်အလင်းအောက်တွင် လင်းယွဲ့၏အသားအရေမှာ တောက်ပနူးညံ့နေကြောင်း ကုလင်တွေ့လိုက်ရ၏။ ကမ္ဘာပျက်ကပ်တွင် လူတိုင်းက ရှင်သန်ရန်အတွက် အသည်းအသန် ဖြစ်နေကြသည်။
အစားအစာ ရှားပါးမှုအောက်တွင် လူများမှာ ပိန်လှီပြီး အသားအရောင်ဖျော့တော့နေကြသည်။ လှပသော အမျိုးသမီးများက သူတို့ကိုယ်သူတို့ ဆက်သလာသည့်တိုင်အောင် သူက သိုင်းပညာစွမ်းအား တိုးတက်စေရန် အလုပ်များနေခဲ့ပြီး သူတို့ကိုဂရုမစိုက်ခဲ့ပေ။ ဒီကိုရောက်လာပြီးနောက် သူသည် စစ်မြေပြင်၌ သေလုမြောပါး အတွေ့အကြုံများကို ရင်ဆိုင်ခဲ့ရပြီး ပိုလို့တောင်သတိထားနေခဲ့ရသည်။
ထို့ကြောင့် ကုလင်အဖို့ မိန်းကလေးတစ်ယောက်၊ မိန်းမလှလေးတစ်ယောက်ကို ဤမျှထိအာရုံစိုက်ပြီး ကြည့်ရှုခြင်းက ပထမဆုံးအကြိမ်ပင်ဖြစ်၏။ သူမမျက်တောင်များမှာ ရှည်လျားပြီး တဖျပ်ဖျပ်လှုပ်ရှားနေကာ သူမကို အထူးတလည် လိမ္မာရေးခြားရှိပုံ ပေါက်စေလေသည်။ သူမအသားအရေမှာ အလွန်ဖြူစင်ပြီးနူးညံ့ကာ ရေညှစ်ထုတ်လို့ရနိုင်သည့်အလား ထင်မှတ်ရလေ၏။
‘ပြီးတော့ ပန်းရောင်သန်းနေတဲ့ သူမရဲ့ နှုတ်ခမ်းလေးတွေက အရမ်းနူးညံ့မယ့်ပုံပဲ’
သို့သော် လင်းယွဲ့၏ဇဝေဇဝါဖြစ်မှုက အလွန်မြန်ဆန်လွန်းလှသဖြင့် သူ သေချာကြည့်ရန် အခွင့်အရေးပင်မရလိုက်ပေ။
"ကျွန်မဆိုင်ဖွင့်ဖို့ လိုတယ်၊ ရှင် ဘာလို့ သစ်သားပြားကို ပြန်ပိတ်လိုက်တာလဲ"
"အင်း"
ကုလင်မျက်လုံးများက လင်းယွဲ့နှုတ်ခမ်းများပေါ်တွင် စူးစိုက်နေလေသည်။ သူမ၏နှုတ်ခမ်းများ ပွင့်လာလိုက် ပိတ်သွားလိုက်ဖြစ်နေသည်ကိုသာ သူမြင်နေရပြီး သူမဘာပြောနေသည်ကို ဂရုမစိုက်မိပေ။ သူမ စကားပြောပြီးသွားသောအခါ ခုနအသံက သူ့စိတ်ထဲတွင် လည်ပတ်နေပြီး ထိုအခါမှသာ သူသတိပြန်ဝင်လာကာ သူမဘာပြောနေသလဲဆိုသည်ကို နားလည်သွားလေသည်။
"ကိုယ် ဒီမှာရှိနေတာက လျှို့ဝှက်ချက်လေ၊ တခြားလူတွေမြင်သွားလို့ မဖြစ်ဘူး"
ကုလင်နှုတ်ခမ်းကိုတွန့်ကာ ပြုံးရင်း ပြောလိုက်သည်။
"ဝက်သားနီချက်အနံ့လေး ရနေတယ်၊ နှစ်တုံးလောက် စားလို့ရမလား၊ ကိုယ်အရမ်းဗိုက်ဆာနေလို့ပါ"